ခုရက်ပိုင်း ကိုယ်တို့ဆီမှာ အေးဆေးနေပေမယ့် လေယာဉ်တွေက ညတိုင်း တနေရာမဟုတ် တနေရာ ဗုံးကျဲနေပါတယ်။ ကျဲသမျှကလည်း တိုက်ပွဲဖြစ်တဲ့နေရာ၊ စစ်စခန်းချတဲ့နေရာ မဟုတ်ပဲ စစ်ရှောင်စခန်းနဲ့ လူနေရပ်ရွာတွေပေါ်မှာချည့်ပါပဲ။ အဲ့သလို ဗုံးကျဲနေတဲ့သူတွေကို ဘာတစ်ခွန်းမှ ပြစ်တင် ပြောဆိုမယ့်သူ မရှိပဲ အသက်နဲ့လဲ ခုခံကာကွယ်နေတဲ့သူတွေကိုသာ အဘက်ဘက်က ဖိအားပေး တားဆီးနေတာဟာလည်း လူသားမဆန်တဲ့ လုပ်ရပ် ပါပဲ။ အင်အားကြီးနိုင်ငံကြီးတွေဖြစ်ပြီးတော့ လူသတ်မုဒိန်းကောင်တွေဘက်က အားပေးရပ်တည် နေတာ မဟုတ်လား။ မြန်မာပြည်က လူသတ်ပွဲတွေဟာ ဘန်ကောက်က Orgy Live Show တွေလို ပိုက်ဆံရလို့ performance လုပ်ပြနေတယ်ထင်ပြီး အရသာခံ ကြည့်နေတာများလား။ တိုက်ခေါင်မိုးပေါ်ကနေ ၅ ယောက် လက်တွဲပြီးခုန်ချတယ်ဆိုတာ ဘယ်နိုင်ငံက မှုခင်းဖြစ်စဉ်ထဲမှာ ကြားဖူးသလဲ။ ဒီလောက် နှစ်တွေကြာပြီးမှတော့ မြန်မာပြည်က စစ်အစိုးရအကြောင်းလည်း သူတို့ မသိစရာ မရှိပါဘူး။ “ဆေးရုံ၊ စာသင်ခန်းနှင့် လူစည်ကားသော အရပ်သားအစုအဝေးများပေါ်သို့အကြောင်းမဲ့သက်သက် လေယာဉ်နဲ့ ဗုံးကျဲချခြင်းကို ဆန့်ကျင်ကန့်ကွက်ပါသည်။” လို့ ဘယ်သူကမှလည်း မပြောရဲပါလား။ “လေယာဉ်ရောင်းမယ်။ ဗုံးရောင်းမယ်။ ဆီရောင်းမယ်။” ဆိုပြီး ပျော်များ ပျော်နေကြမလား မသိ။
ဒါကတော့လေ။ ဘတစ်ပြန် ကျားတစ်ပြန်ပါပဲ။ ဟိုဘက်မှာလည်း စစ်သားတွေ မသေတဲ့ရက်ဆိုတာ တစ်ရက်မှမှ မရှိတာ။ အဲ့လိုကျတော့ သိန်းထီပေါက်သလောက်ကို ဝမ်းသာနေကြတယ် မဟုတ်ဘူးလား။ မအလတို့ စိုးဝင်းတို့ ကိုယ်တိုင် သေပြေးရှင်ပြေး ထွက်ပြေးခဲ့ရတာ ဘယ်နှစ်ခါ ရှိပလဲ။ မအလ အိမ်ခေါင်မိုးပေါ် ဒရုံးနဲ့ ဗုံးကျဲခံရတုန်းက ဘယ်မှာ အသံထွက်ခဲ့လို့လဲ။ နှစ်ဘက်စလုံးက လူ့အသက်ချင်းတူပေမယ့် ရလပ် လားရာချင်းက ဆန့်ကျင်ဘက်ပဲ။ ဒီဘက်က အသက်စွန့်တဲ့သူတွေက ပြည်သူအတွက်၊ တိုင်းပြည်အတွက်၊ နောင်လာနောက်သား ကောင်းစားဖို့အတွက်။ ကြေကွဲဝမ်းနည်း ယူကြုံးမရ ဖြစ်သော်ငြားလည်း ကောင်းရာမွန်ရာ ရောက်ကြမှာ။ ဒီလိုအဖြစ်ဆိုးမျိုး နောက်ထပ် တခြားလူ မကြုံစေချင်သလို ဖြစ်လေရာ ဘဝတိုင်းမှာလည်း