ချန်ဂင်တို့စခန်း (၃၀၉)

ဒီရက်တွေမှာ ဘယ်လောက်ပဲ အလုပ်များတယ် ဆိုဦးတော့ လေးငါးရက်နေရင် စာတစ်ပုဒ်လောက်တော့ ထွက်အောင်ရေးပြီး တင်ဖြစ်ပါတယ်။ မရှိ ရှိတဲ့အကြောင်းအရာကို အတင်းဖြစ်ညှစ် ရေးသားနေတာတော့ မဟုတ်ဘူးပေါ့။ လတ်တလောရက်တွေမှာ ဖြစ်သမျှပျက်သမျှ ကြုံရာဆုံရာတွေကို ညဘက်အိပ်တဲ့နေရာရောက်ကာမှ ဖုန်းမရ၊ မီးမရ၊ လိုင်းမရတဲ့ဆီမှာ ဖုန်းကလေး တောက်ကာတောက်ကာ ရေးရပါတယ်။ ခုချိန်ထိအောင် ဘေးကင်းရန်ကွာ ပန်းကြာရေသို့ လန်းဖျာစေဖို့ဆိုတာ ပြည်သူအများ ပို့သသောမေတ္တာကြောင့် လို့ပဲပြောပြော၊ ဘုရားသခင် ဂုဏ်ကျေးဇူးတော်ကြောင့်လို့ပဲဆိုဆို။ တောင်းတဲ့ဆုတွေ ပြည့်ဝနေတယ် လို့ပဲ သဘောထားပါိတယ်။ ကိုယ့်နိုင်ငံ တနံတလျားမှာ လောင်မီးကျလျက် ဒရုံးတို့စက် ဖြစ်နေတယ်ဆိုတာ ကိုယ်တို့လို စောင့်ရှောက်ကုသပေးနေရတဲ့သူတွေ အသိဆုံးပါပဲ။ လေယာဉ်တွေကလည်း ညတိုင်းပဲ မဟုတ်လား။ ကိုယ်တို့တွေ လိုင်းပေါ်မှာ အချင်းချင်းတွေ့ရင် ဘယ်လောက်တောင် အလုပ်များနေသလဲ လို့ တစ်ယောက်နဲ့တစ်ယောက် မမေးမိပါဘူး။ သူလည်းပဲ ကိုယ့်ထက်တောင် ချာလပတ်ယမ်းနေဦးမှာ လို့ နားလည်တဲ့အတွက် ကိုယ့်ဒုက္ခ ကိုယ်တောင် မညည်းရက်ဘူး။ လိုင်းပေါ်တက်လာတာ မြင်ရရင်ပဲ အန္တရာယ်ကင်းသေးသဟဲ့ ဆို ဝမ်းသာနေရတယ်။ သတိထားမိမလား မသိဘူး။ ပွဲတကာ့ပွဲ ဘာပွဲဖြစ်ဖြစ် ဆရာဝန်တွေ ဝင်မပါနိုင်တော့ဘူး။ သူတို့အလုပ်နဲ့သူတို့ ပျားတုပ်နေတယ်။ လောကကြီးမှာ ဖျက်ဆီးသူရှိရင် ပြုပြင်သူ၊ တည်ဆောက်သူလည်း ရှိရမယ် မဟုတ်လား။ ကိုယ်က ဘာလဲ၊ ဘယ်မှာ ရှိမလဲ ပဲ အရေးကြီးပါတယ်။

