ချန်ဂင်တို့စခန်း (၂၉၈)

“စစ်ဟာ အေးသွားသလား လေးသွားသလား။ အီသွားသလား အိုင်သွားသလား။” ဆိုရင် ကိုယ်တွေဘက်မှာတော့ ဟုတ်ချင်ဟုတ်ပါလိမ့်မယ်။ စကစ ဘက်မှာတော့ မဟုတ်ပါဘူး။ ညတိုင်း တနေရာမဟုတ် တနေရာ လေယာဉ်မလာတဲ့ရက်ဆိုတာ ရှိမှ မရှိတာ။ အဲ့ဒါ ဘာကိုပြသလဲဆိုရင် သူ့မှာ ပျံစရာ လေယာဉ်ဆီတွေ မကုန်သေးဘူး။ ကျဲချစရာ ဗုံးတွေ မကုန်သေးဘူး။ “စီးပွါးရေးပိတ်ဆို့တာ တို့မမှုပါ” ဆိုပြီး စစ်စားရိတ်တွေ ဖြုန်းနိုင်နေတုန်းပဲ ဆိုတာကိုပါ။ လူနေရပ်ကွက် အိုးအိမ်တွေပေါ်ကို လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်နေတာ ၃ နှစ်ကျော်ကြာနေပြီ။ တကမ္ဘာလုံးက တားဆီးကန့်ကွက်မယ့်သူ မရှိဘူးဆိုတဲ့ ugly truth ကလည်း ဘယ်လိုဆင်ခြေနဲ့မှ ဖုံးဖိလို့မရအောင် ပေါ်လွင်နေပါတယ်။ သူတို့မသိကြလို့လား။ ဒီကသတင်းတွေ မီဒီယာပေါ်မတက်ဘူးလား ဆိုတော့ အဲ့သလိုသတင်းမျိုး ဆိုရှယ်မီဒီယာပေါ်တင်ရင် မထင်မရှားနဲ့ မှေးမှိန်ပျောက်ကွယ်သွားအောင် စစ်သားအကောင့်တုများစွာက နည်းပညာမျိုးစုံသုံးပြီး စစ်ဆင်ရေး လုပ်နေပါတယ်။ “ရွှေမန်းမေ” လို့ ရေးလိုက်တဲ့ စကားလုံးလေးကိုတောင် community standard နဲ့ မညီပါဘူးဆိုပြီး account warning ထိတယ်ဆိုတာ သွေးရိုးသားရိုးတော့ မဟုတ်ပါဘူး။ သူတို့ရည်ရွယ်ချက်က ကိုယ့်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်ဖို့ မဟုတ်တာ သေချာပါတယ်။ သို့သော် မြေပြင်မှာ သူတို့ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို သူများတွေ အာရုံစိုက်နိုင်တဲ့ အခြေအနေထိရောက်မလာအောင် တားဆီးထားလိုတာ အရှင်းကြီးရယ်။ ရွာထဲကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကျဲတဲ့ ဓါတ်ပုံတွေဆို အလိုလိုကို ban ပြီးသား။ share ရုံလေး share ထားရင်ကို ဖြုတ်ချပြီး warning ထိတော့တာ။ ပုံတွေက AI နဲ့ ပြင်ထားတာလည်း မဟုတ်၊ လုပ်ကြံဖန်တီးထားတာလည်း မဟုတ်။ ဒါပေမယ့် စစ်ကောင်စီရဲ့ ရက်ရက်စက်စက် သတ်ဖြတ်တဲ့ ဓါတ်ပုံတွေကို မီဒီယာပေါ်မှာ လူအများမမြင်နိုင်အောင် နောက်ကလိုက်ပြီး လက်စဖျောက်တဲ့သူတွေက သပ်သပ်ကို ရှိပါတယ်။ သဘောကတော့ အွန်လိုင်းစစ်မျက်နှာမှာ စစ်တိုက်သလိုတိုက်နေတဲ့သူတွေ လျော့မသွားသေးဘူး။ အလုပ်လုပ်နေကြတုန်း လို့ ပြောချင်တာပါ။ ဇော်မဲလုံးကြီးတောင် ခုထက်ထိ တက်တက်လိမ်နေတုန်း။ အီလယ်လယ် ဖြစ်ခြင်းဖြစ်ရင် ကိုယ့်ဘက်ကလူတွေကသာ ဆွယ်တိုင်းပါပါသွားတာ။ ကြေးစည်များလိုပဲ ဘယ်ဘက်ကပတ်ထုထု၊ ထုတိုင်း ချာချာလည်တယ်။ နောင်ဝေဝေပဲ။ ကိုယ့်ဘက်က စွာပြီဆိုတဲ့ account တွေကတော့ တချိန်လုံး report ထုခံနေရတာ တစ်ကောင့်ပြီးတစ်ကောင့်။

