မြန်မာသီချင်းတော်တော်များများမှာ လမင်းအကြောင်း ဇွဲ့နွဲ့ထားတာတွေ ပြောမကုန်အောင်ရှိပါတယ်။ နေရောင်လို စွမ်းအင်မဆောင်နိုင်ပေမယ့် လရောင်က သိင်္ဂါရ ရသ ကိုတော့ပေးစွမ်းနိုင်ပါတယ်။ ဒီသီချင်းမှာတော့ တခြားသီချင်းတွေနဲ့မတူတဲ့ အဖွဲ့အနွဲ့ကို တွေ့ရမှာပါ။ ဆရာမြို့မငြိမ်း ရဲ့ လက်ရာပေကိုး။ ရှားရှားပါးပါး ကြားရခဲတဲ့ သီချင်းကောင်းလေးမို့လည်း မျှဝေတာပါ။ အဆိုကတော့ ဒေါ်မာမာအေး အဆိုပဲရှိလို့ ထပ်နေသော်ငြား အားနာနာနဲ့ တင်ပေးလိုက်ပါတယ်။ စာသားနဲ့ အဓိပ္ပါယ်ကို သေချာခံစားစေချင်ပါတယ်။ နားထောင်စမှာ နားမစွဲသေးလို့ ပျင်းစရာကြီးလို့ထင်နိုင်ပေမယ့် လေးငါးခါလောက်ကျရင် အဲဒီအသံလေးကိုက တမူထူးလို့ စွဲသွားပါလိမ့်မယ်။
ခြေဆင်းကလေးကတော့ ငယ်ငယ်က အမေချော့သိပ်ခဲ့တဲ့ ဖိုးလနတ်သား ကဗျာလေးပါ။ ဗမာမှန်ရင် အဲဒီကဗျာနဲ့ အိပ်ပျော်ခဲ့ကြတာပ။ အဲဒီကဗျာကို အဲ့လိုဆိုရမှန်း ဒီသီချင်းကြားဖူးတော့မှ သိတာပါ။ အရင်တုန်းကတော့ ညဆို လမင်းကြီးက ထိန်ထိန်သာနေတာ ကလေးတိုင်း သဘောကျကြတာကိုး။ လမင်းကြီးထဲမှာ ယုန်ကလေးတစ်ကောင်နဲ့ ဆန်ဖွပ်နေတဲ့ အဖိုးအိုကြီးတစ်ယောက်ရှိတယ် ဆိုတာလည်း တကယ်မြင်ရတော့ ယုံတာပေါ့။ ကလေးပဲဟာ။ အခု လူကြိးဖြစ်လာတဲ့အခါလည်း ဒီကဗျာလေးကြားမိရင် ကလေးဘဝနဲ့ ကိုယ့်အမေကိုယ် လွမ်းသေးတာပဲ။
ကမ္ဘာဦးလူသားတွေဟာ နေရောင်ကွယ်ပျောက်လို့ ညအမှောင်ရောက်ရင် ထိတ်လန့်ကြလို့ သူတို့နတ်ဘုရားများကို တိုင်တည်ပသ ရာက အရှေ့ဖက် ယုဂန္ဓိုရ်တောင်ထိပ်ဖျားဆီကနေ လမင်းကြီးဝင်းဝင်းပပပေါ်လာတယ်လို့ အစချီထားပါတယ်။ နက္ခတ်တာရာအပေါင်းခြံရံလို့ပေါ်ထွက်လာတဲ့ သီတဂူလမင်းကြီးဟာ တာရိန္ဒ လို့ခေါ်တဲ့ ကြယ်မင်းတို့ရဲ့ အကြီးအမှူးလည်းဖြစ်ပါသတဲ့။ အဲသလို ခန့်ခန့်ကြီးချီပြီးတော့မှ ဒါတွေက ရှေးရှေးကတည်းက စာဆို့စာဆို စာဆိုတော်ပေါင်းများစွာ မရိုးနိုင်အောင် ဖွဲ့နွဲ့သွားခဲ့တာတွေပါတဲ့။ ယုံချင်ယုံ မယုံချင်နေပေါ့လေ။
လမင်းကြီးကို တိမ်ဖုံးသွားတဲ့အခါမှာတော့ အလိုမကျတဲ့ နှုတ်ခမ်းစူမလေးလို လှပြန်ပါသေးသတဲ့။ အချင်းယူဇနာအားဖြင့် ၄၉ ယူဇနာရှိတဲ့ လမင်းကြီးဟာ အဇဌာကောင်းကင်ပြင်မှာ အသူရိန်ရာဟုဖမ်းစားခြင်း ကင်းလို့ကြည်စင်နေတဲ့ တပေါင်းလပြည့်အခါမျိုးမှာဆိုရင် မေရုမြင့်မိုရ်တောင်တော်တွေကို ဗဟိုပြုပြီးလှည့်လည်သွားလာနေလိုက်တာ ကြေးမုံပြင်လိုကို ၀င်းလက်နေပါသတဲ့။
