ချန်ဂင်တို့စခန်း (၂၇၆)

မနေ့ညက လက်နက်ကြီးတွေနဲ့ နီးနီးကပ်ကပ် ပစ်ထားတော့ ရှေ့တန်းမှာ လွှတ်ထားတဲ့ ဆေးရုံအဖွဲ့တွေကို စိတ်မချပါဘူး။ အဆင်ပြေမပြေ သွားကြည့်ချင်သေးတာ။ သို့သော်လည်း ဆေးရုံပိတ်ထားတဲ့ကြားထဲက လူနာတွေကလည်း အဆက်မပြတ် လာနေတုန်း။ ဒီအရပ်မှာ ငှက်ဖျားဖြစ်စရာ လူကို မကုန်နိုင်သေးပါလား။ ဆေးတွေ ထပ်ရောက်လာလို့သာ တော်တော့တယ်။ ဒဏ်ရာရတဲ့လူနာ စုစုပေါင်း ၅ ယောက် ရောက်လာပေမယ့် အပေါ်ယံ သေးသေးမွှားမွှား ဒဏ်ရာလေးတွေမို့ ဓါတ်မှန်ရိုက်ပြီး ထုံဆေးနဲ့ အစထုတ်လိုက်ရုံပါပဲ။ အငယ်တွေ လုပ်လို့ရလို့ စိတ်ချလက်ချ ထားခဲ့ပြီး ဟိုဘက်ဆေးခန်းကို ကူးပါတယ်။ ဟိုဘက်မှာ လူနာမလာပေမယ့်လည်း စစ်ပွဲနဲ့ နီးလွန်းတော့ ကိုယ့်လူတွေရဲ့ လုံခြုံရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးကိုပဲ ဂရုစိုက်ရတယ်။ သူတို့ဆီမှာလည်း ငှက်ဖျားနဲ့မကင်း။ ဗိုက်ကြီးသည်တစ်ယောက်ကတော့ ဒီမှာမွေးလို့ရမလား ဆို လာပြတယ်။ နေ့စေ့လစေ့ကြီး။ နန့်မွန်းဆေးရုံမှာ မွေးဖို့ ဗိုက်အပ်ထားပေမယ့် ဟိုမှာ ဆရာဝန်မရှိတော့ဘူးလေ။ သူလည်း ပြေးရတာပေါ့။ ဘုရားကျောင်းနဲ့ ကပ်လျက်ဟာကို။ သွေးပေါင်ချိန်၊ ဆီးချက်ကြည့်ပြီး “ရတယ်။ ဗိုက်နာတော့မှ ဟိုဘက်ဆေးရုံ လိုက်ခဲ့။” ဆို မှာရတယ်။ စစ်ဖြစ်ပြီဆို ဗိုက်ကြီးသည်တွေကလည်း ဘယ်ကထွက်ထွက်လာမှန်းကို မသိပါဘူး။

ပြန်လာတော့မှ ရေးထားဖတ်ထားတဲ့ဟာတွေ တစ်ခုပြီးတစ်ခု လိုင်းပေါ်တင်ရတယ်။ တော်တော်တော့ မျက်စိနောက်နေမလား မသိပါဘူး။ ဒီဘက်ကလည်း စစ်တိုက်နေတာပဲမို့ ကိုယ်တော့ အရှုံးမပေးနိုင်ဘူး။ လက်နက်ကလည်း မျိုးစုံပဲ။ သိုင်းကွက်ကလည်း ပေါင်းစုံပဲ။ သူတို့တောင် ဆိုင်ဘာစစ်သားတွေ သုံးသေးတာ။ ကိုယ်လည်း အချိန်ရရင်ရသလို ဝင်ကစ်ရမယ်။ ဆရာ လာပြီ ဘော်ဒါတို့။ ဟိုင်းယား။ ညနေ မှောင်ရီပျိုးတော့ drop bomb ထိတဲ့ လူနာတစ်ယောက် ရောက်လာပြန်တယ်။ “ဒရုံး လာတယ်။ ဒရုံး လာတယ်” နဲ့ လိုက်ပြောရင်း ကျင်းထဲခုန်ဆင်းတာ မမီလိုက်လို့ အစတွေစင်ကုန်တာ။ သူ့ကိုတော့ ဓါတ်မှန်တွေ ရိုက်ကြည့်ပြီး မနက်ကျမှပဲ လုပ်တော့မယ်။ ချက်ချင်းကြီး လုပ်စရာ အကြောင်း မရှိ။ ဒီနေ့လာတဲ့ လူနာတွေက စစ်ဆိုင်ထားတဲ့ လုံးတုံ၊ နန့်မွန်းက မဟုတ်ပဲ ဆယ်ဇင်းဘက် ပန်ချယ်ဘက်က ဖြစ်နေတာ ထူးခြားတာပေါ့လေ။ အလစ်ချောင်းချောင်းပြီး ဒရုံးနဲ့ ချနေတာ။ အာရုံနောက်အောင် လာလာလုပ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒဏ်ရာပြင်းပြင်းထန်ထန်တော့ မရကြပါဘူး။ နန့်မွန်းမှာတော့ SNA အင်အားတွေ ဖြည့်ထားတယ်။ ဒီအတိုင်းပဲ အချိန်တစ်ရက်ကုန်သွားပြီ။ အလုပ်တွေတော့ အများကြီး ပြီးသွားပါတယ်။ စစ်ပွဲအတွင်း ကစဉ့်ကလျားနဲ့ ဟိုပြေးသည်ပြေးလုပ်ရင်း ဆေးကုတာတောင် ကိုယ်တို့မှာ ခွဲလူနာ မွေးလူနာတွေ မပြတ်ပဲ လမကုန်ခင် OPD လူနာ တစ်ထောင်ကျော်အောင် ဆေးကုရတယ်ဆိုတာကြည့်ရင် ပြီးမြောက်အောင် အလုပ်လုပ်နိုင်တဲ့ ပမာဏကို သိသာမြင်သာနိုင်ပါတယ်။

