ချန်ဂင်တို့စခန်း (၁၈)

ဆရာဝန်ဖြစ်ရတဲ့ဘဝမှာ ကိုဗစ်ကပ်ရောဂါကြီးနဲ့ ဘယ်နှစ်ကြိမ်တောင် တိုက်ပွဲဝင်နေရမှာပါလိမ့်။ ပထမလှိုင်း ဒုတိယလှိုင်း တတိယလှိုင်း စတုတ္ထလှိုင်း ဘယ်လှိုင်းနဲ့မှ မလွတ်အောင် ဗေဒါပျံ အံကိုခဲလာခဲ့ရတယ်။ အလှူရှင်အင်အားနဲ့ လိုအပ်တဲ့ဆေးပစ္စည်းကိရိယာ ထောက်ပံ့ပေးသူအဖြစ်၊ ကိုဗစ်စင်တာမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကုသသူအဖြစ်၊ အသေအပျောက်များတဲ့ ကျေးလက်တောရွာမှာ ကိုဗစ်စင်တာတစ်ခု ဦးစီးဦးဆောင်သူအဖြစ်၊ အခုတခါမှာတော့ တောထဲတောင်ထဲက ဆေးစခန်းကလေးထိရောက်လာတဲ့ ကိုဗစ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထိန်းချုပ်ကုသနေရတဲ့အဖြစ်။ ပင်တိုင်ရောဂါကသာ တူတာ။ ကိုယ့်မှာတော့ ၄ ခါလာ ပုံစံ ၄ မျိုးနဲ့ ရင်ဆိုင်ဖြေရှင်းရတဲ့ ပြဿနာချင်းက မတူပါဘူး။ အရင်နှစ်က ရက်စွဲအဟောင်းတွေကို ဖေ့စ်ဘုတ်ကြီးက ပြန်ပြန်အစဖော်ပေးလိုက်တော့မှပဲ အဖြစ်က မနှစ်ကနဲ့ မတူမှန်း သတိထားမိတော့တယ်။

ပထမလှိုင်းတုန်းကတော့ “သားဦး အရူး” ဆိုသလိုပါပဲ။ case detection တွေကို သည်းထိပ်ရင်ဖိုကို လုပ်ခဲ့ကြတယ်။ အင်္ဂလန်ကပြန်လာတဲ့ သတို့သားကြီး စီးတဲ့ အိုးဝေတက္ကစီလည်း မကျန်စေရဘူး။ ကနေဒါကနေ ဆုတောင်းပွဲလာလုပ်ပေးတဲ့ ဓမ္မဆရာတော်ကြီးလည်း ထောင်နန်းစံရတယ်။ အမြန်လမ်းပေါ် ခရီးသွားတဲ့ express ကားကြီးများတောင် ထိုင်ခုံတွေ နံရံကပ်ပြီး ပလပ်စတစ်လိုက်ကာအခန်းဖွဲ့လို့ ရထားစီးသလို စီးခဲ့ကြရတာ။ ကုလားထိုင်မှန်သမျှ ဘယ်တစ်ခုံ ညာတစ်ခုံ ကြက်ခြေခတ်ပြီး ပုဝါတကမ်းလက်တစ်ကမ်း ထိုင်ရတဲ့ခေတ်။ လက်ဘက်ရည်ဆိုင် စားပွဲပေါက်စမှာ ကန့်လန့်ကာလေး ထက်ခြမ်းပိုင်းပြီး ဒေဝဒဟ ကပ္ပိလ လှမ်းစကားပြောကြတဲ့ခေတ်။ အခုမှပြန်တွေးကြည့်မိတယ်။ သည်းလိုက်ကြတာနော်။ အိုဗာတင်းတွေ နင်းကန်သောက်ခဲ့မိသလား မသိ။ မူကြိုကလေးတွေတောင်မှ “လက်ကို ခဏခဏဆေးပါ။ လူစုလူဝေးရှောင်ရှားပါ။” ဆို ဖင်ကလေးလှုပ်စိလှုပ်စိနဲ့ ကတတ်သေး။ ဆပ်ပြာရည်၊ လက်သန့်ဆေး၊ နှာခေါင်းစည်း၊ လက်အိပ် ဝယ်လို့တောင် မရအောင် ပစ္စည်းပြတ်သွားတယ်။ မှတ်မိလား။ ကိုဗစ်ဆိုတာ ဘာမှန်းသေချာမသိပဲ နံမည်ကြားရုံနဲ့ ကြောက်ခဲ့ကြတဲ့ ဒေဝေါကြီးနဲ့တူတယ် လို့ စာတွေဘာတွေ ရေးခဲ့ဖူးတယ်။ အဲ့ဒါ ပထမလှိုင်း။