ဆရာအော်သိုတော့ ပြန်သွားပြီ။ တိုက်ပွဲမပြီးသေးတော့ လူနာတွေတော့ တဖျောက်ဖျောက် ရောက်လာနေတုန်းပါပဲ။ သိပ်ပြင်းပြင်းထန်ထန် မပါလို့ တော်သေးတာပေါ့။ ကိုယ့်အနေနဲ့ကတော့ ဘယ်အလုပ်ကိုမှ အကြွေးမကျန်အောင် တရစပ် တွန်းလုပ်နိုင်ပါသေးတယ်။ ဆေးသင်တန်းတက်နေတဲ့ကလေးတွေကိုလည်း လူနာရောက်လာရင် ဘာကဘယ်လို လုပ်ရတယ် လက်တွေ့သင်ပြပေးလို့ရတာပေါ့။ စစ်ပွဲတွေကို မြေပုံပေါ်မှာကြည့်ရင် ဆယ်ဇင်း-ဖားကန့်လမ်းတလျှောက်၊ ဗန်းမော်-မြစ်ကြီးနားလမ်းတလျှောက်၊ ရွှေဘို-မြစ်ကြီးနားလမ်းတလျှောက် မှာ တွေ့ရတာဆိုတော့ သူတို့ဘက်ကပိတ်ဆို့ဖြတ်တောက်တဲ့ဗျူဟာကို သုံးနေပြီး ကိုယ်တွေဘက်က စီးနင်းဖောက်ထွက်ဖို့ ကြိုးစားနေတာ တွေ့ရမှာပါ။ ဒါကြောင့်လည်း ဒင်းက တရုတ်ကြီးခြေသလုံးဖက်ပြီး နယ်စပ်တွေပိတ်ထားပေးပါ တောင်းပန်နေတာပေါ့။ ဒရုန်းစက်ရုံသွားကြည့်ပြီး ဆင်ကြံကြံနေသေးတာလည်းတွေ့မိတယ်။ အခုလောလောဆယ်တော့ စခန်းကို စွန့်ခွါ ထွက်ပြေးရတဲ့ သူတိ့တပ်တွေက ရပ်ထဲရွာထဲ ပတ်မွှေနေတဲ့အတွက် သေနတ်ဒဏ်ရာနဲ့လူနာတွေ လာနေသေးတာပါ။ အိမ်တွေလည်း မီးရှို့ကြတယ်။

မအလကြီး တရုတ်က ပြန်လာလာချင်းမှာ စိုးဝင်းက ကြေငြာချက်ထုတ်တာကတော့ “နပခ (အမ်း) ကလူတွေ မဆုတ်တမ်း ခံတိုက်ရမယ်။ လက်နက်မချရဘူး။” တဲ့။ သူ ဘယ်သူ့ကို ပြောနေတာလဲ ဟင်။ “ကြားလား။ ကြားလား။ ကြားရင် အကြောင်းပြန်။” လို့ ကုန်းအော်ရင်တောင် “ရထားဖြစ် အဘ။ ရထားဖြစ်။” လို့ reply ပြန်မယ့်သူ ရှိသေးရဲ့လား။ တိုင်းမှူးတောင် စစ်တွေကပဲ command ပေးနေတာ။ အမ်းကိုကျော်လို့ တောင်ကုတ်၊ သံတွဲ၊ ငပလီ၊ ဂွ တောင် သိမ်းထားပြီးပြီ။ MAI စီးရင် အမ်းမှာ မှတ်တိုင်ပါတယ် အော်လို့မရတော့တာ ကြာပေါ့။ မဲတောင်မှာဆို တပ်ရင််းမှူးပါ ၃၀၀ ကျော် လက်နက်ချသတဲ့။ ယူတို့က အချင်းချင်းလည်း လှည့်စားတတ်ကြတာပဲနော်။ အဘရေ။ လက်ဘက်ခြောက်က မကျသေးဘူးတဲ့။ ကျအောင်စောင့်ကြရအောင်နော့။