ကိုယ်တို့ဆီမှာ hero တွေ မပေါ်ဘူးတော့ မဟုတ်ပါဘူး။ အများကြီး ပေါ်ခဲ့ဖူးတာပေါ့။ အဲ့ဒီပေါ်လာသမျှ ဟီးရိုးတိုင်းကို တက်မလာနဲ့ တောက်ချပစ်လိုက်မယ် ဆိုပြီး ဖမ်းလို့ရရင်ရ၊ မရရင် မဟုတ်မဟတ် personal attack တွေနဲ့ defame လုပ်ပြီး သေးသိမ်အောင် လုပ်ပစ်ပါတယ်။ လူတွေမျက်စိအောက်က ပျောက်သွားအောင် မေ့သွားအောင် ဖုံးကွယ်ပစ်ပါတယ်။ တသက်လုံး မြန်မာ့အသံမှာ လုပ်လာတဲ့ မာမာအေးသီချင်းတွေ မြန်မာ့အသံမှာ တစ်ပုဒ်မှ မရှိတော့ဘူး ဆိုတဲ့အထိ သမိုင်းကိုပါ လက်စဖျောက်တာပါ။ သိမ်းသွင်းစည်းရုံးပြီး သွေးခွဲလို့ရတဲ့သူဆိုရင်တော့ တခါတည်း လက်သပ်ကို မွေးယူလိုက်တော့တာပဲ။ အင်မတန်မှကို မာယာများပြီး ကောက်ကျစ်စဉ်းလဲတတ်သူများဆိုတာ မေ့လိုက်လို့ မဖြစ်ပါဘူး။

သူတို့က လူပြိန်းကြိုက် အတင်းအဖျင်း မီဒီယာများစွာနဲ့ လူစုပြီး သတင်းအမှားများစွာကိုလည်း ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေပါသေးတယ်။ ဟန်ငြိမ်းဦးဆိုတာ ဘယ်လိုလူစုသွားသလဲ မှတ်မိဦးမှာပါ။ တက္ကသိုလ်ဘုန်းနိုင်တို့ မေဆွိတို့လို ကာယကံရှင်နဲ့ ဘယ်လိုမှ ဆက်စပ်မရတဲ့ ပေါက်တတ်ကရ စာမျက်နှာတွေလည်း ရှိပါတယ်။ “ဒီနံမည် သူတစ်ယောက်တည်း ပေးလို့ရတာမှ မဟုတ်တာ။” လို့ ငြင်းနိုင်ပေမယ့် သဘောရိုးနဲ့ တိုက်ဆိုင်တာ မဟုတ်ပါဘူး။ နေ့စဉ်နေ့တိုင်း သူတို့ညာဘက်ထောင့်က ကြက်ခြေခတ်ကလေးကိုနှိပ်ပြီး “don’t show me again” လုပ်ရတာလည်း တော်တော်ကို အာရုံနောက်ပါတယ်။ Facebook ရဲ့ AI က အဲ့ဒါမျိုးကျ သူ့အတွက် click တက်တယ်ဆိုပြီး ထပ်ခါထပ်ခါ လာပြနေသလား မသိပါဘူး။ ကိုယ်ဟာ အချိန်မအားပါဘူး။ အာရုံလည်း အနားမရပါဘူး။ ဒါပေမယ့် အဲ့လိုမျိုး ကလေကချေ အကောင့်ပေါင်းစုံကို တံမျက်စည်းနဲ့ လှဲထုတ်သလို ပွစလောင်းလန်မလာအောင် ရှင်းလင်းပစ်ချင်ပါတယ်။ အဲ့သလိုဆိုပြန်တော့လည်း ဒီအဖိုးမတန်တဲ့ ပေါက်လွှတ်ပဲစားတွေအတွက် အချိန်က ပေးရဦးမယ်။ သူတို့ကို အမှိုက်လှဲရှင်းလင်းမယ့် သန့်ရှင်းရေးသမားတွေ ကိုယ့်ဘက်မှာ ရှိသင့်ပြီ လို့ ထင်ပါတယ်။ “အမယ် သူ့အချိန်ကမှ အဖိုးတန်သလား။ ငါတို့လည်း ကိုယ့်ဖုန်းဘေလ်နဲ့ကိုယ် သုံးရတာပါ။” လို့ ဆိုချင်လည်း ဆိုမှာပေါ့။ ဒါပေမယ့် အဲ့ဒါမျိုးတွေ ကူပြီးဖွပေးမယ့် အမှိုက်ဖွသူ မဖြစ်ရင် တော်ပါပြီ။ သန့်ရှင်းရေးလုပ်နေသူကို အားနာသောအားဖြင့်ပေါ့။ စာရေးတဲ့သူ အာရုံနောက်ရင် ယူတို့လည်း စာကောင်းတွေ ဘယ်ဖတ်ရမလဲ။