ဒီမနက်ကျတော့ မနေ့ကလူနာကို စိတ်အေးလက်အေး အစတွေ ထုတ်ကြတယ်။ သူတစ်ယောက်တည်း ၅ စတောင် ထုတ်ယူရတယ်။ ဒါပေမယ့် သတ္ထုစကလေးတွေပဲမို့ ဟိုတခါ chemical weapon နဲ့ လူနာတွေလို tissue necrosis ဆိုးဆိုးရွားရွား မရှိပါဘူး။ တူမှမတူပဲကိုး။ စစ်မျက်နှာဖွင့်တဲ့ဘက်က လူနာမလာပဲ နောက်ကျောဘက်က အလစ်ချောင်းဝင်တာမို့ သူတို့ဆီ အကြောင်းကြားထားရမှာပေါ့လေ။ စစ်တိုက်တဲ့အခါ မာယာတွေလည်း သုံးကြပါလား။ ဒဏ်ရာကို ဆေးကုရုံနဲ့ မပြီးပဲ ဒီဒဏ်ရာတွေ ဘယ်နေရာမှာ ဘယ်ပုံဘယ်နည်း ရခဲ့သလဲ ဆိုတာလည်း မေးမြန်းစောကြောဖို့ လိုတဲ့သဘော။ ဘယ်နေရာမှာ လူအင်အား ဘယ်လောက်နဲ့ ဘာတွေလုပ်နေကြသလဲ ဆိုတာလည်း ကိုယ်တို့သိထားသင့်တဲ့ စစ်ရေးအချက်အလက်ပါပဲ။ ကိုယ့်အသွားအလာ အရွှေ့အပြောင်းတွေ နဂါးလှည့်သင့်ဖို့ လိုတယ် မှလား။ သူတို့ဘက်ကလည်း ကိုယ်တို့သတင်းတွေ စုံစမ်းထောက်လှမ်းနေမှာပါပဲ။ ဒီဘက်မှာ ပျူတွေ၊ ဒလန်တွေ မရှိဘူး မပြောနိုင်ဘူး။ ကြံ့ခိုင်ရေးရဲ့ ခိုင်းဖတ်တချို့တွေ ကျန်နေသေးတယ်။ စစ်တပ်နဲ့ပလူးတဲ့ မဘသဘုန်းကြီးတွေကလည်း ရှိသေးတယ်။ သီတဂူတစ်ပါးတည်း ဂူတာမဟုတ်ဘူး။ ဘယ်အစိုးရတက်တက် တဂူဂူးဂူ လုပ်ချင်နေတဲ့ ဟိုတဂူဆရာတော်တွေကလည်း အများကြီး။ တော်လှန်ရေးက တပ်တွင်းတော်လှန်ရေးနဲ့ မပြီးဘူး။ သာသနာ့တော်လှန်ရေးပါ လုပ်ရမလိုဖြစ်နေပြီ။

