မောင် Loki ဟာ အိမ်ထောင်သက်ကလေး ရလာတော့ ယောက်ကျားတို့ ဗီဇသဘာဝလေးတွေ ပြလာပါတယ်။ အဲ့ဒါကတော့ နေ့ခင်းဘက် နေတအားပူရင် မိန်းမဖြစ်သူကို ပလစ်ပြီး ကုတင်အောက်မှာ တစ်ကောင်တည်း ဝင်ဝင်အိပ်နေတာပါ။ နားအေးပါးအေး နေချင်တဲ့အချိန်တွေလည်း ရှိလာပြီပေါ့။ ဟုတ်လား။ အေးလေ။ သူ့မှာ အပြင်ထွက်ဖို့ လာလာခေါ်မယ့် သူငယ်ချင်းတွေဘာတွေလည်း ရှိမှ မရှိတာ။ သခင်ဆီပြန်လာချင်မှ ပတ်ချွဲနှပ်ချွဲ ခေါင်းလာလာခွေ့တတ်ပြီ။ ညအိပ်တဲ့အခါ အခန်းတံခါး လာလာပုတ်လို့ ဖွင့်ပေးလိုက်ရင် ဝင်လာအိပ်ပြီး ဖင်မပူခင် အပြင်ပြန်ထွက်ချင်တယ် လုပ်ပြန်ရော။ ဒီကောင် ဘာဖြစ်ချင်နေတာလဲ ဆိုမှ လက်စသတ်တော့ ကိုယ်တော်ချောက သူ့မိန်းမ မပါလို့ သူ့မိန်းမကိုပါ သွားအခေါ်ခိုင်းတာလေ။ အေးပါကွာ။ အိမ်ထောင်သည်ဆိုတော့ လက်ခံရင် ၂ ကောင်လုံး လက်ခံရမှာပဲဟာ။ ကလေးတွေပေါက်ရင် ကိုယ်တွေတောင် ဖယ်ပေးရမယ့်ပုံ ရှိတယ်။ တရေးနိုးရင်တော့ မောင်းချလည်း မရဘူး။ ဘေးမှာလာအိပ်တာ။ ဒီကောင် ခုမှ အတိတ်မေ့ရာက နိုးတော့သကိုး။ ချွေးမလေးကတော့ သူ့လို ပွတ်သီးပွတ်သပ် မနေဘူး။ ဒါပေသိ အပြင်သွားရင် တကောက်ကောက်တော့ လိုက်တယ်။ အခုဆို ခွေးနှစ်ကောင်ရံတဲ့ ဆာဂျင် ဖြစ်နေပြီ။ ဘယ်သွားသွား မိန်းမဦးဆောင်တဲ့နောက်ကိုလိုက်တာလည်း ယောက်ကျားသဘာဝ ထင်ပါရဲ့ ငါ့ကောင်ရာ။
အခုညတော့ မိုးတွေသည်းလိုက်တာ။ အောက်ပြည် အောက်ရွာမှာဆို ပိုသည်းသတဲ့။ ရေကြီးရေလျှံဖြစ်လို့ ရေဘေးဒုက္ခသည်တွေတောင် အများကြီးပဲတဲ့။ ရေမကြီးတဲ့အရပ်မှာလည်း စစ်ဘေးဒုက္ခသည်တွေ နေရာအနှံ့ပါလေ။ ကိုယ်တို့ရွှေပြည်ကြီးလည်း ဒုက္ခပင်လယ်ကို ဝေလို့။ ရောဂါကပ်ဘေး သင့်တဲ့လူလည်းသင့်။ ဆေးရုံ၊ဆေးခန်း၊ ဆရာဝန် ပြသလို့ အဆင်မပြေတဲ့အကြောင်းအရာများစွာကလည်း ရှိ။ ဘာဒုက္ခမှ မရှိဘူး ဆိုရင်တောင် ငွေကြေးဖောင်းပွလွန်းလို့ ကုန်ဈေးနှုန်းတွေ ကြောက်ခမန်းလိလိ တက်နေတာတော့ လည်စင်းခံရတာပါပဲ။ လူတိုင်းမှာ ကိုယ်စီကိုယ်စီ ကိုယ့်ဒုက္ခနဲ့ကိုယ်။ အဲ့ဒီဒုက္ခတွေအားလုံး ဟိုသတ္တဝါကောင်ကြောင့် ဖြစ်တာမို့ တနိုင်ငံလုံးဝိုင်းပြီး မေတ္တာပို့နေကြတာ။ သူတို့မြောက်မြန်မာကလူတွေက ပိုတောင် ပို့သေး။ စိတ်မကောင်းပါဘူး။ ရင်လည်းနာတယ်။ ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ နေ့ရောညပါ မရပ်မနား ကြိုးစားနေတာပဲ။ အကုန်လုံးတူတူ လွတ်မြောက်ကြဖို့ပေါ့။ လိုင်းပေါ်ကနေ လေနဲ့ကြိုးစားနေတာ မဟုတ်ဘူး။ အပြင်မှာလည်း ကိုယ်ရောစိတ်ပါပါ။ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတာကြာပြီ။ အင်တာနက်လိုင်းလည်း မရကြဘူး။ ကိုယ့်ဆီမှာပဲ အင်တာနက်လိုင်းလေး ရနေလို့ အဆက်အသွယ်မပြတ်အောင် နေနေတာ။ တကယ်တော့ လိုင်းသုံးရတာ စိတ်ကိုမပါဘူး။ သီချင်းတွေ ဒီလောက်တင်နေ ဆိုနေတာတောင် အမှန်အတိုင်းပြောရမယ်ဆို လမိုင်းမကပ်ပါဘူး။ အလုပ်တာဝန်တစ်ခုအဖြစ်နဲ့ပဲ လုပ်မိတယ်။ ပြင်းပြတဲ့စိတ်ဆန္ဒတစ်ခုနဲ့ တော်လှန်ဆန့်ကျင်တဲ့အလုပ်ဆို ဘာပဲလုပ်ရလုပ်ရ လုပ်မယ်ဆို လုပ်နေတာ။
ကိုယ်တို့ဆီမှာတော့ ရေတွေမကြီးသေးဘူး။ စစ်ပွဲတွေ မပြင်းထန်ဘူး။ တို့ထိတို့ထိလေးတွေလောက်ပဲ။ အရပ်သားတွေ အထိအခိုက်ပဲ ရှိတယ်။ ကိုယ့်ဆီလာရင်တော့ မဆိုင်းမတွ ကုပေးပေမယ့် အသွားအလာခက်လို့၊ မလာရဲလို့ ရောက်မလာတဲ့သူတွေလည်း ရှိတယ်။ အဲ့ဒါကြောင့် ကိုယ်က သူတို့ဆီ တက်ကုနိုင်အောင် စီစဉ်နေရတာ။ ကိုယ့်လုံခြုံရေးလည်း ကိုယ်ဂရုစိုက်ရတာမို့ ထင်တိုင်းတော့ မပေါက်ဘူး။ ကိုယ်ဟာ အမှန်တကယ်ကို ဒုက္ခသည်တွေနဲ့ နေတာမို့ အဲ့ဒီဒုက္ခသည်တွေရဲ့ ဒုက္ခကို ကောင်းကောင်းကြီး စာနာနားလည်နိုင်ပါတယ်။ မကူနိုင် မကယ်နိုင်ရင် စိတ်မချမ်းသာရတာပဲ ရှိတယ်။ သူများဒုက္ခတွေ လိုက်စာနာနေရတာနဲ့ ကိုယ့်ဒုက္ခကိုယ် ဒုက္ခ လို့ မမှတ်တော့ဘူး။ အမိုးအကာ အောက်မှာ။ အစားအစာ အပြည့်အစုံနဲ့ကွာ။ ဒိုင်းညောင့်တွေ ဗိုင်းတောင့်တွေလည်း ကိုယ့်ဆီ ရောက်မလာသေးဘူး။ တော်ရောပေါ့။ ဒီလောက်ကုသိုလ်ကောင််းတဲ့သူ မြန်မာပြည်မှာ ရှားကရှားသနဲ့။
အဲ့ဒါတောင်မှ မိုးကြိုးတွေအတောင့်လိုက်ပစ်သွားတဲ့နေ့က ရောက်လာသေးတာပဲ။ နေ့လည်စာထမင်းစားမလို့ လုပ်နေတုန်း စောစောလေးကမှ ရောက်လာတဲ့မွေးလူနာက progress မရှိဘူး။ သားအိမ်ပွင့်၊ ရေမွှာပေါက်နေပေမယ့် ညှစ်အားက လုံးဝမရှိသလောက်ပဲတဲ့။ အရပ်ကလည်း ၄ ပေ ၇ ဆိုတော့ အောက်ကဆွဲလည်း ထွက်ချင်မှ ထွက်မှာ။ Caesar လုပ်ကြတာပေါ့ ဆို ထမင်းမစားပဲ ခွဲခန်းပြင်ကြပါတယ်။ အငယ်တွေ ပေးလုပ်ပြီး ကိိုယ်က ဘေးက လိုတာကူ၊ ဘာလုပ် ဘာလုပ် ညွှန်ကြားရတာပေါ့။ မြန်မြန်ဆန်ပဲ ကလေးထွက်လာပြီး အထဲမှာ မွန်းနေတဲ့ကလေးကို သေသေချာချာ revise လုပ်ကြရတယ်။ ဒီအထိ အေးဆေးပဲ။ ဘာပြဿနာမှ မရှိဘူး။ ဆီးပိုက်ထဲမှာ သွေးတွေ ရဲနေလို့ ဆီးအိမ်ကို မထိခိုက်မိအောင် သတိထားပြီးခွဲခိုင်းနေတာ။
အချင်းချပြီးတော့လည်း အေးဆေးပဲ။ သားအိမ်ကို ပြန်ချုပ်တာလည်း သွေးမထွက်ပါဘူး။ ကလေးကို အပြင်ထုတ်ပေးလိုက်မလို့ သူ့အမေတောင် ပြလိုက်သေးတယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာ ရုတ်တရက် သွေးပေါင်ကျလာတယ်။ heart rate တွေ မြန်လာတယ်။ “bleeding သေချာကြည့်ကြ။” ဆို ခွဲကြောင်းကို သေချာကြည့်တော့လည်း မတွေ့ဘူး။ “မဟုတ်သေးဘူးလေ။ သားအိမ်ကို အပြင်ထုတ်လိုက်။” လို့ ပြောတော့ သူတို့ ထုတ်ရခက်နေတယ်။ ဒါနဲ့ ချက်ချင်းဝင်ကြည့်ရတာပေါ့။ Uterus ကြီးက ဘယ်ထုတ်လို့ရမလဲ။ contract မှ မဖြစ်တာကိုး။ အချင်းကျပြီးလို့ သားအိမ်ပြန်မကြုံ့ရင် အထဲမှာ သွေးတွေ ဒလဟော ဆင်းနေမှာလေ။ ထိုးစရာရှိသော ဆေးပေါင်းများစွာ တရစပ် ထိုးပေးပြီး သားအိမ်လေးပြန်ကြုံ့အောင် လက်ဆုပ်လက်နယ်လုပ်ရတာပေါ့။ ဒါပေမယ့် ကြုံ့သွားပြီးရင် ပြန်ပြန်ပျော့လာတယ်။ Gelofusin တွေ သွေးတွေသွင်းလည်း သွေးပေါင်ပြန်တက်မလာဘူး။ အပြင်ထွက်ပြီး အိုဂျီဆီ ဖုန်းဆက်တိုင်ပင်၊ သူပြောတာတွေ အကုန်လုပ်။ မထူးခြားဘူး။ အရေးကြီးလာပြီ။ ကိုယ်လည်း တော်တော်စိတ်ပူလာပြီ။ ဒီလိုနဲ့မှ သွေးမတိတ်ရင် သားအိမ်ထုတ်မှ ရတော့မယ်။ လူနာကလည်း ခုမှ သားဦးကလေးမွေးတာမို့လို့ မထုတ်ချင်ဘူးတဲ့။ နောက်ထပ် ၁၅ မိနစ်တော့ စောင့်ကြည့်ပေးမယ်။ မရရင် ထုတ်ဖို့ကလွဲလို့ မရှိဘူး။ မထုတ်ရင် သေလိမ့်မယ် လို့ ရှင်းပြလိုက်တယ်။ ၁၅ မိနစ်ဆိုတာက သူသဘောတူလို့ သားအိမ်ထုတ်ရမယ်ဆိုရင် spinal မပျယ်ခင် ကိုယ် ဘယ်လောက်မြန်မြန် hysterectomy လုပ်နိုင်မလဲဆိုတဲ့ အချိန်ကို တွက်ပြီးချန်တာ။ အမှန်တော့ သူ့ဆီက consent မတောင်းခင်ကတည်းက ကိုယ်တတ်နိုင်တာတွေ အကုန်လုပ်ပြီးပြီ။ သွေးသွင်းရတာလည်း ၃ လုံး ရှိပြီ။ pressure မှ ပြန်တက်မလာတာ။
နောက်ဆုံးတော့ ဘယ်လိုမှ မရဘူး။ သားအိမ်ကို အမြန်ဆုံးထုတ်ရတယ်။ ချောချောမောမောပြီးလို့ ဗိုက်တောင်ပိတ်ပြီ။ သွေးပေါင်က တက်မလာဘူး။ အိုဂျီနဲ့ ပြန်တိုင်ပင်ရပြန်ရော။ အောက်ပိုင်းကို ကြည့်ရဦးမယ်လေ။ သားအိမ်ငုတ်တိုက အောက်ကို သွေးတွေဆက်ဆင်းနေနိုင်သေးတယ်။ အထဲမှာ သွေးခဲတွေများ လက်ခုပ်ကြီးနဲ့ ကြုံးကြုံးထုတ်ရတယ်။ အိုဂျီပြောတဲ့အတိုင်း သားအိမ်ခေါင်းထဲကို ရေဘော်လုံးကြီး ထည့်ထိုးရမယ်ဆိုတော့ သူ့ သားအိမ်ခေါင်းကြီးက ဟက်တက်ကြီး ကွဲနေတာပဲ။ အဲ့ဒါကြီးကို ပြန်ချုပ်ပြီးမှ ဘော်လုံးထည့်လို့ရမယ်။ ကဲ ချုပ်တယ်ကွာ။ ထည့်တယ်ကွာ။ ဘေးဘက်မှာလည်း gauze တွေ ကြပ်ကြပ်လေး ခုထားပေးလိုက်တယ်။ ထွက်စရာတော့ မရှိလောက်တော့ဘူး။ ဒါပေမယ့် သွေးပေါင်က တက်မလာဘူး။ ဘယ်ကမှ သွေးထွက်မနေပဲနဲ့ ဘာဖြစ်လို့ သွေးပေါင်ကျတာပါလိမ့်။ လိုင်းတွေဖွင့်ထားတာလည်း ခြေရောလက်ရော စုံလို့။
ဖင်အောက်မှာ သွေးတွေအိုင်လာလို့ အထဲမှာပြန်ထွက်နေပြီလားဆို အစတွေ ပြန်ထုတ်ကြည့်တယ်။ ထွက်နေတာ မွေးလမ်းကြောင်းက မဟုတ်ဘူး။ ဆီးလမ်းကြောင်းက။ ဆီးပိုက်ဘေးမှာ ယိုကျလာတာ။ အထဲမှာ ဆီးပိုက်က သွေးခဲတွေနဲ့ ပိတ်သွားလို့ပေါ့။ မခွဲခင် ဆီးပိုက်ထည့်ကတည်းက ဆီးထဲမှာ သွေးပါနေတာ။ ဆီးပိုက်အသစ် ပြန်လဲလိုက်တယ်။ မွေးလမ်းကြောင်းကတော့ ဒီလောက်သွေးထွက်တာ မတွေ့ဘူး။ ဗိုက်ထဲမှာ drainage tube ထည့်ခဲ့တာ အဲ့ဒီမှာလည်း သွေးနည်းနည်းပဲ ရှိတယ်။ ဒါပေမယ့်လည်း သွေး ၅ လုံးသွင်းပြီးပြီ။ သွေးပေါင်ကတက်မလာလို့ ဘော်လုံးဖောင်းလိုက်တာ သားအိမ်ချုပ်ရိုးတွေများ ပွင့်ထွက်ကုန်မလား စိုးရိမ်လို့ အပြင်ပြန်မထုတ်နိုင်ဘူး။ ဘယ်လိုမှကို တည်တည်ငြိမ်ငြိမ် စောင့်မကြည့်နိုင်တဲ့ အခြေအနေပဲ။ spinal လည်း ပြေနေပြီ။ မတတ်နိုင်ဘူး။ မေ့ဆေးခဏပြန်ပေးပြီး ဗိုက်ပြန်ဖွင့်ကြည့်ရမှာပဲ။ ယိုပေါက်မရှာရင် လှေကနစ်တော့မယ်။ လူနာမေ့သွားတော့ သူ့အခြေအနေစိတ်မချလို့ မေ့ဆေး team ကို LMA တွေ Amboule bag တွေနဲ့ ဝကွက်အပ်လိုက်ပြီး ဗိုက်ထဲချောင်းတာ ဘာမှ မတွေ့လို့ “ဒီမှာလည်း မထွက်ဘူး။ လုံတယ်။” ဆို စိတ်ချလက်ချ ဗိုက်ပြန်ပိတ်ရတယ်။ အပေါ်ကလည်း မထွက်ဘူး။ အောက်ကလည်း ဒီလောက်မထွက်ဘူး။ DIC ဝင်တာပဲ ဖြစ်လိမ့်မယ်။ သူ့မှာရှိတဲ့ သွေးခဲတဲ့ပစ္စည်းတွေ ကုန်သွားတာနေမှာ။ ရှိသမျှဆေးတွေ အကုန်ပုံအော ထိုးကြတာပေါ့။ တတ်သမျှရော မှတ်သမျှရော အကုန် အိပ်သွန်ဖာမှောက် ကုကြတယ်။ ပစ္စည်းပစ္စယတွေဆိုတာ ဒလဟော။ အကုန် အိပ်သွန်ဖာမှောက် ထုတ်သုံးတာ။ သွေးပေါင်ကတော့ ၇၀/၄၀ ထက် တက်မလာဘူး။ တစ်ခုပိုဆိုးတာ မေ့ဆေးပေးထားတာ သတိပြန်လည်မလာသေးဘူး။ အသက်မှန်မှန်ရှူနေလို့ အောက်ဆီဂျင်လေး အပြည့်ရနေတာ။ သူများတကာ ၁၅ မိနစ်နဲ့ နိုးတဲ့ မေ့ဆေးက မယ်မင်းကြီးမ နှစ်နာရီကျော်တောင် တုပ်တုပ်မှမလှုပ်ဘူး။ ညနေ ၆ နာရီကျော်မှ မေးထူးခေါ်ပြောလေးရလာလို့ ဝါဒ်ထဲပြန်ထုတ်ပြီး အောက်ဆီဂျင်နဲ့ မော်နီတာတပ်ပေးထားတယ်။ တဆေးရုံလုံး မနက်စာ ညစာပေါင်းစားကြရပါတယ်။ ကိုယ်ဆို မောလွန်းလို့ ခြေတွေလက်တွေတောင် မသယ်ချင်တော့ဘူး။
ရေမိုးချိုး၊ ထမင်းစားပြီး ဘုရားရှိခိုး၊ ပုတီးစိတ်နေတုန်းမှာ သူတို့လိုက်ခေါ်တယ်။ လူနာက သွေးပေါင်ပြန်ကျလာလို့တဲ့။ ကိုယ်လိုက်သွားပြီး အစတွေထုတ်ကြည့်တာလည်း bleeding မဟုတ်ဘူး။ Fluid တွေ ပေးလိုက်တော့ ပြန်တက်လာတယ်။ လုပ်စရာက သွေးသွင်းဖို့ပဲ ရှိတော့တယ်လေ။ နောက်သွေးလှူရှင်တစ်ယောက်ရှာပြီး တစ်လုံးထပ်သွင်းလိုက်မှ ငြိမ်သွားတယ်။ ဒါပေမယ့် ဘယ်လိုလုပ် စိတ်အေးနိုင်တော့မလဲ။ နောက်တစ်ခါ ထပ်ဖြစ်ရင် ဘာမှ လုပ်စရာ မရှိတော့။ ဆာဂျင်တစ်ယောက်ရဲ့ဘဝမှာ ဒါမျိုးကြုံတာ အိပ်တဝက်နိုးတဝက် အိပ်မက်ဆိုးမက်တာပဲ။ ဘာကိုမှ အာရုံစိုက်လို့ မရဘူး။ မိုးလင်းအောင်စောင့်နေတယ်။ မိုးလင်းရင် သွားကြည့်မယ်။ အဲ့ဒီချိန်ထိမှ သွေးထပ်မထွက်ရင် ကိုယ့်ဘက်ပါလာပြီ။
မနက်စောစောသွားကြည့်တော့ သွေးပေါင်လည်း ကောင်းတယ်။ သတိလည်းကောင်းတယ်။ မွေးခန်းထဲခေါ်ကြည့်ပြီး ဘော်လုံးတွေဖြုတ်၊ swab တွေ ထုတ်ပေးလိုက်တော့လည်း သွေးထပ်ထွက်မလာဘူး။ အဲ့တော့မှ အသက်ဝဝ ရှူနိုင်တယ်။ ဒီနေ့အတွက်တော့ သွေးတစ်လုံးထပ်သွင်းဖို့ လိုလိမ့်မယ်။ ဒီတောင်ကိုကျော်နိုင်သွားတာ သူရောကိုယ်ရောပါပဲ။ ဆူတာတော့ မဆူတော့ပါဘူး။ ဆရာဝန်တစ်ယောက်ယောက်နဲ့သာ ပြဖြစ်ခဲ့ရင် ဒီအရပ်အမောင်းနဲ့ အောက်ကထွက်ဖို့ မလွယ်ဘူးဆိုတာ သိမှာပဲ။ အိုဂျီတွေအတွက်တော့ ဒီလိုလူနာမျိုး ကြုံလေ့ကြုံထရှိပြီး ခွဲရင်းစိတ်ရင်း ဆုံးဖြတ်ချက်မှားရင် သေတတ်တယ် ဆိုတာ အမြဲ ပြောနေ မှာနေကျ သင်ခန်းစာပါ။ ကိုယ်လည်း ကလေးတွေကို လက်တွေ့သင်ခန်းစာပေးလို့ရပေမယ့် အတော်ကံကောင်းလွန်းလို့သာ အသက်ကယ်လိုက်နိုင်တာပါ။ ညဘက်ညဘက် ဘုရားရှိခိုးတယ်၊ ပုတီးစိတ်၊ ပရိတ်ရွတ်တယ် ဆိုတာလည်း ကိုယ်ကံကောင်းဖို့သက်သက်ထက် ကိုယ်နဲ့တွေ့တဲ့လူနာတွေ ကံကောင်းဖို့လည်းပါပါတယ်။ သည်းထိပ်ရင်ဖို အခက်အခဲတွေကို စိတ်တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ဖို့လည်း လိုတာကိုး။ ကိုယ်လိုချင်သမျှ တောင်းသမျှကို တစ်ခုပြီးတစ်ခု ရအောင်ရှာပေးတဲ့ ကိုယ့်ဆေးရုံအဖွဲ့ကိုလည်း ကျေးဇူးတင်ရမှာပါပဲ။ ညလည်း သူတို့စောင့်အိပ်ကြတာ။ ဒီလူနာရဲ့အသက်ကိုကယ်တဲ့နေရာမှာ ကိုယ့်ကိုယ်ထဲကသွေးကို မတွန့်မတို ဖောက်ပြီးလှူတဲ့သူ ၇ ယောက်တောင် ရှိတယ်ဆိုတာလည်း ကိုယ်လို တောဆေးရုံ အနေအထားနဲ့ဆို တော်တော် အံ့ဩစရာကောင်းတာပါ။ လူနာရှင်တွေက ဘာမှပါတာမဟုတ်ဘူး။ ထုံပေပေနဲ့ရယ်။