နောက်တစ်ချက် ကိုယ်သတိထားမိတာကတော့ စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာမှုတွေဟာ ရှုံးမဲမဲ လာတဲ့အခါ ပိုပြီး လက်ရဲဇက်ရဲ ရှိလာပါတယ်။ ချောင်ပိတ်ခံရတဲ့ ခွေးရူးများလိုပဲ လူစိတ်ကို ပျောက်လာတာပါ။ ကိုယ်တို့ငယ်ငယ်တုန်းက ဂျပန်တော်လှန်ရေးကားတွေ ကြည့်ရရင် မုဒိန်းကျင့်တဲ့အခန်းက ပါကိုပါတော့မယ် လို့ အလိုလို သိနေပါတယ်။ အရွယ်ရောက်လာတဲ့အခါ “ဒီလောက် ကြီးတော့ ဟုတ်ချင်မှ ဟုတ်မယ်။”လို့ မြင်လာပေမယ့်လည်း ၂၀၂၁ စစ်သားတွေနဲ့ တွေ့ပြီးတဲ့အခါမှာတော့ “ဒါ ပုံပြင်မဟုတ်ဘူး။” လို့ လက်တွေ့သိလာရပါတယ်။ မယုံဘူးဆိုရင် “ကိုယ့်အမေ၊ ကိုယ့်နှမ၊ ကိုယ့်သမီးတွေ အဲ့လိုအဖြစ်ဆိုးမျိုး ကြုံလာရင် ခင်ဗျားတို့လည်း ယုံလာပါလိမ့်မယ်။” လို့ပဲ ပြောချင်ပါတယ်။ ဒီလိုကိစ္စမျိုးတွေဟာ တိုင်းရင်းသားပြည်နယ်တွေဆီမှာ ဆန်းကိုမဆန်းတော့တဲ့ ဖြစ်ရပ်တွေပါ။ ဘယ်သူကမှလည်း အရေးယူမပေးနိုင်တဲ့ ပြစ်မှုတွေပါ။ စစ်သားတွေမုဒိန်းကျင့်တာကို ရဲစခန်းမှာသွားတိုင်ရင် ရဲသားတွေက ထပ်ကျင့်ဦးမှာ သေချာပေါက်ပဲ။ “နင်ကရော ကိုယ်တိုင်ခံရလို့ သိတာလား။” လို့ မမေးပါနဲ့။ ကိုယ်က ကိုယ့်လက်ပူမှ ပူတတ်တာ မဟုတ်ဘူး။ အပူလောင်ထားတဲ့လူနာမြင်လည်း ဘယ်လောက်ပူမလဲ နားလည်တယ်။ ကိုယ့်အသားမထိသမျှ မနာတတ်ဘူးဆိုတဲ့သူတွေသာ အသိနောက်မကျပါစေနဲ့။

