တို့တောင်ယာတော – သုမောင်

မဟာဂီတ သီချင်းကြီးတွေထဲမှာ တိုင်းရင်းသားတေးသံများလည်း ပါပါတယ်။ ကရင်သြသံ၊ ဒိန်းသံ၊ ထားဝယ်သံ၊ မွန်သံ စသည်ဖြင့်ပေါ့။ ရှေးရှေးက ကခဲ့တဲ့ နောက်ပိုင်းဇာတ်တော် တွေထဲမှာလည်း ချင်းဖဝေး တို့၊ ဖိုးထောင် ဝါနု တို့၊ ကျိုက်ထီးရီုးသမိုင်းထဲက ရွှေနန်းကျင်တို့ဟာ တိုင်းရင်းသားများပါ။ ဗမာရှင်ဘုရင်တွေ ခေတ်ကတည်းက တိုင်းရင်းသားယဉ်ကျေးမှုတွေဟာလည်း ခေတ်ပြိုင်ဖွံံဖြိုးခဲ့တာပေါ့။ အဲဒီအသံများဟာ ကြားနေကျလူအဖို့ ဘယ်သီချင်းထဲ ယူသုံးသုံး၊ ဒါ ဘာသံလို့ ကွဲကွဲပြားပြားသိပါတယ်။ ဥပမာ မောင်ပေါက်ကျိုင်းလိုလူစားဆို ကရင်ဒုံးယိမ်းသံလေး။ ကရင်သြသံ ဆိုတာကတော့ “တို့တောင်ယာတော” သီချင်းအပြင် သန်းသန်းမေ ဆိုထားတဲ့ “တမိုးတမြေ” သီချင်းမှာပါ ကြားရပါလိမ့်မယ်။ မြိုင်တန်းမှောင် ဝေလေး… တို့၊ ရှို့မီးထိန်လွင်လေး..တို့ နဲ့ စပါတယ်။ မဟာဂီတမှာက မွန်ဆိုရင်လည်းမွန်သံဟာ ဟောဒီအတောတော၊ ဟောလိုအစသတ် လို့ စည်းကမ်းကလနား ထားပါတယ်။ သီချင်းရေးဆရာများကလည်း ဆိုင်းဆရာကို မန်းတောလေး တောပေး။ မွန်ချလေးချပေး လို့ဆိုရင် အတီးသမားက သဘောပေါက်ပါတယ်။ ခုခေတ်လူငယ်တွေ မကြားဖူးမှာစိုးလို့ ပြန်ပြောပြရတာပါ။ ဒီသီချင်းဟာ မဟာဂီတက ဆင်းသက်လာတယ်လို့ ဆိုချင်ပါတယ်။

သီချင်းရေးသူက ကိုညီထွဋ်တို့ ဘိုးအေကြီး။ ဆရာရွှေတိုင်ညွန့်ရဲ့ ဘခင် လူရွှင်တော် ဦးကြင်ခဲ ပါတဲ့။ မူရင်းအဆိုကတော့ ဥသြဘသောင် ပါ။ ကိုသုမောင်ပြန်ဆိုထားတဲ့ အခွေကိုတင်ပေးပါ့မယ်။ တာတူးလေးလို့ခေါ်တဲ့ ကိုရန်ပိုင်စိုး ရဲ့ ဆိုပျော်မှာ ပွဲသိမ်းသီချင်းလည်းဖြစ်ပါတယ်။ အလွန်မြူးကြွပြီး၊ ကလို့ခုန်လို့သွက်သလောက် ဆိုရတာတော့ ထင်သလောက် မလွယ်ပါဘူး။ အခု ဦးသုမောင် ဆိုတဲ့ အဆိုမျိုးကို အငေါက်ဆို လို့ခေါ်ပါတယ်။ ပါးစပ်မှာ ဘရိတ်ဖမ်းပြီး ဆိုသလိုမျိုးပါ။ ကာရာအိုကေလေးနဲ့ ဟစ်ကြည့်ရင် သိပါလိမ့်မယ်။

သီချင်းရဲ့အကြောင်းအရာကတော့ ကရင်လူမျိုးများ ယာတောမှာ ဘာသာဘာ၀ ပျော်စရာ ကောင်းပုံတွေကို နားထောင်ရင်း မြူးပျော်လာအောင် သရုပ်ဖော်ထားပါတယ်။ ခေါင်ရည် သောက်ချင်စိတ် ပေါက်လာအောင်ကို ကောင်းပါတယ်။ နားထောင်ရင်း ခြေတွေ လက်တွေ လှုပ်လာအောင်ကိုလည်း ကောင်းပါတယ်။ နားထောင်ကြည့်ပါ။

