ချန်ဂင်တို့စခန်း (၂၉၇)

အခုရက်ပိုင်း မိုးပြန်ရွာနေလို့ တချို့ရက်တွေမှာ စာသွားသင်လို့ မရပါဘူး။ ရွှံ့ဗွက်တွေနဲ့ လမ်းတအားချောလွန်းတာရယ်၊ ချောင်းက ရေစီးသန်လွန်းတာရယ်ကြောင့်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလကုန်ရင် မိုးကလည်း ကုန်တော့မှာပဲဥစ္စာ။ သွားရလာရခက်ခဲပြီး လေယာဉ်ပေါ်က မမြင်နိုင်တဲ့နေရာမျိုးမှပဲ ကလေးတွေရဲ့အသက်က လုံခြုံမှာပါ။ ကိုယ်တို့က အင်မတန်ယုတ်မာကောက်ကျစ်တဲ့ စစ်အစိုးရကို တော်လှန်နေတာဖြစ်တဲ့အတွက် အရာအားလုံးကို သတိကြီးစွာထားရပါတယ်။ လိုင်းပေါ်က အာချောင်နေရုံသက်သက်မှ မဟုတ်တာ။ ရင်းထားရတဲ့အထဲ ကိုယ့်အသက်လည်းပါတယ်လေ။ ကိုယ်ကတော့ ကိုယ့်အသက်ထက် ကိုယ့်လက်အောက်ငယ်သားတွေရဲ့အသက်ကို ပိုဂရုစိုက်ပါတယ်။ ကိုယ့်မျက်နှာ တစ်ရွာမှတ်ပြီး တောထဲလိုက်နေကြရတာကိုး။ သေမှာ မကြောက်ပေမယ့်လည်း ကိုယ်တစ်ခုခုဖြစ်ရင် သူတို့တတွေ လမ်းပျောက်ပြီး ဒုက္ခရောက်ကြမယ် ဆိုတာသိလို့ ကိုယ့်ကိုယ်ကိုယ်လည်း အန္တရာယ်မဖြစ်အောင် နေရပါတယ်။ နန့်မွန်းမှာ ကိုယ့်ကို ရှမ်းနီတွေ ဖမ်းသွားပါပြီဆိုပြီး သတင်းကြားတဲ့အခါ တဆေးရုံလုံး ထိတ်ထိတ်ပြာပြာနဲ့ ငိုကြယိုကြ ဖြစ်ကြသေးတယ်လေ။ ဒီတော်လှန်ရေးမပြီးမချင်းတော့ ကျန်းမာသန်စွမ်းနေဖို့ လိုပါတယ်။ အဲ့ဒါက အရေးကြီးဆုံး မဟုတ်လား။

မောစရာပန်းစရာတွေရော၊ ကိုယ်ရေးကိုယ်တာ စိတ်ခံစားချက်အားလုံးကိုရော တော်လှန်ရေးမပြီးမချင်း ဘယ်အရာမှ အရေးမကြီးဘူး လို့ လှစ်လျူရှု ထားပါတယ်။ ကိုယ့်အသားထိလို့မှ ကိုယ်မနာနိုင်အောင် ထုံနေမှပဲဟာ ။ “ငါတို့ကို ဘယ်သူမှ မကူနိုင် မထူနိုင်အားပဲ သူတို့သောက်လုပ်နဲ့သူတို့ ပျော်သလိုနေနေကြတာပါလား။” လို့ ဘယ်သူ့ကိုမှ ငြိုငြင်ပြစ်တင်နေဖို့ အချိန်မရှိပါဘူး။ မြန်မာပြည် နှစ်ခြမ်းကွဲရင် သူတို့က စစ်အစိုးရရှိတဲ့ဘက်မှာ နေရစ်ခဲ့ပစေပေါ့။ လွတ်မြောက်ခြင်းကို အလိုမရှိတဲ့သူတွေကို ကိုယ်တို့က ကယ်တင်စရာမလိုဘူး။ ချန်ကေရှိတ်ကို ထိုင်ဝမ်ပို့သလိုမျိုး သူတို့ကိုလည်း စကစနဲ့အတူ ကိုကိုးကျွန်း မောင်းထုတ်ပစ်မယ်။ သွားနေချေကြ။

စကစ က ကောင်တွေက မဖြစ်မနေ ချေမှုန်းပစ်ရမယ့် မိစ္ဆာတွေလေ။ သူတို့စစ်ရှုံးကတည်းက လူနေမြို့ရွာတွေပေါ်ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတာ တစ်ရက်မှ မပြတ်ဘူး။ ၂ လပြည့်တော့မယ်။ “ငါတို့ အုပ်ချုပ်တဲ့အောက်မှာ မနေရင် ပြာပုံပေါ်မှာ အလောင်းကောက်ယူကြ။” လို့ ပြည်သူကို ပြောင်ပြောင်တင်းတင်း သတ်ဖြတ်စော်ကားနေကြတယ်။ ဒီအခြေအနေမှာတောင်မှ သူတို့ကို မကြောက်ရင် ဘယ်တော့မှ ကြောက်မှာ မဟုတ်တော့ပါဘူး။ သေခါမှသေရော။ အသက်နဲ့ရင်းပြီး အမြစ်ဖြတ်ဖို့ပဲ ရှိတယ်။ ကိုယ့်အသက်က သေပြီးသား ရင်းပြီးသား။ ဒီတစ်သက်နဲ့မှ မလောက်ရင် “နောင်ဖြစ်လေရာဘဝတိုင်း စစ်သားသတ်တဲ့ကိုယ် ဖြစ်ရပါလို၏။” ဆို သံသရာဆုံးထိ ဆက်တိုက်မှာ။ နိဗ္ဗာန် မဂ်ဖိုလ်ဆိုတာ ဘာကိုပြောတာလဲ။ ဘုရားတောင်မှ တကယ်ရောရှိလို့လား သံသယဖြစ်လာပြီ။ ဘယ်မှာလဲ ဝဋ်။ ဘယ်မှာလဲ အကုသိုလ်အကျိုးတရား။ ကိုယ်ရစရာရှိတဲ့အကြွေး ကိုယ်တိုင်ပဲ ပြန်တောင်းယူမယ်။ ဒါကြောင့်မို့လို့ ဒီအလုပ်တွေကို ဘယ်သူလုပ်လုပ် မလုပ်လုပ်၊ သေတဲ့ထိလုပ်မယ်။ သေလုအောင်ကို လုပ်မယ်။ လင်းသိုက်ညွန့်ဖတ်ပြီး မိုတီယူမယ့်ကောင် မဟုတ်ဘူး။ မအလ မျက်ခွက်ကြီး မြင်လိုက်ရင်ကိုပဲ “မဖြစ်သေးပါဘူး။ အဲ့ဒီကျက်သတုံးကြီး စမုံမတုန်းမချင်း ရပ်လိုက်နားလိုက်လို့မဖြစ်ဘူး။” ဆို ကိုယ့်ကိုယ်ကိုယ် အားတင်းရတယ်။

စာသင်မသွားလည်း တနေကုန် အနားမရပါဘူး။ နောက်နေ့သင်ဖို့စာတွေ ပြင်ရဆင်ရ print ထုတ်ရတယ်။ လူနာလည်း ပြေးပြေးကြည့်ရတယ်။ တော်ရုံ operation လောက်တော့ အငယ်တွေက ကိုယ်မပါပဲ ခွဲနိုင်နေပြီ။ “လိုရင်ခေါ်လိုက်။” ဆို မျက်နှာလွှဲထားလို့ ရတယ်။ ဒါမှလည်း ဆေးရုံ ၂ ရုံ တပြိုင်နက် အလုပ်လုပ်နိုင်မှာလေ။ ဘာဖုန်း ဘာအင်တာနက်မှ မမိလည်းပဲ medic network ဆိုတာ ချိတ်ဆက်ပြီးသား ရှိရမယ်။ ဆိုင်းတောင်မှာ လေယာဉ်ဗုံးမှန်တဲ့လူနာကို အရိုးဆရာနဲ့ စတီးချောင်းကောက်တပ်ပြီး ကိုယ့်ဆီချက်ချင်းလွှဲနိုင်တယ်။ “ဟိုမှာသွား ဆေးရုံတက်နေ။ လုံခြုံတယ်။ နေ့တိုင်း ဆေးထိုးပေးလိမ့်မယ်။ လက်ထဲက အစထုတ်ပေးလိမ့်မယ်။” ဆို လွှတ်လိုက်တာ ဆရာဝန်ကလွှတ်တာ မဟုတ်ဘူး။ medics က လွှတ်တာ။ ဘယ်မှာ ဘာရှိတယ် ဘာလုပ်ပေးလို့ရတယ် သူတို့သိတာကိုး။ အခု အဲ့လူနာ ကောင်းလို့ ပြန်တောင်သွားပြီ။ ကိုယ်သင်ပေးတဲ့ medics တွေဟာ poly clinic တွေမှာ case on စားဖို့ ထမင်းစားလက်မှတ် ရောင်းစားတာ မဟုတ်ပါဘူး။ ရှေ့တန်းကလူနာတွေကို အရေးပေါ်အသက်ကယ်ပြီး သင့်တော်ရာ လွှဲပို့နိုင်ဖို့ပါ။ ကိုယ်ဘာလိုချင်သလဲ ကိုယ့်ဘာသာ ကောင်းကောင်း သိပါတယ်။ ပိုးသာကုန် မောင်ပုံစောင်းမတတ်လို့ မဖြစ်ဘူး။ ပိုးမကူ ဝါချည်ဖြူတစ်ပင်ရစ်နဲ့ လည်း ဆေးလိပ်ပါးနိုင်ဖို့ အဓိက။

မအလဟာ သူ့ဟာသူဆို ကာလနာတိုက်တာ ကြာလှပြီ။ ငြိမ်းကာနီး မီးတောက် ဆီလောင်းပေးနေတဲ့သူတွေရှိလို့ ဒရုံးတွေရ၊ ဗုံးတွေရပြီး တိုင်းဖျက်ပြည်ဖျက် လုပ်နိုင်နေသေးတာ။ “ပြည်ပအားကိုး ပုဆိန်ရိုး” ဆိုတာ သူတို့မှ အစစ်။ တရုတ်က သူတို့ဘက်မပါမှာစိုးလို့ “NUG ကို အမေရိကန်က နှစ်စဉ် ဒေါ်လာသန်း ၂၀၀ ထောက်ပံ့နေပါတယ်” လို့ ဘလိုင်းကြီးအတို့အထောင် လုပ်သေးတာနော်။ “ကိုးကန့်တွေ တအာင်းတွေကလည်း NUG နဲ့ မဟာမိတ်တွေပါ” တဲ့။ တိုင်တာတိုင်တာဆိုတာလေ။ “သမီးကိုလေ သမီးကို သမီးကို” ဆိုတဲ့ အိမ်ဖော်မလေးထက်တောင် ရုပ်ပေါက်သေး။ သူက အဲ့လိုတိုင်လိုက်ရင် ဟိုကလည်း “ကောင်မရေ ညည်းဖယ် ညည်းဖယ်” ဆိုပြီး ကက်ကက်လန် ဝင်တိုက်ပေးမယ်ပေါ့။ ကျပ်မပြည့်လိုက်ပုံများ။ ကောင်းပြီလေ။ ကြည်းရေလေမှာ လေတပ်ချည့်ပဲ ကျန်တဲ့အထိ တိုက်ချင်သပဆိုလည်း ဆက်တိုက်ကြရုံသာ။ ရှီကျင့်ဖျင် နဲ့ ပူတင်ကိုယ်တိုင် ဘယ်တစ်ဘက် ညာတစ်ဘက် ရံပြီး ကယ်ထုတ်သွားရင်တောင် မိုးအဆုံးမြေအဆုံး လိုက်ဗျင်းမှာ။ လွတ်မယ်တော့ မထင်နဲ့။ အကြွေးတွေက သိပ်များလွန်းလို့ တစ်သက်တစ်ဘဝနဲ့ ကျေကိုမကျေနိုင်ဘူး။ ကမ္ဘာမကျေဘူး ဆိုတာ အဲ့ဒါပဲ။ အဲ့ဒီစိတ်ဓါတ်နဲ့ပဲ ကြုံသမျှ အခက်အခဲ၊ ရှိသမျှ ဆင်းရဲပင်ပန်းမှုတွေကို တောင့်ခံနိုင်ပါတယ်။ ကိုယ့်အမေဟာ ကိုယ်တို့မောင်နှမ ၆ ယောက်ကို သူတစ်ယောက်တည်း ရုန်းကန် ပျိုးထောင်ပေးခဲ့ရတာ ဘယ်တုန်းကမှ မငြီးငြူခဲ့သလိုပဲ ကိုယ်ဟာလည်း တော်လှန်ရေးမပြီးမချင်း ဘာတွေပဲ လုပ်ရလုပ်ရ ဘယ်တော့မှ မောတယ်ပန်းတယ် သဘောမထားပါဘူး။

ကိုယ့်ထက် ပေးဆပ်နိုင်တဲ့သူတွေ၊ ကိုယ့်ထက် စွန့်လွှတ်အနစ်နာခံထားရတဲ့သူတွေ၊ ကိုယ့်ထက် ပင်ပန်းဆင်းရဲ ဒုက္ခရောက်နေတဲ့သူတွေ တနိုင်ငံလုံး နေရာအနှံ့အပြားမှာ ရှိတယ်။ ဒီလူတွေကို မျက်ကွယ်ပြုပြီး သုံးစားမရတဲ့ အနေချောင် အစားချောင် အဆံချောင်လူတန်းစားတွေဆီက သနားဂရုဏာထားလိမ့်နိုး၊ စာနာနားလည်နိုင်လိမ့်နိုး၊ တစ်ပြားဖိုးမှ အာရုံမထားနိုင်ဘူး။ သူတို့ပါပါ မပါပါ ငါတို့ဘာငါတို့ နိုင်အောင် တိုက်မှာ။ အရေးစိုက်ချင်းစိုက် ကိုယ့်အချင်းချင်းပဲ အာရုံစိုက်နိုင်မယ်။ တို့အချင်းချင်း ကူမယ်၊ ကယ်မယ်၊ ဆေးကုမယ်။ လုပ်သမျှ အလုပ်တိုင်း ဘယ်ကိုမှ အာရုံပျံ့လွင့်ခြင်း မရှိအောင် စူးစူးစိုက်စိုက် စိတ်ဝင်တစားနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားတယ်။ အကြောင်းကြောင့် အကျိုးဖြစ်လာသမျှ စကစလက်အောက်က လွတ်မြောက်ကြောင်း ပစ္စယော ဟောတုချည့်ပဲ။ လာလေ။ တိုက်ကြရအောင်။ တောင့်မခံနိုင်သူက အရှုံး။ ကြောက်ရှုံး ကွဲရှုံးမရှိ။ သူသေကိုယ်သေပဲ။

စစ်ပွဲတွေဟာ လိုင်းပေါ်မှာ စာထုတ်ပြီး အပစ်အခတ်ရပ်သွားပေမယ့် မြေပြင်မှာ အသံမစဲ နပန်းပွဲလုပ်နေတုန်းပဲဆိုတာ ဗုံးဆံ အမြောက်ဆံတွေအောက် ဆေးကုနေရတဲ့ ကိုယ်တွေလောက် ဘယ်သူမှ မသိနိုင်ပါဘူး။ ဘယ်အဖွဲ့ ဘယ်လိုပဲ အပစ်ရပ်ရပ် မအလ က ဗုံးကျဲတာမရပ်ပဲနဲ့ ဘယ်လိုဟာကို ငြိမ်းချမ်းရေးခေါ်ချင်နေတာတုန်း။ ERO တွေကို ဆက်မတိုက်ဖို့တားပြီးမှ စကစကို လက်နက်ရောင်းတယ်ဆိုတာ ဖျန်ဖြေတာ မဟုတ်ပါဘူး။ ချုပ်ပေးပြီး “ထိုးစမ်းကွ၊ သတ်စမ်းကွ။” လို့ ကိုယ်ထိလက်ရောက် ဝင်အနိုင်ကျင့်တာပါ။ ဒီဘက်မှာ စကစ ပြုတ်ကျသွားရင် တရုတ်ကွန်မြူနစ်ပါတီကြီး ကျရှုံးခန်းအထိ ရိုက်ခတ်လာလိမ့်မယ် လို့ ကြိုသိနေတာများလား။ အခုရက်ပိုင်းမှာ အိန္ဒိယက NUG ကို အသိအမှတ်ပြုတဲ့ စကားမျိုး ပြောလာသလို UN မှာလည်း ရေဘေးကယ်ဆယ်ရေးအကူအညီတွေကို စကစ က ဖြတ်ဘုံးတဲ့အကြောင်း လူသိရှင်ကြား ထုတ်ပြောလာပြီး နောင်ကို လူသားစာနာ အကူအညီပေးရင် နယ်စပ်ဖြတ်ကျော်ပြီး ဒုက္ခသည်တွေဆီ အရောက်ပို့ဖို့ စဉ်းစားသင့်တယ် လို့ ဆိုလာတယ်။ မြန်မာနိုင်ငံအကြောင်း ဆွေးနွေးတဲ့အခါ NUG နဲ့ ERO တွေပါ ပါဝင်သင့်တယ် လို့ ပြောလာတယ်။ သောက်ကျိုးနည်း။ ၃ နှစ်ကြီးတောင်ကြာမှ အခုလို ကြားရပါလား။ ကြာတော့သည်လည်း မောင့်စကားပါအေ။ ငါတို့ဆီက ဆေးတပ်သားလေးကတော့ R2P ကို မစောင့်နိုင်လို့ အမွေရတဲ့ခြံကလေးရောင်းပြီး သေနတ်ဝယ်ကိုင်နှင့်ပြီ။

သံခင်းတမန်ခင်းနဲ့ နိုင်ငံတကာရေးရာဆိုတာလည်း စစ်မျက်နှာတစ်ခုဖြစ်ပေမယ့် Game changer တော့ မဟုတ်ခဲ့ပါဘူး။ “တောထဲက အစိုးရတွေ ဘယ်တုန်းက အာဏာရဖူးလို့တုန်း။” လို့ ဘောမတွေက ရိနေကျပဲဟာ။ သို့သော် အခုတခါမှာတော့ လူငယ်တွေ ကိုယ့်သမိုင်းကိုယ်ရေးကြလို့ စစ်သားတွေ ခွေးပြေးဝက်ပြေး ပြေးနေကြရပြီ။ ဒီအထိအောင် နိုင်မယ်ထင်နေသေးရင်လည်း မင်းဦးဏှောက်က အသက်ဆက်ရှင်ဖို့ ဉာဏ်ရည်မမီပါဘူး။ ကဲရီးအွန် သားရီး။ Best of luck. “နေပြည်တော်ကို ရောက်ပလား။ နေပြည်တော် မရောက်မချင်း ငါတို့ ဘာမှ ဖြစ်မသွားသေးဘူး။” ဆိုတဲ့ ဦးသိန်းဝေတောင် အပွဲပွဲနွှဲခဲ့သမျှ ဒီပွဲမှာ ဟက်တက်ကြီး ကွဲသွားတယ် မဟုတ်လား။ ခေတ်အဆက်ဆက် ဘယ်သူမှ နိုင်အောင်မတိုက်နိုင်တဲ့ စစ်အစိုးရကို ငါတို့ခေတ်မှာ အမြစ်ကမကျန်အောင် တော်လှန်ကြမှာလေ။ ကိုယ် ဘယ်နေရာက ဝင်ပါမလဲ။ ကိုယ်ရေးတာ ကိုယ့်သမိုင်းပေါ့။ စိန်ခေါ်မှုတိုင်းဟာ အခွင့်အရေးတွေချည့်ပါပဲ။