“တဘက်သတ်အမြင်နဲ့ အဘိဇ္ဇာတွေပွါးနေလိုက်တာ။ စစ်တပ်ထဲမှာလည်း ကောင်းတဲ့သူတွေ မရှိတော့ဘူးတဲ့လား။ လူပဲဟာ။ အကောင်းချည့်ပဲလည်း မရှိဘူး။ အဆိုးချည့်ပဲလည်း မရှိဘူး။” လို့လည်း ငြင်းနိုင်ပါတယ်။ ဒါပေမယ့် အာဏာသိမ်းစစ်တပ်အောက်မှာ ၃ နှစ်ကြာအလုပ်လုပ်ပြီးတဲ့ စစ်သားက စိတ်ကောင်း၊ စေတနာကောင်း၊ အကျင့်ကောင်းတွေ ရှိပါတယ်ဆိုရင် ဖြစ်နိုင်တဲ့ ကိစ္စလား။ အဲ့သလိုဆိုရင်ကော အဲ့ဒီလူတွေနဲ့ အတူတူ နေလို့ရမလား။ ကိုယ့်ဘာသာပဲ စဉ်းစားပါလေ။ ကိုယ်ကိုယ်တိုင်ရော အဲ့ဒီလူတွေနဲ့ အလိုတူ အလိုပါ၊ တစိတ်တည်း တဝမ်းတည်း ဖြစ်နေရင် ကိုယ်ဘာကောင်လဲ ကွကိုသိတော့။ ချေးတွင်းထဲမှာ စားသောက်ဖွယ်ရာ ရှာမနေပါနဲ့။ ခွေးတွေ၊ ဝက်တွေ၊ ယင်ကောင်တွေပဲ မြိန်ရည်ယှက်ရည် စားနိုင်လိမ့်မယ်။

ဒါပေမယ့် ကိုယ်မကြိုက်တိုင်း ဘယ်သူမှ ကြိုက်မှာ မဟုတ်ဘူး လို့တော့ မထင်ပါဘူး။ မသူတော်က မသူတော် အချင်းချင်းတော့ ပေါင်းနိုင်ပါတယ်။ အဲ့ဒီတော့ လူတစ်ယောက်ရဲ့စိတ်ထဲမှာ အောက်တန်းကျတဲ့ စိတ်ယုတ်စိတ်မာတွေ ဘယ်လောက်များသလဲ သိချင်ရင် အဲ့ဒီလူနဲ့ အခုစစ်တပ်ကလူတွေနဲ့ ဆက်ဆံရေး ဘယ်လောက်ပြေလည်နေသလဲ။ ပုလဲနာမသင့်နေသလဲ ကြည့်လိုက်ရင် အညွှန်းကိန်းများလို တိုင်းတာလို့ ရနိုင်ပါတယ်။ ဘယ်လောက်ပဲ ယုတ်မာသည်ဖြစ်စေ ကာကွယ်စောင့်ရှောက်သူ မရှိဘူးလား သိချင်ရင် ပူတင်ကြီးနဲ့ ကျင့်ဖျင်ကြီးသာ ကြည့်လိုက်ပါတော့။ ဒီပုလင်း နဲ့ ဒီဗူးဆို့ ဘာကွာတာလိုက်လို့။

စစ်တပ်က သူ့အလုပ်သူလုပ်နေတယ်။ တို့ဘက်ကလူတွေက ကိုယ့်အလုပ်ကိုယ် မလုပ်ကြဘူး လို့တော့ စိတ်ပျက်အားလျော့တဲ့စကား မပြောပါဘူး။ ဘယ်သူလုပ်လုပ် မလုပ်လုပ်၊ ကိုယ့်အလုပ်ကိုယ် လုပ်မှာလို့ ပြောပြီးသား။ သေမှာတောင် မကြောက်ဘူး။ သူတို့အောက်မှာနေရမှာကို သေရမှာထက် ကြောက်တယ်။ ကိုယ့်အတွက် မဟုတ်ဘူး။ နောက်မျိုးဆက်တွေအတွက်။ ဒါကြောင့်မို့ စစ်ပွဲမှာ အိုင်တယ်၊ အီတယ်၊ နှေးတယ်၊ လေးတယ် ဆိုတာ ကိုယ့်အတွက်တော့ မရှိဘူး။ တခြားလူတွေမှာတော့ ရှိချင် ရှိမှာပေါ့။ ဒါကတော့ တစ်ယောက်ချင်းစီရဲ့ အတိတ်နဲ့ အမှတ်သညာပေါ်မှာ တည်တယ်။ ERO စစ်သားတွေနဲ့ PDF စစ်သားတွေ ဘယ်သူက မိုက်မိုက်ကန်းကန်း အသေခံတိုက်သလဲဆိုတာလည်း သူတို့တစ်ယောက်ချင်းစီ ဖြတ်သန်းလာခဲ့ရတဲ့ အတိတ်နဲ့ဆိုင်တယ်။ ကိုယ်က ဆရာဝန်မို့ သေနတ်မကိုင်ပဲ ခွဲစိတ်တဲ့ဓါးကို ကိုင်နေတယ်ဆိုတာ စစ်မတိုက်ရဲလို့ လူမသတ်ရဲလို့ မဟုတ်ပဲ ကိုယ့်အတွက် ပိုအားသာတဲ့ လက်နက်နဲ့တိုက်ချင်လို့ ကိုယ်အသာစီးရတဲ့နေရာကနေ တိုက်ပွဲဝင်တာ။ လိုင်းပေါ်မှာရေးတဲ့စာကလည်း စကစလက်အောက်က လွတ်မြောက်ဖို့ တစိုက်မတ်မတ် တွန်းအားပေးနေတာ။ ကိုယ့်ဘက်ကတော့ ဘယ်တုန်းကမှ စိတ်လည်းမလျှော့ဘူး။ လက်လည်းမလျှော့ဘူး။ ဘယ်သူက ဘယ်သူ့ထက် အလုပ်ပိုလုပ်သလဲ။ ရလဒ်အဖြေတွေကြည့်ရင် သိနိုင်တယ်။