မွန်တွေ ရှမ်းတွေအကြောင်း ပြောခဲ့သလိုပဲ ကရင်တွေဟာလည်း တိုင်းရင်းသား မျိုးနွယ်စုကြီးတစ်ခုမို့ သူတို့အကြောင်းလေးတွေလည်း တခုတ်တရ ပြောရပါဦးမယ်။ လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံရဲ့ ဒုတိယမြောက် သမ္မတကြီး မန်းဝင်းမောင်ဟာ ကရင် အမျိုးသားကြီးပါ။ ကော်သူးလေပြည်နယ်လို့ သူတို့ဘာသာ မှည့်ခေါ်တဲ့ ကရင်ပြည်နယ်ကြီးရဲ့ အမှတ်အသားဟာ ဇွဲကပင်တောင်ကြီး နဲ့ ဖားစည်ကြီး ဖြစ်ပါတယ်။ မြန်မာလူမျိုးတိုင်း မရောက်မရှိ ရောက်ဖူးရတဲ့ အကြောင်းကတော့ သာမညဆရာတော်ဘုရားကြီးကို သွားရောက်ဖူးမျှော်ကြလို့ပေါ့။ မြန်မာနိုင်ငံအောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသတွေမှာလည်း ကရင်တွေဟာ တချိန်က မွန်တွေနည်းတူ ပြန့်နှံ့နေထိုင်ကြပါတယ်။ တိုင်းရင်းသားညီအကိုတွေထဲမှာ ရှမ်းကို အတူအနစ်နာခံဘက် အကိုကြီးလို့ သဘောထားရင် ကရင်ကိုတော့ စိတ်ထားဖြူစင်သလောက်၊ တုတ်ထိုးအိုးပေါက်ပြောတတ်ပြီး စိတ်တိုတတ်သူ ညီငယ်ကလေးလို့ ပြောရမှာပေါ့။ မြန်မာရုပ်ရှင်ကားတွေ ၀တ္ထုတွေထဲမှာ သူပုန်ဇာတ်ကောင်နေရာ လိုလာရင် ကရင်ကလေးတွေပဲ လူကြမ်းလုပ်ကြရပါတယ်။ ဒါပေမယ့် မြန်မာ့တပ်မတော်ထဲက စစ်သည်တော်တော်များများဟာလည်း ကရင်အမျိုးသားလေးတွေ ပါပါတယ်။

အရင်ခေတ်တုန်းက မှောင်ခိုလို့ခေါ်တဲ့ ထိုင်းနိုင်ငံရဲ့ ထွက်ကုန်ပစ္စည်းတော်တော်များများဟာ ကရင်ပြည်နယ်ကတဆင့် မွန်ပြည်နယ် မော်လမြိုင်မြို့မှာ တထောက်နားပြီးမှ ရန်ကုန်ကို ၀င်ကြပါတယ်။ ဒီတော့လည်း မြဝတီ မဲဆောက် နဲ့ ဘုရားသုံးဆူတောင်ကြားလမ်းတွေဟာ မူဆယ်-မန္တလေး လမ်းမကြီးလိုပဲ အရေးပါလာခဲ့တယ်လေ။ သို့သော်လည်း လမ်းပန်းဆက်သွယ်ရေးက လုံခြုံမှုမရှိလေတော့ ကုန်သည်တွေခမျာ ရန်စွယ်ကြားမှ လှဥမ္မာဇာတ်ကကြရပါတယ်။ အရေးအခင်းနောက်ပိုင်းမှာတော့ အဲဒီလမ်းမကြီးက ကုန်စည်ဝင်ရာသက်သက် မဟုတ်တော့ပဲ လူထွက်ရာ အောက်လမ်းကြီးဘဝကို ရောက်သွားပြန်ပါရော။ ဒါကြောင့်မို့ ကရင်ပြည်နယ်မှာ တထောင့်တည မကတဲ့ ပုံပြင်တွေ ပြောမကုန်အောင်ရှိပါတယ်။