စစ်ပွဲတွေဖြစ်လို့ သွားရေးလာရေး အဆင်မပြေတဲ့အခါ ရောဂါသည်းတဲ့လူနာတချို့လည်း တော်တော်နောက်ကျမှ မသေရုံတမယ်လေး ရောက်လာကြပါတယ်။ ဒီနေ့တစ်နေ့တည်း သတိလစ် တက်ချက်တောင့်တင်းနေတဲ့ စစ်သားလူနာ ၂ ယောက် ရောက်ပါတယ်။ ဒီအချိန် ဒါမျိုးဖြစ်တာ cerebral malaria ပဲ ရှိပေမယ့် တစ်ယောက်က ဆီးမထွက်တာ တပါတ်လောက်ရှိပြီး မျက်နှာတွေ ဖောယောင်လို့။ တက်ချက်ပြီး လျှာကိုကိုက်မိထားတာလည်း သွေးတွေတောင်ထွက်တယ်။ နောက်တစ်ယောက်ကလည်း မအိပ်မစား၊ စကားမပြောပဲ ကြောင်နေတာ တစ်ပါတ်ရှိပတဲ့။ နှစ်ယောက်စလုံးက အသက် ၂၀ စွန်းစွန်းလေး ရှိသေးတာ။ ကိုယ့်ဆီမရောက်ခင် နတ်တွေ ပယောဂတွေနဲ့ ကုခဲ့ကြသေးသတဲ့။ အကြောင်းကတော့ ခေါ်မလာနိုင်သေးလို့ ရရာနဲ့ ကုထားတာ ဆိုပဲ။ မပြောတော့ပါဘူး။ လေကုန်တယ်။ စိတ်လည်းကုန်တယ်။ ဉာဏ်နည်းတဲ့ရောဂါက ဆရာဝန်လည်း မကုတတ်ဘူး။ သူတို့လည်း မလာချင်လို့တော့ ဘယ်ဟုတ်မလဲ။ လမ်းပန်းအခြေအနေအရ လာလို့မှ မရပဲကိုး။ သူတို့နှစ်ယောက်ကို ဆေးကုရတာ ဆေးစတိုထဲက ဆေးပုံးကြီးတွေ လှန်လှောပြီး အိပ်သွန်ဖာမှောက်ကို ကုရတာပါ။ ဒါတောင် ရှင်မယ် မရှင်မယ် အာမမခံနိုင်သေး။

လောလောဆယ်မှာ တိုက်ပွဲမစသေးပဲ ရွာထဲမှာ လှည့်ပတ်မွှေနေတယ်။ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတယ်။ လေယာဉ်တော့ မလာသေးဘူး။ လူအင်အားတွေလည်း ထပ်ထပ်ဖြည့်နေတာပေါ့လေ။ မတိုက်သေးတာ ဒီဘက်က မတိုက်သေးတာ။ ဟိုဘက်ကကောင််တွေကလည်း စစ်တိုက်နေတာ မဟုတ်ပါဘူး။ အရပ်သားတွေကို နှိပ်စက်သတ်ဖြတ်နေတာ။ ပြည်သူကကြည့်တဲ့ အမုန်းမျက်လုံးဒဏ်ကိုတောင် ဒီကောင်တွေ မခံနိုင်ကြဘူးလေ။ ခွေးရူးလို မည်းမည်းမြင်ရာ လှည့်ပတ်ကိုက်နေပြီ။ ကိုယ်တို့ဆီမှာ ရိက္ခာအစိုတွေ ပြတ်နေပေမယ့် ကြက်လည်းမသတ်၊ ဝက်လည်းမသတ်၊ အမဲလည်း မပေါ်ပါဘူး။ ဒီလိုပဲ အဆင်ပြေအောင် ချိုးခြံစားသောက်ကြတယ်။ ဒီလိုပုံနဲ့များ မအလစစ်သားတွေတွေ့ရင် လက်ရဲဇက်ရဲ ရှိပါ့မလား လို့ မေးကြတယ်။ ဘာမရဲစရာ ရှိမလဲ။ ကိုယ့်အတွက် ကိုယ်စားဖို့သာ မသတ်ပဲနေချင်နေမယ်။ လူ့လောကအသိုင်းအဝိုင်းမှာ အသက်အိုးအိမ်စည်းစိမ်ပျက်အောင် နှောက်ယှက်ဖျက်ဆီးနေသူတွေကိုတော့ သုတ်သင်ရှင်းလင်းရမှာပဲ။ ကိုယ်ဆေးကုလို့ လူ ၁၀၀၀ အသက်ကို ကယ်ချင်ကယ်နိုင်မယ်။ စစ်ခွေးရှင်းရင် လူသန်း ၅၀ ဘဝကို ကယ်တင်တာပဲ။ သေခါနီးအဖိုးကြီးတွေနဲ့ တိုင်းပြည်ရဲ့အညွန့်အဖူး ကလေးသူငယ်တွေနဲ့ လဲရတာ တန်ပါတယ်။ ပင်ပျို နဲ့ ကိုင်းခြောက်ပါ။ ရွှေချထားတိုင်း နတ်နေကိုင်းမဟုတ်ဘူး။ ခါချဉ်အုံ တဖွားဖွားနဲ့။ ခုတ်သာခုတ်။

