ကောင်းတဲ့သတင်း နဲ့ စရမယ် ဆိုရင်ဖြင့် ဒီနေ့ (၁.၈.၂၄) မှာ ချန်ဂင်ဆေးရုံ(၂) ကို ပွဲဦးထွက်ပါတယ်။ အခု ဆေးရုံ စတုန်းကလိုပဲ ဆေးဝါးစုံစုံလင်လင်နဲ့ OPD လေးက အစပြုရင်း အတွင်းလူနာတင်ဖို့၊ မွေးခန်းလေး၊ ခွဲခန်းလေး တစ်ခုချင်းစီ ချဲ့ချဲ့ယူသွားမှာပေါ့။ နို့မို့ဆို အဲ့ဒီဘက်ကလူတွေက ဆရာဝန်ရှိတဲ့၊ ဆေးရုံရှိတဲ့ဆီ လာမပြပဲ သူတို့ဆီလာကုပေးဖို့ချည့်ပဲ ကြိမ်စကြာနဲ့ ရိုက်ခေါ်သလို ခေါ်နေတာ။ လူမရောက် ဂူကျောက်ချောင် တောင်ကတုံးမှာတောင် ကိုယ့်တဲကိုယ် ထရံရိုက်ပြီး ဆေးရုံထောင်လာသေးတာ။ လျှပ်စစ်မီး၊ ကတ္တရာလမ်း ရှိတဲ့ မြို့ပေါ်မှာ ဆေးရုံထောင်ရမှာ ဘာကြောက်စရာ ရှိမှာလဲ။ ဆယ်ဇင်းတုန်းကလည်း ရွာကခေါ်လို့ ကိုယ်တွေ ရောက်လာရတာလေ။ တိုက်ပွဲအခြေအနေတွေနဲ့ နယ်မြေမအေးချမ်းတဲ့ကာလကြီးမှာ နဂိုရှိတဲ့ ဆရာဝန်တွေ၊ ဆရာမတွေလည်း ထွက်ပြေးသွားကြပြီ။ လူတွေကလည်း ဒီဘက်ကဖြစ် ဟိုဘက်ပြေးလိုက်။ ဟိုဘက်ကဖြစ် ဒီဘက်ပြေးလိုက်နဲ့ စစ်ရှောင်ရင်း စစ်ပြေးရင်း နာကြဖျားကြတော့ ဒုက္ခရောက်ကြတယ် မဟုတ်လား။
ကိုယ်တို့ဘက်က ကူညီဖို့ အဆင်သင့်ရှိပေမယ့် ဆေးလာကုပေးမယ့် ကိုယ့်အဖွဲ့သားတွေ လုံခြုံရေးကတော့ အဓိကထားရမှာပါပဲ။ နေရာအတိအကျ သတင်းပေါက်ကြားလို့ မရဘူး။ လေယာဉ်နဲ့ ဗုံးလာကျဲမှာ။ စိတ်ချရတဲ့အချိန်တစ်ခုအထိ ကိုယ်ရောင်ဖျောက်ထားရလိမ့်မယ်။ ဆယ်ဇင်းတုန်းကလည်း ကိုယ့်ရဲ့ လုံခြုံရေးကို ဘယ်လောက် ဂရုစိုက်ခဲ့ရသလဲ “လှထုံတို့ရွာ” ကို ပြန်ဖတ်ရင် သိမှာပါ။ ဒီမှာ ကိုယ် ဘာပဲလုပ်လုပ် လုံခြုံရေးကို ထိပ်ဆုံးက စဉ်းစားခဲ့လို့ ခုထက်ထိ အသက်ရှင်နေတာ။ ငါးစာလည်း မြင်တယ်။ ငါးမြားချိတ်လည်း မြင်တယ်။ ကိုယ့်ဆီကလူတွေကို ကိုယ်ကိုယ်တိုင် သွားမကြည့်ပဲ ဘယ်ကိုမှ မျက်နှာလွှဲ ခဲပစ် မလွှတ်ဘူး။ ကိုယ်တိုင် မသွားနိုင်တဲ့နေရာကိုလည်း ဘယ်သူ့ကိုမှ မသွားခိုင်းဘူး။ စိတ်ကူးယဉ်နေတာ မဟုတ်ဘူး။ လက်တွေ့အလုပ်လုပ်နေတာ ဖြစ်တဲ့အတွက် နယ်မြေအခြေအနေတွေကိုယ်တိုင် သိထားဖို့ လိုတယ်။ ဘာလိုအပ်တယ် ဘာလိုချင်တယ် ဆိုတာလည်း ကိုယ်မရောက်ဖူးရင် ဘယ်လိုလုပ် သိမလဲ။
