ချန်ဂင်တို့စခန်း (၂၈၄)

အိမ်က Loki ကတော့ ကြင်စဦးမို့ ထမင်းမေ့ ဟင်းမေ့၊ သူ့ဆရာပါ မေ့သွားတာ တစ်ပါတ်လောက်ရှိရော့မယ်။ ဒီမနက်ကမှ ဘာစိတ်ကူးပေါက်သလဲ မသိ။ ခေါင်းကလေး လာတင်တယ်။ သူ့အချစ်တွေ အကုန်လုံး သူ့မမဆီမှာ ပုံပေးထားပြီလေ။ မျက်စိအောက်ကကို အပျောက်မခံတော့ဘူး။ အခန်းတံခါးလည်း လာလာမခေါက်တော့ဘူး။ ကောင်းပါလေ့ကွယ်။ သူတို့ဟာသူတို့ နှစ်ကောင်တည်းနေချင်တယ် ဇာတ်လမ်းတွဲရိုက်ရင်လည်း ပြီးတာပဲ။ ကလေးလေးတွေရတော့မှ ကိုယ်တို့တစ်ခါ အလုပ်ရှုပ်ပြန်ဦးမယ်။ အခုကတော့ ဆိတ်တွေ၊ နွားတွေ၊ ကြက်တွေ၊ ဘဲတွေကြားမှာ မြူးတူးပျော်ပါးလို့ နေတယ်။ နှစ်ကောင်စာဆိုတော့ အသားပိုဝယ်ရတာပေါ့လေ။ သူတို့အတွက် ဟင်းစိမ်းရိက္ခာကိုပဲ ပူပင်နေရတယ်။

နန့်မွန်းမှာ ခုထက်ထိ အခြေအနေ မကောင်းသေးလို့ ဈေးပိတ်ထားတုန်းပဲ။ ဒီဘက်ကိုလာတဲ့ကုန်စိမ်းက အဲ့ဒီက ဝင်တာကိုး။ နန့်မွန်းဈေးက ညဘက် ၂ ချက် ၃ နာရီလောက် ရောင်းတာဆိုတော့ အဲ့ဒီချိန်ဆို SNA က ရွာထဲပတ်မွှေနေတာနဲ့ ဘယ်သူမှ အပြင်မထွက်ရဲဘူး။ ခုလေးတင် သူတို့ဆီက drop bomb ထိတဲ့လူနာတစ်ယောက် ဗိုက်ခွဲလို့ပြီးတယ်။ ဒီဘက်ကို ရောက်မလာတဲ့ လူနာတွေလည်း ရှိတယ်။ စစ်ပွဲက ပြီးပလား ဆိုရင် မပြီးဘူး။ ဒါပေသိ မိုးကုတ်တို့ လားရှိုးတို့လို အကြိတ်အနယ် အပြင်းအထန် တိုက်နေတာတော့ မဟုတ်ဘူး။ ကိုယ်တို့အတွက် workload က ခြေနိုင်လက်နိုင်ကလေးပဲ။ OPD ကြည့်ရတာတွေ များနေတာ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တို့မှာ အန္တရာယ်ကင်းတယ်။ နားနားနေနေ အလုပ်လုပ်ရတယ်။ အေးအေးချမ်းချမ်း သာသာယာယာပါပဲ။ တနိုင်ငံလုံး အသည်းအသန် ရုန်းကန်နေရတဲ့အချိန်မှာ ကိုယ်တို့က ကံကောင်းတယ် လို့ ပြောရလိမ့်မယ်။