နေ့ရော ညပါ ချစ်စကားတွေတွတ်ထိုးချင်နေတဲ့ မောင်နဲ့မယ်အတွက်တော့ နေ့ခင်းဘက်ဆို နေရောင်ကြီးထဲမှာ ကြောင်တက်တက် ရှက်စရာကြီးမို့လို့ လရောင်လေးအောက်မှာမှ ချစ်ခွန်းတုန့်တင်ရတာ ပိုကောင်းပါသတဲ့။ ရုတ်တရက် အမှောင်လေးကျသွားတော့လည်း ဒါ လမင်းကြီးက မောင့်ကို အားပေးအားမြှောက်လုပ်တာပဲပေါ့။ ဟောဟိုက ခြူးနွယ်ဇာပျောက် မွှန်းထားတဲ့ တိမ်တိုက်တွေ နောက်ကနေ ချောင်းကြည့်နေတာ မြင်သားပဲ။ လို့ ချစ်သူကိုအပြစ်မတင်ပဲ လမင်းကြီးကို မျက်စောင်းထိုးလိုက်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ပြန်ပြီး ၀င်းထိန်ကြည်လင်နေအောင် သာလိုက်ပါဦး။ ငွေလရောင်လေး အမြဲလင်းနေတာကိုပဲ မြင်ချင်လို့ပါလို့ မသာလည်း တ လိုက်ပြန်ပါရော။ တကယ်တော့ ခေတ်ကာလ နက္ခတ်ပညာရှင်တွေအဆိုအရ လရောင်ဆိုတာ နေရောင်က အရောင်ပြန်တာပါတဲ့။ နေရောင်က လပေါ်ကျလို့လင်းနေတာကို ကမ္ဘာက မြင်ရလို့ပါတဲ့။ ဆန်းသစ်စ သုံးရက်လကလေးဟာလည်း ချစ်သူရဲ့ ကြာဟန်မျက်ခုံးလေးနဲ့တူနေလိုက်တာ အသည်းယားလို့ ဆွဲများတောင် တို့လိုက်ချင်ပါသတဲ့။ လပြည့်ရက်များရောက်လို့ လင်းနေတဲ့လမင်းကြီးကို အတည့်မြင်ရတဲ့အခါမတော့ မပြောပါနဲ့တော့။ ဒါပေမယ့် အဲဒီ ပုဏ္ဏမီ လမင်းကြီးသာတယ်ဆိုတာလောက်တော့ သနပ်ခါးပျစ်ထူလိမ်းတားတဲ့ ချစ်သူကလေး ဘွားကနဲပေါ်လာတာက ဘယ်မှုလိမ့်မလဲ ဆိုပဲ။ လဟာပြင်ပေါ်မှာ အဆုံးရှိ မရှိ မသိနိုင်အောင် လှည့်ပတ်နေတဲ့လမင်းကြီးကတောင် ကမ္ဘာကြီးကို နှစ်သိန်းလေးသောင်းမိုင်ပေါင်းအကွာကမြင်နေပါတယ်တဲ့။ သူလည်းပဲ သူ့ရဲ့ အချင်းမိုင် ၂၁၆၀ နဲ့ လည်နေပါသတဲ့။ ဒါကိုပဲ လူတွေက တွက်ချက်တီထွင်လို့ ပြက္ခဒိန်ရယ်လို့တောင် လူ့သမိုင်းမှာပေါ်လာပါသေးသတဲ့။ အဲဒါကြောင့်မို့လို့ အမြဲစာဆိုခံနေရတဲ့ လမင်းကြီးကို သူလည်းပဲ သူ့အမြင်နဲ့စာစီရာမှာ ဘယ်သူတွေ ဘာပဲပြောပြော အမြဲ လရောင်လင်းနေတာကိုပဲ မြင်ချင်ပါသတဲ့ဗျာ။
ဆရာမြို့မငြိမ်းရဲ့ သီချင်းတွေဟာ သံစဉ်၊ စာသား၊ အကြောင်းအရာပိုင်းတွေမှာ အများနဲ့မတူ တမူကွဲပြားတာကို သိစေချင်လို့ ဒီသီချင်းကို မျှဝေပါတယ်။ အဲဒီလို ဆန်းပြားတဲ့အတွေးအမြင် တွေကို စီးပွားရေးအတွက် ထုတ်ကုန်တစ်ခုလိုသာ သဘောထားပြီး အနုပညာရှင်ရဲ့ တန်ဖိုးကိုနားမလည်ခဲ့လို့ရယ်၊ သူ့ဆီက ကိုယ်လိုချင်တဲ့ အရာကိုသာ လက်တဆုံးနှိုက်ရင်း သူ့ခမျာ ဘယ်လိုခံစားနေရမှာပါလိမ့်လို့ ဂရုမထားခဲ့ကြတဲ့ ပတ်ဝန်းကျင်ရယ်ကြောင့်ကျွန်တော်တို့ သူ့ကို အစောကြီးဆုံးရှုံးခဲ့ရပါတယ်။ ရွှေလမှာ ယုန်ဝပ်ပါလို့ ဆန်ဖွပ်တဲ့ အဖိုးအို ဟော ကြည့်ပါဆို၊ ဆိုသာဆို ပိုမိုတဲ့ စကား၊ ကလေးအငိုတိတ်အောင်၊ အရိပ်အရောင်ပြတယ်၊ ဖိုးလနတ်သား။ ကမ္ဘာဦးသူတို့ ဆန္ဒအလို ယုဂန္ဓိုရ် တောင်ထွဋ်ဖျား သီတဂူ ချမ်းမြစေသား။ နက္ခတ်များခြံရံလို့ ပေါ်လာလျှင် တာရိန္ဒ ကြယ်မှူးဘုရင်။ စာဆို့စာဆိုတော်အစဉ် စာဆိုမပျင်းနိုင်တဲ့ လမင်း ပဝင်းနဲ့ တူသတဲ့ ရှင်။ တိမ်ဖုံးလို့ ညိုပြန်ပါလျှင် အလိုမကျရှာတဲ့ နှုတ်ခမ်းစူမလေး အလှသွေးတဆင်။အချင်းယူဇနာ လေးဆယ်နဲ့ ကိုး မိုးအမြင့် အဇဌာပြင် အသူရိန်မမွေ့လို့ ကြည်စင် တပေါင်းလပြည့် ထွန်းသစ်လွင်၊ မေရုဗဟိုရ် လင်္ကျာလှည့်သွား ရထားငွေစင် သုံးဝီဌိနဲ့ နှစ်သွယ်ယှဉ် ကြေးမုံမြတ် လျှမ်းပလွင်၊ တိမ်စင်သာစွ ကမ္ဘာအလှတဆင်။ နေ့ခင်းနဲ့ ညချမ်း လအထွက်တွင် ချစ်ဇွဲတွင် ပျော်ပွဲပြိုင်ပွဲဆင်။ အသည်းစိမ့်ယို လက်ရွေးစင် ချစ်ကျွမ်းစကားလုံးရွှင်။ နေရောင်ကြီးဆိုတော့ ရှက်ကြောင် ရှက်ကြောင်ပင်။ လမင်းရည်ဝေတော့မှ ချစ်တုန့်ပြောမိန့်ချင်။ မှောင်ခိုလို့ ရုတ်တရက်ပင် အချစ်ကိုအားပေးချင်။ တိမ်ခြူးဇာပျောက် နောက်နားဝယ် မြင်သားပေါ့။ သို့သော် အပြစ်မတင်၊ ၀င်းထိန်ကြည်လိုက်ပါ မြူတိမ်စင် တို့အဆွေ ငွေလရောင်လင်းတာ အမြဲမြင်ချင်။ နေရောင် ဟပ်လင်းသော လမျက်နှာပြင် ကမ္ဘာကို ကျောပေးသတဲ့ ခေတ်နက္ခတ်အတတ်တွင်။ မျှင်မျှင် သစ်ဆန်းစ သုံးရက်လတွင် ကြာမျက်ခုံးကလေးလို ဆွဲတို့လိုက်ချင်။ တစ်ကြိမ် လပြည့်ပြန်ပါလျှင် လင်းတဲ့မျက်နှာ လှည့်တဲ့ဘက်ဟာ တည့်တည့်လို့ ကမ္ဘာသူတွေမြင်။ အဲဒီ ပုဏ္ဏမိန်စန်းလောက်တော့ ထီမထင် သနပ်ခါးပြစ်ထူမတို့က ဘွားကနဲပြူကာပြူကာမြင်။ ကြည်စွာ လဟာပြင်၊ အဆုံးမရှိ မသိနိုင်ခင် လှည့်ပတ်နေစဉ်၊ လလုံးက ကမ္ဘာကိုပင် နှစ်သိန်းလေးသောင်းမိုင်အကွာကမြင်။ လ၏လှမ်းတာ အချင်းမိုင် နှစ်ထောင့်တစ်ရာခြောက်ဆယ် သင်္ချာတင် ပြက္ခဒိန်တီထွင် လူ့သမိုင်းရာဇဝင် စသည့် လနှင့်ပင်။ နေ့ခင်းနဲ့ ညချမ်း လအထွက်တွင် ချစ်ဇွဲတွင်ပျော်ပွဲပြိုင်ပွဲဆင်။ အသည်းစိမ့်ယို လက်ရွေးစင် ချစ်ကျွမ်းစကားလုံးရွှင်။ နေရောင်ကြီးဆိုတော့ ရှက်ကြောင် ရှက်ကြောင်ပင်။ လမင်းရည်ဝေတော့မှ ချစ်တုန့်ပြောမိန့်ချင်။ မှောင်ခိုလို့ ရုတ်တရက်ပင် အချစ်ကိုအားပေးချင်။ တိမ်ခြူးဇာပျောက် နောက်နားဝယ် မြင်သားပေါ့။ သို့သော် အပြစ်မတင်။ ၀င်းထိန်ကြည်လိုက်ပါ မြူတိမ်စင် တို့အဆွေ ငွေလရောင်လင်းတာ အမြဲမြင်ချင်။
သီချင်းနားထောင်ရန်