မိုးတိတ်သွားပေမယ့် ရေကျဖို့က တစ်ရက်နှစ်ရက် စောင့်ရပါဦးမယ်။ ချောင်းရေတွေက တိုးနေသေးတာကိုး။ ထင်တဲ့အတိုင်းပဲ ချင်းတွင်းမြစ်ရေ တိုးလာလို့ ဟုမ္မလင်းမှာတောင် ရေကြီးရေလျှံမယ် သတိပေးချက် ထုတ်ထားတယ်။ ချောင်းရေတိုးရုံတင်မဟုတ်ဘူး။ ကမ်းပါးတွေပါ ပြိုလိုက်လာလို့ သွားနေကျတောလမ်းကလေးတွေတောင် ဆက်သွားလို့ မရတော့ပါဘူး။ ဆေးတွေပစ္စည်းတွေ လိုက်စစ်ပြီး အလေအလွင့် အပျက်အစီး မရှိအောင် လိုက်သိမ်းရင်း အဆက်မပြတ်လာနေတဲ့ ငှက်ဖျားလူနာတွေကို ဆက်ကုရပါတယ်။ အင်းတော်ကြီးပတ်ပတ်လည်တဝိုက်မှာလည်း ငှက်ဖျားက ကပ်ရောဂါများလို outbreak ဖြစ်လို့ ကိုယ့်ဆီက ဆေးဝါးအကူအညီများ လာတောင်းကြပါတယ်။ ကတ္တရာလမ်းပေါ်ကနေ တောထဲဗွက်ထဲက ဆေးရုံကို ဆေးလှမ်းတောင်းရတဲ့အဖြစ်ပါ။ ကိုယ့်ဆီမှာတောင် မလုံမလောက်နဲ့ဥစ္စာ။ သူတို့ကို ဘယ်လိုပြန်မျှရမှာတုန်း။
ဒီမှာ ဆေးတွေရဖို့ ကိုယ်က ပါးစပ်ကလေးစိုက်ပြီး လှမ်းအော်တောင်းထားတာ မဟုတ်ပါဘူး။ ဒီနေ့ဆို မိုးထဲလေထဲ ဗွက်တောထဲမှာ ကိုယ်တိုင် အဲ့ဒီကတ္တရာလမ်းပေါ် အရောက်သွားပြီး ဆေးတွေ တက်ယူထားတာ။ အလွဲအချော် အနှေးအဖင့် ရှိမှာစိုးလို့။ ကားခတွေ အကုန်ရှင်းပြီးသားဆိုပေမယ့်လည်း ပီနန်အိပ်တစ်အိပ်ကို ၂ သောင်းပေး ရွေးရတာပဲ။ သူတို့လည်း ဂိတ်ပေါင်းများစွာကို သက်စွန့်ဆံဖျား ဖြတ်သယ်လာရတာ။ နန့်မွန်းထဲတင် SNA ဂိတ် ၃ ဂိတ်ရှိတယ်။ ပစ္စည်းရော လူရော ပိုက်စိတ်တိုက်ရှာနေတာ။ ဖုန်းပါစစ်သေးတာ။ မနေ့က နန့်မွန်းအတက်မှာ လူ ၃၀ ဖမ်းခေါ်ထားသေးသတဲ့။
အခု သူတို့ရဲ့ဗျူဟာက ရှင်းသွားပြီ။ အထိုင်ချထားတဲ့ စခန်းကုန်းတွေက ဆုတ်ပြေးပြီး ဂိတ်ပေါက်ဝတွေမှာ ပိတ်ထိုင်ထားလိုက်တာ။ ပြီးရင် အဲ့ဒီဂိတ်တွေကနေ အသေထိုင်ကြပ်ရော။ နန့်မွန်းမှာလိုပဲ နန့်စီးအောင်ဂိတ်ကနေ ဆီကားတွေ ပေးမတက်ပဲ ပိတ်ထားလိုက်တော့ ဆီဈေးတက်ရင် အထွေထွေ ကုန်ဈေးနှုန်းတွေလည်း အလိုလို လိုက်တက်လာတာပေါ့။ စကစ စစ်သားဆိုတာမျိုးကတော့ ဝယ်စားရိုးထုံးစံမှ မရှိတာ။ လိုချင်ရင် ဘယ်သူ့ဆီကဖြစ်ဖြစ် ပြောင်ပြောင်တင်းတင်း လုစားနေပြီ။ စီးတီးမတ်တောင် ကြောင်တောင်တက်နှိုက်တဲ့ အတန်းအစား မဟုတ်လား။ ပြည်သူတွေအနေနဲ့ အဲ့ဒီဖက်ဆစ်စစ်သားတွေရဲ့ ဖြစ်တည်မှုကို ဘယ်နေရာ ဘယ်အတန်းအစားမှာမှ လက်ခံလို့ မဖြစ်တော့ဘူး။