လေယာဉ်တွေ၊ လက်နက်ကြီးတွေက ကိုယ်တို့ဆီကို အလှည့်မပေးနိုင်သေးဘူးလေ။ လားရှိုးမှာ တိုင်းစစ်ဌာနချုပ်တစ်ခုလုံး ကိုးကန့်တွေအောက် ရောက်သွားလို့ “မဟုတ်ပါဘူး” အတင်းငြင်းပြီး ကစဉ့်ကလျား ပြန်တိုက်နေရတယ်။ “ငါတို့အပေါ် လက်နက်ကြီးတစ်လုံးကျရင် လောက်ကိုင်ကို ဗုံးတစ်လုံးချမယ်။ လွယ်လွယ်လေး။” ဆိုတဲ့ ဘူးလက်ကြီး အကြံပေးတဲ့အတိုင်း အစွမ်းကုန် ယုတ်မာနေကြတယ်။ အဲ့လို ဘေးကထိုင် ချောက်တွန်းတဲ့စကားတွေကို နားယောင်ပြီး ကိုယ့်စစ်သည်စစ်သားတွေကို မိသားစုပါ သေတွင်းပို့တဲ့အထိ မိုက်မဲတာကတော့ သူတို့အကုသိုလ်ကံတွေ အကျိုးပေးချိန်တန်လာလို့ပေါ့လေ။ ခုချိန်မှာ “ဘယ်သူခွဲခွဲ တို့မကွဲ။ အမြဲစည်းလုံးမည်။” ဆိုတာကြီးကို ပါးစပ်က အကြိမ်တစ်ထောင်ရွတ်နေလည်းပဲ ပြိုကွဲမှုကို မတားဆီးနိုင်တော့ဘူး။

သယံဇာတ အရင်းအမြစ်တွေ သူတို့လက်ထဲမှာ တစ်ခုမှ မကျန်တော့ဘူး။ နယ်စပ်ကုန်သွယ််ရေးလမ်းကြောင်းတွေလည်း သူတို့ လက်လွှတ်လိုက်ရပြီ။ နိုင်ငံခြားကုန်သွယ်ရေးတွေလည်း ရပ်တံ့ကုန်ပြီ။ သူတို့အတွက် ငွေရပေါက်ရလမ်းက ပြည်သူဆီက အတင်းအဓမ္မ လုယူဖို့ပဲ ရှိတော့တယ်။ ဘဏ်တွေကိုထိန်းချုပ်ပြီး ငွေစက္ကူအသစ်တွေ တရစပ် ရိုက်ထုတ်နေတယ်။ တပြည်လုံး ချွတ်ခြုံကျလည်းပဲ သူတို့စည်းစိမ် မလျော့ပါးအောင် အသည်းအသန် ကာကွယ်နေရတာ။ တနိုင်ငံလုံး အကုန်သေကုန်လည်း စစ်တပ်နဲ့ သူ့မိသားစုတွေတော့ ဆူဆူဖြိုးဖြိုး ကျန်ရစ်ခဲ့ရမယ် ဆိုတဲ့ စိတ်ထားလေးတစ်ခုပေါ့ကွယ်။ ဒီစိတ်နဲ့ပဲ သွက်သွက်ခါပြီး မရှုမလှ ဇာတ်သိမ်းရတော့မယ်။

လားရှိုးလေဆိပ်၊ သံတွဲလေဆိပ်က သူတို့ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘူး။ တိုင်းစစ်ဌာနချုပ်ထဲမှာ ရမခ က ပထမဆုံးကျတာ မှန်ပေမယ့် နပခတို့၊ မပခတို့လည်း တည်းတည်းလေး ကျန်တော့တယ်။ သူတို့လည်း အရိပ်အခြေကြည့် လှုပ်ရှားနေတာ။ စစ်တိုက်မလို့ မဟုတ်ဘူး။ ဘက်ပြောင်းမလို့။ အနိုင်အရှုံးက ဘာအရေးကြီးလို့လဲ။ အသက်နဲ့စည်းစိမ် မြဲမြဲမြံမြံ ကျန်ခဲ့ဖို့က အဓိက။ ကိုယ့်ကိုအမိန့်ပေးတဲ့သူတောင် အဲ့လိုစိတ်နေစိတ်ထားနဲ့ စစ်တိုက်နေမှန်း အခုတော့ သေသေချာချာ သိသွားပြီ မဟုတ်လား။ ရှုံးမှာ သေချာနေပြီဆိုတော့ ရွေးချယ်စရာကလည်း သိပ်များများစားစား မကျန်ဘူး။ အသက် ဉာဏ်စောင့်သတဲ့။ ဉာဏ်နည်းရင် အသက်တိုမှာ။

