ချန်ဂင်တို့စခန်း (၃၀၈)

အမေရိကားမှာ ဒေါ်နွယ်ထွမ့်ကြီးတစ်ယောက် ဘုန်းမီးနေလ အာသောက ဖြစ်နေပြီဆိုတော့ ပူတင်ကြီး နဲ့ ကျင့်ဖျင်ကြီးတို့ က “ရိုက်လိုက်ပါဦး ရိုက်လိုက်ပါဦး” လုပ်နေမလား မသိပါဘူး။ သူတို့ရဲ့ မယားပါသားလေး မိအောင်လှိုင် ကတော့ “NUG ကို မူရီးကားက ဒေါ်လာတွေ ဆက်ထောက်ပံ့မှာ မဟုတ်တော့ဘူး။” ဆိုပြီး ကျွမ်းဆယ်ပါတ်လောက် လှိမ့်ထိုးနေတယ်။ အောင်မယ် အဲ့ကောင်က ဆရာကြီးအထာနဲ့ တာ့ကောတို့ကို ကွန်မန်းတွေ ပေးနေတာဗျား။ “နယ်စပ်ကုန်သွယ်ရေးတွေ ပိတ်ထားတယ်ဆို။ ကောင်းတယ်။ ကောင်းတယ်။ ဒီလိုပဲ ဆက်ပိတ်ထားစမ်းပါ။” ဆိုပြီး ထောက်ခံဆွေးနွေးလေသတဲ့။ သူ ဖောရှောလုပ်နေကျ တပ်မတော် အထည်ချုပ်စက်ရုံမှာ မိန့်ခွန်းချွေတယ်များ မှတ်နေသလားကွယ်။ ဟိုဘက်က ဆက်ပိတ်ထားပြန်ရင်လည်း “တွေ့လား။ ငါပြောရင် တစ်ခွန်းရယ်။” ဆိုပြီး အမှတ်ယူလေဦးမယ်။ သူ့တိုက်ရည်ခိုက်ရည် ကွပ်ကဲမှုနဲ့ တရုတ်၊ ရုရှား၊ မြောက်ကိုရီးယားတွေအကြား ဝင်ဝင်ပလေးချင်နေတာ ဟိုကဖြင့် သူ့ကို ထမင်းသိုးဟင်းသိုးလောက်တောင် နေရာမပေးပါဘူး။ ချေးထုပ်ကြီးမှန်းသိလို့ ဝေးဝေးကပဲ တုတ်နဲ့ကလော်နေတာ။

ဗမာတွေမှာ တရုတ်ကြောက်ရောဂါ မရှိပေမယ့် တရုတ်တွေမှာ အမေရိကန်ကြောက်ရောဂါ ရှိရတဲ့အကြောင်းရင်းကတော့ ကိုယ်တို့ မြန်မာ့သမိုင်း သင်ရိုးညွှန်းတမ်းထဲမှာ ဘယ်တုန်းကမှ ထည့်မသင်ခဲ့တဲ့ဒုတိယကမ္ဘာစစ်ပြီးစ တရုတ်မြန်မာဆက်ဆံရေးကြောင့်ပါပဲ။ ကိုယ်တို့သိထားတာ ကူမင်တန်တရုတ်ဖြူတွေ ကျူးကျော်ဝင်ရောက်လာတယ်။ မြန်မာ့တပ်မတော်က ရွပ်ရွပ်ချွံချွံ တွန်းလှန်ချေမှုန်းပလိုက်တယ်။ ကိုယ့်ဇာတ်လမ်းထဲ ကိုယ်ဘာသာ ဇာတ်လိုက်၊ သူများတွေကို လူကြမ်းလုပ်ထားတာကိုး။ ကိုယ့်သမိုင်းကိုယ်ရေးတဲ့အခါ မသိစေချင်တဲ့အရာတွေ ဖုံးဖိဖျောက်ဖျက် ရေးတဲ့အတွက် ဇာတ်လမ်းဇာတ်ကွက်တစ်ခုလို ဖတ်ကောင်းသော်ငြား အဖြစ်မှန် တော်တော်များများ ပါမလာတော့ဘူး။ “Burma Surgeon” ဖတ်တဲ့အခါ Dr Sea Grave ကြီးကို အမေရိကန်စပိုင် ဆိုပြီး ထောင်ချထားတော့ ကိုယ့်မှာ နားမလည်နိုင်ဖြစ်ရတယ်။ အင်္ဂလိပ်ကို တော်လှန်ဖို့ ဂျပန်နဲ့အတူ တိုက်ထုတ်လိုက်တယ်။ ဂျပန်တွေက ဖက်ဆစ်ဖြစ်နေလို့ BIA /BDA က တိုက်ထုတ်ရပြန်တယ်။ အင်္ဂလိပ်ပြန်ဝင်လာလို့ လွတ်လပ်ရေးထပ်တောင်းရပြန်ရော။ အဲ့ဒီသမိုင်းထဲမှာ အမေရိကန်တွေက ဘာလာလုပ်လို့ စပိုင်ဖြစ်တာလဲ။ ဂျိန်းစဘွန်းက ဘျင်မကြီးရဲ့ စီးကလက်ကိုယ်စားလှယ်လေ။ ဖြစ်ချင်းဖြစ် ဗြိတိသျှစပိုင် ဖြစ်ရမှာ မဟုတ်ဘူးလား။

