ရေဘေးဟာ နှစ်တိုင်းကြုံနေကျ သဘာဝဘေးဖြစ်သွားပေမယ့်လည်း အခုတစ်ခေါက်ကြုံနေရတဲ့ ရေဘေးက အသေအပျောက်၊ အပျက်အစီး အဆုံးအရှုံး အများဆုံးပါပဲ။ “ကပ်ဆေးနေတာလေ။ ကပ်ဘေးသင့်နေတာလေ။ ပစ်မှားကျူးလွန်မိတဲ့ အပြစ်တွေရှိခဲ့လို့ပေါ့။” ဆိုတဲ့စကားကို လက်မခံနိုင်သလို “သဘာဝပတ်ဝန်းကျင်ကြီးက ဘယ်လိုဘယ်ပုံ ဘယ်ချမ်းသာ” ဆိုတဲ့ အကြောင်းပြချက်တွေကိုလည်း နားမထောင်ချင်၊ မဖတ်ချင်ပါဘူး။ “နေပြည်တော်မှာ ဖြစ်တာလေ။ စစ်တပ်နဲ့ တပ်ထောက်ခံသူ ဘောမအသိုင်းအဝိုင်းကလူတွေ ပိုပြီး အထိအခိုက်များမှာပေါ့။” ဆိုတာမျိုးတောင် မတွေးမိဘူး။ အဲ့ဒါတွေ အားလုံး “All absurd” လို့ပဲ ပြောချင်တယ်။ အဓိပ္ပါယ်မရှိတာတွေ ရေးနေပြောနေမယ့်အစား တတ်နိုင်တဲ့ဘက်က ကူညီကယ်ဆယ်ရေးကို ချက်ချင်းလက်ငင်းလုပ်ရမှာ။ ဒါပေမယ့်လည်း ဒုက္ခသည်အများစုကို ဘယ်သူကမှ လာကယ်မှာ မဟုတ်ဘူး ဆိုတာကို သေချာပေါက် သိထားတဲ့အတွက် ကိုယ်တို့ရဲ့လက်တွေ့ဘဝဟာလည်း “All absurd” ပဲ ဖြစ်လို့နေပါတယ်။
“Rescue & Relief” က လက်တွေ့လုပ်တဲ့အခါ အခက်အခဲများတယ်လေ။ လွယ်လွယ်ကူကူ “Fund raising” ကပဲ စလိုက်ကြတာပေါ့။ ဖလားကြီးထဲ အသံမြည်အောင် အကြွေစေ့လေးထည့်ပြီး ရွာရိုးလျှောက် ခေါက်ကြစို့ဗျာ။ အဲ့သလိုမျိုး အနှောင့်အသွားမလွတ်အောင် ရေးတင်လိုက်ရင် ဟိုလူလာဆဲ သည်လူလာဆဲနဲ့ မျောက်ပွဲများလို လူစည်တာပေါ့။ သူတောင်းစားများတောင် ပွဲဖြစ်မှ ထမင်းဝတာ မဟုတ်လား။ အောင်မယ်လေး။ အလှူခံချင်း ပြန်ပြန်အလှူခံမိလို့ အလျားအနံရော အသွားအပြန်ပါ ရှိနေရတယ်။ “ပေး ပေး ပေး။ ငါတို့ဆီပေး။ ငါတို့ဆီကမှ တကယ်လိုအပ်တဲ့ဆီရောက်မှာ။” ဆို ခိုင်နှင်းဝေဆီက အလှူငွေတွေ ပေါ်တင်ကြီး ဝိုက်သွားတယ် လို့တောင် ကြားလိုက်မိသေး။ ဒါမျိုးတွေက နာဂစ်ကတည်းက လုပ်နေကျပါလေ။ မထူးဆန်းပါဘူး။ အဲ့ဒီ ရေဘေးအလှူ ဆိုတဲ့ကိစ္စတွေ အာရုံနောက်လို့ မကြားဝံ့ဘူး။ အမှန်တကယ် လိုအပ်တဲ့သူတွေလက်ထဲရောက်အောင် ဆိုတာလည်း မလုံးပန်းချင်တော့ဘူး။ ကိုသာပို သေတာတောင် လူတွေမေ့ကုန်ကြပြီလေ။ ပုံပြင်လေးအဖြစ်တောင် မကျန်ရစ်ခဲ့ဘူး။ “အဲ့ဒါ ဘာပြောတာလဲ ဟင်။” ဖြစ်သွားခဲ့ပြီ။ အဲ့ဒီအလုပ်တွေကိုတော့ ကိုယ် မလုပ်ချင် မပါချင်ဘူး။ အများကြီးလုပ်ခဲ့ပြီးပြီ။
ကယ်ဆယ်ရေးမှာ ဘာတွေ ဘယ်လိုလုပ်မလဲ။ သူများနိုင်ငံတွေမှာဆို ဘယ်လိုလုပ်နေကြသလဲ။ အဲ့ဒါတွေကို ဂျပန်မှာ သွားသင်လာခဲ့ပြီးပြီ။ စာတွေလည်း အများကြီး ရေးခဲ့ပြီ။ မသိစရာ မတတ်စရာ မရှိပါဘူး။ ဒါပေသိ သိတာတတ်တာက တခြား။ ဘာမှ လုပ်လို့မရတာက တခြားပဲ။ ကယ်ဆယ်ရေးအတွက် ဟယ်လီကော်ပတာဝယ်လို့ ထောင်ချထားတဲ့ တို့အမေတောင် ပြန်မလွတ်သေးဘူး။ ဒီကောင်တွေကလည်း ကယ်ဆယ်ဖို့နေနေသာသာ လေယာဉ်နဲ့ ဗုံးကျဲတာတောင် တစ်ရက်မှ မပြတ်လို့ ဘယ်မီးကို အရင်ငြှိမ်းရမလဲ ကိုယ့်ဘာသာကိုယ် သိတယ်။ မြန်မာပြည်မှာ မွေးခဲ့ကြီးခဲ့ပေမယ့် သုံးစားမရတဲ့ဦးဏှောက် နဲ့ အတွေးအခေါ်တွေ ရှိမနေတဲ့အတွက် ကိုယ့်ရဲ့ဆရာသမား မိဘအားလုံးကို ကျေးဇူးအရမ်းတင်မိပါတယ်။
ဒီလိုဆိုရင် ကိုယ်ကလည်း ကိုယ့်လက်အောက်ငယ်သား တပည့်တပန်းများကို စစ်တပ်က brainwash လုပ်ထားတဲ့ အောက်တန်းကျကျ ဉာဏ်ရည်နိမ့်နိမ့် အတွေးအခေါ်တွေ မရှိအောင် ပဲ့ပြင်သွန်သင်ရဦးမယ့် တာဝန်ရှိတာပေါ့။ “ငါ ပြောသလို လုပ်၊ ငါလုပ်သလို မလုပ်နဲ့။” ဆိုတဲ့ ဆရာမျိုး မဖြစ်အောင် အပြော နဲ့ လက်တွေ့ ညီမှလည်း ဖြစ်မယ်။ ဆေးကျောင်းမှာတုန်းကတော့ စာတွေပဲ သင်ပေးနေခဲ့ပြီး ဘယ်ကျောင်းသားကိုမှ မဆုံးမခဲ့မိဘူး။ “စာသင်တာက ကိုယ့်အလုပ်။ အသင်ခံတဲ့သူအားလုံးက ကျောင်းသားပဲ။ တပည့် မဟုတ်ဘူး။” လို့ သဘောထားခဲ့တာ။ အခုချိန်ကျမှ ဆုံးမချင်နေလို့လည်း ဘယ်သူကမှ နားထောင်မှာ မဟုတ်။ တကယ်တော့ သင်စရာလည်းမလို ဆုံးမစရာလည်း မလိုတော့တဲ့သူတွေပါလေ။ ကိုယ့်ထက် တတ်တယ်။ ကိုယ့်ထက် နပ်တယ်။ ခေတ်မကောင်းလို့ ရူးချင်ယောင်ဆောင်နေကြတာ။
