ခုနေများ နှစ်ယောက်သား ဘောက်ခါးချင်သပဆိုရင် “နေမမြင် ရေပြင်လွှမ်းတဲ့ မြောက်ယဉ်စွန်းတန်းကိုပဲ ခေါ်ခေါ် ပျော်ပါမယ်။” လို့ ပြောင်းဆိုရမလား မသိဘူး။ နေရောင်လည်း မမြင်ရဘူး။ မိုးတွေချည့်ပဲ ရွာနေတာ။ ရေပြင်ဖွေးဖွေးကြီးတွေ ပြည့်လို့။ မိုးကအုံသလို ခေါင်းကလည်း အုံလို့ နေ့နေ့ညည အိပ်လို့ချည့်နေတယ်။ စားစရာရှိ ထစားတယ်။ လူနာလာ ထကြည့်တယ်။ ဆေးတွေရောက်တယ်ဆို ထွက်သယ်လိုက်တယ်။ ဆီဈေးကြီးတော့ လူနာကိစ္စမဟုတ်ရင် မီးစက်မနှိုးချင်တဲ့အတွက် လိုင်းလည်း သိပ်မသုံးဖြစ်ပါဘူး။ လူနာတွေကတော့ လာပါတယ်။ မိုးထဲလေထဲ ခဲခဲယဉ်းယဉ်း လာရတာဆိုတော့ သူတို့လည်း တော်တော် အသည်းအသန် ခံစားရမှ လာတာပါ။
စစ်ပွဲမရှိလည်းပဲ SNA တွေ လက်သရမ်းလို့ gun shot wound တွေ ရောက်လာကြတယ်။ နန့်မွန်းဘုန်းကြီးကျောင်း အဝတင် ပစ်ခံရတာ။ “မင်းကွာ။ ဘာကိစ္စ အဲ့ဒီနား သွားရတာလဲ။ အဲ့ဒီကျောင်းထဲမှာ SNA တွေ တပ်စွဲထားမှန်း တလောကလုံး သိတယ်။ ကိုယ့်ရွာကိုယ် ဘယ်နား ဘာရှိမှန်း မသိဘူးလား။ အဲ့လောက် အ ရသလား။” လို့ဆူတော့ “ကိုယ့်တစ်ရွာတည်းသားအချင်းချင်း မလုပ်လောက်ဘူး ထင်လို့ သွားမိတာပါ ဆရာရယ်။” တဲ့။ ဒီကောင်တွေ မျက်နှာသိချင်း လုပ်ရက်တယ် ဆိုပြီး ရင်ထုမနာ ဖြစ်နေသေး။ “လူဆိုတာ လက်ထဲသေနတ်ကလေးရောက်သွားရင် ဟိုလူ့လျှောက်ချိန် ဒီလူ့လျှောက်ထိုးနဲ့ ဖင်တယားယား လက်တယားယား ရှိတတ်တာ မသိဘူးလား။ ငါတို့တောင် အဲ့ဒီ နန့်မွန်းဆေးရုံရှေ့မှာ သေနတ်ကြီးနဲ့ ထိုးချိန်ပြီး ပစ်တာ မီးမပွင့်လို့ ခုထက်ထိ အသက်ရှင်နေသေးတာ။ မိုးပေါ်ထောင်ဖောက်မှ ဒိုင်းကနဲထွက်လို့ တော်သေးတာပေါ့။” လို့ သူ့တောင် တရားပြန်ချရတယ်။
အမှန်အတိုင်း ပြောရရင် နန့်မွန်းဆိုတာ SNA တွေ ကြီးစိုးတဲ့ရွာပါ။ ရွာထဲက ပိုက်ဆံရှိတဲ့သူတွေကလည်း SNA ထောက်ခံကြတယ်။ အဓိကကတော့ ဘာသာ သာသနာ နဲ့ မှိုင်းတိုက်ထားတာပဲ။ နန့်မွန်းဘုန်းကြီးက ကြံ့ဖွံ့ထောက်ခံသူ အမာခံဖြစ်ပြီး မဘသဘုန်းကြီးလည်း ဖြစ်တယ်။ နန့်မွန်းရွာထဲကို SNA တွေ ခဏခဏ ဝင်မွှေတတ်ပြီး