ဒီအခြေအနေအတိုင်းသာဆိုရင်တော့ မင်းအောင်လှိုင်အနေနဲ့ ဒီလကုန်အထိ တောင့်ခံနိုင်ဖို့တောင် တော်တော်ခဲယဉ်းပါတယ်။ တပ်ထဲက ထိပ်ပိုင်းခေါင်းဆောင်တွေကိုယ်တိုင် အပြောင်းအလဲကို အသည်းအသန် လိုလားနေကြပြီ။ ၆ လုံးတန်းတစ်တန်းလုံး အကျယ်ချုပ်ထားလို့ ရပေမယ့် သူ့အောက်ရှိသမျှ အကုန်လူလဲလို့ ဖြစ်မှ မဖြစ်နိုင်တဲ့ဟာ။ ဒီလိုနဲ့ပဲ သူနဲ့ သူ့အောက်ကလူတွေအကြားမှာ တိုက်ပွဲတွေ ပြင်းထန်လာတော့မှာ သေချာသလောက်ပဲ။ ဟင်္သာကိုးသောင်းဆိုတာ အချင်းချင်းစားမှ မြန်မြန်ကုန်တော့မှာ မဟုတ်လား။

စစ်သည်ရဲဘော်တွေ ကိုယ့်အသက်ကိုယ် နှမျောလို့ အလံဖြူထောင် လက်နက်ချတဲ့အဆင့်ကနေ ဗျူဟာမှူး၊ တပ်မဟာမှူးတွေ ဘက်ပြောင်းရတဲ့အဆင့်ကို ရောက်လာခဲ့ပြီ။ နောက်တစ်ဆင့်ကတော့ ဖဲဝင်ဝင် ပြင်ပေးချိုးပေးနေတဲ့ တာ့ကောကြီးကိုယ်တိုင် ဘက်ပြောင်းမှ ရတော့မယ့် အခြေအနေကို တစ်ဆင့်တက်ပါတော့မယ်။ သူ့ဘက်က ဘယ်လိုပင်ကြိုးစားစွက်ဖက်သော်လည်း သုံးစားမရတဲ့ မအလကြောင့် ကိုယ်ကျိုးစီးပွါး ထိခိုက်လာရင် သူလည်း ဘက်မပြောင်းပဲ ဘယ်နေမလဲ။ အခုတလောထုတ်ပြန်တဲ့ တရုတ်သတင်းတွေမှာ အခေါ်အပြောတွေ သိပ်သိသာနေတယ်။ သူ့အရှိန်အဝါနဲ့ ကိုယ့်ပြည်တွင်းရေးကို ပြောင်းလဲပစ်ဖို့ ကြံသော်လည်း ကိုယ့်အရှိန်အဟုန်နဲ့ သူ့သဘောထား ရပ်တည်ချက်ကို ပြောင်းလဲစေတော့မယ်။

သမိုင်းဆိုတာ သူ့ဟာသူ တကျော့ပြန်ပြန်လည်တတ်သလား မသိပါဘူး။ မကြာခင်မှာ နစက ကနေ လျှို့ဝှက်အမိန့်စာကြီးထုတ်ပြီး “PDF ကို မခုခံရ။ ခုခံလျှင် သူပုန်” ဆိုပြီး ခေတ်သစ်တို့၊ မြန်မာနောင်းတို့မှာ ဖတ်ချင်လည်း ဖတ်ရနိုင်တာပဲ။ အခုတောင် “လားရှိုး နှင့် နမခ ကို အောင်မြင်စွာ ပြန်လည်သိမ်းပိုက်ပြီးစီးပါကြောင်း။” ဆိုပြီး မင်းတျားကြီးဆီ ရွှေပေလွှာ ပို့နေပြီ မဟုတ်လား။ ဘယ်လိုနေနေ သေမယ့်တူတူ မသေခင်လေး ဂျင်းထည့်ရလည်း မဆိုးပါဘူး။ နန်းတွင်းကတပ်တွေပြေးရင် ပါတော်မူစရာ တိုင်းမှူးကြီးတောင် မရှိလောက်တော့ဘူး။ လားရှိုးကလူကြီး မူဆယ်ကိုကြိုပြေးသလို လုံခြုံရာမှာပုန်းပြီး “မင်းတို့တွေ အသေခံတိုက်ကြ။” လို့ အမိန့်တွေ ပေးနေဦးမယ်။ ချစ်တုံးလေးတို့ သည်းတုံးလေးတို့။ ကိုယ့်တိုင်းမှူးကိုယ် မျက်စိအောက်က အပျောက်မခံနဲ့နော်။

ကောင်းပြီလေ။ ထားလိုက်ပါတော့။ စကစစစ်တပ်ကြီးဟာ ဒိုမီနိုအဖက်နဲ့ တလဟော ပြိုဆင်းလာတဲ့အခါ။ အိမ်နီးချင်းနိုင်ငံတစ်ခု ပြိုကွဲပျက်စီးလုလု အခြေအနေမှာ အတင်းဝင်ရောက်စွက်ဖက် ခလောက်ဆန်နေတဲ့ အင်အားကြီးနိုင်ငံတွေက ဒီစစ်အစိုးရကို အစိုးရတစ်ရပ်အဖြစ် မသတ်မှတ်နိုင်တော့ဘူး ဆို ဘက်ပြောင်းဖို့ ဆုံးဖြတ်လိုက်တဲ့အခါ။ အဲ့ဒီပြောင်းလဲလာမယ့် နိုင်ငံရေးအခင်းအကျင်း ကို လက်ခံနိုင်လောက်သော အစိုးရအုပ်ချုပ်ရေးတစ်ရပ် ဒီဘက်မှာ ရှိနှင့်ဖို့လိုပါတယ်။ ဒါပေမယ့် သိတဲ့အတိုင်းပဲလေ။ စာသင်ကျောင်းရယ်၊ ဆေးရုံရယ်လို့ ကိုယ့်ဘက်က ကလေးတွေကို စာသင်ပေး၊ လူနာတွေကို ဆေးကုပေးတဲ့အလုပ်လုပ်ရင်တောင် သူတို့က လေယာဉ်နဲ့ ဗုံးကြဲပြီး နာလန်မထူနိုင်အောင် ဖျက်စီးပစ်နေတာ မဟုတ်လား။ သူတို့ဖျက်စီးနိုင်စွမ်းထက် ကျော်အောင် တည်ဆောက်ပေးမှ ကိုယ့်ဘက်မှာ အဖတ်တင်လိမ့်မယ်။ တစ်ခု ဖျက်ရင် နှစ်ခု ဆောက်ဖို့သာ ပြင်ထား။

