“နွေခါမီဝယ်
ရာသီမိဿ ဂိမန္တနှင့်
စိတြကြယ် တိမ်ခိုးလယ်မှာ
စံပါယ်ကွန့်ကာ တိမ်ဗွေချာလျှင်
ဒေသစာလျှမ်း လှည့်လည်မြန်းပါလို့ နှစ်ဆန်းခဲ့သင်္ကြန်
သစ်သစ်သာဖန်တော့တယ်
နိုင်ငံကြော့ပြည်သူမှာ
ပန်ဆုယူ တာရေသွန်းချိန်မို့
လွမ်းလှတယ်လေး။” တဲ့။
စာသားလေးတွေက ဖတ်လို့ကောင်းလိုက်တာနော်။ ဦးကြော့ရဲ့ တန်ခူးလဖွဲ့တဲ့။ သီချင်းလေးလို နားထောင်တော့လည်း အင်မတန် နားထောင်လို့ကောင်းပြန်တာပဲ။ ဒေါ်ကြည်အောင် ဆိုထားတဲ့ “သပြေခက် နဲ့ ရေပက်” ထဲမှာပါတယ်။ တီးဝိုင်းကြီးနဲ့ ကိုယ်တိုင်ဝင်ဆိုလိုက်ရရင်တော့ ဘယ့်နှယ်ပြောပါလိမ့်ဗျာ။ အရသာကို ရှိနေတာပဲ။ တခါတုန်းက မုံရွာသင်္ကြန်ကို ကိုဘသန်းတင်နဲ့ အလည်လိုက်သွားတုန်းက ဆိုဖူးတယ်။ မိန်းကလေးသီချင်းမို့ ခါတိုင်း မပပ ဆိုနေကျကို အတက်နေ့ရောက်တော့ သူကအသံတွေနာနေတာနဲ့ နေဦးကွယ်။ ဆိုကြည့်စမ်းပါရစေ။ ဆိုပြီး အမှတ်တမဲ့ တက်ဟဲတာ နားထောင်တဲ့သူတော့မသိဘူး။ ဆိုရတဲ့သူမတော့ အီစိမ့်နေတာပဲ။ ပြန်မရနိုင်တဲ့အချိန်တွေပေါ့လေ။ မနေ့ကရေးတဲ့စာထဲမှာဖြင့် “တေးသံမချို ပန်းတွေငို” ဆိုပြီး တစ်ရက်ပဲကူးသေး။ သူပဲ ပလောင်းပလဲ “လွမ်းတေးမဆုံးစေနှင့် စောသခင်” ထလုပ်နေပြန်ပြီ။ mood changes တွေကလည်း မြန်လွန်းပါတယ်နော့။ “စိတ္တေန နိယျတိလောကော။ ဩော ဟောဟော သင်္ကြန်ရောက်ပြီကော။” ဆိုတဲ့ ဘဉာဏ် (ချင်းတွင်းကျော်စွာလှိုင်) ကြီးတောင် သတိရသွားပြန်ပြီ။ အဲ့တုန်းကတော့ ငါ့အဘကို ကွန်မြူနစ် ဘုရားတကာကြီးရယ်လို့ စာထဲထည့်ရေးမိပါသေးတယ်နော်။ ကိုင်း အခု ဝဋ်လည်ပြီအဘရေ။ ဟောဒီကွန်မြူနစ်ဆရာဝန်ကောင် တောထဲကနေ အဘကို တ နေရပြီ။ ကြည့်စမ်းပါဦး။ တကယ်လို့များ မုံဝါက ဆိုတတ်တီးတတ်တဲ့သူတွေ သင်္ကြန်ရေခြောက်လို့ အကြံတွေမမြောက်ဖြစ်နေခဲ့ရင် ဦးလေးခန့်ကြီးတုန်းကလို မယ်ဒလင်လေးပိုက်ပြီး ဂျစ်ကားတစ်စီးနဲ့ ကျုပ်ဆီတက်ခဲ့စမ်းပါလား။ ရေကန်တော့ချင်လို့ပါ။ “ခါနွေဆန်း” လေး အတူတူဆိုကြရအောင်လေ။ အောင်မယ်လေး။ နားထဲတောင် ကြားယောင်လာပြီနော်။ “ဆိုင်ကယ်ပေါင်ရအောင်။ ဆိုင်ကယ်ပေါင်ရအောင်” ဆိုလားပဲ။