ဆက်ကြေးကောက်တာ၊ စစ်သားစုဆောင်းတာ လုပ်လေ့ရှိတယ်။ သူတို့စစ်ကြောင်းထိုးရင်း ကချင်လုံချည်ဝတ်ထားတဲ့သူ တွေ့ရင် ပါးခေါ်ရိုက်တတ်တယ်။ KBC ဘုရားကျောင်းကိို မီးရှို့မယ် တကဲကဲ ချိန်းခြောက်တာ ကိုယ့်မျက်စိရှေ့တင်။ ဒါပေမယ့်လေ။ သူတို့မုန်းတဲ့ ကချင်ဆိုတာက လမ်းမှာ အမှတ်တမဲ့တွေ့တဲ့ သူလိုငါလို နွမ်းနွမ်းပါးပါး ကချင်တွေကိုပဲ မုန်းတာပါ။ KIA /KIO က ဆလမ်ကဘာတွေ ရွာထဲမှာ အိမ်ကြီးရခိုင်နဲ့ ထင်ထင်ပေါ်ပေါ် နေနေကြတာပဲဟာ။ အဲ့ဒီအိမ်ရှေ့ဆို အီးနဲ့တောင် လှည့်မပေါက်ရဲပါဘူး။ အတူးတူပဲဗျ။ သူတို့ SNA လူကြီးကတော်လည်း ဘုရားရှေ့ကရွာမှာ ၃ ထပ်တိုက်ကြီး ဟီးလို့။ ဧည့်စာရင်းတောင် ဝင်မစစ်ရဲကြပါဘူး။ ကားပေါ်ပါသမျှလူ လမ်းပေါ်ဆင်း ငုတ်တုတ်ထိုင်ခိုင်းတဲ့ ဂိတ်များတောင် သူဌေးဆိုရင် လူမပါပဲ ကားမြင်ရုံနဲ့ လက်ကလေးပြပြီး “သွားပါ သွားပါ” နဲ့ နှုတ်ဆက်ရတာ။ ကားမှန်ကလေး ဖွင့်ပြပြီး “ကိုယ်ရယ်ပါ ကိုယ်ရယ်ပါ” တောင် လုပ်စရာ မလို။ ဘယ်သူဌေးမဆို ရှိသမျှ အဖွဲ့အစည်းတိုင်းကို မီးသေတယ်။ တစ်ရွာလုံး မီးလောင်လည်း သူဌေးအိမ်က မီးကွင်းဂမုန်း စိုက်ထားသည့်အလား။
ဒီဘက်က သူဌေးတွေ ဆိုသည်မှာလည်း လားရှိုးလို ကားပင်လယ်ကြီးထဲတိုးပြီး စစ်ပြေးစစ်ရှောင်စရာ မလိုဘူး။ ဒီအိမ်က လှစ်ကနဲ ပျောက်သွားပြီးရင် နောက်တစ်အိမ်မှာ ဘွားကနဲ သွားပေါ်တယ်။ လျှောက်နေကျရှဉ့် နဲ့ စွဲနေကျ ပျားတွေပဲဟာ။ တစိမ်းတွေမှတ်လို့။ ယူတို့ ပြည်ထောင်စုအစိုးရကြီးတောင် လကမ္ဘာကို ဟန်းနီးမွန်းထွက်မယ် ဆိုတဲ့ မိုးထိမိုးမိ ရွှေသူဌေးဆီက တိုင်းသိပြည်သိ အကြွေးပြန်တောင်းတာ တစ်မတ်သား ငါးမူးသား ပြန်ရသလား ပြောစမ်းပါ။ သူဌေးမှန်ရင် ရှိသမျှ လက်နက်ကိုင် ၃ ဖွဲ့လုံး အိပ်ထဲထည့်ထားနိုင်တယ်။ NLD, NUG, CRPH လောက်တော့ အရေးလုပ်စရာလို့ကို မမြင်သေးလို့ အိပ်အလေးမခံဘူး။ ကျောက်ရိုင်းတုံးတွေ ဈေးဖြတ်လာတဲ့ လူတွေပါ။ တော်လှန်ရေးသမားဆိုတာ ရေမဆေးကျောက်လောက်ပဲ ဈေးရမယ်။ အစိုးရဖြစ်တော့ တမျိုးပေါ့။ အပြုံးသူဌေးမလေးကို အပြစ်မတင်လေနဲ့။ သူဌေးဆိုတာ ဒီလိုပဲ တရားနာပရိသတ်။