ထပ်မကြုံစေချင်ဘူး။ ဟိုအကောင်တွေလား။ ခံကြပေါ့။ ဦးနှောက်မှ မရှိတာ။ စစ်ဗိုလ်ချုပ်တွေ စည်းစိမ်မြဲအောင် မျိုးနဲ့ရိုးနဲ့ ကျွန်ခံရုံ အားမရလို့ အသက်ပါ စတေးခံရတာ။ သေပစေ။ နည်းတောင် နည်းသေးတယ်။ သေပြီးရင်လည်း ငရဲကျမှာ။ တပ်ထဲက တခြားသူတွေလည်း သေနိုင်သမျှ သေကြပါစေ။ နောင်ဖြစ်လေရာ ဘဝတိုင်းလည်း သေခြင်းဆိုးနဲ့ သေရပါစေ။ ကိုင်း ကြည့်စမ်းပါ့။ လူ့အသက်ချင်း၊ သေတာချင်း တူပေမယ့် မတူတာတွေက ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တာနော်။ ဘယ်ဘက်မှာနေပြီး ဘယ်လိုသေနည်းမျိုးနဲ့ သေမလဲ ကိုယ့်ဘာကိုယ် ရွေးချယ်ကြပေါ့။
ကိုယ်ကိုယ်တိုင်ကတော့ အခုနေ ဗုံးလာကျဲလို့ သေမယ်ဆိုရင်တောင် ဝမ်းနည်းစရာ၊ နောင်တရစရာ၊ နောက်ဆံတင်းစရာ တစက်မှ မရှိပေါင်။ မိစ္ဆာတွေကို တိုက်ဖျက်ဖို့ အသက်ပါပေးရတော့ရော ဘာဖြစ်သေးလဲ။ ဒီကောင်တွေ လက်အောက်မှာ မနေနိုင်ဘူး။ ဒီကောင်တွေကို အရှုံးမပေးနိုင်ဘူး။ အသက်ထက်ဆုံးတော်လှန်သွားခဲ့တယ်။ ကျေနပ်တယ်။ သေရင်လည်း တော်လှန်ရေးသမား ဆရာဝန်တစ်ယောက် အဖြစ်နဲ့ပဲ သေမယ်။ သေပြီးမှ နောက်လူတွေ ကိုယ့်အကြောင်း လျှောက်ရေးရင် မဟုတ်တာတွေ ပါမှာစိုးလို့ ကိုယ်ကိုယ်တိုင်ပဲ ရှင်းရှင်းလင်းလင်း ရေးခဲ့တယ်။ သေသေချာချာ မှတ်ထားပါ။ “CDM လုပ်ပြီး ဖမ်းမှာကြောက်လို့ ထွက်ပြေးရင်း တောထဲမှာ သေတာလေ။” လို့ လာပြောရင် အဲ့ဒါ လုံးဝ မဟုတ်တဲ့အကြောင်း အခု ကာယကံရှင်ကိုယ်တိုင် ငြင်းချက်ထုတ်ခဲ့ပါတယ်။
CDM လုပ်တာက ကိုယ် မဟုတ်သလို ဘယ်သူ့ကိုမှလည်း CDM လုပ်ပါ လို့ မတိုက်တွန်းခဲ့ပါဘူး။ Ward ထဲမှာ တစ်ယောက်မှ မကျန်တဲ့ထိ YGH မှာ တစ်ယောက်တည်း နေ့ရောညပါ ဂျူတီဆင်းခဲ့တာ။ လူနာအသစ်မလာပဲ အဟောင်းတွေ ကုန်သွားတော့မှ ပစ္စည်းတွေသိမ်းပြီး ward ကို သော့ပိတ်ခဲ့တာပါ။ ဒါကြောင့် ကိုယ့်ကို နောင်တချိန်မှာ ဆေးရုံကလူနာတွေကို ပစ်ပြီး နိုင်ငံရေးလုပ်ဖို့ ထွက်သွားခဲ့တယ် လို့ မဟုတ်တမ်းတရား စွပ်စွဲလာခဲ့ရင် လူမရှိတဲ့ ကိုဗစ်ဆောင်ထဲမှာ တယောထိုးနေတဲ့ ဓါတ်ပုံကလေးနဲ့ သက်သေတင်ပါတယ်။ ဘယ်လူနာကိုမှ ပစ်မထားခဲ့ပါဘူး။ ဘာလူနာမှ မကျန်ခဲ့လို့ အဆောင်တိုင်း အဆောင်တိုင်း မှောင်အတိကျပြီး သုဿာန်တစပြင်ကြီးလို ဖြစ်သွားချိန်အထိ ဆေးရုံမှာ ရှိနေခဲ့ပါတယ်။ Ethics နဲ့ ပါတ်သက်လို့ ကိုယ့်ဆီမှာ ဘာတစ်ခုမှ မကျိုးပေါက်ဘူး လို့ ရှင်းအောင်ပြောတာ။
