ချင်းမိုင်မှာ ရေတွေကြီးနေတယ် လို့ သိလိုက်ရတော့ ကိုယ်တို့ဆီမှာလည်း မိုးမကုန်လောက်သေးဘူး လို့ တွက်ဆမိပါတယ်။ တကယ်လည်း မိုးတွေရွာနေတာ ရက်ဆက် ရက်ခြားလောက် ဆိုတော့ စာသင်သွားရတာ တော်တော် ဒုက္ခရောက်တယ်။ မိုးသိပ်သည်းနေရင်တော့ မသွားပဲ နေလိုက်ပေမယ့် ကိုယ်သွားမယ့်အချိန်မှာ တိတ်နေရင်၊ ဒါမှမဟုတ် ဖွဲဖွဲကလေးပဲ ရွာနေရင် ကြိုးစားပြီးတော့ သွားတယ်။ တလမ်းလုံး ဗွက်ထဲမှာ ရုန်းသွားရတာမို့ ၂ နာရီလောက်ကြာပါတယ်။ ဘိနပ်တွေလည်း ပြတ်တာပေါ့။ မပြတ်လည်း ကျွတ်ပြီး ချောင်းထဲမှာ ရေစီးနဲ့ မျောပါသွားလို့ မနည်းလိုက်ဆယ်ရတယ်။ ရေစီးက တော်တော်သန်နေပြီလေ။ လူချင်းလက်တွဲပြီး ကူးယူရတယ်။ ကိုယ်ကိုယ်တိုင်က အားကြိုးမာန်တက် သွားပြမှ အငယ်တွေကလည်း တက်တက်ကြွကြွ လိုက်လုပ်မယ်လေ။ နို့မို့ဆို “ခိုင်းရက်လိုက်တာ။” ဆိုပြီး မျက်ရည်ပေါက်ပေါက် ကျမယ့်ခရီးပဲ။ ပိုက်ဆံရဖို့ လုပ်တဲ့အလုပ်၊ ကိုယ်ကျိုးစီးပွါးအတွက် လုပ်တဲ့အလုပ်သာ ဆိုရင်တော့ “တော်ပါပြီ။ မရလည်း မလိုချင်တော့ပါဘူး။ ပင်ပန်းလွန်းပါတယ်။” ဆို သက်သက်သာသာလေး ပြန်နေမိမှာ အမှန်ပဲ။ တော်လှန်ရေးအတွက် လုပ်တဲ့အလုပ်မို့လို့သာ “ငါတို့ ရပ်လိုက်လို့ မဖြစ်သေးဘူး။” ဆို အသည်းအသန် မည်းတင်းနေရတယ်။ အချိန်ကြာလို့ မဖြစ်ဘူး။ အချိန်တွေကြာလေလေ တို့ဘက်က ပြည်သူတွေ ဒုက္ခရောက်လေ ဖြစ်နေတာ။ ဘယ်သူ့ကြောင့်ကြာကြာ၊ ဘာကြောင့်ကြာကြာ၊ ကိုယ့်အတွက်နဲ့တော့ တော်လှန်ရေးကြီး မကြန့်ကြာစေရဘူး။ မလုပ်တဲ့သူတွေ၊ မပါတဲ့သူတွေကို ကြည့်ပြီး ကြေးနှိုင်းတွက်ကပ်နေလို့လည်း အလကားပဲ။ စိတ်ဓါတ်အင်အားပါ ပျက်ပြားစေတယ်။ ဘယ်သူ့ကိုမှ မကြည့်နဲ့။ ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ပြီး ဖြစ်မြောက်အောင်လုပ်။ ကိုယ့်လွတ်မြောက်ရေး ကိုယ်တိုင်ရုန်းမှ ပြီးရင် ကိုယ်အနားရမှာ။ အလုပ်တွေ လုပ်ရလွန်းလို့ “တော်လှန်ရေးကြီး ပြီးရင်တော့ ဘာသောက်လုပ်မှ မလုပ်တော့ပဲ ကမ္ဘာပတ်ပြီး စားသောက်ပျော်ပါး လည်ပတ်ပစ်လိုက်ဦးမှာ။” ဆိုတဲ့ စိတ်ဆန္ဒတွေ တဖွားဖွား ဖြစ်ပေါ်လာတယ်။