အာဏာသိမ်းတဲ့ ၃ နှစ်ကာလ ဆိုတာ သူတို့အတွက် အင်မတန် စီးပွါးရှာကောင်းတဲ့အချိန်။ လွှတ်တော်မှာ အဆိုတင်ပြီး ကန့်ကွက်မယ့်သူ မရှိဘူး။ သတင်းထောက်တွေ ဝင်မွှေပြီး ဆန္ဒပြမယ့်သူ မရှိဘူး။ ဗဟိုအစိုးရတွေ သူ့ဟာနဲ့သူ တိုင်ပတ်ပြီး ပျားတုပ်နေချိန်မှာ ခြေသွက်လက်သွက်နဲ့သာ ဝင်ဆွဲ။ နေ့ချင်းညချင်း သူဌေးဖြစ်တယ်။ အခု အဲ့ဒီဒေသမှာ စစ်ဖြစ်နေတယ် မဟုတ်လား။ သူဌေးတွေအတွက်တော့ မပူပါနဲ့။ ဘယ်သူဌေးမှ ဘေးမသီ ရန်မခပါဘူး။ အလျော်အစားလေး နည်းနည်းပါးပါးသာ ရှိချင်ရှိမယ်။ မအူမလည်နဲ့ အဝင်မတတ် အထွက်မတတ်တွေပဲ ကြားထဲက ငထွား ခါးနာကြရတာ။ ကိုယ်တို့မှာ ပညာတွေလည်း ရပါတယ်။ သင်ခန်းစာတွေလည်း ရပါတယ်။ လောကကြီးမှာ အ တဲ့သူတွေအတွက် နေရာမရှိဘူးဗျ။ တုံးတုံးအအ နဲ့ သူဌေးဖြစ်ပြီး ချမ်းသာသွားတဲ့သူ ဘယ်ဘုရားသခင်လက်ထက်မှာမှ မရှိဘူး။ ကာလ၊ ဒေသ၊ ပယောဂချင်း တူသော်ငြားလည်း ထိခိုက်ပျက်စီးမှုချင်း မတူတာက အတိတ်ကံ ဆိုတာထက် အမျှော်အမြင်ဉာဏ် နဲ့ ပိုက်ဆံကပေးတဲ့ ကိုယ်ခံအားချင်း ကွာခြားတာ ဖြစ်ပါလိမ့်မယ်။
သူဌေးတွေဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ်မှာ အတိုင်းအတာတစ်ခုအထိ ဩဇာလွှမ်းမိုးနိုင်ရတဲ့ အကြောင်းရင်းကတော့ သူတို့ဟာ အဲ့ဒီအဖွဲ့အစည်းတွေရဲ့ ရေသောက်မြစ် ဖြစ်နေလို့ပါပဲ။ အစိုးရဆိုရင် အခွန် လို့ ပြောမယ်။ အစိုးရမဟုတ်တဲ့အဖွဲ့တွေဆို ဆက်ကြေး လို့ ပြောမယ်။ ဘယ်လိုပြောပြော တောင်းရင်တောင်းသလောက် ပိုက်ဆံပေးရတာကတော့ အတူတူပါပဲ။ ဆင်းရဲသားဆီကဆို မူးစုပဲစုပဲ ရပေမယ့် သူဌေးအိမ်က ကျလာရင် ထောင်သောင်းသိန်းသန်းလည်း ရနိုင်တယ်။ သူ စီးပွါးဖြစ်ရင် ဖြစ်သလိုပေါ့။ ရွှေတွေကျောက်တွေကို မြေကြီးကပေးသော်ငြား ဒီမှာလာပြီး တူးခွင့်ရှာခွင့်ကို မောင်ကြီးနတ်တို့ ကိုကြီးနတ်တို့က စောင့်ရှောက်တာ မဟုတ်လား။ အဲ့ဒါကြောင့် နတ်နဲ့နဂါး မလှည့်စားနဲ့။ ပသရန် တင်မြဲ။ ပွဲ စုံလင်စွာ ပွဲ စုံလင်စွာ။ ဝတ်လဲတော် ရွှေပုဆိုး။ ပိုး၊ ချည်မပါ။ ပိုး၊ ချည်မပါ။ တစ်ခုတော့ ရှိတယ်။ နတ်ပွဲမှာဆက်တဲ့ အရက်တွေ၊ ကြက်ကြော်၊ အမဲကြော်တွေဟာ တကယ်တမ်းတော့ နတ်ကတော်နဲ့ ဆိုင်းအဖွဲ့ ပါးစပ်ထဲပဲ ရောက်ရသလိုပေါ့။ ဒီပိုက်ဆံတွေ နိုင်ငံတော် နဲ့ ပြည်နယ်ကြီးအတွက် ရောက်ရတယ် ဆိုရင် အာကရံပါကရံလောက်တော့ ရှိပါလိမ့်မယ်။ နတ်ဆိုတာ အငွေ့ပဲ စားတာ မဟုတ်လား။ လူကမှ အသံမမြည်ပေမယ့် ညက်ညက်ပါအောင် ဝါးစားတာ။ မိုးထိမိုးမိက ရွှေတွေ နိုင်ငံတော်က မရလိုက်ရင်သာ ရှိမယ်။ ဦးသိန်းစိန်တို့ အဖွဲ့သားများကတော့ ရယ်လိုက်ကြတာ ဖတ်ဖတ်မော။
ဒါ့ကြောင့် သူတို့ကလည်း နောက်အစိုးရတက်လာမှာကို စစ်သားတွေနည်းတူ ကြောက်ကြပါတယ်။ စည်းနဲ့ကမ်းနဲ့ အတိုင်းအတာတွေ လာကန့်သတ်ရင် လုပ်ချင်သလို မလုပ်ရတော့ဘူးလေ။ သဘာဝပတ်ဝန်းကျင်ဆိုတာ သူတို့နေမယ့်အရပ်လည်း မဟုတ်ဘူး။ မက်မုံကိုင်မှာ ရွှေအောင်သွားရင် မင်းသမီးယူပြီး မန်းလေးမှာပဲ စိန်ဆိုင်သွားဖွင့်တာ။ စစ်ရှောင်စခန်းအတွက် ထမင်းတစ်ထုပ် မပို့ပါဘူး။ “အင်းတော်ကြီးပတ်ပတ်လည်ဟာ မဖြစ်မနေ ထိန်းသိမ်းစောင့်ရှောက်ရမယ့် သဘာဝပတ်ဝန်းကျင် တစ်ခုဖြစ်တယ်။ မြေတွေ ကျွမ်းသဒ္ဒါလန်အောင် ရွှေမတူးသင့်ဘူး။” လို့ သွားပြောရင် “တူးတော့ ယီးဖြစ်လား။ မင်းဆင်း မင်းဆင်း။ မင်းနဲ့ အလုပ်မလုပ်ဘူး။ နောက်အစိုးရတင်ပြီး အလုပ်လုပ်မယ်။” ဆို ဖြစ်သွားမှာ။ အခုလိုမျိုး ဘာအစိုးရမှ မရှိပဲ ရောက်လာတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ပြေလည်အောင်ပေါင်းပြီး စိတ်တိုင်းကျ လုပ်ချင်ရာ လုပ်နိုင်တဲ့ အခွင့်အရေးဆိုတာ အမေရိကားမှာ မရနိုင်ဘူး။ ရုရှားတို့၊ တရုတ်တို့မှာလည်း မရနိုင်ဘူး။ ရွှေတူးကျောက်တူးတာ သမာအာဇီဝပါအေ။ မယုံရင် ဘုန်းဘုန်းမေးကြည့်။ ဒီက ကျောင်းထိုင်ဆရာတော်လည်း သူ့ကျောင်းထဲသူ နေရာမလပ် ဖြိုချပြီး သာသနာအကျိုး သယ်ပိုးနေတာ။ ယူတို့က လက်နက်ပွဲစားသူဌေးဖြစ်ရင်တောင် သီရိသုဓမ္မ မဏိဇောတဓရ ဘွဲ့အရှည်ကြီးပေးလာတာ မဟုတ်လား။ ရွှေအောင်လို့ သူဌေးဖြစ်ရင် ဘုရားလက်ထက်ကတည်းက ကျောင်းဒကာ ကျောင်းအမချည့်ပဲ။
