မြိုင်

ဒေါ်မေလှမြိုင် ဆိုထားတဲ့ “မြိုင်” သီချင်းပါ။ မူရင်းအဆိုရှင်ကတော့ မြခြေကျင်းမငွေမြိုင်တဲ့။ ရွှေမန်းတင်မောင် ရဲ့ ကန့်ကူလက်လှည့်ဆရာမ ဖြစ်ပြီး အင်မတန်ဇာတ်စီးကောင်းတယ် လို့ နံမည်ကျော်ပါတယ်။ ရွှေမန်းရဲ့ ဗုဒ္ဒဝင်ဇာတ်တော်တွေမှာ သူ့ အနုပညာအမွေတွေကို တစွန်းတစ အကဲခတ်နိုင်ပါတယ်။ သူ့ခေတ်ကထုတ်တဲ့ မျက်နှာချေထုတ်ကြော်ငြာတွေမှာ မြင်ဖူးသလောက်တော့ မျက်လုံးမျက်ခုံးကောင်းကောင်း ဗမာဆန်ဆန်ချောတဲ့ အမျိုးသမီးကြီးပါ။ ဦးသုမောင်ဆိုတဲ့ ပန်းဦးပန်မယ့်သူ သီချင်းထဲက “လက်ဦီးပန်ချင် အမြန်ပင်လာခဲ့ဖို့ ကိုကို ခေါ်ချင်ပါတယ် မောင်ခေါ်ချင်ပါတယ် ..” ဆိုတာလည်း သူဆိုထားတဲ့သီချင်းပါပဲ။ ဒီသီချင်းကို နန်းတော်ရှေ့ဆရာတင် က ရေးပေးပြီး အဆိုရှင်ရဲ့ ပညာစွမ်းကို သေတ္တာမှောက်ပြမည့် ကိုယ်ရည်သွေး တေးတစ်ပုဒ်ဖြစ်ပါတယ်။ သူဆိုထားခဲ့တဲ့ `အောင်ပင်လယ် တောထဲကရွှေကျီးညို ငွေမြိုင်လာရင်ဆီးလို့ကြို`ဆိုတဲ့ သီချင်းထဲက `ဒိကနေ့ညဖြင့် လာမယ်ဆို ယုံရမှာလားအကို။ အများကပြောတဲ့ ရွှေကျီးညို သာလိုက်ပါဦးဆို။ ရွှေကျီးညို ရွှေကျီးညို´ ဆိုတဲ့ သီချင်းပိုဒ်ကလေးဆို ခေတ်စားလွန်လွန်းလို့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်တို့ ငယ်ငယ်က ´”Tonight coming, you said so. should I believe though? Everybody wants to know, little golden crow. Golden Crow, Golden Crow.” လို့ ဘာသာပြန်ပြိးဆိုခဲ့ကြတယ်လို့ ဖတ်ဖူးပါတယ်။

မေလှမြိုင် ကတော့ စစ်ပြီးခေတ် မြန်မာ့အသံ မှာ ထိပ်ထိပ်ကြဲပညာရှင်ကြီးပါပဲ။ သူ့အသံက ပီလည်းပီ၊ မြည်လည်းမြည်၊ ကြည်လည်းကြည်တဲ့ ပါရမီရှင်ကြီးပါ။ သီချင်းစာသားကို တစ်လုံးချင်း ရှင်းရှင်းလင်းလင်း၊ ဌာန်ကရိုဏ်းကျကျ ဆိုထားပါတယ်။ စာဘောင်ပဲ့အောင်ဆိုတယ်လို့ ခေါ်ပါတယ်။ ဒဇောင်မုန်း ဒဇောင်ဒိုင် လို့ ဆိုတာမျိုးပါ။ စာသားမူကွဲကြားဖူးတာကတော့ `စေ့စေ့ ထပ်တစ်ရာ လှည့်လည်ကြံရှာ ဣိတိတဿမာ ထို့ကြောင့်..´ လို့လည်း တချို့က ဆိုကြပါတယ်။ ဒါတောင်မှ နှစ်တွေကြာလာတဲ့အခါ စာသားတွေကို နားကြားနဲ့ ထင်သလိုပြင်ဆိုကြရင်း “မြိုင်ဆိုရင် ဆိုင်သလို စကားနော် မြိုင်အပိုမကြွားဘူး တရားနဲ့ပျော်တဲ့ မြိုင်..မမြိုင်၊ မမြိုင်..” ကို တချို့ကဆိုကြရာမှာ ”မြိုင်ဆိုရင် စိုင် ဂဠုန် နဂါးရော မြိုင်ဗိုလ်မထားဘူး အများကတင်တဲ့မြိုင်..” လို့ ဆိုကြတာ တော်တော်ကြားမိပါတယ်။ အဓိပ္ပါယ်တခြားစီပါ။

