မုန်တိုင်းရဲ့မျက်စိ ဆိုတာ မုန်တိုင်းအလယ်မှာ ရှိနေပြီး အလွန်တည်ငြိမ်တယ် လို့ ပြောကြတယ်။ ကိုယ်တို့လည်း အခု မုန်တိုင်းမျက်စိထဲမှာ ရောက်နေကြသလား မပြောတတ်ပါဘူး။ သစ်ရွက်ကလေးတွေတောင် မလှုပ်ခတ်ဘူး။ တည်ငြိမ်အေးဆေးလို့နေတယ်။ စစ်ပွဲရဲ့ အလယ်ပဟိုရ်ချက်မကြီးမှာ ရှိနေလျက်နဲ့လေ။ ကားတွေဆိုင်ကယ်တွေ အဝင်အထွက် ပိတ်ချလိုက်တော့ ဈေးသည်တွေတောင် မလာနိုင်တော့ဘူး။ ရိက္ခာခြောက်တွေလည်း စားရင်းနဲ့ ကုန်တော့မယ်။ ညောင်ပင်ဘက်က မွေးလူနာတစ်ယောက် လာချင်တယ် လို့ ဖုန်းဆက်သော်လည်း လုံးတုံမှာ စစ်မျက်နှာဆိုင်ထားလို့ လာမရဘူး။ မနေ့ကတော့ အူအတက်ယောင်တဲ့ PDF ကလေးတစ်ယောက် ရောက်အောင်လာလို့ ခွဲပေးထားတယ်။ ကျန်တာတော့ အထိအခိုက် မရှိပါဘူး။ အရမ်းကို တည်ငြိမ်နေတယ်။ ရွာမှာလည်း လူတောင် မရှိသလောက်ပဲလေ။ ရှိတဲ့သူကလည်း ကိုယ်တွေလို နားကလေးစွင့်လို့ အရိပ်အခြေကြည့်ပြီး နေနေကြတာ။ စစ်တိုက်မယ့်သူတွေလည်း အသံမထွက်ပဲ တစ်ဘက်နဲ့တစ်ဘက် ကျားချောင်းချောင်းနေကြတဲ့ အချိန် မဟုတ်လား။ ဂိုးသမား နဲ့ ပင်နယ်တီကန်မယ့်သူ နှစ်ယောက်တည်းတွေ့ကြသလိုမျိုးပေါ့။ တိတ်တယ် ငြိမ်တယ် သို့သော် စိတ်လှုပ်ရှားစရာကောင်းတယ်။
ဒီစစ်ပွဲက ကိုယ်တို့နေရာမှာ ဖြစ်တဲ့စစ်ပွဲဆိုတော့ ကိုယ်တို့ဆေးရုံကို သူတို့ မသိစရာအကြောင်း မရှိဘူး။ ချေမှုန်းရမယ့် တားဂက်ထဲမှာ မပါမဖြစ် တပ်စခန်းတစ်ခု လို့ သတ်မှတ်မှာပဲ။ အဲ့ဒါကြောင့် ကိုယ်တို့လည်း အရင်တုန်းကလို ဆေးရုံမှာ အထိုင်ချပြီး ဆေးကုလို့ မရတော့ဘူး။ အန္တရာယ်ကင်းမယ့်နေရာထိုင်ခင်းကို အလှည့်အပြောင်း လုပ်ရတယ်။ သူတို့တိုက်မယ့် စစ်ဆင်ရေးထဲမှာ ကိုယ်ပါ ဝင်ပါပြီး team member တစ်ယောက်အနေနဲ့ ဆေးတပ်ဖွဲ့က ဘယ်နေရာမှာ အလုပ်လုပ်မယ်၊ ဘယ်လို အလုပ်လုပ်မယ် ဆိုတာတွေကို ကိုယ်တိုင်သွားကြည့်၊ လိုသလိုပြင်ဆင်၊ သူတို့နဲ့လည်း ညှိနှိုင်းတိုင်ပင်ရတာပေါ့။ ကိုယ်တို့အားလုံးက စစ်မြေပြင်မှာ ရောက်ထားပြီးသားဆိုတော့ ရှေ့တန်းနေနေ နောက်တန်းနေနေ ဘယ်နေရာမှ မလုံခြုံပါဘူး။ ရောက်တဲ့အရပ်မှာ ကိုယ့်ဘေးကိုယ် ကြည့်ရှောင်ပြီး အလုပ်လုပ်ရမှာ။ လေယာဉ်လာရင် ဘယ်ထဲဆင်းမလဲ။ ခြေလျင်စစ်ကြောင်းထိုးရင် ဘယ်ဘက်က ရှောင်မလဲ။ လူနာကို ဘယ်မှာဆေးကုမလဲ။ ကုပြီးသား လူနာတွေ ဘယ်မှာထားမလဲ။ လွှဲဖို့လိုတဲ့လူနာ ဘယ်ဘက်ကသယ်မလဲ။ အကုန်လုံးကို ထောင့်စေ့အောင် ပြင်ဆင်ရပါတယ်။ ကိုယ့်ကိုယုံပြီး ကိုယ့်ဆီ အလုပ်လာလုပ်နေတဲ့သူတွေမို့ ဘယ်သူ့ကိုမှ အန္တရာယ်မဖြစ်စေချင်ဘူး။ ဒါကြောင့်မို့ အဘက်ဘက်က မလစ်ဟင်းအောင် စီမံရတယ်။ ဆေးရုံ ၂ ရုံကွဲသွားပြီး ဟိုဘက်ရောသည်ဘက်ရော ကူးသန်းနေရတာ။ တိုက်ပွဲထဲမှာ ဆေးကုနေတဲ့ ဆရာဝန်လုံခြုံရေးအတွက် ဆေးတပ်သားတွေကိုလည်း သူတို့တပ်ရင်းက လှမ်းတောင်းပြီး ဝန်းရံခိုင်းရတယ်။ ဒီတစ်ခါတော့ ကိုယ်တို့ဆေးရုံက ကုသရေးအတွေ့အကြုံတင် မကတော့ဘူး။ မြေပြင်တိုက်ပွဲ အတွေ့အကြုံတွေပါ ရတော့မယ်။
အန္တရာယ်များမှန်း သိပါတယ်။ သို့ပေမယ့်လည်း ဒီအဆင့်တွေ ဖြတ်ကျော်သွားမှ ခရီးဆက်နိုင်မှာမို့ ရင်ဆိုင်ကျော်လွှားရမှာပဲ။ တုံးဆိုတိုက် ကျားဆိုကိုက်။ စကတည်းက ကြောက်တဲ့စိတ်ရှိမှဖြင့် ခုလောက်ရှိ ထောင်ထဲမှာ ချေးပုံးထမ်းနေရမှာပေါ့။ မင်းတို့ ငါ့ကို အနိုင်မယူနိုင်တာ ၃ နှစ်တောင် ရှိပါပြီ မောင်ကြင်စိုးရာ။ အခု ငါ မင်းကို အနိုင်တိုက်တော့မှာ။ ပြေးစမ်း မင်းတို့။ လေယာဉ်ပျံတွေ၊ တင့်ကားတွေ၊ လက်နက်ကြီးတွေ ရှိပေမယ့်လည်း သတ္တိမရှိရင် ဘာမှ သုံးစားလို့မရဘူး ဆိုတာ အခု လက်တွေ့သိရတော့မယ်။ သတ္တိဆိုတာ အမှန်တရားက လာတယ်ဆိုတာ သူတို့လို ကလိန်ခြုံတွေ ဘယ်နားလည်ပါ့မလဲ။ RPG လောင်ချာကြီးထမ်းထားတဲ့ စစ်သားတစ်ယောက်ဟာ မီးလောင်ပြင် စာသင်ကျောင်းအဝက ကလေးငယ်လေးတစ်ယောက်နဲ့ မျက်လုံးချင်းဆိုင်ပြီး စေ့စေ့ကြည့်ရဲတဲ့ သတ္တိ ရှိသလား။ လောင်းတောင် လောင်းလိုက်ချင်သေး။ မင်းတို့ဟာက မသေတာပဲ ရှိတာပါ။ စစ်က ရှုံးနေပြီးသားကြီး။