ကိုယ်တွေ့ကြုံခဲ့ရသလောက် ကရင်ပြည်နယ်အကြောင်းကတော့ သီချင်းထဲမှာပါသလိုပဲ ရိုးရိုးသားသား နဲ့ ဖော်ဖော်ရွေရွေ ခင်တတ်မင်တတ်တဲ့သူတွေ များပါတယ်။ ဇွဲကပင်တောင်ကြီးကလည်း တော်တော်လှတဲ့တောင်ကြိးပါ။ ဘားအံမြို့နားမှာ ရှိတဲ့ ကျောက်ကလပ်စေတီဆိုလည်း အံ့အားသင့်လောက်အောင်ကို လှလွန်းလို့ တချို့မြန်မာတွေက အင်တာနက်ပေါ်ကဓါတ်ပုံတွေ တွေ့တာတောင် အပြင်မှာ တကယ်ရှိတဲ့ မြန်မာပြည်က ဘုရားစေတီလို့ မယုံကြပါဘူး။ အနားပတ်ဝန်းကျင်မှာ လည်စရာပတ်စရာ ဘုရားဖူးစရာနေရာတွေ တော်တော်ပေါပါတယ်။ မြိုငိကြိးငူအထိတောင် ရောက်ခဲ့ပါသေးတယ်။ သူလည်းပဲ သာမညတောင်နည်းတူ မေတ္တာနယ်မြေမို့ သက်သတ်လွတ်သာစားကြပါတယ်။ မြန်မာတွေတစ်အိမ်လုံး သက်သတ်လွတ်စားဖို့ အဖော်ညှိရခက်နေတတ်ချိန်မှာ အဲဒီနယ်မြေက ကရင်တွေကတော့ ရွာလုံးကျွတ် ရာသက်ပန် သက်သတ်လွတ်သမားတွေပါ။ သူတို့ဆီရောက်တုန်း သူတို့ ကျွေးတာမွေးတာတွေ စားရတဲ့အခါ ဘာအသားကိုမှ မတောင့်တပဲ သက်သတ်လွတ်စားနေပါလားဆိုတာတောင် မေ့သွားအောင် ကောင်းပါတယ်။ စစ်မက်ထူပြောတဲ့ ရန်ဘေးမကင်းတဲ့ အရပ်ဒေသမှာ ငြိမ်းချမ်းတဲ့ မေတ္တာရှင်တွေလည်း ပေါ်ထွန်းတတ်တာ အံသြစရာပါ။ သူတို့ထားရှိကြတဲ့မေတ္တာ။ ပို့သတဲ့မေတ္တာ၊ ပွားများကြတဲ့မေတ္တာအဟုန်တို့ကြောင့် ကရင်ပြည်နယ်ကြိးလည်း သမင်နဲ့ကျား လေးသမားနဲ့သားကောင်တို့ ချစ်စရာအသွင်ချင်းဆုံတဲ့ မေတ္တာအင်ကြင်းရဂုံကြိး ဖြစ်လာခဲ့ရင် ဘယ်လောက်များ ကောင်းလိုက်မလဲနော်။

မြိုင်တန်းမှောင်ေ၀ လေး…။ ဝေး…ဝေး..ဝေး။

တောင်သေလာကြော ဖရုံနှော၊ ပဲခြုံနွယ်ပေါ သခွားနှော၊ ယာပြင်တောမှာ တို့တောင်ယာတောမှာ၊ ဝေ ဝေ ဝေ ဝေ၊ သူငယ်ချင်းတို့ရေ.. လွမ်းဖွယ်တွေက ပေါ…။

(စလူရွက်မိုးလို့ ကြူရိုးနဲ့ကာ တောင်ယာတဲမှာ တင်ပလိုင်းလေးတွေ ဆင်သိုင်းလို့သာ ဘာသာမြူးရှာ၊)၂ တို့တောင်ယာ တို့တောင်ယာ သြသံတွေပါ။

(ခေါင်ရည် ခေါင်ရည်ဗူးလွယ်ကာ တောင်သေလာဦးမှာ)၂

(ကရင်တို့ဘာသာဘာသာ)၂ သောက်ခေါင်ရည်ကျူးမြူးပျော်ချိန်မှာ (တဲယာမှာ)၂ သေလာတောင်ခြေမှာ…ဝေး….။

(ဗူး၊ ဖရုံ၊ သခွားနဲ့ ပဲ၊ ငရုတ်ပါ။ အမြဲလုပ်ကိုင်ရာ၊ ယာပြင်မှာ စာခြောက်ကာ ခေါင်ရည်ကိုသောက်မှာ)၂

(တို့ ကရင်တောင်ရိုးမှာ ဖားစည်တီးသံသာ မလုံတလုံ ခြုံတပိုင်း သင်တိုင်းရွှေရောင်ဖြာ)၂

တောင် တောင်ခြေမှာ၊ ခေါင် ခေါင်ရည်ပါ၊ သောက်ကြူူးဖို့ရာ တို့စုဝေးလို့ ဟေး ဟေး ဟာ…။

သီချင်းနားထောင်ရန် ဤနေရာကိုနှိပ်ပါ။

http://soundcloud.com/soe-min/soemin