ကပ်ရောဂါဖြစ်နေတဲ့အချိန် ဆေးရုံကို ပစ်ပြီးထွက်သွားတယ် ဆိုတာ ဆေးရုံမှာ လူနာလက်ခံလို့ မရတော့လို့ပါ။ ဆေးရုံနဲ့ နီးတဲ့ ဆေးခန်းတစ်ခုမှာ ပြောင်းနေပြီး ဆေးရုံမှာ ခွဲသလိုပဲ လူနာတွေကို အခမဲ့ ခွဲစိတ်ကုသပေးခဲ့ပါတယ်။ ၂၄ နာရီ on call ယူပြီး နေ့နေ့ညည ခွဲပေးခဲ့တာ လူနာမှတ်တမ်းတွေ ရှိပါတယ်။ ခွဲခ မပြောနဲ့ consultation fees တောင် မယူပါဘူး။ သူတို့ကုန်ကျစားရိတ်ပဲ သူတို့ဘာသာ ကျခံခိုင်းတာပါ။ ဒါကြောင့်မို့ ဆေးရုံလူနာတွေကို အပြင်ဆေးခန်းခေါ်ခွဲတာလည်း မဟုတ်ဘူး။ YGH ကို လာပြီး YGH က လက်မခံတဲ့ လူနာတွေကိုပဲ ကုတာပါ။
စစ်အစိုးရအောက်မှာ ရှင်သန်နေထိုင်ရတဲ့ ဆရာဝန်ဘဝဟာ dignity မရှိပါဘူး။ အရှက်သိက္ခာ ကင်းမဲ့ပါတယ်။ စစ်ဗိုလ်တွေက ဟိန်းဟောက်ဆဲဆိုနေလည်း ခေါင်းလေးငုံ့ပြီး နှုတ်ဆိတ်နေရပါတယ်။ သူတို့ဖမ်းချင်ရင် ဆရာဝန်အိမ်ကို သူပုန်ဝင်စီးသလို တအိမ်လုံး မွှေနှောက်ဖျက်ဆီး၊ အလိုရှိရာယူငင်၊ လူကို လက်ပြန်ကြိုးတုပ် ထိုးကြိတ်ရိုက်နှက်ပြီးမှ ဖမ်းဆီးထောင်ချပါတယ်။ ကားလမ်းမပေါ်တင် သေနတ်နဲ့ပစ်သတ်ခဲ့တာလည်း ရှိတာပဲ။ “ထောင်ကလွတ်ချင် ခံဝန်ထိုး၊ ရာထူးချခံ၊ သူတို့ခိုင်းတာ လုပ်ရမယ်။” ဆိုတဲ့ အခြေအနေမှာ ကိုယ်အလုပ်မလုပ်နိုင်တာ သိပ်ကိုသေချာပါတယ်။ ထောင်ထဲမှာ လူမဆန်စွာ နင်ပဲငဆ ဘူလီလုပ်တဲ့ဒဏ်ကို ခံရမှာထက် ဒင်းတို့လက်အောက်မှာ ဘာတစ်ခုမှ တုန့်ပြန်နိုင်စွမ်းမရှိပဲ ခေါင်းငုံ့ခံနေရတဲ့ဘဝမှာ အသက်မရှင်ချင်တာပါ။ ဒါကြောင့်မို့ ဆရာဝန်သိက္ခာနဲ့အညီ ဆေးကုနိုင်မယ့်ဘဝကို ရွေးချယ်ပါတယ်။ ဆရာဝန်တစ်ယောက်အနေနဲ့ ဒီတနေရာကအလုပ်ကို စွန့်လွှတ်ပြီး နောက်တစ်နေရာက အလုပ်ကို ပြောင်းလုပ်တာဟာ Medical ethics နဲ့ ငြိစွန်းတယ် လို့ မမြင်ပါဘူး။ ရာထူးကပေးတဲ့အခွင့်အရေးတွေလည်း ဘာတစ်ခုမှ ယူမထားဘူး။ အစိုးရအိမ်ခန်းလည်း မရှိဘူး။ ရုံးကားလည်း ယူမထားဘူး။ ဒါကြောင့်မို့လို့ ကိုယ့်ကို ဆရာဝန်ကျင့်ဝတ်နဲ့ မညီဘူးဆိုပြီး ဆေးကုသခွင့်လိုင်စင်ပိတ်သိမ်းထားတဲ့ MMC က လူကြီးတွေကို ခြေသလုံးဖက်ပြီး ကျွန်တော့လိုင်စင်လေး ပြန်ပေးပါလို့ ခခယယ မတောင်းပန်နိုင်ဘူး။