သန်းခေါင်စာရင်းကို စတိမျှလောက် ကောက်ပြီး ဦးခင်ရီကို အစိုးရတင်ရင်လည်း ယတြာချေသလောက်သာ ရှိလိမ့်မယ်။ မိုးကြိုးပစ်ရာ ထန်းလက်နဲ့ကာမနေနဲ့။ မင်းကင်းမောင်မြင့်တို့၊ ဘူးလက်လှဆွေတို့ ကိုယ့်ရွာကိုယ်ပြန်ပြီး မျက်နှာလာပြရဲသေးရင် လုံခြုံရေးအပြည့်နဲ့ လွှတ်လိုက်ပါလား။ စစ်ဗိုလ်သတ္တိ ဇ ဘယ်လောက်ရှိသလဲ ကြည့်ရတာပေါ့။ သမ္မတရာထူးမပေးလို့ တပ်အပျက်ခံပြီး အာဏာထသိမ်းတဲ့ကောင်က PDF တွေဟာ လွှတ်တော်ထဲမှာ နေရာလိုချင်လို့ စစ်တိုက်နေတာ မဟုတ်ဘူးဆိုတာ ဘယ်လို နားလည်နိုင်မှာလဲ။ ခုချိန်မှာ သူဘာပြောပြော ယုံမယ့်သူ ရှိကိုမရှိတာ။ ကိုယ့်တပ်ကစစ်သားတွေ ယုံအောင် အရင်ပြောပြီး တပ်ပြေးမဖြစ်အောင် ထိန်းစမ်းပါလေ။ အမှန်တော့ သူလိုချင်နေတာ “ခေါ်တယ်။ မလာဘူး။” ဆိုတဲ့ အဖြေသက်သက်ပါ။ သန်းခေါင်စာရင်းကောက်ဖို့ အုပ်ကြီးတွေ ခေါ်ရတော့မယ်။ ရှိသမျှ အုပ်ကြီးတွေကို ဖွတ်တွေ၊ ပျူတွေ၊ ဒလန်တွေနဲ့ လူလဲထားပြီးပြီ။ ထွေအုပ်တွေပါ စစ်သားလူထွက်တွေ ယူနီဖောင်းချိန်းထိုင်ခိုင်းထားတယ်။ အကင်ခံရမယ်မှန်း သိလျက်နဲ့ ထိုးကျွေးပြီး သူခိုးက လူဟစ်မလို့ ကြံနေတာ။ စစ်သားလွှတ်ပြီး တိုက်စရာ မရှိတော့လို့ အရပ်နဲ့ လှည့်တိုက်မှာ မဟုတ်လား။ မြို့ပြတိုက်ပွဲတွေ လာတဲ့အခါ အဲ့ဒီအရပ်ဝတ်တွေကို စစ်သားတွေရှေ့က သဲအိပ် ကာသလို ကာထားမလို့။

ကိုယ်တို့တော်လှန်ရေးကြီးကို သူတို့ ကင်းကိုက်သလို အော်နေတဲ့အတိုင်း အမေရိကန်တွေ တကယ်သာကူညီခဲ့ရင် ပွဲကပြီးနေတာ ကြာလှပြီ။ နှုတ်၏စောင်မခြင်းလောက်သာ ရှိပါတယ်။ အထက်လွှတ်တော် အောက်လွှတ်တော် တွေမှာ Burma Act ဆိုပြီး ဥပဒေ အတည်ပြုပြတယ်။ ဘတ်ဂျက်တွေ တိုင်းတာတွက်ချက်ကြတယ်။ ဒါပေမယ့် ကိုယ်တွေလက်ထဲတော့ ရောက်မလာပါဘူး။ Nonlethal Aids ဆိုတဲ့စကားလုံးနဲ့တင် ဝေ့လည်ကြောင်ပတ်ဖြစ်နေပြီး တကယ်တမ်းကျတော့ စတားလင့်တောင် ကိုယ့်ဘာသာဝယ်တတ်ရ၊ ကိုယ့်ဘာသာ ဘီလ်ဆောင်ရပါတယ်။ ဘယ်စစ်ဘေးဒုက္ခသည်စခန်း၊ ရေဘေးဒုက္ခသည်စခန်းကိုမှ နိုင်ငံတကာကလှူတဲ့ ချောကလက်တစ်တောင့်၊ ဘီစကစ်တစ်ချပ် ရောက်မလာပါဘူး။ တော်လှန်ရေးအတွက်နိုင်ငံခြားကလာတဲ့ အကူအညီဆိုတာ အဲ့ဒီမှာရောက်နေတဲ့ မြန်မာတွေဆီက အကူအညီသာ ဖြစ်ပါတယ်။ UNICEF တို့ UNHCR