“ကျန်းမာတော်မူကြပါစ ခင်ဗျာ။” လို့ နှုတ်ဆက်ရမှာလား မသိပါဘူး။ အဆက်မပြတ် ရေးသားလာတဲ့ “ချန်ဂင်တို့စခန်း” လည်း အပိုင်းသစ်တစ်ခု ရောက်လာပြန်ပါပေါ့။ ဆြာစိုးလေးလည်း လေယာဉ်၊ ဗုံးဆံ၊ အမြောက်မှန်လို့ မသေပဲ အလုပ်တွေပိလို့ မာလကီးယားရမယ် ထင်ပါရဲ့။ ဟိုဘက်ဆေးရုံ၊ သည်ဘက်ဆေးရုံ ၂ ရက်ခြား တစ်ခါလောက် ပြေးလွှားကူးသန်းနေရင်းကနေ ခွဲခန်းကလည်း ပြေးပြေးဝင်ရသေးတာ။ မနေ့ကဆို ဆေးရုံကထွက်ခဲ့ပြီးမှ လူနာခေါ်ပြလို့ မလိုက်နိုင်ပဲ နေရစ်ခဲ့ရတယ်။ ဟစိဟစိ လူနာက တစ်ယောက်။ အူအတက်ယောင်တဲ့သူက တစ်ယောက်။ ခွဲလူနာရော၊ ill case ရော ရှိတော့ ဆေးရုံကခွါလို့ ဘယ်စိတ်ဖြောင့်မလဲ။ အိမ်မှာနေမကောင်းတာ တစ်လလောက်ရှိမှ လာသတဲ့။ အစာလည်းမဝင်၊ ရေလည်းမဝင်၊ ပက်လက်တောင် မအိပ်နိုင်။ ကမ္မဌာန်းရုပ်ကလေး။ ထုံးစံအတိုင်းပဲလေ။ လုပ်ချင်ရာတွေ လျှောက်လုပ်ပြီး သေခါနီးကျမှ ဆေးရုံသယ်လာတာ နေမှာပေါ့။ အခုလောလောဆယ်တော့ မသေအောင် နှာနှပ်ပြီး အရေးပေါ် အသက်ကယ်ထားဦးမယ်။ ရောဂါတော့ ကုရင်းဆက်ရှာကြတာပေါ့။
ဒီလောက်အသည်းအသန်ဖြစ်တဲ့လူနာဟာ ဆေးရုံနဲ့ နီးနီးကပ်ကပ် ရှိနေသားနဲ့ စောစောစီးစီး လာမပြတာ အကြောင်းတစ်ခုခု ရှိရမယ် ဆို စုံစမ်းကြည့်တော့ “ဘယ်လာရဲမလဲ။ သူက ဒလန်။” လို့ သတင်းသဲ့သဲ့ကြားရတယ်။ “ဆေးရုံပေါ်မှာထားလို့ စိတ်မချရဘူး။ ကြည့်ကောင်းအောင် ဆေးလေးဘာလေးပေးပြီး ပြန်လွှတ်လိုက်ပါ။” လို့ အကြံပေးတယ်။ မြွေပွေးကို ခါးပိုက်မပိုက်ရဘူး မဟုတ်လား။ ဒါပေမယ့် အခုမြွေပွေးက မသေမရှင်ဖြစ်နေပြီ။ မပေါက်နိုင်လောက်တော့ဘူး။ သူ့ဘာသူ နဂိုက ဘာဖြစ်နေနေ၊ ကိုယ့်ဆီရောက်လာတာ လူနာအနေနဲ့ လာတဲ့သူမို့လို့ ကိုယ့်ဘက်ကလည်း လူနာအဖြစ်ပဲ မြင်ရမယ်။ ကိုယ့်ဆေးရုံရဲ့ တည်နေရာက သူ လက်ထောက်မချလည်းပဲ လူတကာ သိပြီးသားမို့ လေယာဉ်နဲ့တောင် ဗုံးလာကျဲသွားပြီးပြီ။ ဒီလူနာက ခုနေခါ လေယာဉ်လာလည်း မထနိုင်မထူနိုင်တဲ့ အခြေအနေ။ “မကုရဲလို့ လက်မခံရဲလို့ ကြောက်ပြီးပြန်လွှတ်လိုက်တယ်။” လို့တော့ အပြောမခံနိုင်ပေါင်။ ဒီကနေ့အဖို့တော့ ဒီတောင်ကို ကျော်နိုင်အောင် အမောင်ကြိုးစား။ မသေဘူးဆိုရင် မနက်ဖြန်ကျ ဆက်ကုကြတာပေါ့။ ကိုင်း ကိုင်း လာ။ ခွဲလူနာဘက် ပြန်လှည့်ကြပါစို့။
ဆေးကောင်းဝါးကောင်း၊ အပြုအစုကောင်းလို့လား မသိပါဘူး။ အဲ့ဒီကောင် အသက်ပြင်းတယ်။ အဆုတ်မကောင်း၊ နှလုံးမကောင်း၊ အသည်းမကောင်း၊ ဆီးမကောင်း၊ ဝမ်းမကောင်းနဲ့တောင်မှ မသေကောင်း မပျောက်ကောင်း ရှင်နေတယ်။ ရောဂါတွေက စုံပလုံစိနေတော့ ကိုယ့်ဘာသာကုနေလို့မဖြစ်ဘူး။ အမျိုးမျိုးသော စမ်းသပ်စစ်ဆေးမှုတွေနဲ့ သမားတော်ဆီ အကြိမ်ကြိမ်အခါခါ ပြသတိုင်ပင်ရတယ်။ ကိုယ်တို့သမားတော်လေးကလည်း စက်သေနတ်နဲ့လွှတ်သလို ဆေးမျိုးစုံလင် ပဒေသာပင် ကုထုံးတင်ပြီးမှ အားနာသွားတယ် ထင်ပါရဲ့။ “ဆရာ့ဆီမှာ ဆေးရော အလုံအလောက် ရှိပါ့မလား။ အနည်းဆုံး ၂ ပါတ်လောက်တော့ ထိုးဆေးတွေ မနားတမ်းလိုက်ရမှာ။” တဲ့။ ဟောကြည့်။ City Mart Cashier လေး ပေသီးခေါက်ရပြန်ပြီဗျား။ ဆေးတွေက မရှိဘူး မဟုတ်။ ရှိတယ်။ သို့သော် သူ့အတွက် တစ်ရက်စာ ဆေးဖိုးကုန်ကျစားရိတ်က ကိုသိန်းကျော် ဖြစ်နေပြီ။ ကျော်တာမှ တော်တော်ကျော်တာ။ စုဆောင်းထားသမျှတွေ သူ့အတွက်ဖြစ်တော့မှာပဲ။ မှန်တာပြောရရင် ကြံ့ဖွံ့တို့၊ ဒလန်တို့၊ စစ်သားတို့၊ ရဲသားတို့ဆို တစက်ကလေးမှ စေတနာ မရှိပါဘူး။ သို့သော်လည်း ကိုယ့်အလုပ်က စေတနာ့ဝန်ထမ်းနေတာမဟုတ်ဘူး။ နိုင်ငံ့တာဝန်ကို ထမ်းရတာ။ စေတနာရှိရှိ၊ မရှိရှိ။ ဝတ္တရားတော့ ပျက်ကွက်လို့ မဖြစ်ဘူး။ ချစ်တဲ့သူကို ဆေးတွေပုံအောပေးပြီး ကြည့်မရတဲ့သူဆို “မရှိဘူး။ ကုန်ပြီ။” ပြောလွှတ်ရအောင် ပြည်သူ့ဆိုင်က စာရေးမလည်း မဟုတ်။ ကိုယ် ရှေ့က မဟုတ်မဟတ်တွေ လုပ်ပြရင် ကိုယ့်အောက်က အငယ်တွေက မဟုတ်တာတွေ အတုခိုးမိမှာပေါ့။ အဲ့ဒါကြောင့် ကုတယ်။ ရှိသမျှဆေးတွေ ပြပြပြီးတော့ကို ကုတယ်။ “ဒီမှာနော်။ ငါတို့ ထိုးတဲ့ဆေး။ နောက်နေ့ကျရင် အဲ့ဒါတွေ ပြန်ဝယ်ပေးနော်။ နောက်လူနာတွေ ပေးစရာ မရှိပဲနေလိမ့်မယ်။” ပေါ့။ ဝယ်မပေးလည်း ပါးစပ်ကပြောလိုက်ရတော့ စိတ်ပြေပါတယ်လေ။ နို့မို့ဆို “ကုန်သာကုန်၏။ လူမသိ။” ဖြစ်နေမယ်။ ဒီလိုလူနာမျိုး ကိုယ်တို့ဆေးရုံကို လာမှန်တာ လူကျည်ဆန်လို့တောင် ပြောလို့မရဘူး။ လူလက်နက်ကြီး လို့ ပြောရမှာ။ ဈေးတွေတက်၊ ဆေးတွေရှားပါတယ်ဆိုမှ။ ကုန်ပါပြီတော် မုန့်ဆီကြော်။
ဆရာစိုးကလေး အလုပ်တွေ သိပ်များနေတာ သနားလို့ ထင်ပါရဲ့။ ဒူဝါကြီးတွေ ဒူကဘာကြီးတွေက အအေးလည်းကပ်တယ်။ အပူလည်း ကပ်ပြန်တယ်။ Basic Medical Training သင်တန်းကျောင်းလေး ဖွင့်ပေးပါဦးတဲ့။ ဪ တစ်နှစ်တောင် လည်သွားပါပကောလား။ မနှစ်ကတုန်းက အနန့်ပါမှာ စာသွားသင်ခဲ့တယ်လေ။ အောင်မယ်လေး။ ဘာခက်တာလိုက်လို့။ မနှစ်က သင်ထားတဲ့ နုတ်စ်တွေ ကိုယ့်ဖုန်းထဲမှာ ရှိသေးတယ်။ မဖျက်ရသေးဘူး။ သိမ်းထားတာ။ “ကဲ ပြော။ ဘယ်တော့လဲ။ ရတယ် ရတယ်။” ဆိုတော့ “မဟုတ်သေးဘူး။” တဲ့။ ဒီတစ်ခါ ကိုယ်က ကျောင်းအုပ် လုပ်ရမှာတဲ့။ စာသင်တဲ့ ဆရာတွေလည်း ကိုယ့်ဘာသာ ရှာရမှာတဲ့။ ဟဲ့ အဲ့လိုတော့ မဖြစ်သေးဘူးလေ။ မနှစ်ကတုန်းက သင်တန်းပေးတာ ဆရာဝန်ချည့်ပဲ ၁၄ ယောက် ရှိတယ်။ တစ်ယောက် ၁၀ ရက်စီ အလှည့်ကျ သွားသင်ရင်တောင် ၂ ကျော့ပဲ ပြန်စရာလိုတယ်။ သင်ရိုးညွှန်းတမ်းလေး အကြမ်းဖျင်း ဆွဲပေးပြီး “ဆရာ ဒါ သင်မယ်။ မင်းတို့ ဒါလေးတွေ သင်ပေး။” ဆို ခွဲပေးလိုက်ရင် ပြီးပြီ။ အခုက ဘယ်သူမှလည်း မပါဘူး။ ကိုယ်ချည့်ပဲ သင်ရမှာ။ သေရချည်ရဲ့။ “မနှစ်က အုပ်ချုပ်ရေးအလုပ်၊ ရုံးအလုပ်တွေလုပ်တဲ့ ဒူချွန်ဆရာဝန်လေး နှစ်ယောက် ပြန်ခေါ်လေ။” ဆို “သူတို့က မရှိတော့ဘူး။ လိုင်ဆာပြောင်းသွားပြီ။ ပြန်လာမှာ မဟုတ်။” တဲ့။ “ဒါဖြင့်ရင် အဲ့ဒီသင်တန်းကို ဘယ်သူအုပ်ချုပ်မှာတုန်း။ ဒီက စာပဲ လာသင်ပေးနိုင်မှာ။ အခု လာပြောတာ ဘယ်သူလဲ။ ခများနေမှာလား အဲ့ဒီသင်တန်းမှာ။” ဆိုတော့ “ကျနော်က သင်တန်းဖွင့်ပွဲလုပ်ပေးပြီးရင် ပြန်မှာ ဆရာကြီး။ ဟိုမှာလည်း အလုပ်တာဝန်တွေ ရှိသေးလို့။” တဲ့။ ကိုယ်တွေက ဘာတာဝန်မှ မရှိပဲ အားယားနေတာမို့ သူများခိုင်းသမျှ မငြီးမငြူ ထိုင်လုပ်ပေးရမှာပေါ့။ ဟုတ်စ။
“မလုပ်နိုင်ဘူး။” လို့ ခပ်ပြတ်ပြတ် တစ်ခွန်းတည်း ငြင်းရမယ့် ကိစ္စကို မငြင်းမိတဲ့အတွက် အဲ့ဒီသင်တန်းကြီးက ဖွင့်ဖြစ်သွားပါတယ်။ ကိုယ်ကလည်း စာတွေ သင်ဖြစ်ဦးမှာပါ။ notes တွေ ပြန်ရေးပြီး အဆင်သင့်ကို ပြင်ထားပါတယ်။ အချိန်ဇယားတွေဆွဲပြီး ဘာကို ဘယ်နှစ်ချိန်သင်မယ်။ တိုင်ပင်ကိုက်ထားပြီးသား။ တစ်ခုပဲ ရှိတယ်။ ဆေးရုံမှာ ခွဲလူနာ ရှိရင် အဲ့ဒီလူနာကြီးကိုပစ်ပြီး စာသွားမသင်နိုင်ဘူး။ အဲ့ဒီအတွက်တော့ ကိုယ့်ဘာသာ စီစဉ်ကြ။ စီစဉ်မပေးနိုင်ဘူး။ နောက်တစ်ခုက သင်တန်းကျောင်းက ကိုယ့်ဆေးရုံမှာ မဟုတ်ဘူး။ တခြားနေရာမှာ။ မဝေးဘူးဆိုပေမယ့် နီးလည်း မနီးဘူး။ နေ့တိုင်း သွားရပြန်ရမယ့် တောလမ်းခရီးက အသက်ထွက်မတတ် ပင်ပန်းမယ်။ လုပ်နိုင် မလုပ်နိုင်။ ကိုယ်ကိုယ်တိုင်တောင် မသိသေးဘူး။ လုပ်ကြည့်မှ သိမှာ။ သေချာတာကတော့ ကိုယ့်တစ်ယောက်တည်း အစအဆုံး ရုန်းရရင် ဟိုးအစက ပြောခဲ့သလို သေနတ်မှန်၊ ဗုံးမှန်လို့ မသေပဲ အလုပ်ပိသေသွားမှာ။
မနိုင်ဝန်မို့ ကူကြပါဦး။ ကယ်ကြပါဦး။ CDM လုပ်ထားတဲ့ teaching side က ဆရာဝန်တွေ မရှိဘူးလား။ တစ်လလောက်ဖြစ်ဖြစ် လာကူပါ။ အကူအညီတောင်းတော့လည်း “ဒီအချိန်ကျမှတော့ ဘယ်သူက လာမှာလဲ။ ဇွန်းမီတင်နဲ့ သင်ပေးမယ်လေ။ on line course တွေ ပို့ချမယ်လေ။” ပဲ ကြားရတယ်။ ဟုတ်ပါတယ်။ မဖြစ်နိုင်ပါဘူး။ ကိုယ်လည်းပဲ ဖြစ်နိုင်လိမ့်မယ် မထင်ပါဘူး အဲ့ဒီသင်တန်းကြီးကို။ လူရှာမရရင် ပျက်သွားမှာပါ။ သို့ပေမယ့် သင်တန်းသားတွေတော့ ရှာလို့ရတဲ့အတွက် အဲ့ဒီသင်တန်းကြီးက စထားနှင့်ပြီဗျ။ ဘယ်တတ်နိုင်မလဲ။ သင်ရုံပဲ ရှိတော့တာပေါ့။ နောက်ပြဿနာ နောက်မှ ကြည့်ရှင်းမယ်။ အဲ့ဒါ ကိုယ့်အပူ မဟုတ်ဘူး။ သူတို့ အပူ။ အခု လိုင်းပေါ်မှာ ဒီစာကို တက်ရေးတယ်ဆိုတာ သူတို့လုပ်ပုံကို အပြစ်တင်ဖို့ မဟုတ်ဘူး။ ကိုယ့်ကိုကူဖို့ လူရှာချင်လို့။ ငုတ်လျှိုးပုန်းရှောင်နေတဲ့ သင်ကြားရေးဆရာဝန်များ ရှိရင် ဒီစာကိုဖတ်မိပြီး ကိုယ့်ဆီမှာ လာကူလေမလား မျှော်လင့်ချက်နဲ့။ မလာတော့လည်း ဘယ်တတ်နိုင်မလဲ။ လာရင် အမြတ်။
ကြင်စိုးတစ်ကောင် အာဏာထသိမ်းတာ ကိုယ်တို့တိုင်းပြည်ရဲ့ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာ ပက်ပက်စက်စက်ကို ယိုင်လဲကျိုးပဲ့ကုန်တယ်။ ဆယ်ဇင်းက ကလေးတွေ စစ်ပြေးနေရလို့ ကျောင်းမတက်ရတာ ၂ နှစ် ရှိပြီ။ NUG ကျောင်းက အတန်းကို နန်းစိန်ကျောင်းက အသိအမှတ်မပြုဘူး။ အခု စစ်ဖြစ်တော့ နန်းစိန်တွေလည်း ကျောင်းပစ်ပြေးရတာပဲ။ ဟိုဘက်ကလည်း စာသင်မယ်ဆို ဇွန်း မှ ဇွန်း။ ဟိုဘက်ဇွန်း သည်ဘက်ဇွန်း၊ ဇွန်းချင်းတိုက်ပြီး အဖတ်ဆည်မရတာ သူတို့မသိ။ ဇွန်းဇွတ်ဇွတ်ဇွန်းတွေ။ ဇွန်နီလာဌေးကြီး ဆဲသလောက်များ viewer များရင် ခက်ဦးမယ်။ စစ်ပွဲတွေရှိတော့ လူနာတွေများတယ်။ Medics တွေ လိုတယ်။ မြို့ပေါ်က တော်ပြီးသား တတ်ပြီးသားတွေက နိုင်ငံခြားပဲ ထွက်အလုပ်လုပ်ကြမှာ။ တောထဲ ဘယ်သူမှ ဆင်းမလာဘူး။ တောထဲက လူနာတွေကယ်ဖို့ တောထဲကလူတွေကိုပဲ လေ့ကျင့်သင်ကြားပေးမှ ရမယ်။ အဲ့ဒါ ကျန်းမာရေးလည်း ဟုတ်တယ်။ ပညာရေးလည်း ဟုတ်တယ်။ ဒါကြောင့် သင်ပေးရမှာပဲ။ မနှစ်က သင်ပေးလိုက်တဲ့ကလေးတွေ အခု ရှေ့တန်းမှာ ဆေးတပ်သားလုပ်နေပြီ မဟုတ်လား။ စပါးတောင် တစ်နှစ်တစ်ခါ စိုက်ရသေးတဲ့ဥစ္စာ။ သင်ပါလေဦး နောက်တစ်နှစ်။ မျိုးစေ့ကို ကြဲချရင် အပင်တွေ ပေါက်လာလိမ့်မပေါ့။