အခုချိန်မှာ မြို့ကြီးတွေကလွဲလို့ နိုင်ငံရဲ့ ၆၅%လောက် စစ်ကောင်စီလက်အောက်က လွတ်မြောက်လာတဲ့အခါမှာ အဲ့ဒီဒေသတွေက နန်းစိန်တွေဟာ သူတို့ဆေးရုံတွေက ထွက်ပြေးပြီး စကစအုပ်ချုပ်ရေးရှိတဲ့ မြို့ပေါ်ဆေးရုံတွေမှာ တွဲဘက်ရာထူးနဲ့ ဆက်လက်သစ္စာခံယူကြပါတယ်။ မယူလည်းပဲ ဝန်ကြီးဌာနက လက်လွှတ်ဒေသက ဝန်ထမ်းတွေအတွက် ဘာတစ်ခုမှ စီစဉ်မပေးပဲ လစာတွေ ဆေးဝါးအထောက်အပံ့တွေ အကုန်ရပ်ပစ်လိုက်တာကိုး။ အရင်တုန်းက CDM မလုပ်ပဲ တင်းခံထားတာက စကစအစိုးရက ဖမ်းဆီးထောင်ချမှာ အလုပ်ဖြုတ်မှာ ကြောက်လို့ဆိုရင် အခုလို စကစအစိုးရ ရှုံးသွားတဲ့အခါမှာရော ဆက်ပြီးသစ္စာခံကြမှာလား ကိုယ့်ဘာသာကိုယ် စဉ်းစားလေ။ “နင်တို့အစိုးရတက်လာရင် ငါတို့ဆက်မလုပ်နိုင်ဘူး။ အလုပ်ထွက်တယ်။” ဆိုတဲ့ စိတ်ထားမျိုးရှိရင် လေးစားပါတယ် ဂုဏ်ယူပါတယ်။ ဆရာတို့ မမတို့။ သွားကြပါ သွားကြပါ။ “စစ်အစိုးရက ဘယ်တော့မှ မရှုံးနိုင်ဘူး။” ဆိုတဲ့ ဗီုလ်ကြီးကတော်စိတ်ထားမျိုးနဲ့ ဆရာဝန်ဆက်လုပ်နေတာလား။ ဒါဆိုရင် တကယ်လို့များ စကစ စစ်ရှုံးခဲ့သည်ရှိသော် (အခုတောင် ရှုံးလို့ ဆေးရုံကထွက်ပြေးရတာ မဟုတ်လား) ဆိုတဲ့ Plan B ကို ကိုယ့်အတွက်ကိုယ် စဉ်းစားထားဖို့လိုပါပြီ။ တိုင်းပြည်အတွက် လို့လည်း မပြောလိုပါဘူး။ လူနာတွေအတွက် လို့လည်း မပြောလိုပါဘူး။ အဲ့ဒါတွေ ခေါင်းထဲမထည့်မှန်း သိပြီးသားမို့ပါ။
ကိုယ့်ကိုယ်ကိုယ် နိုင်ငံ့ဝန်ထမ်းလား၊ အကြမ်းဖက်စစ်တပ်ရဲ့ လက်ပါးစေလား ဆိုတာ မြင်အောင်ကြည့်ပါ။ စစ်ကောင်စီဟာ နိုင်ငံတော် ကို ကိုယ်စားမပြုပဲ နိုင်ငံတော်အာဏာကို အကြမ်းဖက် လုယူထားတဲ့ ပုန်ကန်သူ လက်နက်ကိုင် အဖွဲ့အစည်း တစ်ရပ်သာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ အမိန့်အရ ညွှန်ကြားချက်အရ ပြည်သူများအပေါ် သတ်ဖြတ်ညှင်းပန်း နှိပ်စက်သော လုပ်ငန်းစဉ်များကို ပါဝင်ပါတ်သက် လုပ်ဆောင်သူအားလုံးဟာ နိုင်ငံ့ဝန်ထမ်းမဟုတ်ပဲ အကြမ်းဖက်လက်ပါးစေသာ ဖြစ်ပါတယ်။ ရှေးရှေ့က ပြုခဲ့သမျှသော ကိုယ့်လုပ်ရပ် တွေရဲ့ အကျိုးဆက်ကို ကာယကံရှင် ကိုယ်တိုင် တာဝန်ယူရမှာဖြစ်သလို အခုကစလို့ ဆက်လက်ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေဟာလည်း ကျူးလွန်သူအပေါ်မှာပဲ ကျရောက်လာပါလိမ့်မယ်။ အရှင်းဆုံး ပြောရမလား။ ရှေ့လျှောက်ပြီး စစ်ကောင်စီကို သစ္စာခံပြီး စစ်ကောင်စီခိုင်းသမျှ လိုက်လုပ်နေဦးမယ် ဆိုရင် စစ်ဗိုလ်ချုပ်တွေကို စီရင်တံ့အခါ ခများတို့ကိုလည်း ချမ်းသာပေးမှာ မဟုတ်ဘူး။ အဲ့ဒါပဲ ပြောချင်တာ။ ဟိုဘက်က ကိုယ်တွေကို ချေမှုန်းတုန်းက ကိုယ့်အကျိုးစီးပွါး ထိခိုက်မှာ ကြောက်လို့ စစ်ဘိနပ်အောက်ခိုတယ် မဟုတ်လား။ အခု ကိုယ်တွေက ဟိုဘက်ကို ချေမှုန်းနေပြီ။ ဖယ်ရင်ဖယ် မဖယ်ရင် ခုတ်ထည့်လိုက်မှာ။ ကျွန်တော်မပါဘူး လာမပြောနဲ့။ မပါချင် လွတ်အောင်နေ။
စကတည်းက ဟိုဘက်လည်းမကျ သည်ဘက်လည်းမကျအောင် ခြံစည်းရိုးခွထိုင်ထားပြီးမှ C သလိုလို မ C သလိုလို၊ Non သလိုလို၊ မ Non သလိုလို ဘယ်ပေါင်ညာပေါင် တလှည့်စီ ပြေးကပ်နေတဲ့သူတွေဟာ အခုချိန်မှာ တဘက်ဘက်ကိုမှ အပြီးသတ် ပြေးမကပ်ရင် ကြားညပ်တော့မယ့် အခြေအနေမှာ ရှိပါတယ်။ အဲ့ဒီချိန်ကျမှ ကျွဲနှစ်ကောင် ခတ်တဲ့ကြားထဲ မြေဇာပင် ဖြစ်ရပါတယ် ထိုင်ငိုနေလည်း အပိုပဲ။ ဘယ်ဘက်ကမှ မသနားဘူး။ ကဲပါလေ။ ကပ်မယ့်ကပ်မှတော့ ကိုယ်တို့ဘက်ကိုပဲ ပြေးကပ်လိုက်ကြပါတော့။ ဒီဘက်က နိုင်မှာ သေချာနေပြီပဲဥစ္စာ။ စစ်အစိုးရပြုတ်ကျတော့မှ “ကျနော်တို့က ဝန်ထမ်းတွေပါ။ ကျနော်တို့မှာ နာဂတ်ရှိတယ်။ ဒီရာထူးအတိုင်း အလုပ်လုပ်ချင်ပါတယ်။” လို့ လျှာအရိုးမရှိတိုင်း ပြောထွက်မယ့်အစား အခုကတည်းက မနိုင်မနင်းဖြစ်ပြီး လဲပြိုနေတဲ့ ကိုယ်တို့ဘက်က ဆေးရုံဆေးခန်းတွေမှာ ဝင်ကူပေးကြရင် ကောင်းမယ် ထင်ပါတယ်။ ပြောမယ့်သာ ပြောရတာပါလေ။ အဲ့ဒီလူတွေက စစ်အစိုးရပြုတ်ကျမှာကို စစ်သားတွေထက်တောင် ကြောက်သေး။ “သူများတွေ မီးလောင်လောင်၊ ရေကြီးကြီး၊ ဗုံးမှန်မှန်၊ ကိုကိုပြန်လာရင် ခလေးကျေနပ်ပါပြီ။” ဆိုတဲ့အိုကြီးအိုမတွေကလည်း အများကြီးပဲကိုးဗျ။