ဒီမှာလာပြီး တနေ့တနေ့ ဒါတွေချည့်ပဲ အပ်ကြောင်းထပ်အောင် ရေးနေရတဲ့သဘောက စစ်တပ်မကောင်းကြောင်း ပြောချင်လို့ မဟုတ်ဘူး။ စစ်တပ်က အာရုံတွေ ဝေဝါးထွေပြားအောင် စိတ်ဓါတ်စစ်ဆင်ရေးတွေနဲ့ လမ်းလွှဲထုတ်လိုက်တဲ့အခါ ပျံ့လွင့်ထွက်သွားတဲ့ စိတ်အာရုံတွေကို တော်လှန်ရေးဆီ ပြန်လည်စုစည်းယူဖို့ advocacy လုပ်နေတာ။ ဦးကိုနီ အခြေခံဥပဒေအကြောင်း လိုက်ရှင်းပြသလိုမျိုးပေါ့။ နိုင်ငံခြားကလူတွေ မသိချင်နေပစေ။ ကိုယ့်မြန်မာတွေကတော့ တပ်မတော်ရဲ့ သဘောထားအမှန်နဲ့ တကယ့်လုပ်ဆောင်ချက်တွေကို ဂဃနဏ သိအောင်၊ မှတ်မှတ်သားသား ကျန်အောင်၊ ကိုယ်တွေ့မျက်မြင်တွေ ရေးနေတာ။ မဲဆောက်၊ ဘန်ကောက်၊ ကနေဒါ၊ ဩစတြေးလျကနေ သတင်းတွေလိုက်ဖတ်ပြီး သုံးသပ်နေတာ မဟုတ်ဘူး။ လက်တွေ့သိချင် ကိုယ်တိုင်လာကြည့်လို့ရတယ်။ လူတွေက မေ့တတ်တယ်လေ။ တို့မေမေ ခုထက်ထိ ထောင်ထဲမှာ ရှိနေတုန်းပဲ ဆိုတာကိုတောင် မေ့မေ့ပြီး ခိုင်နှင်းဝေကို အမေတော်ချင်နေကြတာ ဆိုတော့ သတိပေးဖို့လိုလာရင် ပေးရတာပဲ။

မမေ့လိုက်ပါနဲ့။ ဖားကန့်- ဆိုင်းတောင် မှာ ကလေးတွေ အသေခံပြီးတိုက်နေကြတုန်းပါ။ လားရှိုးမှာ စစ်မဖြစ်ပဲ ဗုံးကျဲနေတာ ဘယ်နှစ်ရက် ရှိပလဲ။ မနက် ၂ ချက်ထိုး ၃ နာရီဆို အချိန်ကို မှန်လို့။ အင်းတော်- ဗန်းမောက်အထက် နန့်စီးအောင် က ကားတွေပေးမတက်တော့တာ ၂ လတောင် ကျော်တော့မယ်။ ဆေးပစ္စည်းမှန်သမျှ အကုန်ဆွဲချနေတာ။ ဖုန်းလိုင်း အင်တာနက်လိုင်းတွေလည်း ပိတ်ထားတာ တော်တော်ကြာပြီ။ ကချင်ပြည်နယ်မှာ မှတ်ပုံတင်စစ်လို့ ၅/ မြင်ရင် နေရာတင် ပစ်သတ်သတဲ့ဗျာ။ ကမ္ဘာမှာ မကြားစဖူး။ ARSA သူပုန်တွေကျ လက်နက်ပေးပြီး ရခိုင်တွေကို တိုက်ခိုင်းသတဲ့။ ဒီဟာကို ရွေးကောက်ပွဲကျင်းပဖို့ တည်ငြိမ်တဲ့ အခြေအနေလို့ တင်ပြပြီး နက်ဖြန်သဘက်ခါ သန်းခေါင်စာရင်း ထကောက်တော့မတဲ့။ အဲ့ဒီအတွက် တရုတ်ကြီးက ၃ ဘီလီယံတောင် ထုတ်ချေးပေးထားတယ်ဆိုပဲ။ တို့ဆီကြွေးလာတောင်းရင်တော့ ပါးချည့်ပဲ ရိုက်လွှတ်မှာ။ အဲ့ဒီပိုက်ဆံတွေနဲ့ ငါတို့ကိုသတ်မယ့်ဟာကို။