တို့က စစ်အစိုးရနဲ့သာ ဆက်ဆံပြီး အဲ့ဒီကိုပဲ ကူညီပါတယ်။ WHO လည်း အတူတူပေါ့။ UNICEF တံဆိပ်နဲ့ ကလေးဓါတ်ဆားထုပ်ကလေးတွေတောင် စစ်တပ်ကပြန်ရောင်းစားမှ မှောင်ခိုဈေးကွက်ကဝယ်ပြီး ဘိန်းသယ်သလို ပုန်းလျှိုးကွယ်လျှိုးသယ်ရပါတယ်။ လမ်းမှာမိရင် ဖမ်းပါတယ်။ ဒါကြောင့် စိုးရိမ်ပူပန်ပေးတာကလွဲလို့ ဘာအကူအညီမှ မရဘူး လို့ ပြောနိုင်ပါတယ်။ PDF တွေ စစ်တိုက်နေတဲ့ လက်နက်တွေဟာ ယူကရိန်းမှာလို ဥရောပ က ပေးတာ၊ အမေရိကန်က ပေးတာ၊ တစ်လက်မှ မပါပါဘူး။ ကိုယ့်ဘာသာဝယ်ယူရတာပါ။ ငှက်ပစ်တံတွေရဖို့ ပြဿနာပေါင်းသောင်းခြောက်ထောင် ကျော်ဖြတ်ရပါတယ်။ တရုတ်ဗုံးဆံ၊ ရုရှားဗုံးဆံတွေ မြင်ဖူးပေမယ့် အမေရိကန်လက်နက် တစ်လက်မှ မမြင်ဖူးသလို သူတို့လည်း သက်သေမပြနိုင်ပါဘူး။ သို့သော်လည်း “တောင့်ထား သားရီး” တို့၊ “Fighting Bros” တို့၊ “We stand with you.” တို့နဲ့တော့ တဖွဖွ အားပေးရှာပါတယ်။ ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းဆိုတော့ စစ်အစိုးရကိုအားပေးတာ ရှက်စရာကောင်းမှန်း သူတို့သိတယ်လေ။

ဒါပေမယ့် စစ်အစိုးရနောက်မှာ တရုတ် နဲ့ ရုရှား ကျောထောက်နောက်ခံပေးထားတာကတော့ “တကမ္ဘာလုံးလည်း သိတယ်။ မို့လည်း သိတယ်။” ဆိုတဲ့ ကိစ္စပါ။ ဗီတိုအာဏာဆိုတာ မြန်မာ့အရေးနဲ့ ပါတ်သက်လာတိုင်း သူတို့ ဝင်ဝင် ပလေးနေကျ ဖဲချပ်ပါ။ လေယာဉ်တွေရော၊ ဗုံးတွေရော သူတို့ရောင်းထားတာတွေချည့်ပဲ။ ဗမာပိုင်းလော့တွေ သောက်သုံးမကျလို့ ရုရှားပိုင်းလော့တွေ လာလာပြပေးနေရတယ် လို့တောင် ပြောကြသေး။ တရုတ်ကြီးဘက်က မီးစိမ်းပြလိုက်ရင် ၁၀၂၇ ဆိုတာ ဖြစ်လာပြီး ဟိုက “သော့လော် သော့လော်” အော်လိုက်တာနဲ့ မော်တော်ပီကယ်မြင်လိုက်တဲ့ ဆိုင်ကယ်သမားးများလို အရှိန်ကလေးသပ်ပြရတယ်။ ဒါပေမယ့် တရုတ်ကြီး ထိန်းမရတာ စကစကိုယ်တိုင်ပါပဲ။ မဘသတွေနဲ့ ဆန္ဒပြခိုင်းတယ်။ စစ်သားစုဆောင်းရင်လည်း “တရုတ်ကျူးကျော်စစ်ကို တွန်းလှန်ဖို့” လို့ ပေါ်တင်ပြောပြီး စည်းရုံးတယ်။ အပစ်အခတ် မရပ်ပဲ “ဆွေးနွေးရအောင်လေ” လို့ ရိသလိုသဲ့သလိုခေါ်တယ်။ သူမွေးတဲ့မျောက် သူ့ပြန်ချောက်နေတာများ။ “ဟိုကောင်တွေ နင့်ကိုဆော်ဖို့ အမေရိကားက ဒေါ်လာတွေအမ်းနေတာ မြင်လား မြင်လား။” နဲ့ ဒေါသထွက်အောင် သွားဆွပြန်ပြီ။ နောက်ဆုံးမှာ ကိုယ့်ဇာတ်ကိုယ်မနိုင်တော့လို့ နေပြည်တော်အထိလာပြီး “ဒီမအိမ်လုံး မကောင်းဘူး။ အရင် မအိမ်လုံး ပြန်ခေါ်ပေး။” ဆို ဂျီကျသွားတာ မဟုတ်လား။ သူလုပ်မှပဲ နောက်တက်မယ့် မအိမ်လုံးတွေလည်း ခေါင်းမဖော်နိုင်အောင် ဂုတ်ချိုးခံရတော့တယ်။ “တာ့ကျ ဟောင်။ ဝေါ်မိန့် ကျုံးကော်ရန်တွေကလေ သူများအိမ်တွင်းရေးဆိုရင် ဘယ်တုန်းကမှ ဝင်မစွက်ဖူးတဲ့ တိုင်းပြည်။ အခု အိမ်နီးချင်းနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်တော့မှာကို ငေါ့တို့ ဘယ်တုန်းကမှ မလိုလားဘူး။ ရပ်လိုက်။ အခုရပ်လိုက်။ မရပ်ရင် ရော့။ ဒါနဲ့ပစ်။ ဒရုံးနဲ့ပစ်။ မပစ်တတ် ရင် ငေါ့လာသင်ပေးမယ်။ ပြီးရင် ငေါ့ခိုင်းထားသလို ဟိုမိန်လုံးတက်။ ဒီမိန်လုံးထွက်ပဲ။ မင်းပိုင်မား။” ဆိုတာ လောလောဆယ် သူ့ရဲ့ ပေါ်လစီပါပဲ။ မျောက်မွေးကောင်းလို့ မျောက်ကိုက်သေတဲ့မသာ ဘယ်လို မချိမဆန့် ခံရမလဲ စောင့်ကြည့်ရသေးတာပေါ့။

ကိုယ်တို့တော်လှန်ရေးကတော့ သူများ လာမကူလို့ ရပ်သွားစရာ အကြောင်းမရှိသလို တရုတ်ကြီး ဇက်ကြိုးသပ်လိုက်လို့ အရှိန်တန့်သွားမှာ မဟုတ်ပါဘူး။ ကိုယ်တို့တိုင်းပြည်ရဲ့ အနာဂတ်ဟာ စကစ အစိုးရမရှိမှ ရှင်သန်ဖူးပွင့်နိုင်မှာဖြစ်ပြီး အဲ့ဒါကလွဲလို့ တခြားနည်းလမ်း မရှိပါဘူး။ သန်း ၅၀ လုံးကိုသတ်ပြီး သူတို့ချည့်ပဲ နေနိုင်ရင်နေ၊ အဲ့သလိုမဟုတ်ရင်တော့ သူတို့ကိုရှင်းပြီး နိုင်ငံအသစ်ထူထောင်ဖို့ပဲ ရှိပါတယ်။ ကိုယ်တို့အားလုံး ဒီလိုပဲ သဘောပေါက် နားလည်ထားကြပြီး အပြင်က နားမလည်တဲ့သူတွေ ပြောချင်တာပြော၊ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေရုံသာပ။ ကိုယ်လည်းပဲ အပြောတွေ ခဏထားလို့ အလုပ်ကလေး ပြေးလုပ်လိုက်ပါဦးမယ်။ နောက်တစ်ပုဒ်ကျမှ ပြန်တွေ့ရအောင်နော့။