အမှန်တော့ အာဏာလေဟာနယ်လိုပဲ။ ဒီဥစ္စာက public service vacuum လို့ ပြောရမယ် ထင်ပါတယ်။ အင်းပတ်ပတ်လည်က ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်တွေအားလုံး စစ်ပွဲအခြေအနေကြောင့် ပြေးရတဲ့အခါ မပြေးပဲကျန်ခဲ့တဲ့ ကိုယ့်ဆေးရုံဆီကိုပဲ လူနာတွေက အလုံးအရင်းနဲ့ ဝင်ဆောင့်တာ။ ဒီဘက်က လိုက်မှ မဖြည့်နိုင်သေးတာကိုး။ ကိုယ့်ဆေးရုံချည့်သက်သက်ကတော့ ရုန်းနိုင်ပါတယ်။ ဒေသရပ်ရွာ တစ်ခုလုံးအတွက်တော့ ကိုယ်လည်း မနိုင်သေးဘူး။ ထွက်ပြေးသွားတဲ့ ဆရာဝန်တွေက ကိုယ်နဲ့လာပေါင်းပြီး ကူမယ်ဆိုရင်တော့ တစ်မျိုးပေါ့။ ခက်တာက အသက်ဘေးအန္တရာယ်ကို ဘယ်သူကမှ အာမမခံနိုင်ဘူးလေ။ ဆယ်ဇင်းမှာတုန်းက ထွက်မပြေးပဲ ရွာထဲမှာကျန်ခဲ့တဲ့ ဆရာဝန်လင်မယား ဘာဖြစ်သွားသလဲ ရေးခဲ့ဖူးပါတယ်။ ဆရာဝန်မှန်းသိရင် ပိုတောင် သတ်ချင်ဦးမယ်။ ချန်ဂင်ဆေးရုံက ဆရာဝန်ဆိုရင်တော့ အစိမ်းလိုက်တောင် ဝါးစားမလား မသိဘူး။ Rescue team တွေတောင် အန္တရာယ်ကင်းမှ ထွက်ကောက်ပါ လို့ မှာထားသင်ထားတဲ့ဟာကို။ အခုချိန်က အန္တရာယ်မကင်းတာ ခေါင်းရွက်ဗျပ်ထိုး ဝေးသည်တွေတောင် သိတယ်။ ဆေးကောင်းကောင်းကုချင်ရင် စစ်မြန်မြန်ပြီးအောင် အရင်တိုက်ရမယ့် သဘောရှိတယ်။ စိတ်သာချ။ ကုပေးမယ်။ နန့်မွန်း၊ လုံးတုံ သိမ်းပြီးလို့ လမ်းတွေပွင့်သွားရင် ဆေးတွေ တရစပ်မှာပြီးတော့ကို ကုပေးမှာ။
ငှက်ဖျားဆေးတွေဟာ အပြင်မှာ ဝယ်လို့ မရဘူး။ ဈေးအရမ်းကြီးတယ်။ အရင်တုန်းကဆို တိုက်ဖျက်ရေးဆရာဝန်တွေ ရှိတော့ ငှက်ဖျားဆေးဆိုတာ midwives တွေ LHV တွေ လက်ထဲမှာကို ဖောချင်းသောချင်း ရှိတယ်။ အခု ရန်ကုန်ဆေးရုံကြီးမှာတောင် ရှိသေးရဲ့လား မေးကြည့်ပေးပါဦး။ လွယ်မွန်က အပြင်ဆေးခန်းတွေမှာ ကုနေတာကတော့ ငှက်ဖျားပိုးစစ်ရင် ၁၂၀၀၀ ပေးရတယ်တဲ့။ ဆေး ၃ ရက်စာပေးလိုက်ရင် ၅၀၀၀၀ ကျသတဲ့။ ကုလာတဲ့ လူနာကိုယ်တိုင် ပြောပြတာ။ ကိုယ်တို့ကုနေတာ တစ်လတစ်လ လူနာ ၃၀၀ နဲ့ ၄၀၀ ကြား ရှိပါတယ်။ အကုန် အလကားကုတာပါ။ စာနဲ့ပေနဲ့ စာရင်းဇယားပြပြီး ဆေးတောင်းတာတောင် တစ်လကို ၃ ကြိမ် indent တင်တောင်းရတယ်။ တစ်ခါတစ်ခါပို့ရင် တစ်ပါတ် ဆယ်ရက်မက ကြာတယ်။ အခု ကိုယ့်ဆီက လာတောင်းတော့ ဘယ်လိုလုပ် ပေးစရာ ရှိမှာလဲ။ ရှေ့တန်းဆေးခန်းတွေကို ခွဲပေးရတာ၊ mobile clinic ထွက်တာတွေက ရှိသေးတယ်။ ကိုယ့်ဆီက ရှေ့တန်းသွားတဲ့ ဆေးတပ်သားတွေ ငှက်ဖျားဖြစ်တယ်ဆိုလည်း ပို့ပေးရတာပဲ။ ကိုယ်မှ အဆုံးရှုံးမခံနိုင်တာ။ ကိုယ်ဖြစ်ရင် သောက်ဖို့အတွက်တောင် ချန်မထားဘူး။ ရှိရင် အကုန်ပေးတယ်။ အခုဟာကတော့ လောက်ရုံကလေးပဲမို့ ပေးစရာရှိအောင် အရင်လုပ်ချေဦးမယ်ကွယ်။