အရေးကိစ္စတိုင်းဟာ တသမတ်တည်း လှေနံဓါးထစ် ဈေးမဆစ်စတမ်း အသေမှတ်ထားရတာတော့ မဟုတ်ပါဘူး။ သူ့ဘက်က အခြေအနေ၊ ကိုယ့်ဘက်က အခြေအနေ၊ မြေပြင်စစ်ရေးအချက်အလက်တွေပေါ် မူတည်ပြီး ဆုတ်သာတက်သာ ရှိပါတယ်။ ဥပမာ ပြောရရင် အခုရက်ပိုင်း ကိုယ်တို့ လေယာဉ်ကြောက်စရာ မလိုဘူး။ လားရှိုးမှာ အသည်းအသန် မည်းနေရလို့ ကိုယ်တို့ဘက် မလှည့်နိုင်သေး။ ဟိုမှာတောင် စစ်သုံ့ပန်း ၄၇၀၀ ကျော် နဲ့ အလံဖြူထောင် လက်နက်ချထားရတာ အရှုံးကို လက်မခံနိုင်လို့ ပဋာမြေလူး ဘူးခံငြင်းနေတုန်း။ တိုင်းမှူးကိုတောင် လွတ်အောင် မကယ်နိုင်တဲ့ ဘဝ။ စကခမှူးကိုယ်တိုင် ဟာရာကီရီ လုပ်နေရတဲ့ အဖြစ်။ စစ်ခေါင်းဆောင်ကိုယ်တိုင်က ကျူးကျော်စစ်ကြီးပါ လို့ ထအော်ပြီး ဘယ်သူ့ကြောင့်ပါ လို့ တရားဝင်မပြောရဲတော့ ဟိုလူလိုလို သည်လူလိုလို နဲ့ စောင်းချိတ်စွပ်စွဲနေရရှာတယ်။ ရုရှား ကယ်ပါ။ R2P ဝင်ပါ။ ဖျာတန်းမီးလောင်နေလိုက်ကြတာ မြင်မကောင်းဘူး။ သူတို့ကို ဝမ်ယိပါပါးက ကန်ထုတ်လိုက်ပြီလေ။ ခွေး အဖေခေါ်စရာမရှိ ဖြစ်နေတာ။ သေချာတာကတော့
ခုအချိန် စကစ က ကောင်တွေ ကိုယ့်ဆေးရုံ ဘယ်သူမှ မျက်စောင်းမထိုးအားတော့ဘူး။ သူတို့ဟာသူတို့ ပျားတုပ်နေတယ်။ ကိုယ့်ဘက်က သတိထားစရာ SNA တစ်ဖွဲ့ပဲ ရှိမယ်။ အဲ့ဒီအဖွဲ့က လေယာဉ်မရှိဘူး။ ဒရုံးပဲ ရှိတာ။ အသွားအလာ ဆင်ခြင်။ ဒရုံးတထောက်စာ အကွာအဝေးမှာ မနေနဲ့။ ကျန်တာကတော့ စစ်ရေးအခြေအနေကို မီးစင်ကြည့် က ပေါ့။
“ဆရာဝန် မရှိဘူး။ ဆေးလာကုပေးပါ။” ဆိုတာက ပြောရလွယ်တယ်လေ။ ကိုယ်တို့ကလည်း မလာနိုင် မကုနိုင်တာ မဟုတ်ဘူး။ လူလည်းရှိတယ်။ ဆေးလည်း ရှိတယ်။ သို့သော် ဆေးရုံမှာ လူနာခွဲနေတုန်း drop bomb နဲ့ လာချရင် ဘယ်သူက ကာကွယ်ပေးမှာလဲ။ သူများက ပါးစပ်ကလေးစိုက်ပြီးတောင်းတာကို ကိုယ့်ဘက်က အသက်နဲ့ပေးရလို့ မဖြစ်သေးဘူး။ လမ်းကြောင်း ရှင်းပေး။ နယ်မြေ ရှင်းပေး။ ရှင်းရင် ထွက်ခဲ့မယ်။ မရှင်းရသေးရင် ကိုယ့်ဆီရောက်အောင် လာကုပေါ့။ ဘယ်လောက်မှလည်း ဝေးတာ မဟုတ်ဘူး။ မရောက်ဖူး မလာဖူးတဲ့သူတွေလည်း မဟုတ်။ အဲ့သလောက် ငြင်းနေရင်းကမှ ချန်ဂင် (၂) တစ်ရုံ ထပ်ဖြစ်လာတာ မြင်တဲ့အတိုင်းပဲ။ ဒီ့ထက်ပိုပြီး အေးချမ်းတဲ့ အခြေအနေရှိရင် ဒီ့ထက်ပိုကြီးတဲ့ ဆေးရုံမှာ တက်ကုမယ်။