အဲ့ဒီအခါကျတော့ ကိုယ့်မှာ တရုတ်သမိုင်းကိုပါ ဝင်ဖတ်မှ ရေးတေးတေး နားလည်တယ်။ ကူမင်တန် တရုတ်ဖြူဆိုတာ ချန်ကေရှိတ်ရဲ့တပ်တွေလေ။ မော်စီတုန်းက တိုက်ထုတ်လိုက်တော့ ကူမင်တန် တပ်တွေဟာ ယူနန်ပြည်နယ်က မြန်မာနယ်စပ်မှာ ခြေကုပ်ယူပြီး ခုခံကြတယ်။ အဲ့ဒီအခါမှာ အမေရိကန်အစိုးရက မြန်မာပြည်နယ်စပ်ကတဆင့် လက်နက်တွေအများကြီးထောက်ပံ့ပေးတယ် ပြောကြတာပဲ။ မဒမ်ချန်ကေရှိတ်က အမေရိကန်နဲ့ အလွန်ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ် လို့လည်း ဆိုကြတယ်လေ။ အိန္ဒိယ နဲ့ တရုတ်ပြည်ကိုဆက်တဲ့ လီဒိုလမ်းမကြီးဆိုတာလည်း ဘာ့ကြောင့် ဘာ့အတွက်ဖောက်မှန်း မသိခဲ့ဘူး မဟုတ်လား။ ဂျင်မီယန်း၊ အောလစ်ယန်းတို့ ကိုးကန့်စော်ဘွားမောင်နှမကို ဦးနေဝင်းကြီး ဘာကြောင့်ထောင်ထဲထည့်သလဲ ဆိုတာလည်း သဘောမပေါက်ခဲ့ဘူး။ အဲ့ဒီအချိန်တုန်းကတော့ မော်စီတုံးကြီး စွေ့စွေ့ကို ခုန်နေတာပဲ။ သူတို့တရုတ်ပြည်တွင်းရေးကို ဘယ်သူမှ ဝင်မစွက်ဖက် မခြယ်လှယ်ပါနဲ့။ ကုလသမဂ္ဂကြီးက တားဆီးပေးပါ။ မြန်မာအစိုးရက လက်မခံပါနဲ့။ ငယ်သံကိုပါနေရော။ အဲ့ဒီတုန်းကသာ တရုတ်ဖြူတွေကို နယ်စပ်မှာ လက်ခံထားပေးထားရင် ယူနန်ပြည်နယ်ဆိုတာ ထိုင်ဝမ်အစိုးရလက်အောက်မှာ ရှိချင်လည်း ရှိနိုင်တာပဲ။ မြန်မာပြည်ကလည်း ယူနန်အစိုးရအောက်ကို ရောက်ချင်ရောက်သွားမှာပေါ့ လို့ သူတို့က ပြောလိမ့်မယ်။ တကယ်တော့ “if” ဆိုတာ နိုင်ငံရေးမှာ မရှိဘူးလို့ မဒမ်ဆွန်ယက်ဆင်က ပြောဖူးပါတယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန်တွေ မြန်မာပြည်မှာဝင်ထွက်သွားလာနေရင် သူ့ငယ်ဘဝက အိပ်မက်ဆိုးကြီး ခြောက်လှန့်လာတဲ့အတွက် ချေးထုပ်ကြီး ကိုကြင်စိုးကို မချစ် သော်လည်း အောင့်ကာနမ်းရသလို ရှိတယ် ။ ဟိုကဖြင့် ghost သွားတာကြာလှပြီ။ ယူတို့တွေ move on မလုပ်နိုင်သေးပါလား။ သနားစရာ။