တောထဲတောင်ထဲ ရောက်တဲ့သူတွေဟာ မြို့ပေါ်က သဘင်ပွဲလမ်းစည်ရာ အခါရာသီလေးများရောက်ရင် ရွပိုးထိုးလာတာကို လွမ်းတယ်လို့ ရမယ်ရှာတာလား မသိပါဘူး။ မဲဇာရောက်တဲ့ ကွန်မြူနစ်ကြီး လက်ဝဲသုန္ဒရတောင် ကဆုန်လရောက်တာနဲ့ “ပွဲခါညောင်ရေ သွန်းမြဲပေတည့်။” ထလုပ်တာ မဟုတ်လား။ ကိုယ်ကတော့ ပွဲတွေကိုလွမ်းတာမဟုတ်ပဲ သီချင်းတွေကို လွမ်းတာပါ။ တပေါင်းတူန်းကလည်း တပေါင်းမို့လို့ “ရာသီတော်ဦး” လေး ဆိုချင်မိတယ်။ တတောလုံးတတောင်လုံး အရောင်ကလေးတွေစုံနေအောင် ရွက်ဟောင်းရွက်သစ် လဲကြလို့။ ကိုယ့်အိမ်ကနေ ဟိုးအဝေးတနေရာမှာ တစ်ယောက်တည်း သွားနေရတဲ့အခါ ကိုယ့်နားထဲမှာ သီချင်းသံတွေဟာ အလိုလိုနေရင်းကို အော်တိုပလေးမုဒ်နဲ့ ရောက်ရောက်လာတတ်တယ်။ အဲ့ဒါ ဘူတန်မှာ နေကတည်းက သတိထားမိတာ။ တရားစခန်းဝင်တဲ့အခါ ကိုယ့်ပြဿနာက မနက်အစောကြီးထရတာ၊ ညစာမစားရတာ၊ နာကျင်ကိုက်ခဲတာတွေ မဟုတ်ပါဘူး။ သီချင်းသံတွေ ကြားယောင်နေတဲ့ပြဿနာပဲ ရှိပါတယ်။ သီချင်းလေးသေရင် လိုက်လို့သေမလို့ စိတ်ကူးမရှိပေမယ့်လည်း ကိုယ်ကတော့ အဆိုတော်မဟုတ် ဘာမဟုတ်နဲ့ မသေမချင်း သီချင်းနဲ့မကင်းနိုင်တဲ့ အစားထဲပါပါတယ်။
အခုစာရေးနေတဲ့အခိုက်မှာလား။ “သင်္ကြန်လေညှင်းလုလင် မြူးရွှင်တော့ပေ။” ဆိုတဲ့ အခါပါဗျ။ လေညှင်းကနေ လေပြင်းကလေး မကျတကျ ဖြစ်လာလို့ ဆေးရုံမှာ ကဲလားနဲ့ထောက်ထားတဲ့ လေကာရွက်ဖျင်ကြီးတွေ တဝုန်းဝုန်း လန်ထွက်ကုန်ရော။ သစ်ရွက်တွေကတော့ ကြွေစရာမကျန်တော့ဘူး။ ရိုးတံပြိုင်းပြိုင်းမှာ ပုရစ်ဖူးနုနုလေးတွေပဲ ကျန်တယ်။ သရက်သီး အကင်းကလေးတွေ တဖြုတ်ဖြုတ်ကြွေတာဖြင့် ကောက်လို့တောင် မနိုင်။ လေကခေါ်လာတော့ မိုးကလည်း ထပ်ချပ်မကွာ လိုက်လာပြန်ပါရော။ ဒီနေ့အဖို့ နေမပွင့်တော့လို့ ဆိုလာပြားတွေ အားဝင်စရာ မရှိတော့ဘူးပေါ့။
ဒီအရပ်မှာ ရွာတဲ့မိုးကလည်း ကိုယ့်ဆီနဲ့ မတူပါလေဘူး။ မိုးတွင်းလည်း မိုးတွင်းမို့လို့၊ ဆောင်းတွင်းကျတော့လည်း ဆောင်းတွင်းမို့လို့၊ ခုလိုနွေခေါင်ခေါင်ကြီးလည်း ချွင်းချက်မထား။ ရွာကိုရွာနိုင်လွန်းပါတယ်။ အခါမဟုတ်ပဲ မိုးရွာပြန်တော့ “အို မိုးဒေဝါ ချိန်ခါလေ ချိန်ခါလေ ချိန်ခါဟုတ်ပဲ။” နဲ့ လွမ်းရတယ်။ လေတွေမိုးတွေ အုန်းအုန်းဆန်လာတော့ “အမ္ဗုန္တာ ဝဠာဟရယ်က အာဏာပြပြင်းထန် ငါသာပ တင်းပြန်တယ် မင်းဆန်တဲ့ ရွှေမိုး” ဆို ညှိုးရတယ်။ မှုန်မှုန်ကလေး ရွာနေပြန်တော့ “မိုးလေးဖွဲတုန်း သတိရနေ။ ပိုတယ်လို့ မပြောလိုက်ပါနဲ့။” ဖြစ်ရတယ်။ ဘာနဲ့မှ မလွတ်ပဲကိုး။ ဒါတောင် ဒီအရပ်က အနောက်တောင် ဘယ်ဆီနေမှန်း မသိလို့။ နို့မို့ “သည်မိုးမှောင်တုန်း မောင်ပုန်းပါရစေခင်။” လာဦးမှာ။