ဆေးရုံတစ်ရုံတောင် မနည်းရုန်းနေရတဲ့အထဲမှာ ဆေးရုံ ၂ ရုံစာ ဆေးရှာရတဲ့ အခက်အခဲကတော့ ဘာပြောကောင်းမလဲနော်။ နောက်ဆေးရုံက မြို့ပေါ်ဆိုတော့ လူနာပိုတောင်များသေးတယ်။ ကားလမ်းတွေ အခါခါပိတ်၊ အင်တာနက်လိုင်းပိတ်၊ ဖုန်းလိုင်းတွေပါပိတ်နဲ့ဆိုတော့ ဆေးလည်းမှာမရ၊ ငွေလည်းလွှဲမရ။ ဒေါ်လာဈေးက ၅၀၀၀ ကျော်နဲ့ ဆေးကုမ္ပဏီတွေလည်း မလည်ပတ်နိုင်။ ဓါတ်ဆီ၊ ဒီဇယ် က ဝယ်လို့မရ။ နောက်ဆုံးတော့ ဖြစ်သမျှပျက်သမျှ ပြဿနာအားလုံးရဲ့ အဖြေဟာ မင်းအောင်လှိုင်ဆီမှာ “နင် သေမှ အေးမယ်၊” ဆို လမ်းဆုံးနေတယ်။ “စစ်ပွဲကို မြန်မြန်ပြီးအောင် တိုက်ကြပါလား။ ကျန်တာ နောက်မှ လုပ်ကြမယ်လေ။” ဆိုတာမျိုးကလည်း လုပ်လို့မရ။ မွေးလူနာ၊ ခွဲလူနာ၊ ထိခိုက်ဒဏ်ရာရလူနာတွေက ဘယ်ကိုမှ သွားစရာ မရှိဘူး။ အဲ့ဒါ ကိုယ့်စစ်ပွဲပဲ။ ကိုယ့်ဘာကိုယ် နိုင်အောင်တိုက်ဖို့ အရေးကြီးတယ်။ မူလနှစ်ဖြာ အဆိုတော်ကြီး ဆိုသလို “နင့်အလုပ် နင်လုပ်။ ငါ့အလုပ် ငါလုပ်။” နဲ့ အားတင်းထားရတယ်။
အားပျက်အားလျော့စရာတော့ မရှိပါဘူး။ စိတ်ဓါတ်ကျပြီး သတ်သေရတာက ဟိုဘက်မှာပါ။ ပြည်သူက စစ်တပ်ကို ဆန္ဒပြတဲ့ခေတ်ကနေ စစ်တပ်က နေ့စားငှါးပြီး ပြည်သူကို ဆန္ဒပြန်ပြနေရပြီ။ မျက်စိအောက်မှာတင် တနေ့တခြား ပြိုကျလာတဲ့စစ်တပ်ကို အရသာခံပြီး ထိုင်ကြည့်နေရတဲ့အချိန်။ သူ့အင်အားတောင် ပြန်စုစည်းလို့မရနိုင်ပဲ သူများကို ဘယ်လိုစစ်တိုက်နိုင်မှာလဲ။ စစ်တပ်ကတောင် ကနေ့နက်ဖြန် မရေရာတဲ့ အခြေအနေမှာ SNA က ဦးဆောင်ထကြွဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။ ဒီအတောအတွင်း ရန်ဘေးကင်းရှင်းသခိုက် ကိုယ်တို့လုပ်စရာရှိတာတွေကို တွန်းလုပ်ထားရမယ်။ ဆေးရုံအသစ်က တစ်နေ့ လူနာ ၁၀၀ နီးပါး ကြည့်နေရတာ ဆေးတွေမပြတ်အောင် ဖြည့်ထားမှ ဖြစ်တော့မယ်။ စစ်ရေးတစ်ခုတည်းနဲ့ ပွဲမပြီးဘူး။ နိုင်ငံရေးဘက်ကလည်း အနိုင်ရမှ။ အုပ်ချုပ်ရေးမဏ္ဍိုင်တွေ ခိုင်မာအောင် ထူထောင်တည့်မတ်နိုင်မှ ရမယ်။ အလုပ်တွေပိုများပြီး တာဝန်တွေ ပိုပိလာလို့ အားတင်းထားရတယ် လို့ ပြောတာ။ စိတ်ပျက်အားလျော့လို့ မဟုတ်ဘူး။
လူနာတွေကို ဆေးကုတယ်ဆိုတာက သစ်ပင်တစ်ပင်ချင်း ကို အာရုံစိုက်တာ။ ဒီလူနာ ဘာဖြစ်သလဲ။ ဘာလုပ်ပေးလိုက်သလဲ။ ကောင်းသွားတယ်။ ဆိုးသွားတယ်။ ပျောက်သွားတယ်။ ပြန်သွားတယ်။ သေတဲ့အခါလည်း သေသွားတယ်ပေါ့။ ဆေးရုံကို စီမံခန့်ခွဲတာကျတော့ တောအုပ်တစ်ခုကို ပြုပြင်တာနဲ့ တူသွားပြီ။ ကိုယ့်ဆေးရုံက ဘယ်လို level မျိုးအထိ service ပေးနိုင်သလဲ။ ဘယ်အထိအောင် တိုးချဲ့မလဲ။ လိုအပ်ချက်တွေ အကုန်ဖြည့်ဆည်းရတယ်။ အချွတ်အချော်အတိမ်းအစောင်း မရှိ ကွပ်ကဲရတယ်။ အမှားအယွင်း မြင်အောင်ကြည့်ပြီး ပြုပြင်ရတယ်။ လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းတွေအကြောင်းလည်း မျက်ခြေပြတ်လို့ မရဘူး။ ကိုယ်တိုင်လုပ်ကြည့်မှ သိတာလေ။ ဆေးရုံအုပ်တွေက CDM လုပ်တဲ့ထဲ မပါဘူးလား။ ပါရင် လာကြလေကွယ်။ ဆေးရုံတွေ ပြန်သိမ်းကြရအောင်။ ကိုယ်တို့လည်း စစ်ကောင်စီ သဘောကျ၊ မဟုတ်ကဟုတ်က စာတွေထိုင်ထုတ်နေတဲ့ မြန်မာပြည်ဆေးကောင်စီတို့၊ သူနာပြုနဲ့သားဖွားကောင်စီတို့ကို ဆန့်ကျင် တော်လှန်ရဦးမှာ မဟုတ်လား။ အလိုကွယ်။ အဲ့လိုသာဆို ဦးသက်ခိုင်ဝင်း ဘေးမှာ “မှန်လှပါဘုရား။” လုပ်နေတဲ့ နေပြည်တော်က ရုံးကြီးတစ်ရုံးလုံး ရှိပါသေးတယ်။ ဒါကြီးတွေကျ အလှထိုင်ကြည့်မလို့လား။ အေးလေ။ အဲ့ဒါကြီးတွေ မကြည့်ချင်ရင် သူတို့ကို ကန်ထုတ်လိုက်တဲ့အခါ အဲ့ဒီနေရာမှာ အလုပ်လုပ်ဖို့ ကိုယ့်လူကိုယ့်ဘက်သားတွေလည်း ရှိရမှာ မဟုတ်ဘူးလား။
တိုင်းပြည်ထူထောင်တဲ့အခါမှာ လူထုအားကို အများကြီးလိုသည် လို့ တကြော်ကြော်အော်ခဲ့တာ ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်ကတည်းကပါ။ နိုင်တဲ့ဘက်က ကူစေချင်ပါတယ်။ ကိုယ်တို့လည်း ပင်ပန်းလှပြီမို့ပါ။ မြို့တွေ တစ်မြို့ပြီးတစ်မြို့ သိမ်းပြီးသွားတဲ့အခါ ဆေးရုံတွေ တစ်ရုံပြီးတစ်ရုံ ကိုယ်ပိုင်ရပ်တည်နိုင်ဖို့ ကြိုးစားကြရတော့မယ်။ ကိုယ့်ဆေးရုံအတွက် လိုအပ်သမျှ ကိုယ့်ဘာကိုယ် ရှာဖွေစုဆောင်းရလိမ့်မယ်။ ဝန်ထမ်းလစာတွေတောင် နေပြည်တော်က ဆက်ပေးနေဦးမယ် ထင်လို့လား။ ထွက်ပြေးသွားတဲ့ နန်းစိန်တွေအတွက် ကိုယ်ကချည့်ပဲ လူအင်အား ဆေးအင်အားဖြည့်ပေးရမယ်ဆိုတာ အဓိပ္ပါယ်မှ မရှိပဲနဲ့။ ဘယ်သူမဆို ကိုယ်ထူကိုယ်ထ ကြိုးစားကြရမှာချည့်ပဲ။ ကိုယ်လည်း ကိုယ့်ဘာကိုယ် ကြိုးစားရပ်တည်နေတာ ကနဦးအစကတည်းကပါ။ ရှေ့ဆက်ပြီး ပိုလို့တောင် ရုန်းကန်ရဦးမယ်။
အရှုံးသမားတွေရဲ့ ကောက်ကျစ်ယုတ်မာမှုတွေအတွက် ကိုယ်တို့မှာ တာဝန်မရှိသော်ငြားလည်း သူတို့ထားခဲ့တဲ့ဝန်ထုပ်ဝန်ပိုးတွေကို ကိုယ်တွေက ဆက်သယ်ရပိုးရတယ်။ လက်တွေ့ဥပမာပြရရင် လားရှိုးက ကုတင် ၁၀၀ စစ်ဆေးရုံ ကိစ္စ။ လက်နက်ကြီးလက်နက်ငယ်တွေနံ့ ဆေးရုံထဲမှာ အထိုင်ချပြီး ခံစစ်ပြင်တာ ရမခ က စစ်ဗိုလ်ကြီးတွေလုပ်တာ။ လူနာတွေကို အကာအကွယ် ယူချင်လို့။ စစ်ရှုံးလို့ ထွက်ပြေးရတဲ့အခါ လူနာတွေကို ဘေးလွတ်ရာ အရင်ပို့ရမှာက သူတို့တာဝန်။ စစ်ဆေးရုံလေ။ ဘယ်လိုလူနာတွေပဲ တင်ကုသလဲ လူတိုင်းသိတယ်။ ဒါပေမယ့်လည်း သူ့လူသူ စွန့်ပစ်သွားတော့ သူတို့စွန့်ပစ်ခဲ့တဲ့လူနာတွေကို MNDAA က ကယ်ထုတ်ရတယ်။ ကယ်လည်းကယ်ရသေး။ ကျေးဇူးမတင်တဲ့အပြင် “အဲ့ဒီလူတွေကို သတ်ပစ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေ၊ ကလေးသူငယ်တွေ ပါပါတယ်။” ဆိုပြီး Eleven Media ကနေ သတင်းအလိမ်အညာတွေ တင်လို့ ကိုးကန့်တွေခမျာ လူနာတွေ ထမ်းတဲ့ဗီဒီယိုဖိုင်တင်ရ၊ အလင်းဝင်တဲ့ စစ်ဗိုလ်ဆရာဝန်တွေကို အင်တာဗျူးပြရ။ တော်တော်ဖြေရှင်းယူရတယ်။ ဒီသတင်းလိမ်ကြီးကို အတည်ယူပြီး ဘယ်ဆရာဝန်သတ်သတ်၊ ဘယ်တုန်းကမှ သောက်ဖက်လုပ်ဖော်မရတဲ့ မြန်မာပြည်ဆေးကောင်စီကြီးက ကန့်ကွက်ပါတယ် စာထထုတ်ပြန်ရော။ လောက်ကိုင်က ကိုးကန့်ဆေးရုံကို တိုက်ပွဲမဖြစ်ပဲ လေယာဉ်နဲ့ ဗုံးသွားကျဲတာကျတော့ သဘောတူထောက်ခံတဲ့သဘောပေါ့ ဟုတ်လား။ ဟောဒီကမ္ဘာလောကမှာ၊ ဟောဒီ သံသရာတကြောမှာ မအလ စစ်သားတွေလောက် ယုတ်မာကောက်ကျစ် အောက်တန်းကျသော သတ္တဝါအစုအဝေးတွေ ဘယ်ဘုရားသခင်လက်ထက်မှာမှ မကြားဖူးခဲ့ဘူး။ တစ်ကိုင်းတည်း နားချင်တဲ့သူ ရှိရင် လိုက်သာသွား။ မနေခဲ့နဲ့။