တရုတ်နယ်စပ်ကုန်သွယ်ရေးကို တင်းတင်းကြပ်ကြပ် ပိတ်ချထားတဲ့အခါ တရုတ်ငွေ၊ တရုတ်ဖုန်း၊ တရုတ်မီး၊ တရုတ်ဒေတာ သုံးနေတဲ့ လောက်ကိုင်၊ မူဆယ်၊ လွယ်ကျယ်၊ လိုင်ဆာ မြို့တွေမှာ ဒုက္ခရောက်တာတော့ အမှန်ပေါ့။ သူတို့ဘက်က တရုတ်ကုန်သည်တွေလည်း စီးပွါးရေး ထိခိုက်မှာလေ။ ဒါပေမယ့်လည်း တော်လှန်ရေးက တရုတ်နယ်စပ်တစ်ခုတည်းမှာ ဖြစ်နေတာ မဟုတ်တော့ သူဘယ်လိုလုပ် တားဆီးနိုင်မှာလဲ။ ထရမ့်မနိုင်ခင် ဘိုင်ဒင်ကြီးလက်ထက်ကတည်းက လေထိုးလေလျော်ကို မျှော်ကိုးစောင့်စားနေရင် ဒီအခြေအနေထိတောင် ရောက်မလာဘူး။ ဆောက်ဖြစ်မှ ကျောင်းဒကာပါ ငါ့ရှင်။ တရုတ်ပစ္စည်း သွင်းမရရင် အိန္ဒိယပစ္စည်း၊ ထိုင်းပစ္စည်း သုံးမှာပေါ့။ ပိုက်ဆံပေးဝယ်တဲ့ဟာကို။ တရုတ်နယ်စပ်မှာ မတိုက်ရလည်း စစ်ကိုင်းနယ်စပ်မှာ ဆက်တိုက်မှာပေါ့။ အဲ့ဒါဆို သူဘာပြောလို့ ရမှာလဲ။ ကချင်တွေဟာ ဘယ်တုန်းကမှ တရုတ်လက်အောက်ခံမဖြစ်ဖူးသလို တရုတ်ဩဇာခံလည်း မဟုတ်ပါဘူး။ တရုတ်ကသာ ကချင်ပြည်နယ်ထဲ ဝင်ဝင်ပြီး စီးပွါးရှာကြတာပါ။

MNDAA ကို လားရှိုးကနေ ပြန်ဆုတ်ခိုင်းတာကတော့ သူ့လူသူပြန်သိမ်းတဲ့ကိစ္စလို့ ထင်စရာရှိတာပေါ့။ ကိုးကန့်တိုင်းရင်းသားတို့ မုန်းဝန်းဗမာတို့ဆိုတာ မြန်မာပြည်မှာ အမည်ပေါက်အောင်ထည့်ထားတဲ့ တရုတ်နိုင်ငံသားတွေလို့တောင် ပြောလို့ရတယ်။ ဒီဘက်မြေပုံထဲမှာ ရောက်နေပေမယ့်် ဟိုဘက်ကဘဝနဲ့ နေထိုင်ရှင်သန်တယ်။ သို့သော်လည်း လားရှိုးကသာ အတင်းပြန်ဆုတ်ခိုင်းနေတာ၊ လောက်ကိုင်ကို ဗုံးလာလာကျဲနေတာကျတော့ သူလည်းတားမပေးနိုင်ပဲနဲ့။ အခုကျ သူကပါဖြတ်တောက်ပိတ်ဆို့ထားရုံမက ဝဘက်ကပါ အပ်တိုတစ်ချောင်းမဝင်စေနဲ့ လို့ အတင်းလိုက် ပိတ်တဲ့အခါကျတော့ ပါပါ့စိတ်ထား သားလေးစားပြီလေ။ ခုခေတ်ကြီးမှာ မိဘစကားတောင် ကိုယ့်ဆန္ဒမပါရင် နားထောင်ဖို့ ခဲယဉ်းနေပြီဟာကို။