ဒီမှာ တခါတခါ မိုးရွာရင် တပါတ် ဆယ်ရက်လောက် ကြာချင်ကြာပါတယ်။ လေးစုံသောဝတ်လဲတော်နဲ့ နေစဉ်အခါကများဆို အဝတ်တွေမခြောက်နိုင်လို့ မီးကင်ကင်ဝတ်ရတာဗျား။ မိုးရွာရင် အပြင်ထွက်မရပါဘူးဆိုမှ ဖုန်းတွေကလည်း လိုင်းပျောက်ကုန်ရော။ ပြူတင်းပေါက်ကနေ ငှက်ကလေးတွေ အုပ်လိုက်ကြီး မိုးခိုလာတာကို ကိုရီးယားကားကြည့်သလို ထိုင်ကြည့်နေရတယ်။ အဲ့ဒါကြောင့် “သီချင်းများနဲ့ကိုယ် ဒီကမ္ဘာကို သာယာပျော်ရွှင်နိုင်ပါစေသားကွယ်။” ဆို ကိုယ်ဆိုကိုယ်ကြား တေးသံများ အစီအစဉ် စတင်ရတာ။
“တော်တော်အားယားနေတာပဲနော်။ ခများက သီချင်းလေး တအေးအေး လုပ်နေတဲ့အချိန် သူများတွေ ရေထဲမိုးထဲမှာ တိုက်ပွဲတွေဝင်နေရတာဗျ။” လို့ ငိုသံပါကြီးနဲ့ လာမန့်တဲ့သူတွေအသံကိုတော့ ကိုယ်ကြားနိုင်စရာ မရှိဘူးလေ။ လိုင်းမှမမိတဲ့ဟာကို။ ခုကာလ 24/7 လိုင်းပေါ်မှာ စဆရကလုပ်နိုင်တဲ့သူဆိုတာ နန်နန်ဂျားက မဟုတ်ရင် ဆိုဗီယက်ပြန်နွဲ့နွဲ့စန်းတွေပဲ ရှိမယ်။ တိုက်ပွဲဆိုတာ ကိုယ်တို့ဆီမှာလည်း ရှိတာပဲ။ ဘာများဆန်းလို့လဲ။ မိုးရွာလို့တိမ်အုပ်နေတဲ့အချိန်ဆို လေကြောင်းရန်အေးတယ်။ အောက်ပစ်ဖို့နေနေသာသာ ပျက်မကျအောင်တောင် မနည်းရုန်းနေရလို့ပေါ့။ နေပူတဲ့အချိန်ပဲ သူတို့ကို ကြောက်ရတာ။
မိုးရွာရင် ရေပေါမယ်ဆိုတာ အောက်ပြည်အောက်ရွာမှပဲ ရှိမယ် ထင်ပါတယ်။ ဒီမှာတော့ မိုးရွာပြီးရင် တောင်ကျရေတွေဆင်းလာလို့ ရေတွေနောက်သွားတယ်။ သုံးလို့ချိုးလို့ မကောင်းတော့ဘူး။ သစ်ပင်တွေ အမှိုက်သရိုက်တွေမျောလာပြီး ရေစီးလည်း အရမ်းသန်တယ်။ ဆိုးတာကတော့ ကားလမ်းတွေဗွက်ပေါက်သွားပြီး ဘာကားမှ မဝင်တော့ဘူး။ မနက်မနက် လာနေကျကုန်စိမ်းသည်တွေတောင် မလာနိုင်တော့ဘူး။ စိုသောလမ်းမခြောက်မချင်း ပို့သသောမေတ္တာကိုသာ ရနိုင်တော့မယ်။ ပေးပို့အပ်သော ဆေးဝါးပစ္စည်းများကတော့ စောင့်ရဦးမှာပေါ့တဲ့ ကိုယ့်လူရယ်ရှင် ဖြစ်သွားပြီ။
အခုလို သင်္ကြန်မိုးရေ တန်ခူးလေက စေတနာတွေပိုလွန်းတာကြောင့် ပိတောက်ဖူးကလေးတွေ ပွင့်များပွင့်တော့မှာလားလို့ ပိတောက်ပင်ကြီးတွေ လိုက်ရှာကြည့်တဲ့အခါ ဘယ်မှဝေးဝေးရှာစရာမလိုဘူး။ ခွဲခန်းအဝင်ဝမှာ အရိပ်ကလေးကွယ်အောင် ချန်ထားတဲ့အပင်ပျိုကလေးက ပိတောက်ပင်ဖြစ်နေတယ်။ ကလေးဘဝက ကိုယ့်အိမ်ရှေ့မှာ ရေလောင်းစိုက်ခဲ့တဲ့ အပင်နဲ့အတူတူပဲ။ ပိတောက်တော့ပိတောက်။ ရွှေဝါပိတောက် မဟုတ်ဘူး။ ပိတောက်စိမ်း။ အံတီချို့သီချင်းလေး ကြားယောင်လာပြန်ပြီ။ ဒုက္ခ။
တော်ပါသေးရဲ့။ ဒီမှာ လိုင်းမကောင်းတော့ စစ်ခွေးတွေ စစ်ကြောင်းထိုးလာရင် “We are soilder “ တို့ဘာတို့ ကြားယောင်စရာ အကြောင်း မရှိတော့ဘူး။ ဂျပန်ခေတ်ကလက်ကျန် “မိုဒေကာလဲ မယ်ဆဲဘယ် ရွားနေဒဲ။”ဆိုတဲ့ version အဟောင်းကြီးကတည်းက update မလုပ်ရသေးတာ။ လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကတော့ ကိုယ်တို့အရင်နေခဲ့တဲ့ စခန်းကလေးပေါ် ဗုံးလာကျဲသွားတယ်။ ဘုရားရှင်အဆူဆူစောင့်ရှောက်လို့ လူအထိအခိုက် မရှိဘူး။ ကိုယ်တို့စခန်းမှာ ရှိတုန်းကလည်း လာတယ်။ ပစ်တယ်။ မထိတာ။ ဗုံးခိုကျင်းထဲ ဆင်းဆင်းနေတယ်လေ။ “ဂုတ်ကလေးတွေပုလို့ အေးကျင်းထဲမှာစုလို့ အလုအယက်ထိုင်ကာ ဂါထာမန္တန် ရွတ်အံတာတွေကြောင့် ဘေးပျောက်လို့ရန်ပြေ။ ဘုရားကယ်တာတွေ။” ဆိူ ကိုထိပ်တင်ဝင်းအသံကြီး ကြားမိပြန်ရော။ ငါ့နှယ်နော်။
ခုနေခါများ ဆရာစိုးအသံကလေးကို ကိုယ်တိုင်ကိုယ်ကျ နားသောတဆင်လိုတယ်လို့ ဆန္ဒရှိရင်တော့ မနှစ်က တင်ခဲ့ဖူးသော ဗီဒီယိုဖိုင်တွေထဲမှာ “ပြည်တော်ဝင်” ဆိုတဲ့တစ်ပုဒ် ရှိလေရဲ့ဗျား။ ရေးရင်းမတ်တပ်ကို ဆိုပြချင်လာတာ။ ဆိုနေတယ်ပဲ အောင့်မေ့လိုက်ပါနော်။ ဘယ်သူမှမကြားလည်း ကိုယ့်ဘာသာဆိုနေတဲ့ သီချင်းလေးတစ်ပုဒ်ပေါ့။
“ချစ်ခင်ကြတဲ့ အားလုံးမိတ်ဆွေ။ နေ့တိုင်းပဲ သတိရပါတယ်လေ။ ကျုပ်တို့မြို့မ အသင်းသားများတတွေ တောင်ရိုးတန်းစစ်ကိုင်းဘက်မှာနေ။
ကျန်းမာကြရဲ့လားလို့ မြို့မမောင်တွေ ရွှေမန်းသူအဆွေ မေးလိုက်သံတွေ။
ဪ ကျန်းမာကြပါရဲ့လို့ မြို့မမောင်တွေ
ရွှေမန်းသူတွေ ပြောလိုက်ပါအဆွေ။
စစ်ကိုင်းမှာပဲ စိတ်ကစွဲ နတ်ပြည်။
တခါတလေတော့ မျှော်မှန်းလွမ်းစိတ်တဝေဝေ။
ပြန်ချင်ဇောတွေ ရောက်ချင်ဇောနဲ့ စိတ်စောမိတယ်လေ။”