ဒီလိုသာဆိုရင် အဲ့ဒီသူဌေးတွေက တော်လှန်ရေးအတွက် အထောက်အကူ မဖြစ်နိုင်တော့ဘူးလား။ အို ဘယ်လိုပြောလိုက်ပါလိမ့်။ အများကြီးကို ဖြစ်နိုင်တာပေါ့။ ကိုယ့်အလုပ်သာကိုယ်ကြိုးစားလုပ်စမ်းပါ။ ကိုယ့်ရဲ့ပါဝါက သူတို့ပိုက်ဆံရှာတဲ့အလုပ်မှာ အသုံးတည့်ရင် တည့်သလို သူတို့ဘက်က ကြေးပေးလာပါလိမ့်မယ်။ ရေဘေးဆိုပြီး ဖလားခေါက်ရင် ၅၅ သိန်းဆိုပေမယ့် မိတ်ကပ်လှလှပြင်ပေးရင် ဒေါ်လာတစ်သောင်း ထွက်နိုင်တယ်။ မေမေ မေမေ နဲ့ ဆီဗူးခါပေးရင် ဘရန်းဒက်တွေ အမ်းဖို့ ဝန်မလေးဘူး။ စီးပွါးဘက်များဖြစ်လာလို့ကတော့ ဘာပြောကောင်းမလဲနော်။ သူတို့ဆီက ဘာမှ မဘာဘူးဆိုတာ သူတို့ကို အပြစ်မတင်နဲ့။ ခများကိုယ်တိုင် ဘာမှ မဟုတ်လို့ သူတို့လည်း မဘာတာ။ ကိုယ့်ဘာကိုယ် ဘာအောင်လုပ်။ သီတင်းကျွတ်လောက်ဆိုရင် “ဦးရည်မွန်ကြီး။ နေကောင်းတယ်နော်။ အိမ်လာလည်ပါဦး။ မိတ်ဖြစ်ဆွေဖြစ်ပေါ့။ ထမင်းဆိုထမင်း၊ ပုလင်းဆိုပုလင်း။ အဆင်သင့်ပါဗျာ။ ကျွန်တော်တို့ကိုလည်း ကူညီပံ့ပိုးခွင့်လေး ပေးပါဦး။” ဆို ဖြစ်လာမှာ။ လူ့သဘာဝဆိုတာ ဒီလိုပါပဲလေ။
ကိုယ့်ဆေးရုံကလေးဟာလည်း ဒီဒေသက သူဌေးမင်းများရဲ့ အထောက်အပံ့ အစောင်အမနဲ့ မကင်းပါဘူးလေ။ ဒီကိုရောက်တာကိုက သူဌေးခေါ်လို့ ရောက်တာ။ ခွဲခန်းစဆောက်တော့လည်း သူဌေးဆောက်ပေးတာ။ ဆေးရုံအတွက် လိုအပ်သမျှ အရာတွေအားလုံး သူပဲ မတည်ပေးတာ။ သူက မတည်ထူထောင်ပေးရင် အခက်အလက် အသီးအပွင့်တွေ ဝေဆာလာဖို့ကတော့ ကိုယ့်တာဝန်ပေါ့ကွယ်။ တစ်ဦးတစ်ယောက် တစ်သင်းတစ်ဖွဲ့ပေါ်မှာ လုံးလုံးကြီး မှီခိုအားထားနေလို့ရှိရင် သူ့ဘက်က နောက်တစ်လှမ်းဆုတ်တာနဲ့ ကိုယ်ပါယိုင်လဲသွားမှာစိုးလို့ ရေရှည်မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင်လည်း ကြိုးစားရတယ်။ လူနာတွေဆီက အလှူငွေပြန်ထည့်သွားတာနဲ့ လည်ပတ်လို့ မရမှန်း သိတဲ့အခါ ကိုယ့်အပေါ် ယုံကြည်စွာ ထောက်ပံ့မယ့် ပြည်သူ့ဘက်သားများဆီက အလျဉ်မပြတ် စီးဆင်းလာတဲ့ အကူအညီတွေကိုလည်း ရယူရပါတယ်။ တခြား