ဒုတိယလှိုင်းကိုရောက်တော့ intensivists တွေ မလုံလောက်တာကြောင့် ကိုယ်တိုင်ဝင်ကုရင်း ဧရာစင်တာကို ရောက်ခဲ့ပါတယ်။ အဲ့ဒီအချိန်ရောက်တော့ အရေးကြီးဆုံး ဂရုစိုက်ရတဲ့အရာက လူနာတွေဆီကနေ ဆရာဝန် ဆရာမ health care providers တွေဆီကို ကူးစက်မှု မရှိအောင် အထူးကြတ်မတ် ဂရုစိုက်နေရတာပါ။ တစ်ယောက် P လိုက်တိုင်း ထွက်ထွက် Q ရတာနဲ့ အလုပ်လုပ်ဖို့ လူမှ မလောက်တော့ပဲလေ။ ဧရာဝတီစင်တာ တစ်ခုတည်းကတင် positive ကုတင် ၁၀၀၀ ကျော် တင်ကျွေးထားပြီး အမောဖောက်ကုတင် ၁၀၀ ကျော် အသည်းအသန် ကုတင် ၃၀ ကျော်ကို ၆ လ တိုင်တိုင် လိုလေသေးမရှိ ကုသပေးခဲ့ဖူးပါတယ်။ ကုတင်လို့ပြောရတာက လွတ်တာနဲ့ လူနာအတက်အဆင်းရှိတဲ့သဘောပါ။ လူနာအရေအတွက်နဲ့ ရောသွားမှာစိုးလို့။ အလုံပိတ် လေဝင်လေထွက်စံနစ်၊ စက်ပစ္စည်းကိရိယာ အစုံအလင်၊ liquid oxygen plant ကြီးနဲ့ဆက်ထားတဲ့ အောက်ဆီဂျင်ပိုက်လိုင်းတွေနဲ့ အာကာသယာဉ်မှူးကြီးတွေ ဝတ်တဲ့ PPE ဝတ်စုံကြီးတွေ ဝတ်ပြီး လူနာတွေကို ကိုင်တွယ်ကုသခဲ့ကြပါတယ်။ ဒါလည်းပဲ အိုဗာတင်းဖျော်တာပဲလား ဟင်။ အခု ဘယ်သူမှ အဲ့သလို မလုပ်ကြတော့ဘူး မဟုတ်လား။

