ချန်ဂင်တို့စခန်း (၁၉)

အခုရက်ပိုင်း ဆေးရုံမှာ လူနာများလာတယ်။ ကုတင်တွေမလွတ်တော့လို့ လူနာကုတင်တောင် ထပ်မှာထားရသေး။ ခွဲခန်းကလေးလည်း အလုပ်များလာသားပဲ။ ခွဲခန်းသုံးပစ္စည်းတွေတောင် ကုန်ကုန်သွားလို့ ထပ်ကာထပ်ကာ မှာရပြန်တယ်။ ထမင်းဟင်း မချက်နိုင်တော့လို့ လက်ဘက်ထမင်း ကြက်ဥကြော် မီနူးနဲ့ ရက်တွေလည်း ရှိပ။ အလုပ်များပေမယ့် အားလုံးကတော့ ပျော်ပျော်ပါးပါးပါပဲ။ လူများများခွဲနိုင်လေ ဒီခွဲခန်းကြီးအတွက် မတည်ရင်းနှီးထားရတဲ့ ကုန်ကျစားရိတ်တွေ မြန်မြန်အရင်းကျေလေ မဟုတ်လား။ ကိုယ်တို့က ပိုက်ဆံတစ်ပြားမှ ပြန်မရသော်လည်းပေါ့နော်။ ဆိုကြပါစို့ မြ်ို့ပေါ်က အထူးကုဆေးရုံကို ခွဲလူနာတစ်ယောက်လွှဲရင် အနည်းဆုံး သိန်း ၂၀-၃၀ ပါမှ ဆေးရုံတက်လို့ ရတယ် လို့ ပြောကြတယ်လေ။ ဒီမှာတင်ခွဲပေးလိုက်ရင် အဲ့ဒီပိုက်ဆံ လူနာဘက်က ကုန်စရာ မလိုတော့ဘူး။ သက်သာသွားပြီ။ ခွဲခန်းကြီး ဆောက်လှူထားတာ ကျပ် သိန်း ၂၀၀ ကျော် ကုန်ကျတယ် ဆိုလို့ရှိရင် ကိုယ်တို့က လူနာ ၁၀ ယောက်လောက် ခွဲပေးနိုင်တာနဲ့ အရင်းကျေပြီ လို့ ကိုယ့်စိတ်ထဲမှာ ယူဆတယ်။ နောက်ထပ်ဆက်ခွဲ။ ခွဲသမျှ အသားတင်အမြတ်။ တန်သွားပြီ။ အလှူရှင်တွေ ပိုက်ဆံကုန်ရကျိုးနပ်ပြီ။ ကိုယ်တို့တတွေ ပင်ပန်းရကျိုးနပ်ပြီ။ များများထပ်ခွဲနိုင်လေလေ တစ်ဦးချင်းအတွက် ကုန်ကျစားရိတ်တွေမျှသွားပြီး ကိုယ်တို့အတွက် အမြတ်များများကျန်လေလေ။

အခမဲ့ဆေးကုတယ်လည်း ဆိုသေးရဲ့။ နေရာတကာ ပိုက်ဆံနဲ့ တန်ကြေးလိုက်ဖြတ်နေတာ တော်ရော့လား လို့ ပြောစရာဖြစ်နေပါ့မယ်။ မတော်စရာလားဗျာ။ အလကားကုနေတာ ၃ လ တောင်ပြည့်တော့မယ်။ နောင်လည်း အလကားပဲ ဆက်ကုဦးမှာပါ။ ဒါပေမယ့် အလကားပေးနေတဲ့ ဆေးတွေ ဆေးပစ္စည်းတွေမှာ တန်ဖိုးရှိသလိုပဲ ကိုယ့်တို့အားလုံး ပိုက်ဆံမယူပဲ အခမဲ့စိုက်ထုတ်ထားတဲ့ လုပ်အားတွေ ပညာတွေ အချိန်ကာလအပိုင်းအခြားတွေဟာလည်း တန်ဖိုးမဲ့တော့ မဟုတ်တဲ့အကြောင်း ကိုယ့်ဘာသာကိုယ် သဘောပေါက်ထားရတာပါ။ လူနာတွေတော့ သိစရာမလိုဘူးပေါ့။ “ခများကို ကျုပ်တို့ အလကားခွဲပေးတာ မြို့မှာဆိုရင် ဘယ်လောက်တန်တယ် သိလား။” လို့လည်း ဘောက်ချာမဖြတ်ပါဘူး။ အလုပ်တွေများလို့ ပင်ပန်းနွမ်းနယ်လာရင် များပလေ့စီ။ များများလုပ်လေ။ ကိုယ်တို့အတွက်က တန်လေပဲ။ ကိုယ့်အတွက်လည်း ပင်ပန်းရကျိုးနပ်သလို အလှူရှင်တွေအတွက်လည်း ကုန်ခမ်းရကျိုးနပ်တယ်။ အထူးအားဖြင့် လူနာတွေအတွက်တော့ အသက်တစ်ချောင်းဆိုဆိုသလောက် ဘာနဲ့မှမလဲနိုင်အောင် တန်ဖိုးရှိတယ် မဟုတ်လား။ အဲ့ဒါလေးတွေတွေးတွေးပြီး ကိုယ့်ဘာသာ ကျေနပ်ရတာလေ။

တကယ်တော့ ဒီလိုလုပ်ချင်လွန်းလို့ ဒီလိုလုပ်နိုင်ကိုင်နိုင်တဲ့ အခြေအနေရောက်အောင် အဘက်ဘက်က ကြိုးစားထားရတာ။ အခု အတောင်အလက်စုံလို့ ကောင်းကောင်းကြီး ပျံနိုင်ဝဲနိုင်တဲ့ အခြေအနေပါ။ အင်မတန် ကျေနပ်စရာကောင်းပါတယ်။ မောတယ်ပန်းတယ် သဘောမှာ မထားပါဘူး။ တခါတခါမှာ မဖြစ်မနေမို့ မနိုင်ဝန်ကို အရဲစွန့်ပြီး ထမ်းရတယ်။ အဲ့ဒီအခါကျရင် လူပင်ပန်းတာထက် စိတ်ပင်ပန်းတာက ပိုတယ်။ ခဲရာခဲဆစ် major operation အကြီးတွေကို မေ့ဆေးစက်မရှိပဲ မေ့ဆေးဆရာဝန်မပါပဲ အရဲစွန့်ခွဲရတာက စိတ်ဖိစီးမှု ၂ ဆမက ပိုပါတယ်။ ဒါပေမယ့် ဘယ်တတ်နိုင်မလဲ။ ကိုယ်ကခွဲရင် မမအိုဂျီက မေ့ဆေးပေး၊ သူခွဲတဲ့အခါ ကိုယ်က မေ့ဆေးပေး ခလေးကောက်၊ အဲ့သလိုပဲ ရုန်းကန်လှုပ်ရှားရတယ်။ ခွဲခန်းပြီးသွားတဲ့အခါ ဆာဂျင်ရော အိုဂျီရော ဆရာဝန် ဆရာမ ရှိသမျှလူကုန် သိမ်းရဆည်းရ ဆေးရကြောရနဲ့ ပျော်စရာတောင်ကောင်းသလိုပဲ။ ကိုယ်တို့အားလုံး တစ်အိုးတည်းချက် တစ်ဝိုင်းတည်းစားပြီး ရှိသမျှအလုပ်လည်း အကုန်ဝိုင်းကူလုပ်ကြတယ်။ တက်ညီလက်ညီ။ မမအိုဂျီကတော့ နေ့လည်ဘက်မှာ ကလေးတွေကို စာသင်ပေးတယ်။ အခုဆို အကုန်လုံး သူ့လက်ထောက် ကူလို့ရနေပြီ။ ကောင်းသားပဲ။ ကိုယ်ဆို နေရာတကာ ကိုယ့်ဘာသာဝင်ဝင်လုပ်နေတာနဲ့ ဘယ်သူ့ကိုမှ မသင်နိုင်ဘူး။ အသက်ကြီးလာလို့ ထင်ပါရဲ့။ စာတွေအရှည်ကြီးသာရေးတာ။ အပြင်မှာ စကားတွေအများကြီး မပြောချင်တော့ဘူး။ မပြောပဲနဲ့သိတာကို ပိုသဘောကျတယ်။ ပြောမှသိရင် နည်းနည်းထူနေပြီလို့ ခံစားရတယ်။

အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးလာတာနဲ့အမျှ ကိုယ့်ကိုယ်ကိုယ် ပိုအသုံးဝင်လာသလို ခံစားရတယ်။ PDF တွေကိုလည်း ပို၍ပို၍ ကူညီနိုင်လာပါတယ်။ အကုန်လုံးကို မကူနိုင်မကယ်နိုင်ဦးတော့ ကိုယ်နဲ့ဆုံသမျှ ကိုယ်က ဖေးမပေးနိုင်တာ သူတို့ဝမ်းသာတာထက် ကိုယ်ကပိုတောင်ဝမ်းသာပါသေး။ ဒီအကြောင်းရေးရင် စစ်ခွေးတွေဘက်က အနာဆားပက်ခံရသလို ထွန့်ထွန့်လူးပြီး ဆေးရုံကို မီးပုံရှို့ချင်နေလိမ့်မယ်။ ဖြစ်လာနိုင်တဲ့အလားအလာထဲမှာ အဲ့ဒါကိုလည်း ထည့်မတွက်ထားလို့ ရပါ့မလား။ ဒါကြောင့်မို့ လာလာသမျှ အချိန်မဆိုင်းပဲ တွန်းခွဲနေတာ။ နောက်နှစ်ခါ တန်ဆောင်မုန်းဆိုတာ သူလည်းရှိချင်မှရှိမယ်၊ ကိုယ်လည်း ရှိချင်မှ ရှိမယ်၊ ဆေးရုံကလေးလည်း ရှိချင်မှ ရှိမယ်။ အခုလောလောဆယ် သူရော ကိုယ်ရော ဆေးရုံရော ဆုံသခိုက် “လာထား အာဘွား။ ခုံပေါ်တက်၊ ခွဲရအောင်။” အားစိုက်နေရတာပေါ့။

အရပ်ဒေသရဲ့ စစ်မက်ရေးရာ အဖြာဖြာကတော့ အခုမှထူးပြီး ဆိုးနေတာ မဟုတ်ပါဘူး။ တိုင်းပြည်အလုံး ကြိမ်မီးအုံးနေမှပဲဟာ။ အမြောက်တွေလည်းပစ်တယ်။ လက်နက်ကြီးတွေလည်းကျတယ်။ လေယာဉ်နဲ့လည်း ဗုံးကျဲတယ်။ ခုထက်ထိမသေတာ သေကံကို မပါသေးလို့။ သေကံမပါသေးတာ ကိုယ်တစ်ယောက်တည်းတော့ ဟုတ်ဟန်မတူပေါင်။ ဟိုမအိမ်လုံးကြီးလည်း သေကိုမသေနိုင်သေးလို့ အသည်းနာလိုက်ထာ ပြောမပြောချင်။ သို့သော်လည်း သူမသေခင် အားထုတ်ကြိုးပန်းနေသောအမှုနဲ့ ကိုယ်မသေခင်အားထုတ်ကြိုးပန်းနေသောအမှုက နှိုင်းစရာယှဉ်စရာကို မဟုတ်ဘူး။ ဒင်းတို့တဆွေလုံးတမျိုးလုံး ဦးဆံမှုတ်ကို ခြေမနဲ့သပ်ပြီး ကန်ချလို့ရတယ်။ နားလည်လား။

နားမလည်သေးရင်လည်း မျက်စိထဲစွဲနေအောင် အရုပ်ရေးပြရသေးတာပ။ အခု တောထဲမှာ ဆေးရုံကလေးဆောက်ထားတော့ PDF လူနာတွေ ဟောတစ်ယောက် ဟောတစ်ယောက်ကုခဲ့ရတယ်ဆိုတာ အထူးအဆန်း မဟုတ်ပါဘူး။ သို့သော်လည်း အမောင်တို့အမိတို့ မြို့ပေါ်ကနေ စိတ်ကူးနဲ့မှန်းမြင်သလို PDF ဆိုတာ နို့နံ့မစင်သေးတဲ့ သူငယ်နှပ်စားကလေးတွေချည့်ပဲ လို့တော့ မမှတ်လေနဲ့ဗျ။ မွေးကင်းစလသားကလေးကနေ ကိုယ့်ခြေထောက်ကိုယ်သယ်နိုင်သေးတဲ့ အမယ်ကြီးအဖိုးကြီးပေါက်စအထိပါပါတယ်။ အဖေရော အမေရော သားရောသမီးရော မိသားစုအစုံအလင်။ တော်လှန်ရင်းကလေးမွေး ကလေးမွေးရင်းတော်လှန်နေရတဲ့ ဗိုက်ကြီးသယ်တွေတောင် မလွတ်ပါဘူး။ ဘာဖြစ်လို့ အဲ့သလိုဖြစ်ကုန်ရသလဲဆိုတာကတော့ မမနော်မာ ယင်းမာပင်ဘက်ကို ရောက်ဖူးမှ သိလိမ့်မယ်။ သူတို့မှာ နေစရာအိမ်လည်း မရှိတော့ဘူး။ ပြန်စရာရွာလည်း မရှိတော့ဘူး။ အသက်ကလေးတောင် ပြေးနိုင်လို့ လွတ်ခဲ့တာ။ သူတို့ဆွေမျိုးသွေးသားတွေကို သူတို့မျက်စိအောက်တင် မညှာမတာ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့တာလည်း ပုံပြင်မဟုတ်ဘူး။ ရုပ်ရှင်ကားထဲမှာတောင် “ပြသရန်မသင့်” ဆိုတဲ့ လူအရှင်လတ်လတ် မျက်လုံးကို ဓါးနဲ့ကလော်ထုတ်ပြခန်းတွေ။ လည်ပင်းမှာ ကြိုးနဲ့ချည်ပြီး တစ်ရွာလုံး တရွတ်တိုက်ဆွဲပြေးခန်းတွေကို ကလေးသူငယ်မကျန် ကိုယ်တွေ့မျက်မြင် အကြည့်ခိုင်းခဲ့တယ်။ “မင်းတို့ မြင်တယ်နော်။ ငါတို့ကိုဆန့်ကျင်ရင် ဘာဖြစ်သွားမလဲ။ သေသေချာချာကြည့်ထား။” ဆိုပြီး ငရဲခန်းတွေကို မြိန်ရေယှက်ရေ သရုပ်ပြခဲ့ကြတာ။ ဒီရွာသားတွေအားလုံး စစ်ဘေးစစ်ဒဏ်ကပြေးဖို့ စစ်ရှောင်စခန်းကို ရောက်မလာကြပါဘူး။ အဲ့ဒီစစ်ငရဲခွေးတွေကို အဆုံးသတ်ဖို့ PDF ထဲကို ဝင်လာကြတာပါ။ ဘယ်သူ လက်နက်ဝယ်ပေးပေးမပေးပေး၊ ထောက်ပံ့ကြေးဆိုတာများ စကားထဲတောင် ထည့်ပြောမနေဘူး။ သေမထူးနေမထူးဘဝမို့ ငါတို့အသက်သေချင်သေပါစေ။ ဒီငရဲခွေးတွေတော့ လူ့ပြည်မှာ တစ်ကောင်မှ ချန်ထားလို့ မဖြစ်ဘူးဆိုတဲ့ အသိစိတ်နဲ့ တော်လှန်ရေးထဲ ခြေစုံပစ်ဝင်လာကြတာပါ။ လူတိုင်းလူတိုင်း သူ့ဘဝသူ့ဇာတ်ကြောင်း ကိုယ်စီရှိကြပါတယ်။ အခုရေးပြခဲ့တဲ့ အဖြစ်အပျက်တွေဟာ တဆင့်ကြားစကားနဲ့ hear say evidence ယုံတမ်းပုံပြင်တွေ မဟုတ်ခဲ့ဘူး။ မှတ်တမ်းမှတ်ရာ အထောက်အထား ခိုင်ခိုင်မာမာနဲ့ ICJ တရားရုံးမှာ သက်သေတင်ဖို့ စုဆောင်းနေကြတယ်။ ကိုယ့်ဘဝတသက်တာအတွေ့အကြုံအရတော့ မြန်မာပြည်က စစ်အစိုးရလောက် လူလူချင်း