ဒေါ်ကြည်အောင်ရဲ့ ”တီးပါတီ” သီချင်းကို တင်ထားပါတယ်။ ရွှေတိုင်ညွန့် က ရေးပါတယ်။ စစ်ကြိုခေတ် မြန်မာ့ဂီတလောကမှာ သူတို့နံမယ်ကို ချန်ထားလို့မရပါဘူး။ ဆရာရွှေတိုင်ညွန့် က အံတီထားရဲ့အဖေ၊ ဇော်ဝင်းထွဋ် ရဲ့ အဖိုးဖြစ်ပြီး၊ မကြည်အောင် ကတော့ အငြိမ့်မင်းသမီး ဘဝထက် ဓါတ်ပြားအဆိုတော်ဘဝမှာ အောင်လံထူခဲ့သူဖြစ်ပါတယ်။ သူ့အသံဟာ မေရှင်တို့ လေပါတီတို့လို ချိုမနေပဲ သြသြကြီးနဲ့ အသံဝါကြီးပါ။ ဒါပေမယ့် အဆိုပညာမှာတော့ ပြိုင်ဖက်ကင်းပါတယ်။ မန္တလာမြင့်တို့ မအေးမိတို့ဟာ ဒေါ်ကြည်အောင် လက်ထွက်တွေပါတဲ့။ ကိုလံဘီယာ ဓါတ်ပြားကုမ္ပဏီ ရဲ့ ပင်တိုင်အဆိုတော်လည်း ဖြစ်ပါတယ်။ သူ့ခေတ်မှာတုန်းကတော့ ဒီသီချင်းကို ဘိုသံတွေပါလို့ ကာလပေါ်လို့ သတ်မှတ်ပါတယ်။
တီးပါတီ ဆိုတာကတော့ ဒီကနေ့ မင်္ဂလာဆောင်တွေမှာ ဧည့်ခံလေ့ရှိတဲ့ လက်ဖက်ရည်ဝိုင်းကို ခေါ်တာပါ။ ဘိုဆန်ချင်တဲ့ ချစ်သူကို ဗမာအစားအစာကိုသာ နှစ်သက်တဲ့အကြောင်း ပြောရင်းကနေ အဲဒီခေတ်အခါက မျက်နှာဖြူတွေတည်ခင်းတဲ့ လက်ဖက်ရည်ပွဲကို ထောင့်စေ့အောင် သရုပ်ဖော်ရင်း ဒါမျိုးတွေမနှစ်သက်တဲ့အကြောင်း ချစ်သူကို ယဉ်ယဉ်လေးနဲ့ နားဝင်အောင်ပြောတဲ့ သီချင်းပါ။ နိုင်ငံရပ်ခြားရောက်နေလို့ သူများအစားအစာတွေ အာမထိ လျှာမထိ ဖြစ်နေတဲ့အခါ ဒီသီချင်းလေးကို သတိရမိပါတယ်။
“မြန်မာ့ရုပ်ရှင် စိန်ရတု” ဇာတ်ကားကြီးတုန်းက ဒီသီချင်းကလေးကို သီဟတင်စိုး နဲ့ ဇင်မာဦး တို့ရဲ့သမီးကလေး ဓါတ်စက်ဖွင့်ပြီးကတဲ့အခန်းမှာ ကြားလိုက်ရပါတယ်။ “မွန်မြန်မာနေပြည် ဖိတ်ကြားလိုက်တော့သည်” ဆိုပြီး အော်လံတပ်ထားတဲ့စက်ကြီးကနေ နားထောင်လိုက်ရတာ တကယ်ကို ရှေးဖြစ်ဟောင်း အောင့်မေ့ဖွယ်ပါပဲ။ “စားပွဲကိုထိုင်ရန် ဝိုင်နဲ့အတည်” ဆိုတဲ့အပိုဒ်ကလေးကလည်း ဂါ၀န်ဖားဖားကြိးတွေ တမမနဲ့ ကကြခုန်ကြတဲ့ အင်္ဂလိပ် လက်ဘက်ရည်ပွဲတွေကို မြင်ယောင်စေပါတယ်။