တတိယလှိုင်းမှာ ကိုဗစ်စင်တာထောင်တော့ ရန်ကုန်ဆေးရုံကြီးမှာ လုပ်ခဲ့သလို ဧရာဝတီစင်တာမှာ လုပ်ခဲ့သလို လူနာတွေကို မှန်လုံခန်းထဲထည့်ပြီး ဝတ်ဖြူစင်ကြယ်ဝတ်ကုသဖို့ မဖြစ်နိုင်တော့ပါဘူး။ အဲယားကွန်းတပ်လောက်တဲ့ လျှပ်စစ်မီးအားလည်း မရှိဘူး။ မှန်ခန်းအပြင်က စောင့်ကြည့်လို့ရတဲ့ မော်နီတာတွေလည်း မရှိဘူး။ အဲ့ဒီအခါကျတော့ သဘာဝအကာအကွယ်ကို အားကိုးရတာပေါ့။ နေရောင်ခြည်များများရအောင် တံခါးပေါက်တွေဖွင့်ထားပြီး တစ်ကုတင်နဲ့တစ်ကုတင် ၆ ပေခြားပြီးကုခဲ့တယ်။ မှန်ခန်း မရှိပေမယ့် PPE zone ကို အကျယ်ကြီးထားပြီး distancing ကို အဓိကအားထားကုခဲ့တာ။ အစပိုင်းမှာ PPE အပြည့်အစုံဝတ်၊ ခေါင်းလျှော် ရေချိုး၊ အဝတ်တွေလျှော်ဖွတ်ပြီးမှ ထွက်ရမယ် ဆိုပေမယ့် တစတစနဲ့ လူကုန်အောင်ကူးပြီးတဲ့အခါ စင်တာက လူ ၁၀ ယောက်မှာ ၉ ယောက်က antibody ထွက်နေတာ တွေ့ရပါတယ်။ ဒီမှာတင်ပဲ လေးလံပူအိုက် ကရိကထများတဲ့ ဝတ်ဖြူစင်ကျယ်ကြီးတွေကို စွန့်လွှတ်လိုက်ပြီး level 2 PPE ဝတ်စုံ အပြာကလေးတွေနဲ့ ဝင်ထွက်ကုသ ပြုစုကြတာပေါ့။ ပိုက်ဆံအကုန်လည်း သက်သာတယ်လေ။ အဖြူတွေကို လူသေထုတ်တော့မှပဲ နာ/ကူကလူတွေ အပြည့်ဝတ်ကြတော့တယ်။

တတိယလှိုင်းဟာ ဒုတိယလှိုင်းထက် ပက်ပက်စက်စက် အသေအပျောက်များပါတယ်။ ဆေးရုံပို့မရ၊ အောက်ဆီဂျင်ရှာမရ၊ ဆရာဝန်ခေါ်မရနဲ့မို့ပါ။ စစ်တပ်က အောက်ဆီဂျင်အိုးတွေ လိုက်သိမ်းတာ ပိတ်တာတွေလည်း မေ့မပစ်လိုက်ကြပါနဲ့ဦး။ သေတဲ့လူတွေ အုတ်ဂူတောင် ခြောက်ကာစ ရှိသေးတာပါ။ အစိုးရအနေနဲ့ ရောဂါကာကွယ်ရေးရော ထိန်းချုပ်ကုသရေးရော ဘာတစ်ခုမှ လုပ်မပေးပဲ လွှတ်ထားခဲ့ပြီး သူတို့စစ်တန်းလျားထဲမှာသာ အခိုင်အလုံကာကွယ်ကုသတဲ့အလုပ်ကို လုပ်ကြပါတယ်။ စစ်ဆရာဝန်တွေ home visit နဲ့ COVID လိုက်ကုတာ ခြေကြွခ ဘယ်လောက်တောင်ပေးရတယ်လို့ ဂုဏ်ဆာကြသေးတယ် မဟုတ်လား။ “စစ်ဆေးရုံမှာ ကိုဗစ်တက်ကုတာ ပိုက်ဆံတစ်ပြားမှမကုန်ပဲ အရမ်းအရမ်းကို ဂရုစိုက်တာပါပဲဗျာ။” လို့ ကြော်ငြာပေးတဲ့ ဂျာနယ်လစ်လည်း ရှိတာပေါ့။ အိမ်အရောက် ကာကွယ်ဆေးလာထိုးပေးရင် ဘယ်လောက်၊ ဆင်ခြေထောက်မက ပြောပေးလို့ စစ်ဆေးရုံမှာ ကုရရင်ဘယ်လောက်။ ဖြစ်ချင်တိုင်းကို ဖြစ်ပျက်နေတာပဲ။ “ပရမ်းပတာတွေပါဟယ်။”လို့ မပြောတော့ဘူးနော်။