စာသင်ကျောင်းတွေကို ဗုံးကျဲတယ်။ ဆေးရုံတွေကို ဗုံးကျဲတယ်။ ဘုန်းကြီးရဟန်း ထေရ်ကြီးဝါကြီးမရှောင် ပစ်သတ်တယ်။ တစ်ကြိမ်တစ်ခါလည်း မဟုတ်။ ကြိမ်ဖန်များစွာ။ ဒါနဲ့များ သူတို့ကိုယ်သူတို့ အမျိုးဘာသာ သာသနာကို စောင့်ရှောက်နေတဲ့ စတန်းဒတ်အာမီကြီး လို့ ယုံကြည်နေသေးတာ ခေါင်းထဲမှာ ချေးတွေချည့်ပြည့်နေလို့ပေါ့။ ဘယ်သူ့သစ္စာကိုခံပြီး ဘယ်သူ့အတွက် စစ်တိုက်နေမှန်းမသိတာ သေကိုသေသင့်တဲ့ ဆင်ခြင်တုံတရားပဲ။ သတ္တဝါ ဝေနေယျ အားလုံးအတွက် အဆိပ်အတောက် ဖြစ်တယ်။
တကယ်တော့ သူတို့လည်း ယုံကြည်ချက်အတွက် သစ္စာခံပြီး စစ်တိုက်နေတာ မဟုတ်ပါဘူး။ လက်နက် နဲ့ အာဏာလေး လက်ထဲမှာ ရှိသခိုက် ပိုက်ဆံရသလောက် ရှာစားချင်လို့ ဝက်မှိန်းမှိန်းနေတာပါ။ ဘဏ်ဓါးပြတိုက်တယ် ဆိုလည်း စစ်တပ်ကကောင်တွေပဲ။ သူဌေးတွေ ပြန်ပေးဆွဲတယ် ဆိုလည်း စစ်တပ်ကကောင်တွေပဲ။ လုံးတုံဂိတ်ဆိုတာ ဖြတ်သွားသမျှ ကားတွေ ဆက်ကြေးကောက်ပြီး ပိုက်ဆံရှာစားနေတဲ့ ဂိတ်ပါ။ ဘာနိုင်ငံရေး ခံယူချက်မှ မရှိဘူး။ ရလို့ ရသလောက် မှိန်းယူနေတာ။ နင်လားငါလား တိုက်ကြစို့ရဲ့ ဆို အလံဖြူလေးနဲ့ ထွက်လာမှာပေါ့။ ပါရီမှာရှိတဲ့ မြန်မာသံရုံးက အခုမှ လက် ၃ ချောင်း ထထောင်တဲ့ မိန်းမကြီးလိုလေ။ အေး အေး။ ကြိုဆိုတယ် ညီလေး။ လာ လာ ၆ ပေါက်ထဲကို။ ဒဏ်ရာတွေဘာတွေ ရထားသေးလား။ ဘယ်များ နာသွားသေးလဲ။ ဆေးရုံမှာ တင်ထားပေးမယ်ကွာ။ ညကျ မင့်အဘတွေဆီက လေယာဉ်လာမှာပဲဥစ္စာ။ စတားလင့်ရတယ် ညီလေး။ pw ယူထားလိုက်။ location လေးဘာလေး ထောက်လို့ရအောင်။ နို့မို့ဆို မင့်ဘတ်ဘတ်ပို့လိုက်တဲ့ပါဆယ် မင်းတို့ဆီ မရောက်ပဲ လွဲချော်ကုန်ဦးမယ်။ သေချာချိန်းနော်။ ဒီကနေ့ညတော့ လာမယ်ဆို ယုံရမှာလား အကို။ အများကပြောတဲ့ ရွှေကျီးညို သာလိုက်ပါဦးဆို။ ရွှေကျီးညို ရွှေကျီးညို။