လူတစ်ယောက်ကို ကယ်ရတာ အဲ့သလောက်တောင် ပင်ပန်းခက်ခဲ အရင်းအနှီး ကြီးမားတာနော်။ ဒါတောင် လူတွေအများကြီး ဝိုင်းကြဝန်းကြလို့။ လူတစ်ယောက် သေအောင်သတ်ဖို့များကဖြင့် လွယ်လိုက်တာ။ လက်ညှိုးလေး တစ်ချက်အကွေးပဲ။ ဘာမှမစဉ်းစားပဲ အလိုလို အော်တိုမက်တစ် လုပ်ပြီးသား ဖြစ်သွားနှင့်တာ။ အကြောင်းပြချက်လည်း မလိုပါဘူး။ ပါးစပ်ထဲရှိတာ ကောက်ပြောလိုက်။ ရတယ်။ “ငါတို့ တားနေတာ ရပ်မပေးလို့။” “ မှန်မချပဲ ငါ့ကားကို ကျော်တက်လို့။” “နနွင်းကုန်းမှာနေတယ် ပြောလို့။” (အိုက်ရွာက ပီဒက်ထွက်တဲ့ရွာကွ။ မေးမနေနဲ့။ ဒိုင်းညောင့်) “ဒီကောင့်ဖုန်းထဲမှာ အဖွားကြီးပုံတွေ့လို့။” ပြောချင်တာသာ ပြောစမ်းပါ။ ဘယ်သူမှ တရားလာမစွဲဘူး။ “တိုင်းပြည်တာဝန်ထမ်းဆောင်နေတာ” လို့ ဆင်ခြေပေးလိုက်ရင် ဘယ်ကောင်မှ အထွန့်မတက်ရဲဘူး။ အကုန်လုံးဟာ လုပ်ဇာတ် မဟုတ်ဘူး။ ဖြစ်ရပ်မှန်တွေချည့်ပဲ။ တစ်ယောက်ချင်း တစ်ယောက်ချင်းသတ်တဲ့အကြောင်းများ လာပြောနေ။ တစ်အိမ်လုံး တစ်ရွာလုံးသတ်တာတောင် ဘာမှခက်တဲ့ကိစ္စ မဟုတ်။ ဘူးလက်ကြီးတောင် ကြုံးဝါးနေတယ်။ “လွယ်လွယ်လေး။” တဲ့။ ဒီကောင်တွေက ကိုယ့်ဘက်က ဘာအရင်းအနှီးမှ မစိုက်ထုတ်ရပဲ အချောင်ရမှန်းသိလို့ လွယ်လွယ်ကူကူ အလုပ်တွေကို အားရပါးရ လုပ်နေတဲ့အချိန်မှာ ကိုယ်တို့တွေက ကိုယ့်မှာရှိသမျှ အရင်းအမြစ် အားလုံး အသက်ရော ဘဝပါ ပုံအောပြီးမှ အဲ့ဒီ ခက်ခက်ခဲခဲ အလုပ်တွေ လုပ်ပြခွင့်ရတာ သိပ်ကို ကျေနပ်ပါတယ်။ လူဆိုတာ ဒီလို နေရတယ်ကွ။ ဒီလို တွေးရတယ်ကွ။ ဒီလို စိတ်ဓါတ်ရှိရတယ်ကွ။ မင်းတို့ မိဘဘိုးဘွား ဆရာသမားများက သင်မပေးခဲ့ဘူးလား။ နိမ္မိတာရုံ နဲ့ နိမိတ္တာရုံတောင် နံမည်မှန်အောင် မပေါင်းနိုင်တဲ့ မင်းတို့အဘတွေက မဆုံးမဘူးလား။ “မင်းတို့မြန်မာပြည်က စစ်ဗိုလ်စစ်သားတွေရဲ့ ဘဝဟာ တယ်လည်း လူဖြစ်ရှုံးကြပါလားနော်။” လို့ မသေခင်ကလေး နောင်တရသွားစေဖို့ လူသားဆန်ဆန်နေထိုင်တဲ့ဘဝ ဆိုတာ ဘယ်လိုမျိုးလဲ မြင်ဖူးအောင် ပြလိုက်ချင်ပါတယ်။