သတိထားမိတာကတော့ 2nd wave မှာတုန်းကလိုမျိုး isolation cabin မှာ intensivist နဲ့ ကုသပေးတာတွေ နည်းသွားလို့ ဟိုတုန်းက ဝယ်လို့မရတဲ့ PPE ဝတ်စုံဖြူတွေ Enoxaprim ထိုးဆေးတွေဟာ ဈေးတက်မယ်အထင်နဲ့ ဝယ်လှောင်ထားတဲ့ဆီကနေ ဈေးဆိုင်တွေပေါ် ပုံးပေါလအော ထွက်လာတာပါ။ ဒါတွေက ကိုဗစ်စင်တာ ရှိမှ မဟားဒယား သုံးတာလေ။ အခု ကိုဗစ်စင်တာကို မရှိတော့တာ။ ဘယ်သူမှ ဝယ်မသုံးဘူး။ Oxygen Concentrator တွေလည်း တူတူပဲ။ အလှူရှင်တွေအထိ မားကက်တင်းဆင်းပြီး ဂျင်းထည့်ကြတာပေါ့ဗျာ။ လက်ထဲတော့ ဘယ်အအိပ်ခံမလဲ။ အဲ့သလိုနဲ့ ကိုယ့်စင်တာမယ် PPE တွေ၊ Oxygen Concentrator တွေ အများကြီး ပိုက်မိတော့တာပဲ။ တော်ပါတော့ တားယူရတယ်။ အဲ့ဒါတွေက ဝယ်ပြီး အလှူရှင်ကိုယ်တိုင် ဆရာဝန်လက်အပ်ပြရင် ဓါတ်ပုံရိုက်လို့ ကောင်းတယ်လေ။ မီးစက်နဲ့ဖွင့်ရင် ၂ လုံးထက် ပြိုင်ဖွင့်လို့မရသော်လည်းပေါ့။ အဲ့ဒီတစ်ခါ ကပ်ရောဂါလှိုင်းမှာတော့ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ စစ်ဆေး၊ ပိုးတွေ့၊ သေဆုံး၊ ပြန်ဆင်း၊ စာရင်းဇယားတွေ ဘာတစ်ခုမှ မှန်မှန်ကန်ကန် မထုတ်ပြန်နိုင်တော့ပါဘူး။ နန်းစီကလေး မဖြစ်စလောက်နဲ့ Global Pandemic ကို ရင်ဆိုင်နေရတာ မဟုတ်လား။ အမှန်တော့ ရင်ဆိုင်တယ်လည်း မဟုတ်ပါဘူး။ ငုတ်တုတ်တောင် ထိုင်ကြည့်နေတာ မဟုတ်ဘူး။ ဆေးခန်းတကာလှည့် မိုးခါးရေခံနေတာ။ အဲ့ကျကျတော့ ဘာပြောရမှာလဲ။ ကိုဗစ်နဲ့သေတာလား။ သေရင်သေတယ်မှတ်။ ကိုယ့်စာရင်းကိုယ်မှတ်ကြ။ ငါတို့ဆီ လာလာမရောနဲ့။ ငါတို့လည်း ငါတို့ဆီ လာသမျှလေးတောင် မနည်းအလျဉ်မီအောင် မှတ်ရတာ။ လူက ရှိတာမဟုတ်ဘူး။ ဒီစာရင်းတွေမှန်မှန် မမှန်မှန် ဘယ်သူမှ ခြောက်ရေးမလုပ်ဘူး။ “မှန်လှပါ။” “ဘုန်းတော်ကြောင့်။” “လျှော်ကန်သင့်မြတ်လှကြောင်းပါ။” စကားကြီး ၃ ခွန်းတတ်ရင် မိုးအလင်း ခစားလို့ရပြီ။ ဇယားတွေ လာမရှုပ်နဲ့။ ဟုတ်ပြီလား။ ဤသည်ကား တတိယလှိုင်းပင် ဖြစ်ပါတော့သည်။