စစ်တပ်ဟာ မုဆိုးမတွေကို အသက်အာမခံကြေး မပေးနိုင်တော့သလို လက်နက်ချ အညံ့ခံလာတဲ့ စစ်သည်တွေကိုလည်း ကွာတားချ အပြစ်မပေးနိုင်တော့ပါဘူး။ စစ်တိုက်စရာ လူမရှိတော့လို့ ဒီလူတွေကိုပဲ နောက်တစ်နေရာ ပြန်လွှတ်ရတာ။ နောက်တစ်ခါ လက်နက်ချဖို့ပဲ နေမှာပါလေ။ ရုပ်ရှင်ထဲက extra တွေလိုပေါ့။ ဒီစစ်ပွဲလည်း “ကျား” ဆို တက်လာပြီး သေပေးလိုက်ကြ။ နောက်တစ်ပွဲကျလည်း ဒီလူတွေပဲ မိတ်ကပ်လေးနည်းနည်းချိန်းပြီး ထပ်သေပေးလိုက်ကြ။ တစ်ဘဝမှာ အခါခါ သေရတဲ့သူတွေ။ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ၊ မင်းတို့ကို အိမ်ပြန်ပို့ဖို့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ ဒီစစ်ပွဲရဲ့ အဆုံးသတ်ဟာ မင်းတို့သေနတ်ပြောင်းတွေကို နောက်ဘက်ပြန်လှည့်မှ မင်းတို့အပါအဝင် တိုင်းပြည်တစ်ခုလုံး ငြိမ်းချမ်းသွားလိမ့်မယ်။ လိမ်မာပါကွယ်။ အဆိုးလေးရယ်။
ဒီညနေပိုင်းမှာတော့ SNA တွေက နန့်မွန်းမှာရှိတဲ့ KBC church ကို ဗုံးခွဲ ဖျက်ဆီးပြီး အထဲမှာ ဝင်တပ်စွဲနေပါသတဲ့။ နန့်မွန်းကလူတွေ စစ်ပြေးရပြန်တာပေါ့လေ။ လက်နက်ကြီးတွေလည်း ထုနေတာ တဒိန်းဒိန်းပဲ။ တော်ပါသေးရဲ့။ နေ့ခင်းကလာပြတဲ့ သင်တန်းသူကလေးမလေး အူအတက်ယောင်တာကို ချက်ချင်းတန်းခွဲလိုက်မိပေလို့။ နို့မို့ဆို လူနာကြီးတန်းလန်းနဲ့ စိတ်ပူနေရမှာ။ ကိုယ်တို့ကတော့ ပွဲစပြီ လို့ပဲ သဘောထားပါတယ်။ လက်နက်ကြီးတွေက အသံတင်ကြားရတာ မဟုတ်ဘူး။ မြင်ပါမြင်လိုက်ရပြီ။ ဆယ်ဇင်းတုန်းက အကွက်အတိုင်းပါပဲ။ စကစ က တပ်ထဲမှာထိုင်ပြီး ဆိုင်ထား။ အပြင်က SNA က ဗုံးခွဲ၊ ရွာကိုမီးရှို့ပြီး ဝင်လာ၊ အပေါ်က လေယာဉ်ပျံနဲ့ ဗုံးလာကျဲပေးပေါ့။ တာမခန်တုန်းကလည်း သူတို့ ဒီအတိုင်းပဲ လုပ်တယ်။ မီးရှို့တဲ့လူတွေ မိသွားလို့။ အခုတစ်ခေါက်မှာတော့ သူတို့က ဘာသာရေးနဲ့ မှိုင်းတိုက်သွေးခွဲချင်လို့ ခရစ်ယာန်ဘုရားကျောင်းကို ဗုံးခွဲတာလေ။ အမှန်ဆို အဲ့ဒီမှာ ကလေးတွေရဲ့ မူကြိုကျောင်းကလေးရှိတယ်။ ဘုရားကျောင်းကလည်း နန့်မွန်းမှာ အလှဆုံး အဆောက်အဦ။ ဟိုးအရင်တစ်ခါ ကိုယ်တို့ အဲ့ဒီဘုရားကျောင်းရှေ့မှာ မှောက်လျက်အိပ်နေကတည်းက SNA စစ်သားတွေ ကြိမ်းဝါးနေတာ နားနဲ့ဆတ်ဆတ်ကြားခဲ့ရတယ်။ “နေနှင့်ဦး။ ဒီဘုရားကျောင်း။ ငါ မီးနဲ့ကို ရှို့ပစ်ဦးမယ်။” တဲ့။ တကယ်ကြီး လုပ်တာပဲနော်။ စိတ်ထားလေးတစ်ခု ပေါ့ကွယ်။
