ပထမဦးဆုံးတစ်ပုဒ် အနေနဲ့ မန္တလေးမြို့အကြောင်းဖွဲ့နွဲ့ထားတဲ့ “စိမ်းရောင်စို” သီချင်းကို တင်ဆက်ပါ့မယ်။ မူရင်းအဆိုကတော့ လေပါတီမမြရင် ပါ။ ရေးတဲ့သူကတော့ မမြရင်ရဲ့ ပထွေးတော်သူ ဦးသာဒင် ရေးတယ်လို့ဖတ်ဖူးပါတယ်။ မူရင်းအသံနဲ့ ရလို့ တင်ပေးလိုက်ပါတယ်။ YouTube က ရထားတဲ့ ဒေါ်မာမာအေး အဆိုကိုပါ နားထောင်နိုင်ပါတယ်။ မြန်မာ့ရုပ်သံမှာတော့ နှင်းနှင်းထူး ဆိုထားတဲ့ ဓါတ်ပြားရှိပါတယ်။ အန်တီခင်စိုးဝင်း ဆိုပြထားတဲ့ စံခွေလည်း ရှိပါတယ်။ အားလုံးပဲ တမျိုးတဘာသာစီ ကောင်းကြပါတယ်။ ဒီသီချင်းရဲ့ အခရာကတော့ ဆိုင်းအသွားပါ။ မြန်မာ့ဆိုင်းဝိုင်းရဲ့ အသံစုံကို ကျကျနန ဂရုတစိုက်နားဆင်ကြည့်ရင် အင်မတန် အရသာရှိပါတယ်။ အဆိုပညာနဲ့ အသံကစားရာမှာ မာမာအေး စစ်စစ်ကိုကြားရပေမယ့် အနွဲ့အတာမှာတော့ လေပါတီ က သာသလို ထင်မိပါတယ်။ “မြစမ်းရေညို…” ဆိုတဲ့ အဆွဲအငင်၊ “ရှေးအခါက သာဓက တင်ကာဆို ကိုကို..” ဆိုတဲ့ ခေါ်သံ၊ “တကယ်လို့များ ကိုယ်ပိုင်ကားနဲ့ ဘုရားကိုလည်မလို့ လိုက်ကြမှာလားကွယ်..။ မောင်….လိုက်ခဲ့မှာလားကွယ်..” ဆိုတဲ့နေရာမှာ သူပြောတာကို မကြားသလို တည်တည်ကြီးနေနေတဲ့ ဇာတ်စင်ထောင့်က ကာလသားကို စိတ်မရှည်သလိုအသံလေးနဲ့ ခပ်ဆတ်ဆတ်ခေါ်တဲ့ “မောင်” အသံကို နားနဲ့တင်မကဘူး မျက်စေ့ထဲပါ ကြားရအောင် ဆိုနိုင်ပါပေတယ်။
သီချင်းအစမှာချီထားတဲ့ စိမ်းရောင်စို ဆိုတဲ့ ခေါင်းစဉ်ဟာ မန္တလေးတောင်ခြေကိုပြောတာပါ။ အဲဒီခေတ်အခါက သစ်ကြီးဝါးကြီးတွေနဲ့ စိမ်းစိုနေတဲ့ ရှုခင်းကို မြင်ယောင်စေပါတယ်။ ခြေဆင်းလေးအဆုံးမှာ ပဟိုစည်နရီသံနဲ့ချထားတာ နားဝင်ချိုပါတယ်။ မမြရင်ကျော်တဲ့အထဲမှာ ခြေဆင်းအဆို နဲ့တင် ပရိဿတ် မီးကိုရေနဲ့ငြှိမ်းသလို ငြိမ်းကျသွားစေပါသတဲ့။ ခြေဆင်းကလေးဆုံးမှ ယပ်တောင်ကလေး သာသာခပ်လို့ တေးသွားကိုဆက်လိုက်ရင် ခုခေတ်မှာလို မိုက်ကရိုဖုန်းတွေမပါပဲ ဟိုးပွဲခင်းနောက်ဖက် လှည်းဝိုင်းကြီးတွေဆီ ပေါက်အောင် အသံလွင်လွင်လေးနဲ့ ဆိုနိုင်ပါတယ်တဲ့။ မန္တလေးမြို့တည်တော်မူတဲ့ ပဉ္စမသင်္ဃာယနာတင် မင်းတုန်းမင်းတရားကြီးဟာ စည်မျက်နှာပြင်ကဲ့သို့ ညီညာပြန့်ပြူးသော အရပ်အနေကို ရွေးချယ်ပြီး တဘောင်စနည်းနာတဲ့အခါ “အသက်ကလေးရယ်တဲ့ ရှည်စေလို မြနန္ဒာရေညိုသန်းတယ် မန်းတောင်ရိပ်ခို” ဆိုတဲ့ တဘောင်ကို နာမိပါသတဲ့။ သင်္ကြန်ကျတိုင်း မြန်မာတွေဆိုနေတဲ့ မြနန္ဒာ အစချီ မန်းတောင်ရိပ်ခို သီချင်းဟာလည်း အဲဒီတဘောင်ကို ညွှန်းပါတယ်။ မန္တလေးသူ မန္တလေးသားတွေဟာ အဲဒီအခါကတည်းက သူတို့မြို့ကို အင်မတန်ညွှန်းကြတာပါ။ မြတ်စွာဘုရားရှင်လက်ထက်တော်က ရာဇဂြိုလ်၊, ကောသမ္ဗီ, အစရှိတဲ့ ဗုဒ္ဓဝင်, မဟာဝင် မြို့တော်ကြီးများနဲ့ ထပ်တူပြုကြပါလေရဲ့။ သီချင်းထဲမှာတော့ မမြရင်ဟာ အဲဒီအခါက ပေါ်ဦးပေါ်ဖျား မော်တော်ကားလေးနဲ့ မန္တလေးတောင်ခြေကို ပျော်ပျော်ပါးပါး ဘုရားဖူးထွက်ကြဖို့ ချစ်သူကို ခေါ်တာပါ။ မောင် တလှည့်, ကိုကိုတလှည့် နွဲ့တဲ့တဲ့ကလေးခေါ်လိုက်, သူ့ကိုယ်သူလည်း မြကလေ, ရင်ရင်ကလေ လို့ ခရာလိုက်နဲ့ ဆိုသွားလိုက်တာ တစက်လေးမှ မကလက်ပါဘူး။ သူ့ခေတ်သူ့အခါတုန်းက အဆိုနဲ့ရော အကနဲ့ပါ သျှမ်းသျှမ်းတောက်ကျော်ကြားခဲ့တာ ဆိုတော့ မှန်းဆကြည့်စေလိုပါတယ်။ ဓါတ်ပုံတွေထဲမှာတော့ ဆံပင်တရပ် လူတရပ်ရှိတဲ့ ဖြူဖြူသွယ်သွယ် မျက်နှာကြည်ကြည်လေးနဲ့ပါ။ ကိုယ်တိုင်မမီလိုက်ပေမယ့် ထားခဲ့တဲ့ အနုပညာအမွေကို ခံစားကြည့်လိုက်ပါ။
သီချင်းထဲမှာ “စိမ်းရောင်စို” လို့ ကြားလိုက်ရုံနဲ့ မျက်စိထဲမှာ စိမ်းစိမ်းလန်းလန်း စိုစိုပြေပြေရှိတဲ့ တောအုပ်သစ်ပင်ကလေးတွေကို ပြေးမြင်မိမှာမလွဲပါဘူး။ မန္တလေးမှာလည်း စိမ်းရောင်စို နာမည်နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ အဖွဲ့ရှိတယ်လေ။ ဒေါ်မြင့်မြင့်စိန်ရဲ့ သီချင်းကြီးတူရိယာအဖွဲ့ နာမည်ကလည်း စိမ်းရောင်စိုပဲ။ မန္တလေးဝန်းကျင်မှာ မန္တလေးတောင်၊ သခင်မတောင်၊ ရန်ကင်းတောင်ရယ်လို့ စိမ်းစိမ်းစိုစို ရာဇဝင်နောက်ခံနဲ့ တောင်ကုန်းကလေးတွေ ရှိပါတယ်။
“ညို့ညို့ဆိုင်းဆိုင်း မှိုင်းပြာရီမှုန်သန်းပြန်တော့ တိမ်ခိုးကလေးတွေ ဘေးကယှက်လို့ တောင်တန်း တဘက်တချက် ဝန်းကာရံကာပင် လွမ်းစရာ့ စံရာတခွင်” ဆိုတဲ့ သခင်မတောင် သီချင်းကိုလည်း လေပါတီမမြရင်ပဲ ဆိုခဲ့ပါတယ်။ တေးဂီတအကယ်ဒမီရတဲ့ ပန်းဒဏ္ဍာရီဇာတ်ကားရဲ့ အဖွင့်သီချင်းပေါ့။ သီချင်းကြိုက်လွန်လို့ ရုပ်ရှင်ကို ပြန်ပြန်ကြည့်ဖြစ်တယ်။ “တို့မန္တလေး မြို့ကြီးရဲ့ ပတ်လည်တခို မှိုင်းပြာပြာ မှုန်ဝေဝေ ရေဇလာနဒီမြစ်ညို” ဆိုတဲ့ မြနန္ဒာသီချင်းလည်း သူပဲဆိုခဲ့တာ။ သာစည်နယ် ရွှေဖလားကန်ဇာတိ မမြရင်ဟာ မန္တလေးကိုတော့ သူ့အိမ်သူ့ယာလို ချစ်လည်းချစ် အမွှန်းလည်းတင်ပါတယ်။ မန္တလေးလူထုကလည်း မမြရင် အငြိမ့်မှ ရက်ချိတ်မရရင် အလှူရက်ကို ရွှေ့ထားကြတာလေ။ မမြရင်က ရန်ကုန်ဆိုတာ ဖုတ်လေသည့်ငပိ ရှိတယ်တောင် ထင်ရဲ့လား မသိပါဘူး။ သီချင်းတွေ အဲသလောက်ဆိုသွားတာ ရန်ကုန်အကြောင်း တစိမှမပါဘူး။ မော်တော်ကားနဲ့ ဘုရားစုံလည်တာတောင် အထက်ပြည်ရောက်အောင်ပဲ မောင်နဲ့ ရင်နဲ့ သွားမှာ။ ရွှေတိဂုံဘုရား ဆင်းမဖူးဘူး။ ကမ္ဘောဇ မှာတောင် `သိန္နီနယ် လားရှိုးက ရွာဖြိုးအုံ့ဆင်´လို့ ပါတယ်။ “လေပါတီ ပွဲရှိမှ အမြဲကြည့်ရမနော် သာစည်က မမြရင် ညညစဉ်ခေါ်´” လို့လည်း ဆိုခဲ့တယ်။ ရန်ကုန်ကိုတော့ တမင်ချန်ထားသလားမဆိုနိုင်။ စိတ်ကောက်နေရတာများလား။
မမြရင် ရာပြည့်အငြိမ့်တုန်းကတော့ လမင်းတရာ မဌေးဌေးမြင့်ကြီးကို ဇာတ်စင် ပိစိညှောက်တောက်လေးနဲ့ မဆန့်မပြဲ ကြည့်လိုက်ရပါတယ်။ စင်အောက်က ပရိသတ်ကိုလည်းပြချင်သေးတော့ ဇာတ်စင်လေးကို မည်ကာမတ္တ ဆောက်သလား မသိပါဘူး။ မင်းသမီး ထမီနားခတ်လိုက်ရင်တောင် လူပြက်နဲ့မလွတ်ဘူး။ နှစ်တစ်ရာပြည့်ပွဲကြီးဆိုတော့ အငြိမ့်ကောင်းကောင်း ကြည့်ရပြီမှတ်လို့ အငြိမ့်ငတ်ငတ်နဲ့ အားခဲပြီးကြည့်တာ အာသာတောင်မပြေဘူး။ ဖန်တရာတေနေတဲ့ အလှူ့ရှင်တို့ ဦးသဝန်ကြောင်တို့ပဲ ပြန်ဆိုသွားတယ်။ အဲဒါတွေက ချစ်စရာ့အရွယ် ကကြိုးသွယ်တွေ ကတဲ့သီချင်းတွေ။ ရှားရှားပါးပါး သီချင်းလေးတွေ ဆိုလိုက်ကလိုက် ပါတော့လားကွယ်။ သူများမကြားဖူးသေးတဲ့ သီချင်းလေးတွေ ရှာပြီးဆိုရင် မှတ်တမ်းကျန်တာပေါ့။ ဒါမျိုးကျ စီးပွားရေးလုပ်တယ်ဆိုရင်တောင် ဒေါ်မာမာအေးကြီး ကျေးဇူးတင်စရာကောင်းတယ်။ အာယားမ၊ ကျွဲမ၊ တုံးကျော်မ ဘာမှမကျန်အောင် ရှာဆိုပလိုက်တာ။ အငြိမ့်သီချင်း သင်ရိုးအခွေတွေလို ဖြစ်သွားတယ်။
အငြိမ့်သီချင်းတွေကမှ အခွေအဖြစ် မှတ်တမ်းမှတ်ရာ ကျန်ပါသေးတယ်။ ဇာတ်သီချင်းတွေကတော့ အကုန်ပျောက်ကုန်ပြီ။ ရွှေမန်းတင်မောင်၊ စိန်အောင်မင်း၊ ရွှေနန်းတင်၊ ပန်တျာကြည်လင်တို့နောက်မှာ သူတို့လို အသံပေါပေါ နဲ့ ခုနစ်သံချီဆိုနိုင်တဲ့မင်းသား မပေါ်တော့ဘူး။ ရုပ်လေး စန်းလေး ငယ်ဂုဏ်လေးတွေနဲ့ပဲ ဇာတ်သက်မပြတ်အောင် က စားနေတော့တယ်။ ကိုသိန်းဇော်တစ်ယောက်တော့ “သာသနာတဝက် ဒါယကာတဝက်” သီချင်းမျိုးတွေ ထွက်လာပါတယ်။ ဖွင့်လည်း ဖွင့်ကြသားပဲ။ ဒါပေမယ့် အသံက ပါတယ်ဆိုရုံလေးရယ်။ ဦးဖိုးစိန်၊ ဦးစိန်ကတုံး၊ ရွှေမန်းတင်မောင်တို့သီချင်းတွေကို ပြန်ဆိုနိုင်တဲ့သူ မရှိသလောက်မို့ သူတို့ သီချင်းကောင်းလေးတွေလည်း ပျောက်ကုန်ရော။ ညီတော်မင်းနန်တို့၊ ဘုံဓမ္မတာတို့၊ စွဲမက်ပါတဲ့အာရုံတို့ကိုတော့ ကိုဝင်းဦး ပြန်ဆိုခဲ့ပါတယ်။ အောင်ပါစေ ကို နောက်လူတွေ ပြန်ဆိုတာ နားထောင်ရတော့ ငိုတောင်ငိုချင်သွားတယ်။
မြန်မာ့ဇာတ်သဘင်ပညာတွေ ကွယ်ပျောက်ကုန်ရတာ ပရိသတ်ကြောင့်ချည်း သက်သက်တော့ မဟုတ်ပါဘူး။ မျိုးဆက်သစ်တွေက ဆိုငိုပြောပညာတွေကို လေးလေးစားစား အရယူရကောင်းမှန်း မသိလို့လည်း ပါပါတယ်။ ဇာတ်စာ ဇာတ်စကားဆိုတာ ဒီဘက်ခေတ်မှာ ရှိမှ မရှိတော့ပဲ။ သားမြေးအရင်းတွေကတောင် မိဘဘိုးဘွား ပညာတွေကို မရလိုက်တဲ့နောက် ပြောစရာတောင် မလိုတော့ဘူး။ အသစ်တီထွင်ကြိုးစားလို့ ဒီကနေ့အထိ သဘင်အလုပ်နဲ့ ရပ်တည်နေဆဲဆိုတာကိုတော့ လေးစားပါတယ်။ အဟောင်းတွေ ပျောက်ကုန်တာကိုသာ နှမျောမိတာပါ။ ရွှေမန်းသဘင်မှာ လှည်းသားငါးရာကို ဒီကနေ့ထိ ကပြနေကြဆဲမို့ တော်ပါသေးရဲ့။ ဒါပေမယ့် ရွှေကူးတင်တို့ လှလှသန်းတို့ အောင်သန်းတင်တို့ကသာ စီစီညံညံဆိုနိုင်ကြပြီး မင်းသားနေရာမှာတော့ အဖြစ်ပဲနားထောင်ရတယ်။ ရွှေမန်းတင်မောင် အသံကို သူ့သားတွေတောင် အမီမလိုက်နိုင်ဘူး။ ပညာကလေးနဲ့ သက်သက်သာသာပဲ ဆိုကြတယ်။ အလကားနေရင်း လူမုန်းခံပြီး ဟိုလူမကောင်းဘူး ဒီလူမကောင်းဘူး မဝေဖန်ချင်ပါဘူး။ ဘာမှ မတတ်ပဲနဲ့ ဆရာလည်း မလုပ်ချင်ပါဘူး။ ကောင်းစေချင်တဲ့ စေတနာကို မြင်နိုင်ရင် ခွင့်လွှတ်နိုင်လောက်ပါရဲ့။ သိတဲ့တတ်တဲ့ သက်ကြီးဝါကြီးတွေလည်း ကုန်လုပြီ။ နောက်လူငယ်ကလေးတွေ ပညာအမွေတွေ အရယူရကောင်းမှန်း သိစေချင်လိုက်တာ။ ပေးချင်တဲ့သူတွေက အဆင်သင့်။ တန်ဖိုးထားပြီး တလေးတစား သင်ချင်စိတ်ကလေးပဲ ရှိဖို့လိုတာ။ လိုက်မယ်ဆိုရင်တော့ အတူခေါ်ချင်ပါတယ်လေ။ မန္တလေးကို လိုက်ခဲ့မလားအကို။ တဘောင်စကားအလို အောင်ရမယ် ဆို ဆို တဲ့။
သီချင်းနားထောင်ရန် ဤLinkကိုနှိပ်ပါ။
http://www.youtube.com/watch?v=FWTR18o6s28
YouTube က လေပါတီရဲ့ မူရင်းအဆိုလေး ရလို့ link ထပ်ပေးလိုက်ပါတယ်။ နားထောင်ကြည့်ပါဦး။