အင်္ဂလိပ်လက်အောက်မှာနေခဲ့ကြတဲ့ အချိန်တုန်းက အနောက်တိုင်းယဉ်ကျေးမှုနဲ့ အစားအစာတွေ ခေတ်စားလာတဲ့အခါ မြန်မာတွေအဖို့ အသစ်အဆန်းဖြစ်ခဲ့ပုံပါ။ ဘိလပ်ရည်တို့ ကရင်ဆိုဒါတို့လို အချိုရည်မျိုးစုံတင်မကပါဘူး။ ဟောလစ် အိုဗာတင်း ကိုကိုး အစရှိတဲ့ အဖျော်ရသာများနဲ့အတူ ဂိုးဒင်းပပ်ဖ်တို့ အဆော့တိကိတ်တို့လည်း မြန်မာတွေကြားမှာ ခေတ်စားခဲ့ပါတယ်။ စိးကရက်တောင် လန်ဒန်ကလာတဲ့ သံ၊ဗူးနဲ့စီးကလက်မှ ကောင်းတာ လို့ ဘိုးဘွားတွေ ပြောစကားကို မီလိုက်ကြားလိုက်ပါသေးတယ်။ ဘိလပ်ပြန်ဆိုတဲ့ လူတန်းစားဆိုရင်လည်း လူညွှန့် လူပေါ်လူဇော်ပေါ့။ ကိုကိုသျှောင်ကြီးဗွေတို့လည်း သပ်သပ်ရပ်ရပ် ဆံပင်တိုတိုညှပ်လို့ ကော့စမက်တစ်တွေနဲ့ တောင့်ပြီးပြားနေအောင် ဖြီးကြသင်ကြလို့ ဘိုကေမောင်ရယ်လို့ ခေတ်စားလာကြပြန်ရော။ အဲဒီလို စိမ့်ဝင်လာတဲ့ အနောက်ယဉ်ကျေးမှုကို မြန်မာပီသတဲ့၊ မျိုးချစ်စိတ်ပြင်းထန်တဲ့၊ ရှေးရိုးအစွဲကြိးတဲ့ လူကြိးသူမများကတော့ မနှစ်သက်ကြပါဘူး။ ၀တ်လုံတော်ရမောင်သောင်းဖေလို ဇာတ်ကောင်များနဲ့ သရော်ခဲ့ သင်္ခန်းစာပေးခဲ့ကြပါတယ်။ ဒီသီချင်းကလေးကလည်း အလားတူပါပဲ။
ဒါပေမယ့် တစ်ဘက်ကကြည့်ပြန်တော့ သျှောင်တစောင်းနဲ့ ပေါင်းပုဝါ။ နောက်က တရွတ်ဆွဲနေတဲ့ ဗလာထမီရေသီနား အရှည်ကြီးတွေဟာ ဇာတ်စင်ပေါ်မှာ ဆိုကြ ကကြတဲ့အခါသာ ကြည့်ကောင်းတာ။ နေ့စဉ်လက်တွေ့ဘဝထဲမှာတော့ ကရိကထများလှပါတယ်။ ဒါကြောင့်လည်း အဆင်ပြေ လွယ်ကူသက်သာတဲ့ ခေတ်ရေစီးကြောင်းကို မလွန်ဆန်နိုင်ပဲ ဆင့်ကဲပြောင်းလဲ လာခဲ့ရတာပေါ့။ အရေးကြီးတဲ့ ကိုယ့်လူမျိုးရဲ့ ဓလေ့စရိုက်ကောင်းတွေကတော့ အလွယ်တကူ တိုက်စားပျောက်ပျက်သွားလေ့ မရှိပါဘူး။ ဧည့်သည်လာလို့ လက်ဖက်ကွမ်းဆေးတည်တဲ့ အလေ့ကတော့ ရှိမြဲပါပဲ။
သီချင်းထဲကလို လက်ဘက်ရည် ပွဲထိုင်နဲ့ တည်ခင်းကျွေးမွေးတဲ့ အလေ့အထက ဒီကနေ့အထိလည်း မတိမ်ကောသေးပဲ အသုံးတည့်နေရသေးတဲ့ အကြောင်းကတော့ ၀တ်ကောင်းစားလှတွေနဲ့ ဟန်တွေပန်တွေ တခွဲသားနဲ့ ဂိုက်ဆိုက်ထုတ်နေရတဲ့ မင်္ဂလာဆောင်ပွဲတွေမှာပါ။ ဧည့်ခံရတာလည်း အပန်းမကြီး၊ စားရသောက်ရတာလည်း ဣန္ဒြေမပျက်၊ တည်ခင်း သိမ်းဆည်းရတာလည်း