စတုတ္ထလှိုင်းက ဥမ္မာခင်တဲ့ ခမျ။ ဘယ်ကနေရောက်လာတဲ့ မိန်းမလဲ မသိပါဘူး။ တောထဲတောင်ထဲတောင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်အောင်လာနိုင်တဲ့ ဟာမပါ။ အရင်လှိုင်းတွေတုန်းက မြို့မှာလည်လို့ဝမှ တောရောက်တာ။ အခု သူက နံမည်ကြားဖူးရုံရှိသေး။ လူက မျက်စိအောက် ရောက်နေပြီ။ ဘယ်က ဘယ်လို လာလိုက်မှန်းမသိ။ 1st wave တုန်းကလို case detection တွေ contact tracing တွေ ဟဟ ပေးပလိုက်ပြီ။ အရင်ဦးဆုံး ပွထလာတာကတော့ နှာစေးချောင်းဆိုး အအေးမိတုတ်ကွေး လက္ခဏာတွေနဲ့ပါ။ ကိုယ်တို့စခန်းနဲ့ ကပ်လျက်ရွာကလေးက အိမ်ခြေ ၁၀၀ မရှိပါဘူး။ ဒါပေမယ့် ကိုယ့်ဆေးခန်းက ချောင်းဆိုးပျောက်ဆေးပြား အလုံး ၁၀၀၀ မှာရင် တစ်လပဲ ခံပါတယ်။ ပါရာစီတမော ၁၀၀၀ ဗူးတွေလည်း အဲ့လောက်ပဲခံတယ်။ နှာစေးချောင်းဆိုးသမျှသာ နှာခေါင်းတို့ပတ်လိုက်ယူရရင် လောက်တောင်မလောက်ဘူး။ ကိုဗစ်ကတော့ သာမာန် အအေးမိတုတ်ကွေး နှာစေးချောင်းဆိုးနဲ့ မတူပါဘူး။ မောတာ နုံးတာ၊ ကိုက်တာ ခဲတာ၊ လည်ချောင်းတွေနာပြီး အသံဝင်လာတာ။ အကုန်လုံး ပြင်းထန်တယ်။ ဆေးတွေသောက်လည်း မသက်သာဘူး။ အိမ်ရှိ လူကုန် တပုံစံတည်းဖြစ်လေ့ရှိတယ်။ ဒီအချက်တွေနဲ့ ကိုက်ညီရင်တော့ ကိုယ်တို့ဆေးခန်းမှာ နှာခေါင်းတို့ပတ်ယူပါတယ်။

ပိုးမတွေ့မချင်းတော့ ဘာအရေးလဲ။ စိတ်မပူနဲ့။ “ရော့ အင့် ဆေးသောက်။ ပျောက်။” ပဲ။ ပိုးတွေ့ရင်တော့ ပျားလည်းတုပ်တယ်။ တိုင်လည်းပတ်တယ် ခင်ဗျ။ ဘယ်သူလိုက်ပို့သလဲ။ ဘယ်သူနဲ့လာသလဲ။ မလွတ်စေနဲ့။ အကုန်နှာခေါင်းနှိုက်။ mask တွေ လူစေ့အောင်လိုက်ဝေ။ ပြီးရင် ဆေးပါဖြန်း။ ပြီးရင် ဘယ်ကလာသလဲ။ ဘယ်ရွာကလဲ။ အိမ်မှာ လူဘယ်နှစ်ယောက်နေသလဲ။ ရွာလူကြီးကို အကြောင်းကြားပြီး အိမ်ထိအောင် နှာခေါင်းတို့ပတ် လိုက်ယူရပြန်ပါတယ်။ ပထမဆုံးတွေ့တဲ့ လူနာက ဘုန်းကြီးကျောင်းက ကပ္ပိယ ဆိုတော့ ကျောင်းအထိလိုက်၊ သံဃာကုန် နှာခေါင်းနှိုက်၊ ပိုးတွေတွေ့ ချိတ်ပိတ်။ ဆွမ်းပွဲလာပြင်တဲ့ ဒကာမတွေပါစစ်၊ ပိုးတွေ့၊ သူတို့အိမ်ပါ lock down. ချ။ တစ်နေကိုကုန်ရော။

နောက်တစ်နေ့။ နောက်တစ်ရွာကလာ။ ပိုးတွေ့။ လိုက်ရပြန်ရော သူတို့ရွာ။ အရင်ဟာထက် နှစ်ပြန်လောက်ဝေးသေး။ သူ့ကျ လူနာကိုလည်း ပြန်လွှတ်လို့မရဘူး။ အစားမစားနိုင်တာ ၂ ရက်ရှိပြီ။ သွေးပေါင်က ၇၀။ အောက်ဆီဂျင်က ၇၀။ သူ့အိမ်မှာ ဘုစုခရု ကလေး ၅ ယောက်ကျန်နေခဲ့တာ။ အကြီးဆုံးက ၁၂ နှစ်။ လိုက်စစ်တော့ တစ်ယောက်မကျန် ပေါ့စတစ်ဗျာ။ သူ့အမေလည်း အိမ်ပြန်လွှတ်မရ။ ကလေးတွေလည်း ဆေးရုံခေါ်မရ။ အဲ့ကလေးတွေနဲ့ ကစားနေတဲ့ကလေးတွေ လိုက်စစ်တယ်။ သူတို့လည်း ပေါ့စတစ်။ “မထူးပါဘူး ဆရာရယ်။ တရွာလုံး စစ်သွားပါလား။ အိမ်တိုင်းဖျားနေတာပဲဥစ္စာ။” ဆိုတော့ သေရချည်ရဲ့ဗျာ။ ထမင်းလည်း မစားရသေး။ ရေလေးတစ်ခွက်မှ တိုက်ဖော်မရ။ သူ့ရွာကို တစ်အိမ်တက်ဆင်း နှာခေါင်းလိုက်နှိုက်ရမတဲ့။ ပြီးရင် ဆေးက အလကားဝိုင်းတောင်းကြဦးမယ်။ “တော်ပြီ။ မစစ်တော့ဘူး။ တစ်ရွာလုံး lock down ချ။ နေမကောင်းတဲ့သူ ဆေးရုံမှာ လာပြ။” လို့ အမိန့်တော်မှတ်ခဲ့ရတယ်။

ဟိုမှာ လူမမာကလည်း ပြုစုရသေးတယ်ဗျ။ အောက်ဆီဂျင်အိုး မပြတ်အောင်တောင် ပြူးပြဲနေအောင် ရှာရဖွေရတာ။ ညဘက်ကျ မယ်မင်းကြီးမက အောက်ဆီဂျင်အိုးနံဘေးမှာ ဖယောင်းတိုင်လေးထွန်းပြီး ငုတ်တုတ်ထိုင်နေတာ လှမ်းမြင်တော့ အခန်းဝပြေးပြီး ကုန်းအော်ရသေး။ ကျေးဇူးရှင်က ပါတော်မူချင်လို့ ဒရစ်တန်းလန်း ဆွဲဖြုတ်ပြီး သွေးစက်လက်နဲ့ အိမ်သာကြွချီပြန်တော့လည်း နောက်ကလိုက်သိမ်းရသေး။ ဆေးကောင်းဝါးကောင်းများနဲ့ နာလန်ထတော်မူသောအခါ ငပိထောင်းကလေးမှ မှီဝဲချင်ပါတယ်ဆိုလို့ ဆက်ရသေးဗျား။ ထမင်းလည်း ကိုယ်စားတဲ့ထဲကပဲ မျှကျွေးနေတာပါ။ သူ့မှာ အိုးတစ်လုံး ဖျာတစ်ချပ်တောင်မပါ။ သူ့အိမ်မှာကို မရှိတာ။ ကလေးတွေခေါ်လာရင် ကလေးတွေပါ ကျွေးမွေးပြုစုရမှာ။ အပြုအစုကောင်းလို့ မပြန်တော့ဘူး ဆိုမှအခက်။ သက်သာပျောက်ကင်းလို့ အိမ်ပြန်လို့ရပြီဆိုတာတောင် လာခေါ်မယ့်သူက မရှိပါဘူးတဲ့ဗျား။ “နင် လျှာရှည်ပြီး နင်စစ်ထားတာ။ နင်ကုထားတာ။ နင့်ဘာသာနင် အိမ်ပြန်ပို့။” လို့ ပြောကြမလားပဲ။