ဒီသီချင်းမှာ သေသေချာချာ နားစိုက်ထောင်စေချင်တာကတော့ အဆိုတော်က ဆိုင်းအတီးကို ထိပ်ကဆောင်ပြိးဆိုသွားလိုက်၊ အသံကလေးတွေပေးပြိး ခေါ်သွားလိုက်၊ ဆိုင်းနောက်ကနေ အမီလိုက်ပြိး လှိမ့်ချလိုက်နဲ့ နိုင်အောင်ဆိုသွားတဲ့ ပညာစွမ်းကို အကဲခတ်စေချင်ပါတယ်။ သူဆိုလို့ ဒီလောက်တောင် ကောင်းတဲ့သီချင်းကို ပညာနုတဲ့သူတွေ စာသားကျက်ပြီး လိုက်ဆိုတဲ့အခါ ဘယ်လောက် အိုးနင်းခွက်နင်း ဖြစ်သလဲဆိုတာ ဆိုကရေးတီးပြိုင်ပွဲတွေမှာ ဒီသိချင်းမဲကျတဲ့အခါ သိခဲ့ကြရပါတယ်။ သီချင်းစထွက်လိုက်တဲ့ “အများနဲ့ အကုန်ဆိုင့်….င့်” ဆိုတဲ့ အသံတည်ပုံကလေးနဲ့တင် အဆိုတော်ရဲ့ ၀မ်းစာကို သိဖို့လုံလောက်ပါတယ်။ မယုံရင် လိုက်ဆိုကြည့်လိုက်ပါလား။ “မြိုင် မြိုင် မြိုင် ကျွန်မ .. စတိုင် စတိုင် စတိုင် ကျကျနန ဂဃနဏ ခုံခုံမင်မင် စုံစုံလင်လင်” ဆိုတဲ့နေရာကျတော့ ဘရိတ်နဲ့ ဆိုတယ်လို့ ခေါ်ပါတယ်။ ကိုယ့်စည်း ကိုယ့်ဝါးနဲ့ တိုင်ပင်ကိုက်အောင် ဆိုတာကိုမှ ဆိုင်းက နောက်ကလိုက်လာရတာပါ။ အဆိုဘက်က အဆိုပညာကုန်ပြသလို အတီးဘက်ကလည်း အရသာရှိရှိ လက်စွမ်းပြပြီး စိမ်တီးထားပါတယ်။ ဆိုင်းနားထောင်တဲ့အရသာ ဘယ်လိုရှိတယ်ဆိုတာလည်း မမီလိုက်တဲ့သူတွေ သိစေချင်ပါတယ်။ ကြေးသံ ပတ်သံ စည်းသံ ဝါးသံကလေးတွေကို ဂရုတစိုက်နားထောင်မိရင် ပို အရသာရှိပါလိမ့်မယ်။ က ရင်လည်း ကလို့ အင်မတန်ကောင်းတဲ့ သီချင်းကိုး။ တော်ရုံတန်ရုံမင်းသမီးများတောင် အဲသလို ပစ်ခတ်မဆိုနိုင်၊ သိုင်းဝိုင်းမကနိုင်လို့ ပျောက်လုလုဖြစ်နေတဲ့ သီချင်းကလေးပါ။