စာသင်လာတာလည်း တစ်လရှိပြီဆိုတော့ စာမေးပွဲစစ်ပြီး အမှတ်တွေလည်း သိမ်းရသေးတယ်။ မဆိုးပါဘူး။ သူတို့လည်း တက်တက်ကြွကြွ သင်ယူကြသားပဲ။ အသုတ်လိုက်ခွဲပြီး ဆေးရုံကို အလှည့်ကျ ဆင်းခိုင်းနေပြီ။ ရာသီဥတုကြမ်းတော့ သူတို့ထဲမှာ နာကြဖျားကြသလို ကိုယ့်ဆေးရုံမှာလည်း လေးငါးယောက်လောက် ဖျားနေကြပါတယ်။ စနေ၊ တနင်္ဂနွေမို့လည်း မနားရပါဘူး။ Appendix ချည့်ပဲ ခွဲစရာ ၃ ယောက် ရှိနေလို့ တစ်ယောက်ကို မနက်ဖြန်ရွှေ့ထားရတယ်။ ဒီနေ့အပြီးခွဲလိုက်လို့ ပေါင်းပြီးသား ပစ္စည်းတွေ မကျန်ရင် မတော်လို့ အရေးပေါ်လူနာ ထပ်ရောက်လာတော့ ငုတ်တုတ်မေ့နေမယ်။ အစစအရာရာ အကုန်လုံး ချင့်ချိန်ရတာပဲ။ မြေပြင်ကအလုပ်တွေ အလစ်ဟင်း မခံနိုင်လို့ တချို့ အွန်လိုင်းက အလုပ်တွေကို လှစ်လျူရှုရတယ်။ စာရေးရင်တောင် အိပ်ချိန်ထဲကဖဲ့ပြီး ရေးနေရတာ။ ကိုယ့်ဆီမှာက ဆရာဝန်အင်အား ထပ်တိုးမလာတော့ ရှိတဲ့လူအင်အားကလေးနဲ့ပဲ အသက်ထွက်မတတ် ရုန်းကန်လုပ်ကိုင်နေကြပါတယ်။
ဒါပေမယ့် တခြားအရပ်က လွတ်မြောက်နယ်မြေတွေမှာ specialists အစုံအလင်နဲ့ ကုတင် ၁၀၀ set up အတိုင်း ဆေးကုနေကြတာတွေ ရှိတယ် လို့ သိရတော့ ဝမ်းသာမိသေးတယ်။ မအလ အာဏာမသိမ်းခဲ့ရင် ဒီလိုနေရာတွေကို ဒီလိုဆရာဝန်မျိုးတွေ ရောက်လာဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စ။ သောက်ကျိုးနည်း။ ကျေးဇူးတောင် တင်ရဦးမလိုပါလား။ အခုဆို ဆေးတက္ကသိုလ်တွေတောင် ဖွင့်နိုင်၊ သင်နိုင်နေကြပြီ။ ကချင်ပြည်နယ်မှာ တစ်ခု၊ ကရင်နီမှာ တစ်ခု ရှိတယ်။ ကိုယ့်ဆီမှာတော့ ဆေးတပ်သားသင်တန်းပေါ့လေ။ မနှစ်တုန်းကလည်း တစ်တန်းဆင်းထားတယ်။ ဆေးကျောင်းလို ၆ နှစ်စောင့်စရာ မလိုဘူး။ ၆ လလောက် တရစပ်မောင်းပြီးရင် သုံးလို့ရပြီ။ ဒီအတောအတွင်း