ဒီကနေ့မနက်အထိ တိုက်ပွဲတွေ မစသေးတဲ့အတူတူ အရင်တပါတ်က ကုန်အောင်မခွဲနိုင်ခဲ့တဲ့ ရင်သားကင်ဆာလူနာကို လက်ကျန်ရှင်းလင်းရေး ထပ်လုပ်ပါတယ်။ ဘယ်လိုခွဲခွဲ ပြန်ဖြစ်လာမှာ သေချာနေတဲ့ လူနာကြီးကို အကြိမ်ကြိမ် အခါခါ ခွဲရတာ။ တစ်ယောက်လည်း မဟုတ် နှစ်ယောက်လည်း မဟုတ်။ ဆယ်ယောက်တောင် ပြည့်တော့မယ်။ ဒီတစ်ခါပြီးရင်တော့ ကောင်းကောင်းဆိုးဆိုး အိမ်ပြန်တော့ လို့ လွှတ်လိုက်တော့မယ်။ မတတ်နိုင်တော့ဘူး။ သူ့အတွက် Chemo ဆေးတွေ မှာပေးရတယ်။ Antibiotics အမျိုးမျိုး ရက်ရှည်ဆွဲပေးရတယ်။ တနေ့ ၂ ကြိမ် ဆေးထည့်ပေးရတာ ၂ လ ၃ လ ရှိပြီဆိုတော့ ဆေးရုံမှာရှိတဲ့ အရက်ပျံ၊ ဘီတာဒင်း၊ ပတ်တီးလိပ်တွေကလည်း သူနဲ့ချည့် ကုန်တာပါ။ သူ့လိုလူနာမျိုး ဆေးရုံပေါ်မှာ ၂ ယောက်ရှိတယ်။ သူ့ကို ဒီလောက်နဲ့ သံယောဇဉ်ဖြတ်ပြီး နောက်တစ်ယောက်ကို ဆက်ကုရဦးမယ်။ ဆေးဈေးတွေ ဆယ်ဆလောက် ဈေးတက်နေတဲ့အချိန်မှာ ပြန်မကောင်းမှာသေချာတဲ့ လူနာအတွက် ဒီ့ထက် ဆက်မလိုက်နိုင်တော့ဘူး။

ပိတ်ထားပါတယ်ဆိုတဲ့ ဆေးရုံမှာ OPD လူနာ ထောင်ကျော်နဲ့ ထမင်းစားချိန်တောင် လိုက်လိုက်ခေါ်ပြနေရတဲ့အထဲ အင်းတော်ကြီးပတ်ပတ်လည်က ပြည်သူလူထုကြီးမှာ အဖျားရောဂါအလွန်များပြားနေပါသဖြင့် လှည့်လည်ကုသပေးပါဦး လို့ အကူအညီတောင်းလာတဲ့အခါ ပြတ်သားစွာပဲ ငြင်းဆိုရပါတယ်။ ဆေးရုံလာသမျှလူနာတွေအတွက် ဆေးအလကားကုပေးနိုင်အောင် တောင် အသက်ထွက်မတတ် ရုန်းကန် နေရတာ အရပ်တကာလည်ပြီး “အဲ့ဒီက ဆရာဝန်တော်ရို့။” လို့ ပဲပြုတ်သည်လို လည်မကုနိုင်ပါဘူး။ အမှန်တော့ အဲ့ဒီမှာ နဂိုကုနေတဲ့ နန်းစိန်တွေ ရှိတယ်။ စစ်ဖြစ်တော့ ပြေးကုန်လို့ ကိုယ့်ဆီ လာဆင့်တာ။ ကုချင် လာခဲ့လေ။ အလကားသမားမို့ အိမ်ခေါ်ကုရအောင် ဘယ်သူက အကြီးလဲ သိအောင်ပဲ အရင် စုံစမ်းကြည့်ပါဦး။ ပြီးရင် နင်တို့ဆရာဝန်တွေ CDM လုပ်လို့ တိုင်းပြည်ကလူနာတွေ ဒုက္ခရောက်ရတာဆိုတဲ့ လိလိလလစကားတွေက လာသေးတာ။ ဘယ်သူက ဆေးကုပြီး ဘယ်သူက မကုပဲနေတာလဲ လာကြည့်လှည့်လေ။ ကိုယ်ကုတဲ့လူနာက သူတို့ထက်နည်းနေရင် ခေါင်းပါဖြတ်ပေးလိုက်မယ်။