ဒီအလုပ်ကို ဘာလို့ မငြင်းသလဲ။ အဲ့ဒါကြောင့်ပါပဲ။ ပင်ပန်းပါတယ်။ ဆင်းရဲပါတယ်။ မနိုင်ဝန်မှန်းလည်း သိပါတယ်။ လွယ်မယ်ထင်လို့ လုပ်တာ မဟုတ်ဘူး။ ပိုက်ဆံရလို့ လုပ်တာ မဟုတ်ဘူး။ ကိုယ်မှ မလုပ်ရင် ဘယ်သူမှ လုပ်မယ့်သူ မရှိလို့ လုပ်ရတာ။ လုပ်မယ့်သူမရှိရင် သောက်သောက်လဲ သေကုန်မှာစိုးလို့ လုပ်ရတာ။ ဘေးပတ်ဝန်းကျင်က ဝိုင်းကြ၊ ကူကြ၊ ပံ့ပိုးကြရင်တော့ သက်သာတာပေါ့။ မြန်တာပေါ့။ ဝမ်းသာတာပေါ့။ မကူတော့လည်း ဘယ်တတ်နိုင်မလဲ။ ကိုယ့်ဘာကိိုယ် မဖြစ်ဖြစ်အောင် လုပ်ရမယ့်ကိစ္စ။ တွက်ကပ်ကြေးနှိုင်းနေလို့ ပြီးမှာမှ မဟုတ်တာ။ သူများလာမကူလို့ လက်မှိုင်ချပြီးနေမယ့် အစား မဟုတ်သလို သူများလာခြောက်လှန့်ပိတ်ပင်လို့ ကြောက်လန့်တကြား ထွက်ပြေးမယ့်သူလည်း မဟုတ်ဘူး။ “အဓိပ္ပါယ် မရှိဘူး။ မဖြစ်နိုင်ဘူး။” ဘေးကလူတွေ ဘာပဲပြောပြော၊ မောရင် ရပ်သွားလိမ့်မယ်။ ကိုယ်ကတော့ မမောတတ်ဘူး။ ဆက်လုပ်ဦးမှာ။
တော်လှန်သက် ၃ နှစ်ပဲ ရှိသေးတဲ့ CDM ဆရာဝန်တစ်ယောက်တောင် အဲ့ဒီစိတ်ထား ရှိသေးရင် အနှစ် ၇၀ လောက် လက်နက်ကိုင် ဆန့်ကျင်လာတဲ့ EAO တွေရဲ့ စိတ်ထဲမှာ တရုတ်ကြီးဆီကနေ “ကိုကို မကြိုက်ဘူး ဒါမလုပ်နဲ့ဆို။ ဟုတ်ကဲ့ ကိုကို။” ဖြစ်နိုင်ဖို့ အဝေးကြီးပါဗျာ။ သိုင်းဝတ္ထုတွေ အဖတ်များပြီး လက်တွေ့မကျတဲ့ သိုင်းကွက်တွေနဲ့ ဗျူဟာခင်းမနေပါနဲ့တော့။ ခများတို့ တားလို့လည်း ရပ်သွားမှာ မဟုတ်ဘူး။ အမေရိကန်က လာမကူလို့လည်း ငုတ်တုတ်ထိုင် မနေဘူး။ “မဖြစ်နိုင်ဘူး။ မလုပ်နိုင်လောက်ဘူး။” လို့ ကိုယ့်ဘာသာကိုယ် သိနေရင်တောင် ကိုယ်မှမလုပ်၊ ဘယ်သူမှ လုပ်မယ့်သူ မရှိတာကြောင့် သေခါမှ သေပစေ။ မသေမချင်းတော့ လက်မလျော့တမ်း ဆက်လုပ်သွားရမှာပလေ။ ကိုင်း မစောကြည်ရေ။ ရေဗက္ကာဝင်း သီချင်းလေး ဖွင့်ပေးလိုက်တယ်။ ဘာသာပြန်ပေးလိုက်ဦးနော့။
“မင်းနှိုးတော့ နိုးလာ
မင်းနောက် တကောက်ကောက်
လိုက်လို့ပါ
မင်းသွားတဲ့ဘက်သွားပါ
မင်းကွေ့တဲ့ဘက် ကွေ့လိုက်ပါ
မင်းစိတ်ကြိုက်မောင်းပါ
သော့တပ်ထားတဲ့ ငါ့ဘဝ
မင်းရဲ့ကားလို ထင်နေလား။”