ကိုယ်ဘယ်လောက်သင်နိုင်သလဲဆိုတာ သူတို့ထွက်လာမယ့် အရည်အသွေးနဲ့ ဆုံးဖြတ်မယ်။ အဲ့ဒါကြောင့် စာသင်တဲ့ hand out တွေ၊ စာစစ်တဲ့မေးခွန်းတွေ၊ အဖြေလွှာ၊ အမှတ်စာရင်းတွေပါ သိမ်းထားတယ်။ ပြီးရင် အကုန် လိုင်ဆာပို့မှာ။ ချန်ဂင်က ဆင်းရင် စိတ်ချလက်ချသာ သုံးလိုက်စမ်းပါ လို့ ပြောနိုင်အောင်လို့။
တကယ်တော့ ကိုယ်တစ်ယောက်တည်းသင်တယ်လို့ ပြောလို့မရပါဘူး။ ကိုယ့်ဆီက ဆရာဝန်လေးတွေလည်း သင်ကြပါတယ်။ အင်္ဂလန်က ဆရာဝန်သူငယ်ချင်းတွေဆီကလည်း ဗီဒီယိုလက်ချာတွေ လှမ်းပို့ပေးကြတယ်။ သင်ယူလို့မဆုံးတဲ့ YouTube က ဗီဒီယိုတွေလည်း စုထားတယ်။ နောင်ကျတော့ သိချင်တာရှိရင် google ခေါက် ရှာဖတ်တတ်အောင် ဘာသာမပြန်ပဲ အင်္ဂလိပ်လိုချည့်ပဲသင်တာ။ နားမလည်ရင်တော့ ရှင်းပြမယ်။ ဒါပေမယ့် မှတ်တာတော့ အင်္ဂလိပ်စကားလုံးအတိုင်း မှတ်ရမယ်။ ဒါမှ ပြန်ရှာဖတ်လို့ရမှာ။ စစချင်းတော့ ကျွမ်းပစ်နေတာပေါ့လေ။ ပညာအခြေခံအမျိုးမျိုးနဲ့ လာကြတာမှလား။ ဒါပေမယ့် အလုပ်လုပ်တဲ့အခါ ကိုယ်တွေပြောတဲ့စကားကို နားလည်မှ ရမှာလေ။ ဆေးရုံက ဆရာမလေးတွေက ခွဲခန်းထဲမှာ scrub nurse အဖြစ် ကောင်းကောင်းဝင်တတ်နေပြီးသား။ လိုချင်တာတောင်း၊ မှန်အောင်လည်း ပေးတတ်ပါတယ်။ တရက်မှာတော့ သူရေးမှတ်ထားတဲ့ စာရွက်အပိုင်းလေး ကြည့်ပြီး ငိုရမလို ရယ်ရမလို ဖြစ်သွားတယ်။ ဆီဇာလုပ်ရန် လိုအပ်သောပစ္စည်းများတဲ့။ အကုန် ဗမာလို မှတ်ထားတာ။ ကတ်ဆီဆာ၊ ဆထွိဆီဆာ၊ မက်စပွန်ဆီဆာတဲ့။ အေးလေ။ ကိုယ်က ဒါ ဘယ်လိုခေါ်တယ် ပါးစပ်ကပဲ သင်ပြပြီး စာလုံးပေါင်းမှ ရေးမပြတာကိုး။ ကိုယ့်ဆီမှာ အလုပ်လုပ်နေတာ အဆင်ပြေပေမယ့် သူများဆီရောက်သွားရင် ကဲ့ရဲ့စရာဖြစ်မှာစိုးတယ်။ ဒါကြောင့်မို့ ဒီတစ်ခေါက်တော့ “တတ်တတ် မတတ်တတ်၊ အင်္ဂလိပ်လိုချည့် မှတ်။” ဆို အကုန်လုံးကို အင်္ဂလိပ်လိုသင်နေရတယ်။ ဘယ်သူပြောနိုင်မလဲ။ မြန်မာပြည် ကိုယ်တို့အခြမ်းကြီးက အမေရိကန်လက်အောက် ရောက်ချင်လည်း