“ဒီမှာ မြင်လား။ ဝန်ကြီးချုပ်တွေက ငါ့ကို သောက်ဖက်လုပ်ကြသကွ။” ဆို စပ်ဖြီးဖြီးကြီးနဲ့ ပြန်လာပေမယ့်လည်း သွားတုန်းလေး ခဏမှာတင် နယ်မြေတွေ လက်လွတ်ဆုံးရှုံးကုန်တာ စပ်ဖျဉ်းဖျဉ်းတော့ ခံစားရမှာပဲ။ ကိုယ့်ပြည်တွင်းမှာတောင် သန်းခေါင်စာရင်းမှန်အောင် မကောက်နိုင်တဲ့ကောင်က ထိုင်းမှာရောက်နေတဲ့ မြန်မာတွေနဲ့ပါတ်သက်ပြီး data အချက်အလက်တွေ တောင်းတယ်ဆိုတော့ ကြိုတင်မဲပေးခိုင်းမလို့များလား ဟင်။ အရှက်မရှိတဲ့ ဂီးဆောင်ကျောင်းကို အရှက်မရှိတဲ့ ဖက်ခွက်စားများက ကြိုဆိုနေကြသည်မှာလည်း သောက်ကျိုးနည်းလိုက်ဖက်နေမှုကြီးပါပဲ။ ကျက်သရေတွေ အတုံးလိုက် အတစ်လိုက်ကို တုန်းတာ။ ဒီကိစ္စကြီးပြီးတဲ့အထိ ကိုယ့်ကိုယ်ကိုယ် သေမယ်ရှင်မယ် ကံသေကံမ မပြောနိုင်ပေမယ့် သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ၊ နောက် ဘယ်တော့မှ ပြန်မဆုံချင် မမြင်ချင်တော့တဲ့သူတွေလည်း ရှိတာပေါ့လေ။

ကိုယ့်အတွက်ကတော့ ခုချိန်ထိအောင် မအလစစ်တပ်နဲ့ မခွဲနိုင်မခွါနိုင် မကင်းနိုင်မကွာနိုင်တဲ့သူအားလုံးဟာ ဘယ်လိုဆင်ခြေမျိုးပေးသည်ဖြစ်စေ။ အဲ့ဒီစစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ အကြမ်းဖက်မှု အားလုံးမှာ အလိုတူအလိုပါ အားပေးအားမြှောက်ပြုနေသူတွေချည့်ပဲ လို့ သတ်မှတ်ပါတယ်။ ခြံစည်းရိုးခွထိုင်နေရုံနဲ့ ကြားနေလို့ သဘောမထားနိုင်ပါဘူး။ ဓမ္မ နဲ့ အဓမ္မ မှာ ကြားနေရယ်လို့မှ မရှိတဲ့ဥစ္စာ။ စစ်တပ်နဲ့ပလူးပြီးမှ တရားစာတွေ ရှဲ၊ ဘုရားပုံတွေ တင်ထားပြီး မြန်မာပြည်ကြီးငြိမ်းချမ်းပါစေလုပ်နေတယ်ဆိုတာ အရေခြုံသက်သက်ပဲ။ တရုတ်ကြီး ဖိအားပေးပြီး ဝင်ညှိတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ကြည့်ပါလား။ ပါးစပ်က ဘုရား ဘုရား အော်နေသလောက် သူ့ဆီကလည်း ပြန်ရောက်ရော မိုးကုတ်ကို ပေါင် ၅၀၀ ဗုံး ၂ လုံး တန်းကျဲတာပဲ။ နောင်ချိုမှာ လက်ဘက်ရည်ဆိုင်ပေါ်ကျလို့ ခရီးသည်တွေ၊ ဆိုင်ဝန်ထမ်းလေးတွေ သေရရှာတယ်။ ဘာ PDF စစ်သားမှ ရှိတဲ့နေရာ မဟုတ်ဘူး။ ဘလိုင်းကြီး ယုတ်မာတာ။ အဲ့ဒီလူယုတ်မာတွေကို အကာအကွယ်ပေးပြီး သက်ဆိုးရှည်အောင် စောင့်ရှောက်နေသမျှ အပြစ်မဲ့ပြည်သူ ထောင်ပေါင်းများစွာ ဆက်သေနေဦးမှာပဲ။ သူကာကွယ် ပေးထားလို့ စစ်တပ်ကကောင်တွေ လူ ၁၀၀၀ ထပ်သတ်နိုင်တယ် ဆိုရင် တရုတ်ကြီးလက်ချက်နဲ့သေရတာ လူ ၅၀၀ ပါတယ် လို့ တောင် ပြောလို့မရမပါဘူး။ အဲ့ဒီ လူ ၁၀၀၀ လုံး သူ့ပယောဂမကင်းပဲ သေရတာ။ မအလ က (၁ )တရားခံ ဆို သူက (၂)တရားခံပဲ။ ထိုင်းဝန်ကြီးချုပ်မကြီးလည်း မအလကို ပါးလျက်နားလျက် လုပ်တာ ရှက်စရာကောင်းတယ် လို့ ကိုပီတ က ပြောတာ အဲ့ဒါကြောင့်လေ။ ရှက်ရကောင်းမှန်းသိတဲ့သူတွေက အဆက်အဆံကို မလုပ်ကြဘူး။ သွားတုန်းကသွားကြိုပြီး ဓါတ်ပုံတွေတက်လာမှ “မလှိမ့်တပတ်နဲ့ ညာခေါ်ခံရတာပါ။ ခံပြင်းမိပါတယ်။” စတေးတပ်စ် လာမတင်နဲ့။ အဲ့ဒါ အ ချင်ယောင်ဆောင်ပြီး အရူးကွက်နင်းတာ။ မသနားဘူး။ အိုစာမင်းစာလေး ရှာထားကြပေါ့။ အိုတဲ့ထိသာ နေရရင် ဘယ်သူကမှ သထာမှာ မဟုတ်ဘူး။