ဘယ်ကမှ ရပေါက်ရလမ်း မရှိပဲ လူနာများစွာကို နှစ်ရှည်လများ အခမဲ့ ဆေးကုနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ရန်ကုန်မှာတုန်းက ကိုယ့်မိသားစုကိုယ် ဝလင်အောင် ငွေရှာမပေးနိုင်သော်ငြား ဒီမှာတော့ လူ ၂၀-၃၀ ကို လိုလေသေးမရှိ ချက်ပြုတ်ကျွေးမွေး အလုပ်ပေးထားနိုင်ခဲ့ပါတယ်။ အဲ့ဒီအထဲကမှ ကိုယ့်ဆေးရုံကလေး စက်ကိရိယာပစ္စည်း ပြည့်ပြည့်စုံစုံ၊ အဆင့်မီလာစေဖို့အတွက် ရနိုင်သမျှ အလှူရှင်များဆီက resources တွေကို အလေအလွင့် မရှိအောင် ထိန်းသိမ်းသုံးစွဲလို့ ဒီအခြေအနေထိ ရောက်လာခဲ့တာပါ။
ဘွဲ့လွန်မတက်ခင်တုန်းက အကိုတစ်ယောက်ကနေ အခုလိုပဲ အရင်းအနှီး မတည်စိုက်ထုတ်ပြီး ပေါ်လီကလင်းနစ်တစ်ခု စတည်ထူထောင်နိုင်အောင် လိုအပ်သမျှ ပံ့ပိုးပေးပါတယ်။ အဲ့ဒီအချိန်တုန်းက တကယ်တမ်း လိုအပ်ချက်ရှိနေတာက ကိုယ့်အရည်အချင်းပဲ ဖြစ်နေလို့ မအောင်မြင်ပါဘူး။ မတည်စိုက်ထုတ်တဲ့ အရင်းအနှီးကသပ်သပ်၊ လည်ပတ်လှုပ်ရှားနေရတဲ့ စားရိတ်စက ပုံမှန်ဝင်ငွေက သပ်သပ် လို့ နားလည်သွားပါတယ်။ ဆေးခန်းဆိုတာ ဈေးဆိုင်နဲ့တော့ မတူဘူး။ ပစ္စည်းတွေတင်ရောင်း၊ အရင်းဘယ်လောက်၊ အမြတ်ဘယ်လောက် တွက်လို့မရဘူး။ expert’s service ပါမှ value added ဖြစ်တယ်။ Specialist မမြဲတဲ့ ဆေးခန်းကို လူနာမလာသလို လူနာမလာတဲ့ဆေးခန်းမှာလည်း Specialist မမြဲတတ်ပါဘူး ဆိုတဲ့ သံသရာကို မချိုးဖောက်နိုင်ခဲ့ဘူး။ အဲ့ဒီဆေးခန်းက ကိုယ့်အတွက် သင်ခန်းစာတွေတော့ အများကြီး ရခဲ့ပါတယ်။ နိုင်ငံရေးကျောထောက်နောက်ခံပျောက်သွားလို့ အကို့ကုမ္ပဏီ ပြိုလဲတဲ့အခါ ဆေးခန်းလေးလည်း တစ်နွယ်ငင်တစ်စင်ပါသွားတော့တာပဲ။ အဲ့ဒါကြောင့် ကိုယ်ဆေးရုံထောင်တဲ့အခါ ဘယ်သူ့အပေါ်မှ လုံးလုံးလျားလျား မှီခိုရပ်တည်လို့ မဖြစ်ဘူး လို့ သဘောပေါက်ထားခဲ့တာပါ။