မနေ့က ပေါ့စတစ်တွေ့တာကတော့ ဈေးထဲက ကုန်စိမ်းရောင်းတဲ့ အမျိုးသမီးပါ။ တခြားရွာကနေ လာရောင်းတာ။ ဈေးထဲ မြင်မိတာ ၂ ရက်ပဲ ရှိသေး။ ကလေး ၂ ယောက်နဲ့ ဈေးခုံပေါ်အိပ်ပြီး ဟင်းသီးဟင်းရွက်တွေ တနိုင်သယ်ရောင်းတာ။ အခု သူ ပိုးတွေ့ပြီ။ ဘယ်လိုလုပ် အိမ်ပြန်လွှတ်မတုန်း။ “ဝယ်လာတဲ့ ကုန်စိမ်းတွေက မကုန်သေးဘူး။ ပိုက်ဆံ ၂ သိန်းချေးပြီး ရင်းလာတာ။ ဆရာက ပိုးတွေ့တယ် လို့ ဖွလိုက်ပြီး ဘယ်သူမှ လာမဝယ်ရင် ကျွန်မ အရင်းပြုတ်ပြီ။” တဲ့။ မြတ်စွာဘုရား။ သူ့ ဟင်းရွက်ကန်စွန်းတွေ ကိုယ်ကတောင် ကူရောင်းပေးရမယ့်ပုံပဲ။ အွန်လိုင်းပေါ် စိန်ရောင်းတဲ့ ဟို ၃ ယောက်လက်အပ်လိုက်လို့ကတော့ မိုးကိုမွှန်နေမှာ။ အရာရာ ရှားပါးခေါင်ခိုက်နေတဲ့ခေတ်ကြပ်ကြီးမှာ ဟင်းရွက်ကန်စွန်းလည်း အရင်တုန်းကဈေးနဲ့ လာမေးတဲ့သူဆို ပါးချလွှတ်မှာနော်။ ထောင်တန်တွေ အကြွေဖြစ်သွားတဲ့ခေတ်ဗျ။ သူ့ခမျာလည်း သနားပါတယ်။ မရှိလို့ ချေးငှါးရင်းနှီးကာမှ နေထိုင်မကောင်းက ဖြစ်ရသေး။ နောက်ဆုံးတော့ ဆပ်ဆပ်ဆော့ဆော့ နှာခေါင်းနှိုက်ချင်တဲ့ ဒီဆရာဝန်မှာပဲ အပြစ်ရှိတာပါလေ။ အမြို့မြို့ အရွာရွာ လူတကာ ကူးလည်းကူးပေါ့။ သည်လိုပဲ သွားသွားလာလာ နေကြတာပဲဥစ္စာ။ ကိုဗစ်စစ်ဖို့ နှာခေါင်းနှိုက်တို့ဖတ်ယူတယ်ဆိုတဲ့အလုပ်က ဒီကနေ့အခါမှာ ဘယ်သူမှ မလုပ်ကြတော့ဘူး။ out of date များ ဖြစ်နေပြီလား မသိ။

ဖြစ်သေးပါဘူး ဆိုပြီး အခုလေးတင် မြို့ပြရပ်ရွာက ပြန်လာသူတွေကို လိုက်စနည်းနာရပါတယ်။

“ဦးရီးတို့ ဒွေးလေးတို့။ မြို့ပေါ်မှာ ကိုဗစ်တွေဘာတွေ မဖြစ်ကြတော့ဘူးလား။ ပါးသွားပလား။”

ဆိုတော့

“ဖြစ်တုန်းပါ့ မောင်ရာ။ မဖြစ်တဲ့သူလို့ ဘယ်ရှိမှာတုန်း။ ရှောင်လွှဲမရမယ့်တူ ဖြစ်စရာရှိ မြန်မြန်ဖြစ်။ ဖြစ်ပြီးပြီးရော။”

“ဟင်။ မခန့်လိုက်ပုံများ။ ကိုဗစ်ဖြစ်ရင် သေတတ်တယ် မဟုတ်ဘူးလား ဘရဲ့။ အခုကိုဗစ်က အသေအပျောက်နည်းလို့လား။ “