ရောက်သွားမှာ ဆို။ သူတို့အားလုံး အမေရိကန်စတန်းဒတ်နဲ့ ဆေးတပ်သားဖြစ်အောင် သင်ထားရမှာပေါ့။ အဲ့ခါကျမှ “ဝေါ်ပုကျိတောက်” တွေကို “အိုင်နိုးသတ်” တစ်ခွန်းတည်းနဲ့ သပ်ချပစ်ခဲ့မယ်။ သားရီးတို့ ဖိုက်တင်းကွာ။ ဂင်ချားနား။ အိုးကေခပ်။ ဒိုင်းခပ်။
တကယ်တမ်းတော့ စာသင်ရတာ ဒီလောက်ခက်ခဲနေတာ မဟုတ်ပါဘူး။ “ဒါ ဒီလိုလုပ်ရတယ် ကြည့်ထား။” ဆိုပြီး တစ်ခါနှစ်ခါပြလိုက်ရင် သူတို့လည်း စိတ်ပါလက်ပါလိုက်လုပ်ရင်း တတ်လာတာပဲ။ အဲ့ဒါကို ဆိုက်ကားသမားသိ သိတယ် လို့ပဲခေါ်တယ်။ ကိုယ်သုံးစားလို့ ရလောက်ရုံ လှေနံဓါးထစ်သင်ထားတာ။ ဒါပေမယ့် အခြေခံကျကျ သိအောင်တတ်အောင် သင်ရတာကျ ပင်ပန်းတယ်။ ကိုယ်မပါပဲ စိတ်ချလက်ချ လုပ်နိုင်ကိုင်နိုင်အောင် သင်ပေးထားရတာက ပိုပင်ပန်းတယ်။ ကိုယ့်ရဲ့သင်ကြားရေးသက်တမ်းဟာ ကုသရေးသက်တမ်းထက် ၂ နှစ်ပဲ လျော့ပါတယ်။ ဆေးရုံမှာ ၂ နှစ်ပြည့်တာနဲ့ ဆေးကျောင်းဘက်ကို ရောက်သွားခဲ့တာ မဟုတ်လား။ ကျူရှင်သာ ပေးမစားတာ၊ စာတော့ကောင်းကောင်းသင်တတ်တယ်။ ဒါပေသိ ခုတစ်ခါ စာသင်တာကတော့ အပင်ပန်းဆုံးပါပဲ။ မနက်ပိုင်းလည်း ၃ နာရီလောက် တစ်ယောက်တည်း ဆက်တိုက်သင်။ ထမင်းစားနားပြီး နောက် ၂ နာရီလည်း ကိုယ်ပဲ တဆက်တည်းသင်။ ဒီအသံဒီရုပ်ကြီးကို ၅ နာရီလုံးလုံး မပျင်းမယိ ငုတ်တုတ်ထိုင်ကြည့်ပြီး သင်တဲ့စာတွေ ခေါင်းထဲရောက်ဖို့ဆိုတာ ဘယ်သူ့အတွက်မှ လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ ငယ်တုန်းရွယ်တုန်းကလို “ဆရာလေး ဘာပြောပြော။ ငေးကြည့်နေရတာကိုက တန်တယ်။” ဆိုတဲ့ အသက်အရွယ်မျိုးလည်း မဟုတ်တော့ဘူး။ ဒါပေမယ့် လူစားလဲစရာမှ မရှိတာ။ ကိုယ် ဒီကိုလာရင် ဆေးရုံကိုအပ်ထားခဲ့ရတယ်။ သူတို့ဒီကိုလာရင် ကိုယ်က ဆေးရုံစောင့်ရတယ်။ ဘယ်သူမှ စာသင်မသွားတဲ့ရက်ဆို ဟိုဘက်ဆေးရုံ ပြေးရတယ်။ တတ်နိုင်ပါဘူး။ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုအပေါင်းကြောင့် တော်လှန်ရေးခရီးမှာ တစ်လက်မပဲရွေ့ရွေ့၊ နှစ်လက်မပဲ ရွေ့ရွေ့။ ရွေ့သွားစေချင်တယ်။ ရပ်မနေစေချင်ဘူး။ ကိုယ့်အသက်နဲ့မှ လဲလို့ရမယ်ဆိုရင်တောင် လဲပလိုက်မှာပဲ။ သေခါမှသေရော၊ ဒီကောင်တွေ မရှိဖို့ အရေးကြီးတယ်။