ဒေါ်ငွေမြိုင်တို့ခေတ် မေလှမြိုင်တို့ခေတ်က အနုပညာရှင်ကြီးတွေဟာ အသံကောင်းရုံ ရုပ်ချောရုံ၊ စန်းကောင်းရုံသက်သက်နဲ့ တိုင်းကျော်ပြည်ကျော် ဖြစ်ရိုးမရှိပါဘူး။ ပြည်သူတွေရဲ့ နားမျက်စိက အားကြီးပါးတာကိုး။ အနုပညာဝမ်းစာပြည့်မှ၊ တန်းတူပညာသည်တွေထဲမှာတောင် ထူးထူးခြားခြား ချွန်ထွက်နေမှ ပုလဲအရောင်မမှိန်ဖြစ်ကြရတာပါ။ ဒီပညာတွေကို သူတို့ကိုယ်တိုင်ကလည်း ငယ်ငယ်လေးကတည်းက ဆရာကောင်းသမားကောင်းများထံမှာ ထံနီးလုပ်ကျွေးရင်း သင်တန်တာသင်၊ အတူခိုးတန်တာခိုး၊ ဆုံးမသမျှနာခံလို့ ဆည်းပူးထားခဲ့ရပါသတဲ့။ သူတို့ကိုယ်တိုင် ဆရာနေရာ ရောက်လာပြန်တော့လည်း သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်သလို အနုပညာအမွေတွေ လက်ဆင့်ကမ်းပေးကြတာပါပဲ။ ဒေါ်ငွေမြိုင်လက်က ရွှေမန်းတင်မောင် ထွက်ခဲ့သလို မေလှမြိုင်ဆီမှာလည်း ဒေါ်မာမာအေးထွက်လာခဲ့တာပေါ့။ ဆရာ့ထက်တပည့် လက်စောင်းထက်တယ်လို့ မပြောနိုင်ရင်တောင် ဆရာကောင်းတပည့် ပန်းကောင်းပန်ခဲ့ကြတာကတော့ မငြင်းနိုင်ပါဘူး။ ဆရာရော တပည့်ပါ ဂုဏ်ယူစရာကောင်းလိုက်ပါဘိ။

နယ်ပယ်အသီးသီးမှာ ပညာအရာ တဘက်ကမ်းခတ်နေတဲ့ ဆရာကြီး ဆရာမကြီးများကို အဲဒီအစဉ်အလာကလေး ဘယ်လောက် ချစ်စရာကောင်းသလဲဆိုတာ သတိပြုမိစေချင်လိုက်တာနော်။ တဘက်ကမ်းသွားပြိး ကိုယ်တိုင် ရေခပ်နေရလို့ ဟင်းစားသာပေးလိုက် ကွန်ချက်မပြနဲ့လို့ အယူအဆတွေ ပြောင်းသွားတာ ၀မ်းနည်းစရာကြီးပါ။ သူတို့ဘက်ကကြည့်တော့လည်း အိုစာမင်းစာမှ ရှာမထားရင် တပည့်တွေဆိုတာ ဆရာသောဘာသော စားစရာချန်တာမဟုတ်ဘူးလို့ တွေးတာလည်း မမှားဘူးလေ။ ရုပ်ဝတ္ထုပစ္စည်းတွေကို တစတစ အလေးပေးတာ လွန်ကဲလာလို့ ဒီလိုဖြစ်လာရတယ်လို့ မြင်ပါတယ်။ ပင်စင်ယူရင် အိမ် ခြံ မြေ ကား ရွှေ ငွေ လုံလောက်အောင် စုမိကောင်း စုမိမှာပါ။ လေးစားလိုက်နာ တန်ဖိုးထားမည့် တပည့်တပန်း နောက်လိုက်သားမြေး ကျန်နိုင်ပါ့မလား။ ရာထူးလက်ရှိမဟုတ်တော့ရင် လမ်းမှာတွေ့တာတောင် အခေါ်အပြောလုပ်ရမှာ ၀န်လေးတတ်တဲ့ ခေတ်ကြပ်ကြိးထဲမှာ အားကိုးယုံကြည်လောက်တဲ့ ဆရာစစ် တပည့်စစ်ဆိုတာတွေ ရှိမှ ရှိပါဦးမလားတောင် မပြောတတ်တော့ပါဘူး။ အတွေ့ရများတာတွေကတော့ အာစိ အာစိ လို့ လေးဘက်ကုန်းမတတ် အောက်ကျို့ပေါင်းပြီး နံမည် အရှိန်အဝါ အခွင့်အရေးတွေကို ရသလောက် အသုံးချ ရောင်းစား၊ ပြဿနာဖြစ်တော့ ခေါင်းစဉ်တပ်မယ့်၊ ဆရာကို ပညာပြန်ပေးတဲ့ တပည့်မျိုးတွေရယ်။ တပည့်လိမ္မာ ဆရာအာပတ်လွတ်အောင် ခွင်တွေ လမ်းကြောင်းတွေ စားပေါက်တွေ ညှိပေးမယ့် လက်သပ်မွေး ဝေစားမျှစား တပည့်မျိုးတွေရယ်။ သောက်ကျိုးနည်းကို တိုးတက်ထွန်းကားဦးမယ့် လောကကြီးပါဗျာ။ ရှိသမျှ မြိုင်တွေကုန်အောင် မပြောပါရစေနဲ့ မောလှချေရဲ့။ တော်ဦးစို့။