ဗေဒင်ဆရာ မဟုတ်ပေမယ့် ကိုယ်ခန့်မှန်းကြည့်ရသလောက်တော့ မအလ စစ်တပ် သက်ဆိုးမရှည်နိုင်ပါဘူး။ မြန်ရင် ၂ လ၊ နှေးရင် ၆ လ အတွင်း ပြုတ်ကျလောက်ပါတယ်။ ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေး လေသံတွေ ပစ်နေရင်းကမှ လူနေရပ်ရွာတွေပေါ်မှာ ဘာဖြစ်လို့ ဗုံးကြဲဖျက်ဆီးနေသလဲ မစဉ်းစားမိဘူးလား။ သူက လက်လွှတ်ဆုံးရှုံးလိုက်တဲ့ နယ်မြေတွေမှာ NUG နဲ့ ဖက်ဒရယ်အစိုးရ အုပ်ချုပ်ရေးထူထောင်နိုင်သွားမှာ စိုးတယ်လေ။ လက်တွေ့မှာ တကယ်တမ်း ထူထောင်နိုင်တာလည်း အမှန်ပဲ။ ရဲစခန်းသိမ်းပြီးရင် ရဲအဖွဲ့အသစ်နဲ့ အလုပ်လုပ်နေတယ်။ ကျောက်မျက်ရုံးသိမ်းပြီးရင် ကျောက်မျက် အဖွဲ့သားအသစ်နဲ့ ဆက်လည်ပတ်တယ်။ သစ်တောရုံး၊ တရားရုံး၊ လဝကရုံး၊ အကုန်လုံး အဟောင်းထွက်သွားတဲ့နေရာမှာ အသစ်ဖြည့် အလုပ်လုပ်နိုင်တယ်။ သူတို့က အခွံကြီးပဲချန်ထားခဲ့တာ လို့ ထင်ကောင်းထင်မယ်။ ကိုယ်တို့အတွက်ကတော့ အကျင့်ပျက်ခြစားနေတဲ့ နန်းစိန်အရှုပ်ထုပ်တွေကို ရှင်းလင်းသန့်ရှင်းပြီး တကယ်လက်တွေ့အလုပ်လုပ်မယ့် ဖက်ဒရယ်အစိုးရရဲ့ ဝန်ထမ်းတွေနဲ့ အစားထိုးတာပါ။