အခုလောလောဆယ်မှာတော့ ဘာမှ မသိသေး မတတ်သေးတဲ့ ဆေးသင်တန်းသားတွေကို သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအကြောင်း ထည့်သင်ပေးတာပဲ ကောင်းလိမ့်မယ် ထင်ပါတယ်။ ကိုယ်တိုင် မသင်ပဲ အငယ်တွေကို သင်ခိုင်းမှ သူတို့လည်း ဖတ်ပြီးမှတ်ပြီးသား ဖြစ်မယ်။ ကွကိုသင်ရင် “ဂျပန်မှာဆွင် ဂျပန်မှာဆွင်” နဲ့ သွားသွားနှိုင်းမိနေရင် ကြွားစိန်ကြီး လို့ ထင်နေမှာ။ စစ်ပွဲဖြစ်မှ လူနာကယ်ရမှာ မဟုတ်ဘူး။ ရေဘေးဖြစ်လည်း ကယ်ဆယ်ရေးလုပ်ရမှာပဲ။ လက်တွေ့လုပ်နေမကျရင် နိုင်ငံခြားက အခါ ၁၀၀ ပြန်လည်း ရေထဲမိုးထဲကျမှ အသက်ကယ်လှေ ဘယ်လိုဆင်ရမှန်းမသိ၊ စက်ဘယ်လိုနှိုးရမှန်းမသိ၊ ရေထဲဘယ်လို မောင်းရမှန်းမသိ၊ “ဒီဇယ်ပါမလာလို့ သွားဝယ်ပေးကြပါဦး။” ဆိုတဲ့ လူကယ်ပြန် အရာရှိလေးတွေလို တိုင်ပတ်ရင်း မိုးလင်းနေဦးမှာပဲ။ (သူများရေးလို့ ဖတ်မိတာပါနော်။ ဦးဦး ဘာမှ မသိဘူး။)
သင်လို့သာ သင်ရတာပါ။ စာသင်ခဲ့တဲ့ သက်တမ်းတလျှောက် သည်တစ်ခါလောက် ခက်ခဲပင်ပန်းတာ မရှိဘူး။ အသွားတစ်နာရီခွဲ အပြန်တစ်နာရီခွဲကို တောတိုးပြီး လမ်းလျှောက်ရတယ်။ သူတို့ကတော့ ဆင်နဲ့လာခေါ်ပေးမယ် ပြောပေမယ့် ဘာထူးမှာလဲ။ ဝန်စည်စလှယ်ပါတာလည်း မဟုတ်။ ကိုယ့်ဘာကိုယ်လျှောက်လည်း ရောက်တဲ့ဟာကို။ တောထဲတောင်ထဲလျှောက်ရတာ သာသာယာယာ ရှိပါတယ်။ ဗွက်ထဲနင်းရ၊ ချောင်းထဲဆင်းရတာ ခဏခဏပဲ။ ချောင်း ဘယ်နှစ်ခုတောင် ရှိနေတာလဲ။ ဒီတစ်ခုထဲကို ဘယ်ပြန်ညာပြန် ဖြတ်ကူးနေရတာလားတော့ မပြောတတ်ပါဘူး။ ကိုယ့်ဘာသာ နံမည်ပေးထားမိတာတော့ ဂွေးစိုချောင်းပေါ့။ တောင်ကျရေဆင်းလာရင် ကရင်နီမှာလို မျောပါသွားမလား မသိ။ အခုတောင် ရေစီးက သန်တယ်။ ရေကတော့ ကြည်ပြီးအေးနေတာပဲ။ အပြန်ဆိုရင်တော့ ချောင်းဖြတ်တိုင်း သင်္ကြန်လည်သလို ရေချိုးရင်း စိုစိုစွတ်စွတ် ပြန်တယ်။ အဝတ်အစားအပိုတစ်စုံ ထည့်သွားမှရတယ်။ ချောင်းစပ်သစ်ပင်ပေါ်က အုန်းကနဲ ပြုတ်ကျတဲ့အသံကြားလို့ အဖော်ပါလာတဲ့ကလေးကို သွားကြည့်ခိုင်းတာ ဝက်ဝံသားအမိ လို့ ပြောတာပဲ။ ထွက်ပြေးသွားလို့ ကိုယ်တော့ မမြင်လိုက်မိဘူး။ မျောက်တွေကတော့ ဟိုးသစ်ပင်ပေါ်မှာ အုပ်လိုက်ကြီးတွေ။ ဒေါင်းတွေလည်း ရှိသတဲ့။ ကျွဲအုပ်ကြီးတွေ ဗျိုင်းအုပ်ကြီးတွေကြားက ဖြတ်သွားရရင် ဆာဖာရီဥယျာဉ် ရောက်နေသလိုပဲ။ အစက မှန်းထားသလို နေ့တိုင်းသင် နေ့တဝက်ပြန် မလုပ်နိုင်တော့ဘူး။ ခရီးပန်းလို့ တနေကုန်သင် တစ်ပါတ် ၂ ရက်ပဲ တတ်နိိုင်တော့တယ်။ အခုတောင် သဲဝဲ ရေဝဲတွေစားလို့ ခြေဖဝါးတွေ ကျိန်းစပ်နေပြီ။ ကျန်တဲ့ရက်တော့ ဆရာလေးတွေ အလှည့်ကျ သင်ရမှာပေါ့။ သင်တန်းက ပြန်ရောက်ရင် ရေမိုးချိုးပြီး ခွဲခန်းတန်းဝင်ရပြန်သေးတာ။ ဘာအလုပ်မှ မရှိရင် ဟိုဘက်ဆေးရုံ ပြေးရသေးတယ်။ ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း ကိုယ်သင်ပေးနေရတာ PDF ဆေးရဲဘော်လေးတွေ လို့ တွေးမိလိုက်ရင် အမောအပန်း ပြေပါတယ်။ အာဏာသိမ်းပြီးမှ MSc ဝင်ခွင့်အောင်ပြီး ဆာဂျင်ဖြစ်လာတဲ့ နန်းစိန်တွေကို သင်ပေးရတာထက် အများကြီး စိတ်ချမ်းသာတယ်။ ဒီကလေးတွေကမှ ကိုယ့်အတွက် တကယ်အားကိုးရတဲ့သူတွေ။ အခုလည်း ဆေးရုံက သူတို့အားကိုးနဲ့ပဲ လည်ပတ်နေရတာ။
မနေ့က ကိုယ်တို့ဆီကို သေနတ်မှန်တဲ့လူနာတစ်ယောက် ရောက်တယ်။ ရောက်ကတည်းက shock နဲ့။ တိုက်နယ်ဆေးရုံမှာ သွေးသွင်းပြီးတန်းလွှတ်လိုက်တာ။ သွေးပေါင်ကတိုင်းမရ၊ အောက်ဆီဂျင်လည်းကျ၊ ကမန်းကတန်း ဓါတ်မှန်ရိုက်ကြည့်တော့ အဆုတ်ထဲမှာ သွေးတွေတွေ့တယ်။ ဗိုက်ထဲမှာလည်း ကျည်ဆန်တွေ့တယ်။ ဒါပေမယ့် ဓါတ်မှန်ရိုက်ဖို့ လူနာကို ဆွဲထူလိုက်တဲ့အခါ သေနတ် ဒဏ်ရာကနေ ဝေါကနဲ သွေးတွေသွန်ကျလာရော။ လူနာကလည်း သတိလစ်စပြုလာပြီ။ ဓါတ်မှန်နောက်တစ်ပုံ မရိုက်နိုင်တော့ဘူး။ ခွဲခန်းထဲ တန်းပို့ပြီး အသက်ကယ်ရတယ်။ ရင်ခေါင်းထဲကို ပိုက်တစ်ချောင်းအရင်ထည့်လိုက်မှ အောက်ဆီဂျင်လေးပြန်တက်လာတယ်။ ဒါပေမယ့် သွေးပေါင် ပြန်တက် မလာမချင်း မေ့ဆေးပေးလို့ မရသေးဘူး။ ခွဲခန်းထဲမှာတင် သွေးတွေသွင်း၊ Drip တွေ run ပြီး BP 90/60 ရမှ မေ့ဆေးပေးလို့ ဗိုက်ခွဲကြတယ်။ သေနတ်မှန်ပြီး ၁၆ နာရီကြာမှ ဆေးရုံရောက်ပေမယ့် ဆေးရုံရောက်ပြီး ၁၅ မိနစ်အကြာမှာ ခွဲခန်းထဲရောက်တယ်။ ကိုယ့်ဆေးရုံက Emergency team ဟာ အဲ့သလောက် မြန်မြန်ဆန်ဆန် သွက်သွက်လက်လက် အလုပ်လုပ်နိုင်တယ်။ ပြူးပြူးပြာပြာ ယောက်ယက်ခတ်နေတာလည်း မရှိဘူး။ ဘာပြီးဘာလုပ်ရမယ် သူတို့ သိနေပြီ။ ဆေးထိုးတာ ဆေးထည့်တာလောက်တော့ ကျွမ်းကျွမ်းကျင်ကျင်ပဲ။ ဆေးရုံကလူနာတွေအတွက် nursing care ကို သူတို့နဲ့ပဲ အလုပ်လုပ်နေရတာ။ ဒါကြောင့်မို့ ကိုယ်သင်ထားတဲ့ ကလေးတွေကို ပညာရေး ကျန်းမာရေးကော်မတီလူကြီးတွေက အသိအမှတ် မပြုပေမယ့် ကိုယ်ကတော့ ယုံကြည်စိတ်ချစွာ အားကိုးပါတယ်။ အာဏာရှင်စံနစ်ဆိုးကို တော်လှန်နေတဲ့ သူတွေကိုယ်တိုင်က စံနစ်ဟောင်းက အကျင့်ဆိုးတွေကို မပစ်ပါယ်နိုင်တာ၊ မပြုပြင်နိုင်တာကလည်း ဆိုးကြော့သံသရာထဲမှာ တဝဲဝဲလည်နဲ့ ခရီးဖင့်စေတဲ့ အကြောင်းတရားတစ်ခုပါပဲ။
အာဏာသိမ်းလိုက်တဲ့အခါ အရင်ဆုံး လမ်းပေါ်ရောက်သွားပြီး “ရုံးမတက်နဲ့။ ရုန်းထွက်။” ဆို CDM စလုပ်ခဲ့တာ ကိုယ့်တက်ငယ်တဲ့ကလေးတွေ အားလုံးပါပါတယ်။ ဒါပေမယ့် စစ်ကောင်စီက ဖြိုခွဲတဲ့အခါ အများစုက ခံဝန်ထိုးပြီး အလုပ်ပြန်ဆင်းကြ၊ ကျောင်းပြန်တက်ကြတယ်။ ဆရာကြီး ဆရာမကြီးတွေရဲ့ ချော့မော့ ဆွဲဆောင်မှုအောက်မှာ စာမေးပွဲတွေ ဖြေကြ၊ အလွယ်တကူ ဘွဲ့ရကြ၊ ဘွဲ့လွန်တွေအောင်ကြ၊ အပြင်ဆေးခန်းတွေမှာ Assist လိုက်ကြ။ ဘယ်သူဘာပြောပြော၊ သူတို့အတွက်တော့ သာယာလို့အေးချမ်းတဲ့ ကမ္ဘာပါပဲ။ သွားမထိနဲ့။ ဥက္ကာမင်းမောင် အသံနဲ့ “S ဂရုကို မစိုက်ဘူး။ ကိုယ့်ဖျင်နဲ့ ကိုယ်ခံတာ။” လို့ ပြန်အော်ကြလိမ့်မယ်။ SP ဆိုတာ သူတို့က ကိုယ့်ကိုပြန်လုပ်တဲ့အရာပါ။