ကမ္ဘာ့နိုင်ငံအသီးသီးက စစ်ကောင်စီကို အသိအမှတ် မပြုတော့ဘူးဆိုရင် ဘယ်သူ့ကို အသိအမှတ်ပြုရမလဲ။ NUG အစိုးရလေ။ ရှင်းရှင်းလေးပဲ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ဘယ်နှစ်ခုပဲ ကွဲကွဲ သူတို့အားလုံးက ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထားပြီး ဒီကနေ့ထိ ပြည်သူလူထုအတွက် အလုပ်လုပ်နေတဲ့ NUG အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးပြီးသား ဘုံသဘောတူညီချက်တွေ ရထားပြီးသား။ အဲ့ဒါကြောင့် Legitimacy ရော Mandate power ရော ရှိလာတဲ့ NUG အစိုးရဟာ အခုချိန်မှာတော့ territory လို့ခေါ်တဲ့ ပိုင်နက်နယ်မြေလည်း အခိုင်အမာ ရလာခဲ့တာ မနည်းတော့ဘူး။ နယ်မြေသိမ်းတိုက်ပွဲတွေအပြီးမှာ လစ်ဟာသွားတဲ့အုပ်ချုပ်ရေးတာဝန်တွေကို NUG အစိုးရနဲ့ရော၊ ဖက်ဒရယ်ပြည်ထောင်စုတိုင်းရင်းသားတွေအနေနဲ့ရော ပူးပေါင်းလုပ်ကိုင်ရမယ့် အလုပ်တာဝန်တွေ အင်မတန်မှကို များပြားပါတယ်။ လူထုအားကို အများကြီးလိုသည် ဆိုတဲ့ အချိန်မျိုးပါ။

စစ်သားတွေ လည်မြိုကို ခြေထောက်နဲ့တက်နင်းထားတုန်းက နီးရာဓါးကြောက်လို့ ငြိမ်ငြိမ်ကလေး ခံဝန်ထိုး အလုပ်ပြန်ဆင်းနေတဲ့သူတွေဟာ အခုချိန်မှာတော့ ပြည်သူနဲ့ ပူးပေါင်းပါဝင်သင့်ပြီနော်။ တောထဲလည်း သွားစရာမလိုဘူး။ စစ်ထဲလည်း လိုက်စရာမလိုဘူး။ ကိုယ့်နေရာကိုယ်နေ၊ ကိုယ့်အလုပ်ကိုယ်လုပ်ရုံပါပဲ။ လုပ်ငန်းခွင်အပြင်မှာ ရောက်နေတဲ့ CDM တွေကလည်း NUG အစိုးရလက်အောက်မှာ ကိုယ့်ရဲ့ မူလ အလုပ်တာဝန်ဝတ္တရားတွေကို ပြန်လည်ထမ်းဆောင်ဖို့ အချိန်ကျပြီ လို့ ဆိုချင်ပါတယ်။ ဟိုးအရင်ကတည်းက ရေးခဲ့ဖူးပါတယ်။ “CDM ဘယ်မှာ ဆုံးမလဲ” ဆိုတဲ့အဖြေဟာ “အစိုးရသစ်ကြီးရဲ့ အုပ်ချုပ်ရေးယန္တရားတွေ အသက်ဝင်လှုပ်ရှားလာတဲ့အခါမှာ ဆုံးပါမယ်။” လို့။ အခုချိန်ဟာ ကိုယ်တို့အားလုံး ကိုယ်လုပ်ခဲ့တဲ့အလုပ်ကို လှလှပပ အဆုံးသတ်ရမယ့်အချိန် ဖြစ်ပါတယ်။