ဒီဆေးရုံက ကိုယ်ထူထောင်ထားတဲ့ဆေးရုံမို့ ဒီဆေးရုံကို လာပြတဲ့လူနာတွေအတွက် ဆေးအလကားကုပေးနိုင်အောင် စီစဉ်ပေးဖို့ ကိုယ့်မှာ တာဝန်ရှိတယ်။ အိုကေလေ။ ဘာလို့ မရုန်းနိုင်ရမှာလဲ။ ကုနိုင်တာပေါ့။ ၃ နှစ်တောင် ရှိပြီ။ အလကား ကုလာတာ။ အင်းတော်ကြီးခရိုင်တစ်ခုလုံးအတွက်၊ ဥရုတိုင်း တကြောလုံးအတွက်၊ ကချင်ပြည်နယ်ကြီးအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးမယ်လို့တော့ ကိုယ်လည်း တာဝန်ယူမထားမိပါဘူး။ နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာနကြီးမှာ ရှိရှိသမျှ ဆရာဝန်တွေကရော CDM ဆရာဝန်တွေကို အလုပ်ထုတ်ဖို့၊ ဆမလိုင်စင်သိမ်းဖို့၊ ဆေးခန်းတွေမှာ လိုက်ဖမ်းဖို့၊ ဘယ်လာရုစ်တို့ ရုရှားတို့မှာ workshop သွားတက်ဖို့ကလွဲရင် တခြား ဘာတာဝန်မှ မရှိကြတော့ဘူးလား ဟင်။ လူမလာ စာမပါးနိုင်ရင်တောင် ဆေးလေးတော့ ပို့ပေးဖို့ သင့်ပါတယ်ဗျာ။ အိုးဟိုး နေနိုင်သူကြီး နေနိုင်သူကြီးရေ။
ဒီအချိန်မှာ ငှက်ဖျားမှ အကုန်မကုနိုင်သေးတာ မဟုတ်ဘူး။ ရေဘေးကိုလည်း မကယ်တင်နိုင်သေးပါဘူး။ ကလေးတွေ ပညာရေး တပိုင်းတစဖြစ်ရတာ၊ ရပ်တွေရွာတွေ မီးလောင်ပြာကျရတာ၊ စစ်ဘေးဒုက္ခသည်တွေ ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေး၊ ဘာဆို ဘာတစ်ခုမှ မလုပ်နိုင်သေးဘူး။ ပြဿနာအားလုံးရဲ့ အရင်းအမြစ် ဖြစ်တဲ့ စကစကို အနိုင်တိုက်ဖို့ဘက်မှာ အားသွန်ခွန်စိုက် နေရတယ်။ ပန်းဝင်ချိန်ကျမှ မြင်းကောင်းခွါလိပ် အဖြစ်မခံနိုင်ဘူး။ ဘယ်သူမှ မပါချင်လည်းနေဟာ။ ကိုယ်ကတော့ ဒီဘဝနဲ့ တော်လှန်ရေးမပြီးရင် နောက်ဘဝပါ ဆက်တော်လှန်မယ်။ ကမ္ဘာမကျေဘူး။
ကိုယ်တို့အနေနဲ့ကတော့ စစ်ပွဲကို ရပ်ထားလို့ မရပါဘူး။ မဖြစ်မနေ ဖောက်ထွက်ရမှာပါ။ အသေအပျောက် အထိအခိုက် နည်းနိုင်သမျှ နည်းအောင် ချင့်ချိန်နေတာပဲ ရှိပါတယ်။ သူများတွေဆီမှာဆို တိုင်းစစ်ဌာနချုပ်တွေတောင် အသေအလဲ ခုခံနေရပြီ။ လေကြောင်းရန်ကို ကြောက်ရမယ့်သူက သူတို့ဖြစ်သွားပြီ မဟုတ်လား။ ရှေ့မှာတိုက်နေရင်း ဌာနချုပ်ဆိုင်းဘုတ်ရှေ့ အလံဖြူလေးနဲ့ ဓါတ်ပုံတင်ပေးလိုက်ရင် နေပြည်တော်က လာဗုံးကျဲလိမ့်မယ်။ နီးရာဓါးသာ ကြောက်ရစတမ်းဆို ရှေ့ကျည်နဲ့ နောက်ကျည်၊ ဘယ်ဟာပိုနီးသလဲ စဉ်းစားလေ။ ကိုယ်သတ်မှ သေရမယ့်ကောင်တွေ မဟုတ်ပါဘူး။ သူတို့အချင်းချင်း ပြန်သတ်လည်း သေပါတယ်။ ကျည်ကုန်တောင် သက်သာသေး။ “ရှေ့ကကောင် ပြုတ်ပြီ။ ငါတက်ကလှည့်ကွ။” ဆို ပျော်မနေနဲ့။ ရေဝေး၊ အင်းစိန် ၂ လမ်းပဲ ရှိတယ်။ သူတို့လည်း ရာထူးတက်စက မင်းလို ပျော်ခဲ့ဖူးတဲ့သူချည့်ပဲ။
“စစ်တပ်ကို ဘယ်တော့မှ ဖြိုခွင်းလို့ မရနိုင်ဘူး။ နောက်ဆုံးကျ စစ်တပ်ကပဲ အနိုင်ရသွားမှာ။” လို့ ယုံကြည်တဲ့သူတွေ တက်ခဲ့စမ်းပါကွာ။ ငါတို့ကလည်း အဲ့လိုစိတ်ဓါတ်ရှိတဲ့ကောင်မျိုးနဲ့မှ စစ်တိုက်ချင်တာ။ ရွာသားတွေ ဗုံးကျဲတာလောက်နဲ့ အဟုတ်ကြီးမှတ်မနေပါနဲ့။ သမိုင်းတခေတ် ဆန်းသစ်လာပြီတဲ့။ မင်းတို့ရဲ့ တပ်မတော်အစုတ်အပြတ်ကြီးကို ပြည်သူက အလိုမရှိတော့ဘူး။ အမြစ်ပြတ်ချေမှုန်းပြီး အသစ်ပြန်တည်ဆောက်နေပြီ။ အဟောင်းကြီးကိုဖက်တွယ်ပြီး အသေခံမှာလား။ ပြည်သူနဲ့ပူးပေါင်းပြီး စာမျက်နှာ အသစ်ပြန်စမှာလား။ ကိုယ့်ဦးနှောက်နဲ့ကိုယ် သုံးသပ်ကြလကွယ်။ မင်းတို့မပါလည်း ငါတို့နိုင်မှာက နိုင်မှာပဲ။
တိုင်းမှူး၊ တပ်မမှူး level ထဲကနေ double coup လုပ်ဖို့ ကြိုးစားတဲ့သူ ရှိသလား မရှိဘူးလားဆိုတာ သူကိုယ်တိုင် ဖြုတ်ထုတ်သတ် လုပ်ပစ်ခဲ့ရတဲ့ ဗိုလ်ချုပ်တွေကို ကြည့်ရင် သိနိုင်ပါတယ်။ ဆုတံဆိပ်တွေတောင် သိမ်းပစ်ခဲ့သေးတာ။ ဒီလောက်ဆိုရင်ကော အတွင်းမီးငြိမ်းတာ သေချာရဲ့လား။ စစ်ကြောရေးလေးဘာလေး သေချာဝင်ကြည့်ပါဦး။ အဆက်အနွယ် အစွယ်အပွါးတွေ ကျန်နေပါဦးမယ်။ အဟောင်းတွေဖြုတ်ပြီး အသစ်တွေ ထည့်တာကရော။ ဒလန်တွေ ဖရဲသီးတွေ ဝင်လာမှ အခက်။ KNU တောင် သွေးသစ်လောင်းပြီး လူအသစ်တွေ လဲကစားနေပြီလေ။ အတွင်းကျိတ် အချိတ်အဆက်တွေ ပြုတ်ထွက်ကုန်တော့မှာပဲ။ UAB ဘဏ်ကြီးကို အရေးယူလိုက်တော့ ရေတပ်ထဲက အောင်သောင်းသားအငယ်ကောင်ကရော “သာဓုပါတော်။” လို့ ဝမ်းသာနေသလား။ မင့်ကြိုးနဲ့မင်း ရှုပ်နေတာပါ ကြင်စိုးရာ။ ငါတို့တောင် ဘာမှ လုပ်စရာ မလိုပါဘူး။
လောလောဆယ်တော့ ခါတော်မီသီချင်းလေးတွေ လိုက်ရှာနေပါတယ်။ လားရှိုးသိမ်းအောင်၊ မန္တလေးသိန်းဇော်၊ မြို့တော်သိမ်းအောင်၊ ဘယ်သူ့သီချင်း အရင် နားထောင်ရမလဲတော့ မသိသေးဘူး။