နှိပ်စက်ညှင်းပန်း အနိုင်ကျင့် ဖိနှိပ်တာမျိုး ဘယ်တုန်းကမှ တခြားဘယ်နေရာမှာမှ မကြားဖူးမသိဖူးပါဘူး။ လူသားတစ်ယောက်ဟာ တခြားလူသားတစ်ယောက်အပေါ်မှာ အဲ့သလောက်တောင် အနိုင်ကျင့်လို့ရပါကလားဆိုတာ သူတို့လုပ်ပြလို့သာ မြင်ရသိရပေတော့တယ်။ ဒီလိုအသင်းအပင်း အဖွဲ့အစည်းဆိုတာ လူသားတွေရှင်သန်နေထိုင်ရာ ကမ္ဘာလောကမှာ ရှိကိုမရှိသင့်တော့ပါဘူး။ ကမ္ဘာကြီးကို အာဒံ နဲ့ ဧဝ ကပဲ ပြန်စရစရ၊ ဒင်းတို့တော့ တစ်ယောက်မှ မကျန်စေချင်တော့ဘူး။

PDF လူနာတွေ ဆေးရုံကဆင်းသွားကြရင် သူတို့ မျက်ရည်ဝဲကြတယ်။ ထိုင်လည်း ကန်တော့ကြတယ်။ အလှူငွေတောင် အတင်းထည့်နေလို့ ပြန်ယူသွားခိုင်းရတယ်။ ကိုယ်ကတောင် ပြန်လှူချင်သေးတာပါ။ ဒီဆေးခန်းက ဆေးတွေဆေးပစ္စည်းတွေဆိုတာလည်း ကိုယ့်မိမွေဘမွေ တစ်ပြားတစ်ချပ်မှ မပါပါဘူး။ သူတို့လို ပြည်သူတွေကပဲ ပြည်သူအချင်းချင်း ကူညီရိုင်းပင်းဖို့ ကိုယ့်ဆီမှာ လှူတန်းထားတာတွေပါ။ ကိုယ်လည်းပဲ အဲ့ဒီ PDF တွေနဲ့ အတူတူရပ်တည်တဲ့ ပြည်သူတစ်ယောက်မျှသာ။ ငါတို့မှာက ငါတို့ပဲ ရှိကြတာလေ။ အဲ့ဒါကြောင့် ကိုယ့်တက်ကိုယ်လှော်နေကြရတာ။ ခုကာလ မြန်မာပြည်မှာ လူဖြစ်လာသခိုက် လူမဆန်သော မိစ္ဆာစစ်သားများ ညှင်းပန်းနှိပ်စက်ခံရလို့ ကိုယ်ရောစိတ်ပါ ဒဏ်ရာတွေနဲ့ နာကြင်ခံစားနေရပြီမို့လား။ အားမငယ်ပါနဲ့။ အားမလျှော့ပါနဲ့။ ဒီလိုဒီလိုမျိုး ရုပ်ချော သဘောကောင်း ကျက်သရေရှိ စိတ်ကောင်းရှိတဲ့ ဆရာဝန် ဆရာမ ရဲဘော်ရဲဘက်ကလေးတွေလည်း ရှိနေပါသေးတယ်နော့။ ခဏတဖြုတ်ဖြစ်ဖြစ် ပီတိသုခကလေးနဲ့ အမောအပန်းဖြေသွားပါဦး။ နောက်ပြီးရင် ကိုယ်တို့နောက်ကို မြင်အောင်လှမ်းကြည့်ကြည့်။ ကိုယ်တို့လိုပဲ စိတ်တူသဘောတူ စိတ်ကောင်းနှလုံးကောင်းရှိတဲ့ သူတော်ကောင်းမိတ်ဆွေ အပေါင်းအသင်းတွေ အများကြီး တွေ့ရလိမ့်မယ် သိလား။ ခင်ဗျားတို့တွေလည်း သူတော်ကောင်းမို့လို့ သူတော်ကောင်းအချင်းချင်းတွေ့ကြတာ။ ရှေ့ဆက်ရမယ့် ခရီးလမ်းမှာ မိသားစု စုံစုံညီညီ အန္တရာယ်ရှင်း ဘေးကင်းလို့ အရေးတော်ပုံအောင်ပါစေလို့သာ။