အခုချိန်မှာ သူတို့ဖက်က အသည်းအသန် ပိတ်ဆို့တိုက်ခိုက်နေတာက ဖြတ်တောက်ရေးဗျူဟာပါ။ ဆန်၊ ဆီ၊ ဆေးဝါး၊ ဘာပစ္စည်းမှ ဖြတ်သန်းသယ်ယူလို့မရအောင် စစ်ဆေးဖမ်းဆီးနေလို့ စစ်ပွဲကြောင့် အလုပ်အကိုင် ဝင်ငွေမရှိတဲ့ ပြည်သူတွေမှာ ကုန်ဈေးနှုန်း အဆမတန်ကြီးတဲ့ဒဏ်ကို သေလုမျောပါး ခံနေကြရတယ်။ အစာရေစာငတ်ပြတ်ပြီး အာဟာရချို့တဲ့တဲ့လူနာတွေလည်း အတွေ့ရများလာတယ်။ ကော်ဖီမစ်တစ်ထုပ် ၁၀၀၀၊ ခေါက်ဆွဲခြောက်တစ်ထုပ် ၅၀၀၀၊ ဆပ်ပြာရည်တစ်ဗူး ၃၅၀၀၀။ ဒုက္ခသည်တွေအပေါ် အမြတ်ကြီးစားလှချည်လား မအောင့်မေ့နဲ့။ သူတို့လည်း မမြတ်ဘူး။ ဒါကုန်ရင် ပြန်ဝယ်တဲ့အခါ ဈေးတက်သွားလို့ ရောင်းရလေ၊ မြန်မြန်အရင်းပြုတ်လေပဲ။ လမ်းမှာ အဆင့်ဆင့်ပေးရတဲ့ ကားခတွေပေါင်းလိုက်ရင် ဆေးဖာတစ်ဖာ ကိုယ့်ဆီရောက်ဖို့ သယ်ယူခက တစ်သိန်းလောက်ကျတယ်။ ဒါက ရောက်လာတဲ့ပစ္စည်းကိုပဲ တွက်လို့ရတာ။ ရောက်မလာပဲ လမ်းမှာ အသိမ်းခံရတဲ့ပစ္စည်းဆို “ပလုံ စွပ်” တောင် အသံမမြည်လိုက်ဘူး။ အဲ့ဒါကြောင့် တိုက်ပွဲဟာ အချိန်တွေ ကြာလာလေ ကိုယ့်ဘက်ကလူတွေ အထိနာလေပဲ လို့ပြောတာ။ စစ်တပ်ကလူတွေပိုင်တဲ့ စည်းစိမ်ဥစ္စာတွေ လက်ဖျားနဲ့တောင် မထိနိုင်သေးဘူး။ ပြည်သူတွေခံတွင်းဝက ထမင်းလုပ်ကလေးတွေ ပုတ်ချခံနေရပြီ။ ဘယ်သူက အရင်သေမှာလဲ။ စဉ်းစားကြည့်ပါဦး။
ခေတ်ဆိုးကြီးထဲမှာ စည်ပင်သာယာပြီး စီးပွါးလာဘ်လာဘတွေ တိုးတက်ပါတယ်ဆိုတဲ့လူတွေဟာ ကိုယ်တို့ဒုက္ခတွေကို မမြင်နိုင် မကြားနိုင်တာလား။ ခံစားစာနာစရာ နှလုံးသား မပါတာလား။ ကိုယ့်ကုသိုလ်နဲ့ကိုယ်ပေါ့ လို့ တွေးပြီး ချေမိုးဖြိုးကြွယ်ပြနေတာလား။ စဉ်းစားလို့ကို မရဘူး။ သူများနိုင်ငံကလူတွေ နေနိုင်တာ ဘာဟုတ်သေးလဲ။ ကိုယ့်နိုင်ငံထဲမှာတောင် “တပ်မတော်ကြီးကို အင်အားရှိဖို့ အရာရာမှာကူညီ” ဆိုတဲ့သူတွေ မရှက်မကြောက် ပေါများနေတုန်း။ သူတို့အခွက်ကလည်း ပြောင်ပဲ ပြောင်နိုင်လွန်းလှတယ်။ SP လေးတစ်ခုတောင် ထိထိရောက်ရောက် မလုပ်နိုင်ပဲ ကိုယ်တွေနဲ့စကားပြောရမှာကျ သေမလောက် ကြောက်နေသူတွေကို ဘာလှုံ့ဆော်ချက်မှ မပေးလိုပါဘူး။ ဟိုးအရင်တုန်းက ကိုယ်နဲ့ရိုက်ဖူးထားတဲ့ ဓါတ်ပုံတွေ၊ ဗီဒီယ်ိုတွေကို “ဖြုတ်ပေးပါလား ဆရာရယ်” လို့ လာပြောတဲ့သူဆို ဘာပြန်ပြောရမှန်းတောင်မသိ။ အန်ပဲအန်ပေးလိုက်ပါတယ်။ အဲ့လောက်ကြောက်နေရင်လည်း တစိမ်းတွေလို နေကြတာပေါ့။ တော်လှန်ရေးကြီး အဓွန့်ရှည်ပါစီဗျာ လို့ ဆုတောင်းပေးလိုက်ပါတယ်။
တကယ်တော့ တော်လှန်ရေးကြီး အရှိန်တန့်သွားတာ ကိုယ့်ဘက်ကလူတွေ အီလေးဆွဲနေလို့ မဟုတ်ပါဘူး။ တရုတ်ကြီးက ကြားဝင်ရှုပ်လာလို့ လို့ တည့်တည့်ပဲ ပြောပါ့မယ်။ အကုန်ုလုံးလည်း သိသာမြင်သာနေတဲ့ကိစ္စပါ။ လျှို့ဝှက်ချက် မှ မဟုတ်ပဲ။ မန္တလေးကို သိမ်းလုဆဲဆဲမှာ စကစဘက်ကဝင်ကူပြီး “သန်းခေါင်စာရင်းကောက်မယ်။ ရွေးကောက်ပွဲလုပ်မယ်။” ဆိုတဲ့ဘက် မရောက်ရောက်အောင် ဇွတ်ဝင်လှော်နေတာ။ ရတယ်လေ။ ငါတို့ကလည်း အရှေ့ဘက်က သိမ်းမရသေးရင် အနောက်ဘက်က လှည့်သိမ်းမှာပဲ။ အမ်းကကောင်တွေ သေရအောင်သာ ပြင်ထား။ ကချင်မှာဆို ချီဖွေ၊ ဆော့လော်၊ ပန်ဝါ အကုန် အိပ်ထဲကောက်ထည့်လိုက်ပြီ။ ဆိုင်းတောင်မှာ စစ်ခွေးရှင်းပြီးပြီ။ ကချင်မှာမို့ တရုတ်ဖိအား မရှိပဲနေပါ့မလား။ လိုင်ဆာကိုတောင် တရုတ်ဘက်ကနေ ရေ၊ မီး၊ ဖုန်း၊ အင်တာနက်၊ ဆန်၊ ဆီ၊ ဆေးဝါး အကုန် ဖြတ်တောက်ထားတာ။ ဒီဘက်က စကစ ကပိတ်၊ ဟိုဘက်မှာ တရုတ်ကပိတ်။ ညှပ်ပူးညှပ်ပိတ်ကို ပိတ်ဆို့ထားတယ်။ ကိုယ့်ဆီက ခါးရိုးကျိုးပြီး အောက်ပိုင်းသေသွားတဲ့လူနာ၊ လိုင်ဆာကို လွှဲတာ၊ မြစ်ကြီးနား-လိုင်ဆာ ကားခ ၃၅ သိန်း ပေးရတယ်။ အသွားအပြန်ဆို ၇၀။ စစ်တပ်ကကောင်တွေ တစ်ရက်ဆက်အသက်ရှင်နေရင် ပြည်သူတွေ တစ်ရက်ပို ဒုက္ခရောက်မှာပဲ။ မြေပြင်မှာ လက်တွေ့တိုက်နေရတဲ့သူတွေ အသိဆုံးပေါ့။ ကိုးကန့်စစ်တပ်၊ ဝစစ်တပ်တွေက တရုတ်ကို မလွန်ဆန်နိုင်လို့ မတိုက်ပဲ နေချင်နေမယ်။ PDF ကတော့ နေမှာ မဟုတ်ဘူး။ ကိုယ်လည်း မနေဘူး။ တရုတ်က မြန်မာပြည်ကို ကျွန်ပြုချင်သလား။ စကစနောက်ခံနဲ့တော့ ဘယ်တော့မှ မရနိုင်။ ရချင်ရင် ပြည်သူ့ဘက်က ရပ်တည်မှ ရမယ်။ အဲ့လောက်လေးမှ နားမလည်ရင် စကားနဲ့ မပြောတော့ဘူး။ လက်တွေ့အဖြေထုတ်ပြမယ်။
ကိုယ့်ဘက်ကလူတွေဟာ ဟိုငဲ့သည်ငဲ့နဲ့ ငဲ့ညှာစရာတွေ သိပ်များတာပဲ။ ပြုဖွယ်ကိစ္စမှန်သမျှမှာ ဒီလိုလေးလည်း ဖြစ်နိုင်ပါတယ်။ ဟိုလိုလေးရော မဖြစ်နိုင်ဘူးလား။ စဉ်းစားတွေဝေ အငြင်းပွါးနေကြတာနဲ့ လိုရင်းမရောက်နိုင်ဘူး။ ဟိုဘက်ကကောင်တွေများဖြင့် “ရဲဘော်တို့ ကိုယ်မေကိုယ်” လို့ အမိန့်ပေးရင်တောင် ၂ ခါ မစဉ်းစားဘူး။ “ငါတို့ ဒီ့ထက် ပြတ်သားရတော့မယ်။” လို့ သင်ခန်းစာယူလိုက်ပါတယ်။ ကိုယ့်ရဲ့တွေဝေမှုကြောင့် ကိုယ့်အောက်ကလူတွေ အသေအပျောက် အထိအခိုက် မခံနိုင်ဘူး။ နောက်ဆုံးတော့ စစ်တိုက်နေတာလို့ပဲ သဘောထားလိုက်တယ်။ တိုက်ရဲတာ ဆရာဝန်၊ သေရဲတာ ဆရာဝန်ကွ။ စစ်ဆိုတာ ဆရာဝန်တွေမပါပဲ တိုက်လို့ရတာ မဟုတ်။ နပိုလီယန် ဝါတာလူးစစ်ပွဲမှာ စစ်ရှုံးတာ ဖင်မှာသွေးစုနာပေါက်နေလို့တဲ့။ ငါပါရင် မင်းစစ်မရှုံးပါဘူး သားရီးရာ။ ဖြစ်မှဖြစ်ရလေ။ အင်္ဂလိပ်တွေ ရခိုင်နဲ့ တနင်္သာရီကို သိမ်းတော့ အင်အားတဝက်ကျော်လောက် ပြုတ်သွားတာ ငှက်ဖျားနဲ့ ဝမ်းကိုက်ရောဂါကြောင့်တဲ့။ ဒါကြောင့် ဆရာဝန်တွေအများကြီး စစ်တပ်ထဲခေါ်လာရင်း မြန်မာပြည်ဆေးလောကကြီးက အင်္ဂလို-အင်ဒီးယန်း မျိုးစေ့နဲ့ သန္ဓေတည်လာရတာ။ စစ်တိုက်တဲ့နေရာမှာ ဆရာဝန်- ဆေးတပ်သား မပါရင် ကိုယ့်ဘက်က အကျအရှုံး များလိမ့်မယ်။ ကိုယ်ဒီမှာ ရှိနေတဲ့အခါ ကိုယ့်ဆီက စစ်သားတွေ အကြောက်အလန့်မရှိ စစ်တိုက်နိုင်တာပေါ့။ တာမခန်မှာ ကျသွားတဲ့ အလွမ်း ဟာ အနန့်ပါမှာ ကိုယ်စာသင်ပေးခဲ့ဖူးမှန်း သူများပြောမှ သိရတယ်။ ဒီလူတွေအတွက် အလုပ်လုပ်ရတာ တန်ပါတယ်။ ကျေနပ်ပါတယ်။ ဆက်လည်းသင်နေဦးမှာပဲ။ သူများခိုင်းစားတာ အ လို့ လုပ်ပေးနေတာ မဟုတ်ဘူး။ ကိုယ်လုပ်ချင်တဲ့အလုပ်မို့လို့ အ ချင်ယောင်ဆောင်ပြီး လုပ်ပေးနေတာ။
ဖားကန့်၊ ဆယ်ဇင်း၊ တာမခန်ဆိုတာ ရွှေတွေကျောက်တွေ အလွန်ပေါတဲ့အရပ်။ မြန်မာနိုင်ငံ တနံတလျားက လာပြီး ရွှေကျင်၊ ကျောက်တူးဖို့ အင်ဝိုင်းလေးတွေ၊ စိန်တူကလေးတွေနဲ့ ပထဝီဤမြေကြီးကို လှန်လှောကုန်းရုန်း ရှာဖွေနေကြတာ။ ရွှေကဲကျောက်ကဲခတ်တတ်တဲ့သူတွေချည့်ပဲ။ ကိုယ့်ဆီကတော့ အတွေးအမြင်မှန်၊ ရပ်တည်ချက်၊ ယုံကြည်ချက်မှန်ပြီး အသက်ကိုမငဲ့ပဲ စစ်ပွဲထဲဝင် ဆေးကုမယ့် ဆေးတပ်သားလူငယ်ကလေးတွေ ထွက်လာအောင် အရောင်တင်ပေးတယ်။ အကဲခတ်ကြည့်လိုက်ပေါ့။ ဒီအရပ်ကလူတွေအတွက်လည်း ဆရာဝန်အစစ်၊ ဆာဂျင်အစစ်နဲ့ ကုဖူးခွဲဖူးထားတာမို့ နောင်ကျ သူတို့ဆေးကုမယ့် ဆရာဝန်တွေကိုဆရာဝန်ကဲခတ်တတ်လာပါလိမ့်မယ်။ ဆေးရုံက ကလေးကတော့ ပြောတယ်။ ဒါကြီးပြီးလို့ ဆရာတို့ ရန်ကုန်ပြန်သွားလို့ရှိရင် တခြားဆရာဝန်တွေ ဘယ်သူမှ ဒီကိုလာမှာ မဟုတ်ပါဘူးတဲ့။ လာတာ မလာတာကတော့ ဖက်ဒရယ်အစိုးရရဲ့ စီမံအုပ်ချုပ်မှုအတိုင်း ရှိရမယ့် ကိစ္စပေါ့။ ဒါပေမယ့် ဒီရွာကလူတွေအနေနဲ့ နေထိုင်မကောင်းဖြစ်လာလို့ရှိရင် အရင်လို စုန်းတိုက်၊ နတ်တိုက်၊ ပယောဂ၊ ရေမန်းနဲ့ ကုမှာ မဟုတ်တော့ဘူး။ ဆရာဝန်တောင်မှ ဒီဆရာဝန် ဘယ်လိုမျိုးလဲဆိုတာ ကောင်းကောင်း အကဲခတ်တတ်သွားပြီး ဘယ်သူကမှ လိမ်ညာဂျင်းထည့်လို့ မရတဲ့အထိ လည်ဝယ်ပါးနပ်သွားမှာပါ။
“ရင်ခုန်ဒန် မျက်နှာကျက်လေးနဲ့ နာထောင်ဘာအုန်။ ဆေးကျောင်းကားမောင်းတဲ့ ဒချိလေး မင်းလာကုပ်ပေး။ ဒီဘာမာ မင့်ကိုရားဖို့ အဆောင့်နှိုင်ဇုံးဒို့ကို ဆေကြောင်ဂါ မောင်ရယ်ချိတူ တိဘာဒယ်နော။”
(အင်္ဂလိပ်သံဝဲဝဲလေးနဲ့ ဖတ်ကြပါ ကလေးတို့)