ယောက်ယက်ခတ်မနေပဲ သက်တောင့်သက်သာရှိလို့ ထင်ပါရဲ့။ စားရသောက်ရတာကတော့ သီချင်းထဲကအတိုင်း အာမထိလျှာမထိတာ အမှန်ပဲ။ မုန့်ဟင်းခါး၊ ခေါက်ဆွဲ၊ ထမင်းတို့နဲ့ ဧည့်ခံရင် အကုန်အကျ ပိုများတာထက် လူတွေကလည်း သေလုအောင်ပင်ပန်းပြီး အရပ်ကပါ ၀န်းနိုင်ဝိုင်းနိုင်မှ ရတာဆိုတော့ ဘာသိဘာသာနေလေ့ရှိပြိး ချွေးသံတရွှဲရွှဲ နဲ့ ဧည့်ခံရင် ရှိုးပဲ့မှာကြောက်တဲ့ မြို့နေလူထုက မကြိုက်ကြပါဘူး။ ဘယ်သူတွေကို ဘာကျွေးလိုက်မယ် ဆိုတာထက် ဘာတွေဝတ်ပြီး ဘယ်လိုအလှပြင်မယ်ဆိုတာကို ပိုအလေးထားနေတာကိုး။ အနောက်တိုင်းဓလေ့တွေကို ပုံတူကူးထားလိုက်တာမှလည်း မွေးနေ့ဆိုရင် ဖယောင်းတိုင်မီးမှုတ်ရတာတို့၊ မင်္ဂလာဆောင်မှာ လက်ထပ်ကိတ်မုန့်ကြီးလှီးပြိး လက်ကိုင်ပန်းစည်း နောက်ပြန်ပစ်တာတို့ အကုန်လိုက်လုပ်တော့တာပဲ။
တကယ်တော့ ဆရာ ရွှေတိုင်ညွန့်တို့ မကြည်အောင်တို့ ပြောတာလည်း မလွန်ပါဘူး။ မြန်မာပီပီ ကိုယ့်တိုင်းကိုယ့်ပြည်က ကိုယ့်အသုံးအနှုန်း အစားအသောက်တွေကိုလည်း စုံအောင် သိသင့်တာပေါ့။ မြန်မာလူမျိုးတွေလောက် မုန့်ပဲသွားရည်စာတွေကို စုံစုံလင်လင် ခုံခုံမင်မင် စားကြသောက်ကြတာ ရှိမယ်မထင်ပါဘူး။ အီကြာကွေး၊ လေးခွေကျီ၊ တီကွေ့၊ ပေါက်စီစတဲ့ တရုတ်မုန့်တွေလည်းပါ၊ အာလူးပူရီ၊ ချပါတီ၊ တိုရှေ၊ မုန့်တိုဆမ်းစတဲ့ ကုလားမုန့်တွေလည်းပါ၊ မုန့်လုပ်ဆောင်း၊ ရွှေရင်အေး၊ သာကူ၊ မုန့်ကြာစိ၊ ဆနွင်းမကင်းစတဲ့ ယိုးဒယားမုန့်တွေလည်းပါ၊ ကိုယ့်မြန်မာ့ရိုးရာ မုန့်ဆမ်း၊ မုန့်ဖက်ထုပ်၊ မုန့်ကတိုးခွာ၊ ထန်းသီးမုန့်၊ ကောက်လှိုင်းတီမုန့်၊ ကရေကရာ၊ စလူမုန့်၊ အနုဆုပ်၊ ထိုးမုန့်၊ လမုန့်၊ မုန့်ဗိုင်းတောင့်၊ ခေါပြင်၊ မုန့်ဆပ်သွားဖူး၊ မုန့်လိပ်ပြာ၊ မုန့်အုပ်ကလေး(မုန့်လင်မယားလို့လည်း ခေါ်တယ်)၊ မုန့်ပေါင်း၊ မုန့်ပျားသလက်၊ မုန့်ဆီကျော်၊ ဘိန်းမုန့်၊ ခေါက်မုန့်၊ ရေမုန့်၊ အောင်ဗလမုန့်၊ မုန့်ဦးနှောက်၊ မုန့်သိုင်းခြုံ၊ မုန့်ကျွဲသည်း စုံလို့ စုံလို့။လဒူမုန့် ဆိုတာတောင်ရှိသေး။ ရှမ်းပြည်သွားရင် ခေါပုပ်တို့ နှစ်ပြန်ကျော်တို့ ရှိတယ်။ ထားဝယ် ဘက်ဆင်းရင် သာခွေယိုင်တို့ မျှော့မုန့် တို့ရှိတယ်။ ရခိုင်ပြည်မှာ မုန့်တီ၊ အာပူလျှာပူ၊ နောက် ပြည်ပလာတာ၊ ကြံခင်းထမင်းသုပ်၊ မန္တလေးမြီးရှည်၊ ဟင်္သာတမုန့်ဟင်းခါး၊ ရွှေတောင်ခေါက်ဆွဲ၊ မြိတ်ကပ်ကြေးကိုက်၊ ဘာများ ကျန်သေးတုန်းဗျာ။ အဲဒီမုန့်တွေအားလုံး စားဖူးဖို့နေနေသာသာ ကြားတောင် မကြားဖူးတော့တဲ့သူတွေ တနေ့တခြား များများလာတာ သနားမိပါတယ်။ သူများမပြောနဲ့ သမီးလုပ်တဲ့သူတောင် အထက်က အမယ်မယ်သောမုန့်တွေကို တစ်ခုတလေတောင် စားလည်းမစား၊ ကြိုက်လည်းမကြိုက်။ သူသိတာ စားတတ်တာ၊ ချိစ်ကိတ်၊ ဘတ်တာကိတ်၊ ချောကလက်၊၊ ဂျယ်လီ၊ ရေခဲမုန့်၊ ကိတ်ဘွိုင်၊ ပီဇာ၊ ဘာဂါ၊ ဒင်းဆမ်း၊ အဲဒါအကုန်ပဲ။ စတိုးဆိုင်တို့ ရှော့ပင်းမောတို့က အစားအသောက်တွေနဲ့ ကြိးပြင်းလာရလို့ထင်ပါရဲ့။
ကိုယ်ငယ်ငယ်ကလို မုန့်သည်တွေလည်း မလာတော့ပါဘူး။ အိမ်နားဝန်းကျင် လုပ်ရောင်းတဲ့သူတွေလည်း မရှိတော့ဘူး။ ပဲပြုတ်သည်တို့ ကောက်ညှင်းပြန်ပေါင်း၊ ဆီထမင်းရောင်းတဲ့ အသည်တို့လည်း လည်မရောင်းကြတော့ဘူး။ စျေးထဲသွားဝယ်မှ ရတယ်။ “ကြက်မကြီးက ကောက်ညှင်းပေါင်းဖို့ ကြောင်ကြီးဆီမှာ အိုးသွားငှားသတဲ့ကွယ်” လို့ ပုံပြောရင်တောင် မရှင်းမရှင်းဖြစ်နေဦးမှာ။ “နှမ်းပျစ် ဖက်ထုပ် ပေါက်ပေါက်ဆုပ် ရွှေနှုတ်အပြည့် ဝါးရအောင်”ဆိုလည်း ဘာတွေမှန်း သိမှာမဟုတ်။ ခက်တော့နေပါပြီ ကလေးတို့ရယ်။ “ဆီထမင်း ငါးကြော်ရယ် မုန့်မျိုးစုံစွာကွယ်။ ပေးပါ ရွှေနှဲ အဲဒါကြိုက်တယ်။ ငါးကင်ကို ဆီလူး ဆားဖြူးလို့ပေးပါ မောင်ရယ်” လို့ ချော့ရတဲ့ မမနှဲကလေးတောင် “ရင်ခုန်စေတဲ့ ပေါင်မုန့်ထောပတ်ကလေးပါကွယ်။ ဂွတ်မောနင်းခေါ်တယ်။ ဂွတ်မောနင်းပေါ့ကွယ်” လို့ ပြောင်းချော့ရတော့မယ်။ ဒီအဖြစ်မျိုးတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာနီးပါးကတည်းက ကြိုတင်သိမြင် ခံစား သီဆိုထားတဲ့ ဆရာရွှေတိုင်ညွန့်လက်ရာကလေးကို ဒေါ်ကြည်အောင်ရဲ့ အသံကလေးနဲ့ နားဆင်ကြည့်လိုက်ပါဦးဗျာ။