စစ်ပွဲက ပြီးသွားတာ မဟုတ်သေးဘူး။ ဆိုင်ထားတာ။ ဘယ်အချိန်မဆို အသေအပျောက် အထိအခိုက် များစွာနဲ့ ဆေးမလောက် လူမလောက် မနိုင်မနင်း ကသောင်းကနင်း ဖြစ်လာနိုင်သေးလို့ လေတောင် ဝဝ မရှူဘူးနော်။ ချိုးခြံချွေတာပြီး Reserve ထားထားရတယ်။ ကိုယ့်မရှိတော့ ဘယ်သူကမှ လာမပေးဘူး။ အခု ဆေးရုံကလူတွေ ပဲပြုတ်တလှည့် ငခြောက်တလှည့်၊ ကန်စွန်းရွက်ကလေး ဆင်းဆင်းခူးပြီးစားနေတာ ဘယ်သူကမှ မသိဘူး။ “သူတို့ဆီမှာ ဆေးတွေဝါးတွေ ပေါများနေရင် ဒီဘက်ကိုလည်း မျှပါဦး။” ဆို တစ်ဇွန်းကူသောက်မယ့် လူတွေချည့်ပဲ။ ရှိလျက်သားနဲ့တွန့်တိုတာ မဟုတ်ဘူး။ နောက်နောင်ကို ကုန်စရာရှိသေးလို့ တိုင်းထွာသုံးစွဲရတာ။ ကိုယ့်ဆေးရုံက မှာတဲ့ဆေးတွေ တုံပင်ဂိတ်က နန့်မွန်းဂိတ်က မဖမ်းပဲ မဆီးပဲ လွှတ်ပေးနေရင်လည်း တစ်မျိုးပေါ့။ သူတို့အလှည့်ကျ ကယ်ရီခလည်း ဟိုဘက်ရော သည်ဘက်ရော ၂ ဘက်ပေးရတယ်။ ဆေးကျမှ အလကားတောင် အိမ်တိုင်ယာရောက် ကုရမတဲ့။ ဟုတ်သေးပါဘူး။

အမှန်ကတော့ သူတို့အပြစ်လည်း မဟုတ်ဘူး။ နေ့ရောညပါ ငှက်ဖျားလူနာတွေချည့်ကုနေရလို့ ဒီဒေသမှာ ဘယ်လောက်တောင် ငှက်ဖျားပေါသလဲ သိပါတယ်။ ဒါပေသိ ကိုယ်မနိုင်တဲ့ဝန်မို့ မထမ်းနိုင်သေးဘူး။ ဆေးလည်း အလုံအလောက် မရှိဘူး။ ဂိတ်တွေကလည်း ဘိန်းသယ်ချင်သယ်၊ ဆေးတော့ ပေးမသယ်ဘူး။ ဟင်းစိုဟင်းစိမ်းတောင် သယ်ရောင်းမယ့်သူမရှိတဲ့အချိန်မှာ ကိုယ့်ရှိတဲ့ဆေးလေးတော့ နေ့ဖို့ညစာ ချန်ရဦးမယ်။ 3 Diseases Fund တွေက အခုမှ တောင်းမလို့ Proposal ရေးတုန်းရယ်။ WFP က ရိက္ခာတောင် ဖောက်ထွင်းလုယက်တဲ့ စကစလက်ထဲကို လူသားစာနာ အထောက်အပံ့တွေပေးရင် ဘာတွေဖြစ်မလဲ မတွေးတောတတ်ပဲနဲ့ ကမ္ဘာကြီးငြိမ်းချမ်းအောင် ဆောင်ရွက်ချင်သေးသတဲ့။ မရှက်ကြဘူးနော်။ သူတို့မကူလည်း ရပါတယ်။ ကိုယ့်ဘာသာနိုင်အောင်ကုနိုင်တယ်။ လုံးတုံ- နန့်မွန်း သိမ်းပြီးအောင်တော့ စောင့်။ အဲ့ဒါရရင် အင်းတော်ကြီးတခွင် ပြဲပြဲစင်အောင် ထွက်ကုပစ်မယ်။ ဟုတ်ပြီလား။