ငယ်ငယ်တုန်းက ရေကျော်သီတင်းကျွတ်ပွဲဈေးမှာ ပတ်ချာလည်တဲ့ ချားရဟတ်ကလေးတွေ လုပ်ထားတာက လေယာဉ်ပျံအရုပ်ကလေးတွေနဲ့လေ။ အခုလည်း စကစလေယာဉ်တွေ အရှေ့အနောက် တောင်မြောက် ချားစီးသလို ပတ်ချာလှည့်ပြီး ဗုံးကြဲနေရမှာပဲ။ ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ ကချင်၊ ရှမ်းမြောက်၊ ကယား၊ ကရင်၊ တနင်္သာရီ။ တစ်ပါတ်ပဲပြည့်နေမှဟာ။ မင်းတို့ကွာ။ ကိုယ်လုပ်တဲ့အလုပ်ကိုယ် မှားမှန်းမှန်မှန်းတောင် မခွဲခြားတတ်ဘူး။ ဘုန်းကြီးပစ်သတ်တာလည်း ငါမှန်တယ်ထင်။ စာသင်ကျောင်း ဆေးရုံ ဗုံးကြဲတာလည်း ငါ ဟုတ်တယ်ထင်။ ဘာသာရေးအဆောက်အဦတွေ ဖျက်ဆီးရတာလည်း အားရဝမ်းသာနဲ့။ လူဖြစ်ရှုံးလှချည်လား။ အိမ်မှာ ဘုရားစင် မရှိဘူးလား။ မင်းတို့မိဘ မဆုံးမဘူးလား။ ဒါကြောင့်လည်း သူများခိုင်းစားခံနေရတာပဲ။
အင်းတော်ကြီးမြောက်ဘက်ခြမ်းက ဂိတ်တွေနဲ့ ဖားကန့်ဘက် အဝင်လမ်းကို KIA က ထိန်းချုပ်ထားပြီးပြီ။ အခုဟာက အင်းတောင်ဘက်က လုံးတုံစခန်းကို စကစ က ခံစစ်ပြင်ထားပြီး အင်းရဲ့ထွက်ပေါက် နန့်မွန်းမှာ SNA က ဝင်ထိုင်ထားလိုက်တာ။ နန့်မွန်းက ထွက်မှ ဟိုဘက် ဟိုပင်၊ မိုးညှင်း သံလမ်းရိုးကို ရောက်မယ်လေ။ KIA အနေနဲ့ကတော့ ဒါကိုမကျော်ပဲ ရှေ့ဆက်လို့ မရတာကြောင့်မို့ ဒီပွဲက မဖြစ်မနေ တိုက်ရမယ့်စစ်ပွဲပါ။ ကိုယ်တို့ဆေးရုံအတွက်ကလည်း ဒီပွဲမပြီးမချင်း ဆေးရုံမှာ ဆေးထိုင်ကုလို့ ရမှာ မဟုတ်ဘူး။ ဒီပွဲနိုင်မှ ကိုယ်တို့အတွက် အသက်ရှည်ရာ၊ အနာမဲ့ရေး၊ ရန်ဘေးကင်းကြောင်း၊ ကောင်းမှုမင်္ဂလာတွေ ရနိုင်မယ်။ ဒါကြောင့် ဒီပွဲမှာ ထွက်ပြေးလို့မရဘူး။ ကိုယ်နိုင်တဲ့ဘက်က အားဖြည့်ပြီး ဝင်ကူရမယ်။ ဒဏ်ရာရတဲ့သူ အသက်ကယ်မယ်။ မကျန်းမာတဲ့သူ ဆေးကုမယ်။ လုပ်လို့ရသမျှ အကုန်လုပ်တယ်လေ။ အခုညတောင်မှပဲ ဗီဒီယို ၂ ပုဒ်ရိုက်တယ်။ အခု စာထိုင်ရေးနေတယ်။ လက်နက်ကြီးသံတွေကတော့ ညဦးကပဲ ကြားရပြီး နောက်ထပ် မကြားတော့ဘူး။ အန္တရာယ်များတာကတော့ နန့်မွန်း နဲ့ လုံးတုံကြားက မမုံကိုင် နဲ့ မိုင်းနောင်ပါပဲ။ အကိုထွင်း ရွှေအောင်တဲ့နေရာလေ။ ရွှေမျှောတွေ၊ ရွှေသူဌေးတွေ ရှိတယ်။ လူသတ်၊ မီးရှို့၊ ဓါးပြတိုက်မှာ ကြောက်ရတာပေါ့။ ဒီနယ်မြေမှာ လိုက်တမ်းပြေးတမ်း ကစားနေခဲ့ရတာလည်း နှစ်ရှည်လများ ရှိပြီ။ ဆယ်ဇင်းကနေ နန့်မွန်းပြေး၊ နန့်မွန်းကနေ ဟိုပင်ပြေးနဲ့ တပြေးတည်းပြေးနေကြရတာ။ ဆယ်ဇင်းတုန်းက သူ့မောင်လေး ၂ ယောက် ဆုံးသွားတဲ့ မအိချောတောင် အခု လုံးတုံမှာ။ သူ့အဖေ လူမမာကြီးနဲ့ ကလေး ၂ ယောက်နဲ့ ဘယ်ထပ်ပြေးရဦးမယ် မသိ။
ကြင်စိုးတစ်ကောင် အာဏာရူးလိုက်တာ မြန်မာတပြည်လုံး ဗြောင်းဆန်နေတာပါပဲ။ ရွာကလူတွေ တောထဲပြေး၊ မြို့ပေါ်ကလူတွေ နိုင်ငံခြားပြေး။ ဒီကောင်တွေ မသေမချင်း အေးကိုအေးမှာ မဟုတ်ဘူး။ ဒီဟာလေးပဲ သဘောပေါက်ထားရင် ကိုယ့်ဘာသာ ဘာဆက်လုပ်ရမလဲ တွေးခေါ်မျှော်မြင်တတ်လာပါလိမ့်မယ်။ ကိုယ်တို့ကို ဘယ်သူမှ လာမကယ်ပါဘူး။ ကိုယ်တို့အချင်းချင်းပဲ ကူမှကယ်မှ အသက်ရှင်ကျန်ရစ်နိုင်မှာပါ။ ခေါင်းထဲမှာ ဘယ်သူ့ကိုမှ မမြင်ပါနဲ့။ အဲ့ဒါ စစ်သား။ ငါ့ကို -တ်မယ့်သူ၊ ငါ့ပစ္စည်းကို လုမယ့်သူ၊ ငါ့အိမ်ကို မီးရှို့မယ့်သူ။ မယုံဘူးလား။ မယုံ သေပေါ့။ နည်းတောင်နည်းသေးတယ်။ “မြွေပွေး နဲ့ ရခိုင် တွေ့ရင် စစ်သားကို အရင်-တ်” လို့ ပြောစမှတ်တွင်တော့မယ်။ တတ်နိုင်ဘူးလေ။ အဲ့ဒါ သူတို့ ကာချုပ်ကြီးက ပုံသွင်းသွားတဲ့ စစ်တပ်ပဲ။ တနိုင်ငံလုံး ဒီအမြင်ပဲ မြင်ကြတယ်။ သမိုင်းရော၊ ပထဝီရော၊ ဒီလိုပဲ မှတ်တမ်းတင်ကြရမှာ။ မြန်မာပြည်ကြီးကို အစိပ်စိပ် အခြမ်းခြမ်း ဖြစ်စေတဲ့ တရားခံ။ ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တဲ့စစ်တပ်ကြီးကို နိဂုံးချုပ်သွားစေတဲ့ နောက်ဆုံး ကာကွယ်ရေးဦးစီးချုပ် လို့ တို့ သတိရနေမှာပါ။