“တီးပါတီ”
စားရင်လည်းမှန်မှန် အိပ်ရင်လည်းမှန်မှန်၊ အကြံဉာဏ်ကတော့ ကောင်းပါရဲ့အတည်၊ ဂုဏ်ယူတာတော့ယူနိုင်သည်။ မကြည်အောင် မောင့်ကို အဆိုသွင်းမည်၊ ရှင့်ကိုအဆိုသွင်းမည်။ မြန်မာပီပီ ကိုယ့်တိုင်းကိုယ့်ပြည် ကိုယ့်အသုံးအနှုံးတွေ အားလုံးကုန်ုလည်းမကျန်အောင် စီမံချင်ပါသည်။
(မွန်မြန်မာနေပြည် ဖိတ်ကြားလိုက်တော့သည်။)၂
မကြည်အောင် ကျွန်မရဲ့မွေးနေ့ကိုပဲ အမြဲ တီးပါတီ။
(ဗီတာမို ကိုကိုးနဲ့ အမျိုးစုံသည်၊ ဆန်ပတ်သီ၊ ကရင်ရိုးလ် နဲ့ ဂိုးလ်ကော်ဖီ၊ ကိုလံဘီယာအဖွဲ့နဲ့ ဧည့်ခံမည်၊ အဆော့တိကိတ် ဂိုးလ်ဖလိတ်လည်း ကျွန်မဝယ်မည်။)၂
(အဖိုးထိုက် အဖိုးတန် သုံးဆောင်ရန်ကို အမျိုးမျိုး မုန့်တိုက်ကို မှာဦးမည်။)၂
(စားပွဲကိုထိုင်ရန် ဝိုင်နဲ့အတည် ဂုဏ်သရေကြီးသည် တီးပါတီ။ တခြားဟာတွေက ရင်ပြည့်မည်။ မစားပါနဲ့ ဆိုသည်။)၂
ကြည်အောင်ပြောမယ် မောင်ယုံကြည်၊ ချိစ်ကိတ်နဲ့ ပလိန်းကိတ်ထက်ပင် ပိုကြိုက်တာ ပြောချင်ပါသည််၊ မုန့်ဟင်းခါးနဲ့ မလဲချင်ပြီ။
မြန်မာပီပိကျွေးချင်ပါတော့သည် ကြည်အောင်စိတ်ကရည် အမင်းမင်းစုံညီ။ ဘိုဆန်ကာပင် တီးပါတီပေးရင် စားတဲ့အခါများ တို့ကာပင့်ကာနဲ့ပင် ဟန်မကျသမောင်။ ၀အောင်လည်း မစားရသည်။ ရှင့်မိတ်ဆွေတို့ တီးပါတီ ကျွန်မစိတ်ကြိုက်နဲ့မညီ။ (စီမံကာပင် အမျိုးမျိုးတွေ ကြံစည်)၂ လူကြီးလူကောင်းစုံကြပြီ။ မိတ်အများဖိတ်ကြား အငြိမ့်ငှားမည်။ ရွှေတိုင်ညွန့်ကို သတင်းပေးလို့ သီချင်းရေးခိုင်းမည်။
(အဖိုးထိုက် အဖိုးတန် သုံးဆောင်ရန်ကို အမျိုးမျိုး မုန့်တိုက်ကို မှာဦးမည်။)၂
ကိုယ့်ဗမာအသုံးအဆောင် ကြည်အောင်ကြိုက်သည် စားဖွယ်သောက်ရာမယ် ဂုဏ်ယူချင်သည် ခပ်ရိုးရိုးပဲကျွန်မနေမည်။ ကိုယ့်ဗမာအသုံးအဆောင် ကြည်အောင်ကြိုက်သည်၊ သူ့အလိုသဘောကို ပျိုကူညီ၊ ထူးမြတ်တဲ့ မောင့်ဂုဏ်ရည်။ အမျိုးမျိုးတွေ ကျွေးမွေးဧည့်ခံ ပျိုဖိတ်မန်ပြီးပြီ တီးပါတီ။
(အဖိုးထိုက် အဖိုးတန် သုံးဆောင်ရန်ကို အမျိုးမျိုး မုန့်တိုက်ကို မှာဦးမည်။)၂