ဒီဘက်ကကလေးတွေမှာတော့ ကိုယ်လိုပဲ တောထဲကိုရောက်လာပြီး ဆင်းရဲဒုက္ခများစွာနဲ့ ပိုက်ဆံမရတဲ့လူနာတွေကို ခေါင်းမဖော်နိုင်အောင် ကုသပေးနေကြရတယ်။ မိသားစုနဲ့ ဝေးကွာစွာ မဟုတ်ရင် မိသားစုပါ အတူ ဒုက္ခခံလျက်ပေါ့။ တက်လက်စကျောင်းတွေ၊ မက်လက်စအိပ်မက်တွေကို အကုန်စွန့်လွှတ်ထားခဲ့ရတယ်။ သူတို့က တောထဲမှာ ၃ နှစ်ကြာသွားတဲ့အချိန်တွေမှာ သူတို့နဲ့တန်းတူ နန်းစိန်တွေက ဘွဲ့လွန်အောင်ပြီး အထူးကုဆရာဝန်ဖြစ်သွားခဲ့ပြီ။ ဒီဘက်က ကလေးတွေကို အသိအမှတ်တောင် မပြုဘူး ဆိုတာ မဖြစ်သင့်တဲ့ကိစ္စပါ။ ရှိနှင့်ပြီးသား စည်းမျဉ်းစည်းကမ်း အဟောင်းကြီးတွေနဲ့ ဒီကလေးတွေကို လာလာအကဲဖြတ်တာ စကစလက်အောက်ကလူတွေ လုပ်ရမယ့်အလုပ်လေ။ ဒီဘက်ကပါ ဘာလို့ အဲ့ဒီအတိုင်း လိုက် လုပ်နေကြသလဲ စဉ်းစားလို့တောင် မရ။ အေးလေ။ ကလေးတွေ မပြောပါနဲ့။ ကိုယ့်ကိုတောင်မှ ဆာဂျင်အဖြစ်က စွန့်လွှတ်ပြီး အသိုင်းအဝိုင်းထဲက ဖယ်ကျဉ် ထားခဲ့ပြီပဲဟာ။ “ရန်သူကြီး တစ်ယောက်လို့ ထင်နေပြီလား။ အမုန်းလက်နက်တွေ ကိုင်စွဲထား။” ဆို ဖြူဖြူကျော်သိန်းသီချင်း သွားအော်ဆိုရမလို ဖြစ်နေပြီ။
အဲ့ဒါကြောင့် ကိုယ်ကတော့ အငယ်တွေကို “ဒါကြီးပြီးသွားရင် ဆေးရုံမှာ နဂိုအတန်းက ပြန်စတက်တဲ့အခါ ကွန်ဆားတင့်ဖြစ်ပြီးသွားတဲ့ နန်းစိန်သူငယ်ချင်းတွေက ပညာပြနှိပ်စက်တာ ခံကြရလိမ့်မယ်။ ဆရာသမားတွေက မယုံမကြည် စိမ်းစိမ်းကားကား ဘေးဖယ်ထုတ်ထားကြလိမ့်မယ်။ ဒီမှာပဲ တတ်တဲ့ပညာနဲ့ ကိုယ်သင်ပေးထားတဲ့အတိုင်း အေးအေးချမ်းချမ်း ဆေးဆက်ကုနေမယ် ဆိုရင်တော့ ဆေးရုံကြီးတစ်ခုလုံး ယုံကြည်စွာ လွှဲပြောင်းအပ်နှံခဲ့မယ်။” လို့ စဉ်းစားရွေးချယ်စရာ option တစ်ခု လမ်းဖွင့်ပေးပါတယ်။ လုပ်နိုင်မယ်လို့ ယုံကြည်စိတ်ချပါတယ်။ သို့သော် အသိအမှတ်ပြုမှုကတော့ သူတို့ပေးလိမ့်မယ် မထင်။ ဘာတွေဘယ်လောက်တတ်တတ် ကိုယ့်ဆီကတပည့်တွေ ဆာဂျင်မဖြစ်ဘူး။ မေ့ဆေးမဖြစ်ဘူး။ ဟောက်ဆာဂျင်လက်မှတ် မရဘူး။ သူနာပြု၊ သားဖွား အောင်လက်မှတ်မရဘူး။ ကိုယ်တို့အားလုံးက ဘောင်မဝင် တန်းမဝင် မို့လို့။ ဟော အခု ကိုယ်က အဲ့သလောက် ကြိုးစားပန်းစား သင်နေတဲ့ ဆေးတပ်သားကလေးတွေတောင် local use only ။ “သူ့ဘာသာသင်ပြီး သူ့ဘာသာသုံးပလေ့စေ။ ငါတို့က ဒါမျိုး မသုံးဘူး။” လို့ အနှိမ်ခံရမှာစိုးလို့ အခုလောက်ကို ဒုက္ခခံပြီး ပင်ပန်းတကြီး သင်ကြားပေးနေပါတယ်။ မြို့ပေါ်မှာ ပိုက်ဆံယူ၊ အောင်လက်မှတ်ပေးပြီး ဆေးနံမည်မဖတ်တတ်တဲ့ နတ်ဆိပ်သင်တန်းဆင်းတွေလိုတော့ မဖြစ်စေရပါဘူး။
တကယ်တော့ ကိုယ့်ဆေးရုံမှာ အဲ့ဒီသင်တန်းတွေ တက်ခဲ့ပြီးသား ကလေးတွေ လက်တွေ့လုပ်ချင်ကိုင်ချင်လို့ ဆွေမျိုးတွေနဲ့ လာအပ်ပြီး အလုပ်လာဝင်နေတာ ရှိပါတယ်။ သူတို့ကိုလည်း အကုန်လုံးပြန်သင်ပေးတာပဲ။ ဘာတွေသင်ခဲ့သလဲ ဘာတွေ လုပ်တတ်သလဲ တစ်ခွန်းမှ မမေးပါဘူး။ မှန်မှန်ကန်ကန် စံနစ်တကျ လုပ်ပြလိုက်ရင် သူတို့ဘာသူတို့ အတုခိုးပြီး ပြင်ယူလိမ့်မယ်။ ရွှေတောင် အတုလား အစစ်လား ခွဲတတ်သေးတာ။ ဆရာဝန်လည်း အတုလား အစစ်လား ကိုယ့်ဘာသာ ဝေဖန်ပိုင်းခြားပေါ့။ ကိုယ့်ရှိတဲ့ပညာကို သူများက GIA certificate လာပေးမှ အမျိုးမှန် အဖိုးတန် လို့ ဂုဏ်ယူရအောင် ဘယ်သူ့ကိုမှ ရောင်းစားနေတာ မဟုတ်ဘူး။ ကိုယ့်ရဲ့ အမူအကျင့်၊ အတွေးအခေါ်၊ အပြောအဆို၊ အလုပ်အကိုင်တွေဟာ အာဏာသိမ်းလိုက်တော့မှ ဥုံဖွ၊ အပ်ချလောင်း ဆို အပြောင်းလဲကြီး ပြောင်းလဲသွားတာ ဘာတစ်ခုမှ မရှိိဘူး။ ဟိုးငယ်ရွယ်စဉ် ကလေးဘဝကတည်းက အခုအတိုင်းပဲ အကြောမာမာ၊ အထာကျကျ ရှိတယ်။ မွေးသန္ဓေ သေမှပျောက်သတဲ့။ ကိုယ့်ဘာသာကိုယ်တောင် ဖြစ်နိုင်မယ် မထင်ပါဘူး ဆိုတဲ့ မနိုင်ဝန်တွေကို မရရအောင် အတင်းထမ်းနေရင်း အခုထက်ထိ ရပ်တည်ရှင်သန်နိုင်သေးတဲ့အတွက် ကျေနပ်ပါတယ်။ ချန်ဂင်ဟာ စိန်ခေါ်မှုတွေကို အမြဲတမ်း ဖြတ်ကျော် အနိုင်ယူလာစမြဲပါ။ သူများ အထင်ကြီးခံရဖို့ မဟုတ်။ ကိုယ့်စံချိန် ကိုယ်ချိုးဖို့ပဲ ကြိုးစားနေတာပါ လို့။