အများနဲ့အကုန်ဆိုင်… မြိုင်ဆိုလျှင်ဖြင့် အင်မတန်ကောင်း..။ မြခြေကျင်းငွေမြိုင် ဆိုရင်ဖြင့် အင်မတန့် အင်မတန် ကောင်း..။

(မြိုင် အကြောင်းကို အသီးသီးမှတ်စရာ၊ လှည့်လည်ကြံရှာ ကြည့်မိပြန်ရာ ဣတိတဿမာ ထို့ကြောင့်..)၂

(အကြံထူးပါတဲ့ ဉာဏ်ထူးပါတဲ့ ကံထူးပါတဲ့မြိုင်၊ ကြည်ကြည်လင်လင် အေးအေးဆေးဆေး မြိုင်)၂ (တန်ဆောင်မုန်း တန်ဆောင်တိုင် သူ့အိမ်ထဲလည်းမြိုင်၊ ကိုယ့်အိမ်ထဲလည်းမြိုင် အရပ်ချင်းညီညီပြိုင်၊ အရပ်ချင်းကပြိုင်၊ ပွားရာကမှနိုင်၊ များရာကမှနိုင် အရပ်ချင်းညီညီပြိုင််)၂ စိတ္တရဂီဝါ ရာဇာမင်းတို့ ဘာသာချင်းမို့ အချင်းချင်းပျော်တဲ့မြိုင်၊ (အကြောင်းယှဉ်ပြိုင် ၎င်း ခင်မြိုင်)၂ (မင်းဝံတောင်မောင်း ခြောက်သောင်းတောမြိုင်)၂၊ ပြုမူအင်အားဇောပိုင် ပုထုဇဉ်များတောမြိုင်၊ ရှိသမျှမြိုင်တွေကုန်အောင် မပြောပါရစေနဲ့ မောလှချေရဲ့၊ (တကယ့်ကိုထူးတဲ့ မမြိုင် စန္ဒကူးနံ့သာမွှေးတဲ့မြိုင်)၂၊ (စားတော့လည်းမြိုင် သွားတော့လည်းမြိုင်၊)၂ မမြိုင်၊ မမြိုင်၊ မဟာမြိုင်ကြီးမှာ တစ်ယောက်တည်း ပျော်တဲ့ မြိုင်။

(မြိုင်ဆိုလျှင် ဆိုင်သလိုစကားနော် မြိုင်အပိုမကြွားဘူး တရားနဲ့ပျော်တဲ့ မြိုင်၊ မမြိုင်၊ မမြိုင်) ၄

(စောင်းနဲ့လည်းမြိုင် အကဲပိုင် တယောနဲ့လည်းမြိုင် အကဲပိုင်)၂ ပန်းမြိုင်လယ် စပါယ်ရှယ်တီးလို့ ရိုးတိုးရွတ ခနခန ပျော်တဲ့မြိုင်၊ အသုံးကျတဲ့ အကိုတို့မြိုင်၊ မမုန်းကြနဲ့ အကိုတို့မြိုင်၊ မြိုင်ကြီးတောမှာ တစ်ယောက်တည်းပျော်တဲ့မြိုင်။

​မြိုင်..မြိုင်..မြိုင်.. ကျွန်မ၊ စတိုင်..စတိုင်..စတိုင်..ကျကျနန၊ ဂဃနဏ စုံစုံလင်လင် ခုံခုံမင်မင်၊ ရဂုံတွင် မြိုင်တွေက ပေါလှချည်ရဲ့.. ။ မြိုင်တွေစုံအောင်လေ ကျွန်မ ဂုဏ်တင်လို့လည်း မကြွားတတ်ပါဘူး..။ သနားစရာမမြိုင်၊ ချစ်စရာမမြိုင်။ အဆုံးအပိုင်ရနိုင် မမုန်းနိုင်မမြိုင်။ ကာလတီးလုံး ပိုင်ပိုင်နိုင်နိုင်၊ နန်းတော်ရှေ့ဆရာတင် ထွင်တဲ့ မြိုင်။