ဘယ်သူ့ကိုမှ မမှီခိုဘူးဆိုပေမယ့် ဘယ်သူ့ဆီက အကူအညီနဲ့မှတော့ မကင်းဘူးနော်။ ကိုယ်ပြောတာ လုံးလုံးလျားလျား လို့ ပါတယ်။ ကိုယ်ကသာ ကိုယ့်ကိုယ်ကိုယ် ဘာကောင်မှန်းသိအောင် အလုပ်လုပ်ပြနေရင် အကူအညီ အထောက်အပံ့တွေက သူ့ဘာသာ လာပါလိမ့်မယ်။ ခွဲရင်းတန်းလန်း မီးစက်ပျက်သွားလို့ ကိုယ်တို့တိုင်ပတ်နေတာမြင်ရင် လူနာက မီးစက်ကြီးတစ်လုံး လှူပေးသွားတာပဲ။ ခွဲခန်းထဲမှာ ချွေးတလုံးလုံးအခွဲခံရတဲ့လူနာကလည်း အဲကွန်းဝယ်တပ်ပေးသွားတာပဲ။ မတတ်နိုင်တဲ့လူနာက မတတ်နိုင်လို့ အလကားလာကုသလို တတ်နိုင်တဲ့လူနာတွေ လာကုရင် တတ်နိုင်သမျှ လာကူသွားပေးကြပါတယ်။ ယုံကြည်မှုတစ်ခုရရင် ဘာမဆိုဖြစ်နိုင်တယ်လေ။ ကိုယ့်ကိုယ်ကိုယ်ရော သူများအပေါ်မှာရော မလိမ်မညာသ၍ အဲ့ဒီယုံကြည်မှုကလည်း တည်မြဲနေဦးမှာပါ။
ဒီအကြောင်းတွေကို ဘာဖြစ်လို့ စာအရှည်ကြီး ရေးသလဲဆိုတော့ ကိုယ့်ဘဝနဲ့ ရင်းထားရတဲ့ သင်ခန်းစာတွေကို နောက်လူတွေ အလွယ်တကူ သင်ယူနိုင်ဖို့ပါ။ ကိုယ့်လိုမျိုး ကိုယ်ထူကိုယ်ထ ဆေးရုံကလေးတွေ ထူထောင်မယ် ဆိုလို့ရှိရင် ဘာတွေကို ဘယ်လိုစဉ်းစားရတယ် ဆိုတာ သိစေချင်လို့ဗျ။ ဆေးကုတတ်တယ်၊ ခွဲတတ်တယ် ဆိုရုံနဲ့တော့ ဆေးရုံတစ်ဆောင် ဖြစ်မလာဘူး။ ရိုးသားရမယ်။ ဒါပေမယ့် အကင်းပါးရမယ်။ ကျောင်းမှာသင်မပေးလိုက်တဲ့ လူ့လောက သဘာဝ သင်ခန်းစာတွေကို လှစ်လှစ်ကလေးနေအောင် ကျေညက် နားလည်နေရမယ်။ အတတ်ကျူးပြီး ဘီလူးမဖြစ်အောင်လည်း ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းတတ်ရမယ်။ ဘာလို့ဆိုတော့ ယုံကြည်မှုဆိုတာ တသက်လုံးထိန်းသိမ်းလာရသလောက် တစ်ခါပျက်သွားပြီးရင် ပြန်မရနိုင်တော့တဲ့အတွက်ကြောင့်ပါ။ ဆရာတို့ ဆရာမတို့က ရွှေမကျင်၊ ကျောက်မတူးသော်ငြား နယ်ခံပြည်သူလူထုရဲ့ ယုံကြည်မှုကိုတော့ အရယူဖို့ လိုမယ် မဟုတ်လား။ လူနာနဲ့ ဘယ်လိုပေါင်းရတယ်။ လက်နက်ကိုင်တွေနဲ့ ဘယ်လိုပေါင်းရတယ်။ သူဌေးတွေနဲ့ ဘယ်လိုပေါင်းရတယ်။ ကျေကျေညက်ညက်ကြီး ဝင်ဆန့်လာပြီဆိုရင်တော့ မြောက်ကျွန်းသူထမင်းအိုးလို တသက်လုံး ခူးခပ်စားမကုန်တော့ဘူးလေ။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး မဟုတ်တောင် ဆရာဝန်တွေ ထမင်းမငတ်ပဲ သိက္ခာရှိရှိ ဆေးကုနိုင်တဲ့ နိုင်ငံအသစ်ကြီးတော့ လိုချင်မိတာ အမှန်ပါ။