ဆေးရုံတွေလည်း ဒီလိုပါပဲ။ လွတ်မြောက်နယ်မြေက ပြည်သူ့ဆေးရုံတွေဟာ ချန်ဂင် လို တောနယ်ဆေးရုံကလေးတွေ မဟုတ်တော့ပါဘူး။ specialist အစုံအလင်နဲ့ Modular OT ကြီးတွေ ဖြစ်လို့နေပြီဆိုရင် မအံ့ဩလိုက်ပါနဲ့။ မန်းလေးက ဆေးရုံကြီးတွေတောင် သိပ်မကြာခင် NUG, MOH အောက်ကို ရောက်ချင်လည်း ရောက်သွားနိုင်တယ် လို့ ပြောရင် အလကား ကြွားဝါတယ် ထင်လို့လား။ ရန်ကုန် နဲ့ မန်းလေးမှာ မန်းလေးကအရင် ပန်းဝင်ဖို့ လက်တကမ်းကို ရောက်နေတယ် ဆိုတာ အားလုံးလည်း မြင်နေသားပဲဟာ။ ရမခ ကို ပြန်မသိမ်းနိုင်တာ သေချာသလောက် ရှိနေသလို နပခ ကို လက်လွှတ်ဆုံးရှုံးရတော့မှာလည်း မြေကြီးလက်ခတ်မလွဲပါဘူး။ အဲ့ဒီကမှ လပခ ကိုပါ ထပ်ရှုံးရရင် သူတို့အထုပ်ဆွဲပြီး ပြေးရုံသာ ကျန်ပါတော့မယ်။

ကိုယ်တို့က တည်ဆောက်ထူထောင်သူတွေပါ။ စကစ ကတော့ ဖျက်ဆီးဖြိုချတဲ့သူတွေသာ ဖြစ်ပါတယ်။ ကိုယ့်အလုပ်ကိုယ် အောင်မြင်အောင် လုပ်နိုင်တာချင်းတူရင်တောင် ရလာမယ့်အကျိုးဆက်က ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ် မဟုတ်လား။ တို့ဘက်က ကိုယ့်ဇာတ်ကိုယ် နိုင်အောင်ကသလို သူတို့ဘက်ကလည်း ကိုယ့်တပ်ကိုယ် နိုင်အောင်ထိမ်းနိုင်ပါ့မလား အဖြေပေါ်လာမှာပါ။ နေ့တိုင်းစစ်နိုင်နေတဲ့ကိုယ်တွေနဲ့ နေ့တိုင်းစစ်ရှုံးနေတဲ့ သူတို့တတွေ။ ဘယ်သူက စိတ်တက်ကြွရမှာလဲ။ ဘယ်သူက စိတ်ဓါတ်ကျနေမှာလဲ။ သဘောပေါက်ပါတယ်နော်။ ကိုယ်တို့တော်လှန်ရေးတပ်သားတွေက စိတ်တူသဘောတူ ဆန္ဒတွေ တူညီတဲ့အချိန်ကို ရောက်လာပြီ။ သူတို့စစ်သားတွေဘက်မှာ စိတ်ပျက်၊ အားပျက်၊ သည်းခြေပျက်ရတဲ့ အနေအထားကို ရောက်နေပြီ။ ငါးမင်းဆွေကြီးဆို သွက်သွက်ကိုခါလို့။ ဘူးလက်တို့ မောင်မြင့်တို့ ဘယ်ရောက်သွားမှန်းတောင် မသိ။ မမကြီးဒွေးကေရဲ့ စကတ်အကွဲကြီးအောက်များ ဝင်ပုန်းနေကြသလားကွယ်။ ဘူးလက်ကြီးမျက်ခုံးမွှေးမှာ ပြာတွေပေလို့ရယ်။