တရုတ်ကြီးဟာ သူ့ဘာသူ အနောက်ကြောက်စိတ္တဇကြောင့် မီးစာကုန်ဆီခမ်းတော့မယ့် စကစကို ဆီလောင်း လေပင့် လုပ်ပေးရတဲ့အကြောင်းရင်းထဲမှာ သူ့အိမ်နီးချင်းနိုင်ငံတစ်ခုက ဒီမိုကရက်တစ် နိုင်ငံဖြစ်သွားမှာကိုလည်း သေမလောက် ကြောက်တာ ပါပါတယ်။ သူကိုယ်တိုင်က ကွန်မြူနစ်အာဏာရှင် နိုင်ငံ မဟုတ်လား။ ဆိုဗီယက်ယူနီယံကြီး ပြိုကွဲသွားသလို သူ့ရဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကြီး ပဲ့ထွက်သွားမယ့်အရေးကိုလည်း ကြိုကာထားမှ ရမယ်။ သူတို့ တရုတ်ပြည်မှာလည်း လူငယ်မျိုးဆက်သစ်တွေဟာ ကွန်မြူနစ်ဘိုးအေကြီးတွေရဲ့ ခေတ်မမီတော့သော အိုင်ဒီယာအဟောင်းကြီးတွေကို ရယ်သွမ်းသွေးလာကြပြီ။ အဓိပ္ပါယ်မရှိတဲ့ အမိန့်အာဏာတွေကို လက်မခံနိုင်တော့ဘူး။ အဖိုးကြီးတွေ မဟုတ်တရုတ် ထထလုပ်တတ်တာ သူတို့လည်း မြင်နေတွေ့နေရတာပဲဟာ။ မော်စီတုံးကြီးလက်ထက်က စာကလေးနှိမ်နှင်းရေးစီမံကိန်းကြီး ထလုပ်လိုက်တာ စာကလေးတွေသေပြီးတဲ့နောက် ကျိုင်းကောင်တွေ မတရားပွါးလာလို့ သီးနှံတွေပျက်ကုန်တာ တရုတ် လူမျိုးတွေလည်း သန်းနဲ့ချီပြီးအငတ် ဘေးနဲ့ သေဆုံးရတယ် လို့ ဆိုတယ်။ အိုင်ဒီယာ အဟောင်းတွေကို တော်လှန်ရမယ့်အစား ယဉ်ကျေးမှုကို တော်လှန်ရေး လုပ်ခဲ့လို့ တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ် တော်တော်များများ ပျောက်ကွယ်ကုန်ကြတယ်။ အဲ့ဒါတွေက အာဏာရှင် လက်ထက်မှာ မပြောရဲမဆိုရဲ ရှိခဲ့ပေမယ့် အဖိုးကြီးတွေ သေကုန်တဲ့အခါ လိုင်းပေါ်မှာ ရယ်စရာဖြစ်လာတယ်။ ဒီကနေ့ခေတ် တရုတ်လူငယ်တွေဟာ မော်စီတုံးကြီး ပုံသွင်းထားတဲ့ ကွန်မြူနစ်ကေဒါ ပုံစံခွက်ထဲမှာ ရှိမနေကြတော့တာ အမှန်ပဲ။ အခွန်မဆောင်လို့ မာမာအေးလုပ်ထားတဲ့ တရုတ်အဆိုတော်၊ တရုတ်မင်းသမီးတွေ မမြင်ဖူးရင် ပြလိုက်ချင်တယ်။ အဲ့လိုအခါမျိုးကျမှ ရှီကျင့်ဖျင်ကြီးက မထော်မနှမ်း မအလ နဲ့ပလူးပြတယ်ဆိုတာ စာကလေးနှိမ်နှင်း အလေအလွင့်ကင်း စီမံကိန်းကြီးကို ပြန်အသက်သွင်းနေသလိုမျိုး မအောင်မြင်တဲ့အပြင် အရှက်ပါကွဲရဦးမှာ။