သွေးလည်းမအေးဘူး။ ဆွေးလည်း မဆွေးနွေးဘူး။ ပြတ်ပြတ်သားသား အဆုံးထိသွားမှာ တိုင်းရင်းသားညီအကိုတွေအားလုံး တစိတ်တဝမ်းတည်း တူညီတဲ့ သဘောထားပါပဲ။ ကိုယ်ပိုင်ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ပြဌာန်းခွင့် လိုချင်ရင် စကစ နဲ့ လက်တွဲလို့ မရတော့ဘူး ဆိုတာလည်း ကြာလေရှင်းလေ အဖြေပေါ်လေပါပဲ။ မြန်မာပြည်ရဲ့အနာဂတ်ကို မြန်မာပြည်ကတိုင်းရင်းသားတွေပဲ ကိုယ့်ကြမ္မာကိုယ် ဖန်တီးကြတဲ့အခါ တရုတ်ကြီးကိုင်ကစားတဲ့ ဝှက်ဖဲတွေဟာ ဘယ်အထွေနဲ့မှ ပေါင်းစပ်သုံးစားလို့ မရဘူးဆိုတာ သူကိုယ်တိုင် နားလည်လာပါလိမ့်မယ်။ အခုလက်ရှိ အခြေအနေ နဲ့ အနေအထားဟာ ပွဲစားကြီး ကုလားဖန်ထိုးနိုင်လွန်းလို့ မိအောင်လှိုင်ကို ဖြုတ်ပြီး မဒမ်စုကို သမ္မတကြီးတင်ရင်တောင် ပြေလည်အောင်ဖြေရှင်းလို့ ရနိုင်မယ် မထင်ပါဘူးလေ။ ကိုယ့်ဟာကိုယ် ရိုက်ချလိုက်ရင် ဖြန်းကနဲ သေမယ့်ခြင်ကို “နေဦး နေဦး။ တရုတ်ခြင်ဆေးခွေလေး အရင် ထွန်းကြည့်ပါလား။ ဖယောင်းတိုင်ဝယ်ဦး။ မီးခြစ်ဝယ်ဦး။” နဲ့ ပေတွေ ရှည်နေပြန်ပြီ။

ဒီစစ်တပ်ကို တော်လှန်ရလို့ မြန်မာပြည်ကြီး မြေပုံပေါ်ကပျောက်သွားလည်း ဘာအရေးလဲ။ အခုလည်း မြန်မာတွေ ဖြစ်တဲ့နည်းနဲ့ သူများတိုင်းပြည် ထွက်ပြေးနေရတဲ့ဟာ။ အိုးမကွာအိမ်မကွာ နိုင်ငံခြားရောက်သွားရင် စားရိတ်တောင် မကုန်တော့ဘူး။ တရုတ်ပြည်အောက်ရောက်ရောက်၊ အမေရိကန်အောက်ရောက်ရောက်။ သူတို့အောက်ထက်တော့ သာမှာပဲ။ ဘယ်သူ့အောက်မှ မရောက်ပဲ ၃၆၅ စိတ် ကွဲသွားလည်း အခုဖြစ်နေတာတွေထက်တော့ ပိုမဆိုးနိုင်ပါမောင်။ ဘာပဲလုပ်ရလုပ်ရ၊ ဘယ်ဘဝပဲရောက်ရောက်၊ စစ်သားတွေတစ်ယောက်မှမကျန်တဲ့ မြန်မာပြည်ကြီးကိုပဲ လိုချင်တော့တယ်။ သံပုံးတီးလို့ ကမ္မဝါဖတ်လို့ မထွက်နိုင်မဆင်းနိုင်တဲ့ကောင်တွေကို မိမိရရ ရိုက်ချရုံကလွဲလို့ ဘာရှိရဦးမှာတုန်း။