အရင်တုန်းက အပြင်ဆေးခန်းတွေမှာ ဖျာအိမ်ရဲဖမ်းသလို လှန်လှောရှာဖွေဖမ်းဆီးခံရတတ်တဲ့ CDM အထူးကုဆရာဝန်တွေဟာ အခုချိန်မှာ အဲ့ဒီလွတ်မြောက်ဆေးရုံကြီးတွေက “လာပါကူပါ ထိုင်လှည့်ပါ” လို့ လိုက်လံရှာဖွေ ပင့်ဆောင် နေရတဲ့အချိန်ရောက်လာပါပြီ။ ဖက်ဒရယ်အစိုးရတွေအားလုံး နန်းစိန်တွေကို လုံးဝ အလုပ်မခန့်နိုင်ပါဘူးဆိုပြီး ပြတ်ပြတ်သားသား ငြင်းဆိုနေကြတာမို့ CDM တွေ ဈေးကောင်းရတဲ့ကာလလို့ ပြောနိုင်ပါတယ်။ C တွေ သာသာယာယာ အလုပ်လုပ်နိုင်တဲ့ခေတ်မို့ C သာယာ လို့ ခေါ်ကြပါသတဲ့။ သာစည် က ပိုတောင် ခေါ်လို့ကောင်းသေး။ ပင်စည် ကို သိပ်သတိရတဲ့အဆိုတော်မလေးကြားရင် “သိပ်ချစ်ရတဲ့ သာစည်ရေ၊ စိတ်ညစ်ရတဲ့ သာစည်ရေ၊ အိပ်ပျက်တဲ့ သာစည်ရေ” လို့ ဆိုဦးမှာလား မသိ။ စကစနယ်မြေတွေကို သိမ်းပိုက်လာတဲ့ ဖက်ဒရယ်ကောင်စီအစိုးရလက်အောက်မှာ Non-C တွေအတွက် နေရာမရှိဘူး လို့ သိသာလာတဲ့အချက်ပါ။ ဒါကြောင့်လည်း မြို့ပေါ်က အကိုကြီးအမကြီးများဟာ စကစပြုတ်ကျသွားမှာကို စိုးရိမ်ပူပန်နေတယ်ဆိုတာလည်း သဘာဝကျပါတယ်လေ။ နောက်ဆို ဟိုဘက်က ဝင်တိုက်ပေးမလားတောင် မသိဘူး။ ရှုံးမှာ သေချာသွားတဲ့အတွက် မကြာခင်မှာ လေသံပစ်လာနိုင်တဲ့ သူတို့ဘက်က ငြိမ်းချမ်းရေးကမ်းလှမ်းချက်ဟာ “ကိုယ့်ပြည်နယ်နဲ့ကိုယ် နေကြရအောင်လေ။” ဆိုတဲ့ စကားပဲ ဖြစ်မှာပါ။ (လင်းညှို့တာယာကမှ ရှေ့ဖြစ်ဟောရင် ဘတ်ငါးထောင်-တစ်သောင်း ရသေး။ ကျုပ်ဖြင့် တစ်ပြားမှလည်း မရပဲ ဟောလိုက်ရတာ အသံကိုပြာလို့။) ယတြာမှာ မိမိဆေးခန်းရှေ့တွင် ဆီကိုနာရီပတ်၍ “ကိုကိုစီ ကိုကိုစီ။ မလာပါနဲ့ဦး ကိုကိုစီ” ဟု ၃ ခေါက်ရွတ်ပါ။