ရှေ့ကျရင် တစ်မျိုးပြောပြီး ကွယ်ရာကျတော့ နောက်တစ်မျိုး ပြောပြန်တယ်။ အစက ပြောဖူးတဲ့စကားနဲ့ နောက်မှပြောတဲ့စကားကလည်း ရှေ့စကားနောက်စကား မညီပြန်ဘူး။ ပြောတုန်းက တမျိုးပြောပြီး လုပ်တဲ့အခါ ပြောထားသလို မလုပ်ပြန်ဘူး။ ဒီလိုလူကို စင်ပေါ်တင်ပြီး သစ္စာထား နှစ်ပါးသွား ကချင်တဲ့ အန်းကုန်းကြီးတွေရဲ့ နိုင်ငံရေးအတွေးအခေါ်တွေဟာ ကျဆုံးခန်းကို ရောက်အောင်တွန်းပို့နေတယ်ဆိုတာ မကြာခင် သိရပါလိမ့်မယ်။ ကိုယ်တို့ကိုတော့ မအလရှိတုန်းကတစ်မျိုး၊ မအလသေမှတစ်မျိုး၊ လာမဆက်ဆံပါနဲ့။ တို့က အကြွေးသာမဆပ်ပဲနေချင်နေမယ်။ စိတ်ဆတ်တယ်နော်။ သိဖို့။ မျောက်ပွဲပြစားချင်ရင် ကိုယ့်မျောက်ကိုယ် မီးသေအောင် အရင်ကျင့်ရတယ်။ ကိုယ့်စကား နားမထောင်ပဲ လူထူထူမှာ ဖိုးသင်းမျောက် လုပ်ပြတဲ့ကောင်ကို သံခင်းတမန်ခင်းထဲ ပွဲထုတ်မိရင် မျောက်ရှင်လည်း တနေ့တနေ့ ဒါပဲလုပ်နေလို့ နေမှာပေါ့ လို့ ကိုယ့်ဆီပြန်အမှုပတ်လိမ့်မယ်။

နိုင်မြင်းရယ်လို့ ပုံအောပြီးလောင်းထားသမျှတွေက အခြေမလှတဲ့အခါ ပန်းဝင်မယ့်ကောင်ကို ဖျက်မြင်းနဲ့ အတင်းလိုက်ကာနေတဲ့သဘော နေမှာပါ။ ခြေကုန်ပြီး အမြုပ်တစီစီထွက်နေတဲ့ စကစ ကို တကယ်ပဲ ကယ်နိုင်ပါ့မလား။ စကစ ရှုံးရင် အာဏာသိမ်းကာလအတွင်း သူနဲ့သဘောတူထားတဲ့ စာချုပ်တွေအားလုံး အလိုလိုပျက်ပြယ်သွားမှာဖြစ်သလို သူချေးယူထားတဲ့အကြွေးတွေကိုလည်း နောက်အစိုးရအနေနဲ့ ဆပ်ဖို့မရှိတာ သေချာပါတယ်။ မြန်မာပြည်တွင်းမှာရှိတဲ့ တရုတ်အကျိုးစီးပွါးတွေအပေါ်မှာ စကစ က ဖျက်လိုဖျက်ဆီးလုပ်ပြီး သူမဟုတ်သလို ဘူးခံငြင်းခဲ့ရင်လည်း လက်ဆုပ်လက်ကိုင် သက်သေပြဖို့ ခက်ပါတယ်။ နိုင်ငံရေးအရပဲကြည့်ကြည့်၊ စီးပွါးရေးအရပဲတွက်တွက်၊ အရှုံးကြီးရှုံးရမယ့်အပြင် အင်အားကြီးနိုင်ငံတစ်ခုအနေနဲ့ ဂုဏ်သိက္ခာလည်း ကင်းမဲ့ပါတယ်။ နောက်လာမယ့် မျိုးဆက်သစ်တွေက ဒီအဖိုးကြီးတွေ သောက်တလွဲလုပ်သွားပြန်ပြီ လို့ စိတ်ပျက်လက်ပျက် အပြစ်တင်ခံရတော့မှာပါ။ သေချာပြန်စဉ်းစားပါဦး။

ကိုယ်တို့ဘက်ကတော့ ဘာမှ စဉ်းစားစရာ မရှိပါဘူး။ ပေးလာတဲ့အခြေအနေတိုင်းမှာ အဆုံးထိဆက်တိုက်ဖို့ ပြတ်သားပြီးသားပါ။ အမေရိကန်ရွေးကောက်ပွဲမကလို့ တတိယကမ္ဘာစစ်ကြီး ထဖြစ်တောင် ကိုယ်တို့ရဲ့ ဆုံးဖြတ်ချက်၊ ယုံကြည်ချက်ကို မပြောင်းလဲစေပါဘူး။ ကိုယ့်အကျိုးစီးပွါးအတွက် လူငယ်တွေကို စတေးချနင်းမယ့်အစား လူငယ်တွေရဲ့အနာဂတ်အတွက် ကိုယ့်ဘဝ ကိုယ့်အသက်ကို ရင်းနှီးပေးဆပ်ရတာ တန်ပါတယ်။ ရှေ့ဆက်လျှောက်ကြတာပေါ့နော့။