ဟောဒီကချင်ပြည်နယ်မှာတော့ စစ်သားတွေဆုတ်ခွါသွားတဲ့နေရာမှာ ရဲသားတွေ ကျန်ရစ်ခဲ့ရင်တောင် သတ်မပစ်ဘူး။ ပစ္စည်းအစုံအလင်နဲ့ လှေပါငှါးပေးလိုက်ပြီး “သွားလိုက်တော့။ မင်း သွားလိုက်တော့။” ဆို နှင်လွှတ်လိုက်တာပါ။ ပြီးတာနဲ့ နယ်မြေရှင်းလင်းပြီး သူတို့ KIO အစိုးရရဲ့ ရဲစခန်း၊ တရားရုံး၊ အချုပ်ထောင် လုပ်ငန်းလည်ပတ်အောင် အစပျိုးပါတယ်။ တခြားတခြားသော ဌာနဆိုင်ရာ အဖွဲ့အစည်းတွေလည်း နယ်မြေအုပ်ချုပ်သူအစိုးရလက်အောက်မှာ အလုပ်တာဝန်တွေ ပြန်ထမ်းဆောင်ရမယ် ထင်ပါတယ်။ စစ်ရှောင်စစ်ပြေးတွေ နယ်မြေအေးချမ်းသွားတဲ့အခါ ကိုယ့်အိမ်ကိုယ်ပြန်လာကြသလိုပဲ ဝန်ထမ်းတွေလည်း ကိုယ့်အလုပ်ကိုယ် ပြန်ဝင်ကြရုံပေါ့။ အပေါ်က အစိုးရပြောင်းသွားတာပဲ ရှိမယ်။ စစ်အစိုးရနဲ့မှ အလုပ်လုပ်ချင်တာဆိုတဲ့လူတွေရှိလည်း တခါတည်း လိုက်သွားလို့ ရပါတယ်။ ကိုယ် ယုံကြည်ရာပေါ့။

ကိုယ်တို့အနေနဲ့ကျတော့ တောထဲတောစခန်းမှာ ကိုယ့်ဆေးရုံကိုယ်ထောင်၊ ကိုယ့်ခွဲခန်းကိုယ်ဆောက် ကုသရာကနေ မြို့ပေါ်က ဆေးရုံဆေးခန်းတွေမှာ ကုသရေးယန္တရား ပြန်လည်လည်ပတ်ဖို့ အလုပ်လုပ်ပေးရမယ့် အချိန်တွေ ရောက်လာတာပေါ့လေ။ ဖွဲ့စည်းပုံ အစုံအလင် ရှိပြီးသားပါ။ အလုပ်လုပ်ဖို့ လူပဲ မရှိတာ။ အခုလက်ရှိ ကိုယ့်ဆေးရုံက လူအင်အားနဲ့လည်း ဘယ်လိုမှ မလုံလောက်နိုင်တာ အားလုံးအသိ။ အဲ့ဒါကြောင့်မို့လို့ ငုပ်လျှိုးပုန်းရှောင်နေတဲ့ CDM ပဲဖြစ်ဖြစ်၊ ပြည်သူ့ရင်ခွင်မှာ အမှုထမ်းလိုတဲ့ Non CDM ပဲဖြစ်ဖြစ်၊ အတူလက်တွဲပြီး အလုပ်လုပ်ကြဖို့ ဖိတ်ခေါ်ပါတယ်။ လေယာဉ်လာမှာချည့် တွေးကြောက်မနေပါနဲ့လေ။ ကိုယ်တို့ ဒီမှာ ၃ နှစ်ရှိပါပြီ။ စာထိုင်ရေးလာတာပဲ ၂၈၄ ပုဒ် ရှိပေါ့။ သူတို့ ဘာမှမတတ်နိုင်တာ မြင်တဲ့အတိုင်းပဲ။ စိတ်မပူနဲ့။ ကိုယ်တို့ဆေးရုံမှာ နိုင်ငံရပ်ခြားက ပြန်လာပြီး လုပ်အားပေးနေတဲ့သူတွေတောင် ဘေးကင်းရန်ကင်း ပျော်ပျော်ပါးပါး အလုပ်လုပ်နေပါတယ်။ တောထဲသွား အလုပ်လုပ်ရမှာလို့ ဘယ်သူက ပြောတုန်း။ လားရှိုးဆေးရုံ၊ မြစ်ကြီးနားဆေးရုံ၊ စစ်တွေဆေးရုံတွေမှာ အလုပ်လုပ်ရဖို့လည်း နီးစပ်ပါတယ်နော့။ လက်ဦးလေးလေ့ ပန်ချင်ရင် အမြန်ပင်လာခဲ့ဖို့ ကိုကိုခေါ်ချင်ပါတယ်။ မောင်ခေါ်ချင်ပါတယ် ခင်ဗျ။