စစ်ဗိုလ်စစ်သားတွေ လက်နက်ချရင်တောင် လက်ခံရသေးတာ။ နှမ်းဆီလေးတွေ ဟိုဘက်က လုပ်ငန်းခွင်စွန့်ပြီး ဒီဘက်မှာ ဆီပြန်ချက်ချင်တယ်ဆိုလည်း လက်ခံရမှာပလေ။ ခန့်တာမခန့်တာ နောက်အစိုးရ ဆုံးဖြတ်လိမ့်မယ်။ ကိုယ်ကတော့ လောလောဆယ် မနိုင်မနင်းဖြစ်နေတဲ့အလုပ်တွေကို ညာခိုင်းဦးမှာပဲ။ C လိုက်၊ Non လိုက်၊ ပြန် C လိုက် လုပ်နေတဲ့ ၂ ပြန်ကျော်တွေလည်း ရတယ်နော်။ အဲ့သလို C ချက်မျိုးကိုလည်း ဒီကလည်း ခေါက်လိုက်ဆွဲလိုက်နဲ့ ဆီချက်ခေါက်ဆွဲ လုပ်ပလိုက်မယ်။ C သလိုလို မC သလိုလို၊ Non သလိုလို မ Non သလိုလို ဖြစ်နေတဲ့ မတ်မတ်ဆောင်းများကိုလည်း ဂျမ်းတောလေးရဲ့အဖေ ကိုကျော်စွာနဲ့ official RS ချိတ်ပေးပြီး ဈေးရောင်းခိုင်းမယ်ဗျ။ ယွကျားလေးတွေ ဘော်လီရောင်း၊ မီးမလေးတွေ ဘောက်ဆာရောင်း။ ကိုယ်တိုင်ဝတ်ပြ သဘောကျ။ Curvy ဆိုင်က စပွန်ဆာတောင်းရမယ်။ ဂျွန်လွင် နဲ့ စိုင်းဝမ်းကိုဘယ်တစ်ဘက်ညာတစ်ဘက်ထားပြီး live လွှင့်လိုက်ရင် ဝက်ဝက်ကိုကွဲသွားမှာ။ ဟင်းဟင်း။ မလုပ်ချင်လို့ နေတာနော်။ မတတ်လို့တော့ မဟုတ်ဘူး။

အိမ်း။ မဟော်သထာကမှ သူငယ်

တစ်ထောင်ခြံရံပြီး တရားစီရင်သလား မှတ်တယ်။ CDM ဒေါက်တာစိုးလည်း တရားစီရင်တဲ့နေရာမှာ ပေါင်ချိန်ကြီး ရှုံးလောက်တယ်နော်။ နောက်တာပါဗျာ။ အားအားယားယား ဘယ်သူ့တရားမှ လိုက်မစီရင်နိုင်ပါဘူး။ လူဆိုတာ ကိုယ့်တရားကိုယ် စီရင်ရတဲ့အမျိုးအစားပါ။ မတရားဘူး မမှန်ကန်ဘူး ထင်လို့ တရားတဲ့ မှန်ကန်တဲ့စံနစ်ကို ရအောင်ပြင်ထားတာ။ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ချစ်ခြင်းမုန်းခြင်းနဲ့ အဆုံးအဖြတ်မပေးဘူး။ ကိုယ်ဘာလုပ်ခဲ့သလဲ။ လုပ်ခဲ့တဲ့အတိုင်း အကောင်းအဆိုး အကြောင်းအကျိုး ကိုယ့်ဘာသာ ခံယူကြ။ ကိုယ်လည်းပဲ ကိုယ့်ဘဝနဲ့ကိုယ် သာသာယာယာလေး နေချင်သေးတာပဲ။ သူများတစိမ်းတွေ အာရုံကို မထားပါဘူး။ မြင်လာတော့လည်း ပြုံးပြီးကြည့်နေလိုက်မှာပေါ့။ နည်းတောင်နည်းသေးဆိုပြီး။ သူဒီလိုဖြစ်ဖို့ အကြောင်းပါလာတယ်ဆိုတာ ကိုယ် အစကတည်းက မြင်ထားတာပဲ ဥစ္စာ။

“အကြောင်းကံများကရယ်

နှောင်းဖို့ ဖန်လာတယ်။

ဘုံဘဝဝယ် ကြုံရလေတယ်ကွယ်။

မလွှဲသာလွန်းလို့ ခွဲရသူပါတကယ်

မေရယ် ပြုံးစမ်းကွယ်။

မေ့ကောင်းစရာအဖြစ်ရယ်လို့

မမှတ်ယူလေနဲ့တကယ်

ရွေ့ပြောင်းကာနှောင်းနောက်ဝယ်။”