ရမခ ကျသွားလို့ သူတို့စိတ်ဓါတ်အင်အားတွေ ပြိုကွဲသွားတဲ့အချိန်မှာ နပခဘက်မှာလည်း အကြိတ်အနယ် စစ်ပွဲတွေ ဆက်ဖြစ်နေပါသေးတယ်။ အင်တာနက် မရှိလို့သာ သတင်းတွေ မသိရတာ။ အခုအတိုင်းလေး ဘာမှ မဖြစ်သလို ငါးထောင်စားတွေနဲ့ ပွဲခင်းပြီး ထမင်းလွတ်ကလေး ရူးနေတာ ပိုသဘောကျပါတယ်။ စစ်တိုင်း ၂ တိုင်းလောက်ကျရင် ကျန်တာတွေလည်း အလိုလို ပြိုဆင်းလာတော့မယ့်ဥစ္စာ။ လတ်တလောအခြေအနေမှာတော့ မတ္တရာ နဲ့ ပုသိမ်ကြီးကို သိမ်းထားတယ်ဆိုတာ မန္တလေးနဲ့ အလွန်နီးကပ်သော အနေအထားကို ရောက်နေပါပြီ။ နန်းတွင်းက စစ်ဗိုလ်တွေ ကိုယ့်အရိပ်ကိုယ်ပြန်ကြောက်ရတာ နေစရာတောင် မရှိဘူး။ ဒီတစ်ခါတော့ ဘုန်းကြီးမှားပစ်မိတာ မဟုတ်ဘူး။ ကိုယ့်အချင်းချင်း မှားပစ်မိသတဲ့။ ကားပေါ်ကလူကို ဆိုင်ကယ်နဲ့ လိုက်ပစ်တာ။ လူမှားတာရော ဟုတ်ကဲ့လား။ စာရင်းရှင်းတာလည်း ဖြစ်နေဦးမယ်။ လက်နက်ချမယ် တိုင်ပင်နေတုန်း သတင်းပေါက်ကြားလို့ တစ်ဖွဲ့လုံး ဆွဲစိထားရတာက ရှိသေး။ ကိုယ့်အချင်းချင်းတောင် ဘယ်သူ့ကိုမှ ယုံလို့မရတော့ဘူး မှလား။ ဒေါ်စိန်အေးသားတွေ ခုရက်ပိုင်း အိမ်စာလေ့ကျင့်ခန်းအသစ်လေ့လာနေကြတာ အဆန်းကြီးကွယ်။ ပြောင်းတိုကို ပါးစပ်ထဲငုံပစ်တာက “အငုံ” လို့ ခေါ်သတဲ့။ နားထင်ကို တေ့ပစ်တော့ “အတေ့” လို့ ခေါ်သတဲ့။ အတိုမပါ အရှည်ချည့်ပဲ ရှိရင် ဘယ့်နှယ့်လုပ်ကြမတုန်း။ ကော့ကရိတ်က စစ်ကူလာတဲ့ဘဲရီး အဲ့တစ်ကွက်တော့ ပြမသွားဘူး။ ကျန်း။ ဗိုက်မှာထောက်ပြီး ခြေမလေးနဲ့ ခလုပ်ဆွဲလို့ရလား။ လုပ်ကြည့်စမ်းပါဦး။ ယောက်ဖရေ။ ငါ မင်းကို ပစ်ပေးမယ်။ မင်း ငါ့ကို ပစ်ပေးကွာ။ အောင်မယ်။ မသေခင် BL ကားလေးတောင် ရိုက်သွားလို့ရသေး။ မနေခဲ့နိုင်ဘူး။ မထားခဲ့ရက်ဘူး။ အတူတူသေမယ့် ဇာတ်လမ်းလေး။ ရေတံခွန်တောင်လောက်မှာ ရှုတင်တည်မှ ထင်တယ်။
“မန္တလေးကို လိုက်ခဲ့မလား အကို။
တဘောင်စကားနှယ်
အောင်ရမယ်။ ဆို။ ဆို။
စံရာ မန်းဗဟိုရ်
ရန်ဘယာ မသန်းသကို။
ဟိုရှေးက စာဆို။
ရွှေမန်းတောင်တော် ရိပ်ခို တောင်ရိပ်ခို
မြစမ်းရေညို စိမ်းရောင်စို။”