“လာ လာချည်သေး မောင်ရာ။ သေတယ်ဆိုတာ ကိုဗစ်ဖြစ်မှ သေလို့ရတာလား။ တို့ဆီတို့ရွာ ဟိုနားလေး ဗုံးကျလိုက် ဒီနားလေး မီးရှို့လိုက်နဲ့ တစ်နေ့တစ်နေ့ သင်္ဂြိုလ်ရတာ မီးခိုးကိုမတိတ်ဘူး။ ရပ်ရွာအိုးအိမ်လည်း ပျက်ရသေး။ လက်ငုတ်လယ်ယာလည်း စွန့်ရသေး။ စားရေရိက္ခာလည်း ရှားပါးသေး။ ပိုက်ဆံငွေကြေးကလည်း တန်ဖိုးမရှိ။ မင်းတို့ လူ့ပြည်လူ့ရွာ ဘာကိုတွယ်တာလို့ ဆက်နေချင်စရာကောင်းသတုန်း။ ကိုဗစ်လောက်များဖြင့် စကားထဲကို ထည့်မပြောလောက်ဘူး။ စောစောသေ စောစောအိပ်ရတာပ။”

အလိုလေး။ ကိုယ်ကပစ်တော့ တစ်ချက်နှစ်ချက်ရယ်။ သူပြန်ဆော်သွားတာ ပဒေသာမိုင်းအတွဲလိုက်ကြီး။

“ကဲ သိချင်တာ တစ်ခွန်းပဲ မေးတော့မယ် အဘရယ်။ အဘတို့ဆီမှာ ကိုဗစ်စစ်ဖို့ တို့ပတ်ယူသလား မယူဘူးလား။”

“အေး။ အစတည်းက အဲ့သလိုပြောပါလား။ ကိုင်း တစ်ခွန်းတည်းဖြေမယ်။ ထပ်မမေးနဲ့။ မယူဘူး။”

ကြည့်စမ်း ကြည့်စမ်း။ လက်စသတ်တော့ ငါ့မှာသာ old trend ကြီးနဲ့ တိုင်ပတ်ရွာလည်ပြီး ကိုဗစ် Gen L ကြီး ဖြစ်နေတာပါလား။ သူများတွေဆီမှာ တို့ပတ်တောင် ယူစရာမလိုတော့ဘူး ထင်ပါရဲ့။ ဟုတ်သေးပါဘူး။ ယူတာတော့ ယူမှာပါ။ ဟိုတလောကတောင် ဖတ်မိသေး။ အမြန်လမ်း စစ်ဆေးရေးဂိတ်တွေမှာ ကိုဗစ်ကင်းစင်ကြောင်း၊ ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံစာ လက်မှတ်ပါမှ မြို့ထဲပေးဝင်တယ်။ ဂိတ်ကိုပေးဖြတ်တယ်။ လို့ ရေးထားပြီးတော့။ ပြည်တွင်းလေကြောင်းခရီးစဉ်တွေလည်း ကိုဗစ်လက်မှတ်လိုတယ်ဆို။ လတ်တလော ခရီးသွားထားတဲ့ သူငယ်ချင်း တစ်ယောက်ဆီ မေးကြည့်တော့ “ဟုတ်တယ်။ လက်မှတ်လိုတယ်။ ဒါပေမယ့် နှာခေါင်းနှိုက်စရာ မလိုဘူး။ ပိုက်ဆံပေးလိုက်ရင် လိုအပ်တဲ့ စာရွက်စာတမ်း အကုန် အပြီးအစီး ထွက်လာတာ။” တဲ့။ တကယ်တော့ ကိုဗစ်ဆေးလက်မှတ်ဆိုတာ ဆီဈေးတက်လို့ လေယာဉ်လက်မှတ်ခပေါ်မှာ surplus လုပ်ပြီး ထည့်ပေါင်းတဲ့ လေယာဉ်ဆီဖိုးလိုပဲ တို့ပတ်မယူ vaccine မထိုးပဲ ဈေးနှုန်းကလေးပေါ် သေးသေးတင်လိုက်တဲ့ဟာပေါ့။

ဟုတ်ပါတယ်လေ။ ဒီအချိိန် ဒီကာလကြီး ကိုဗစ်တို့ပတ်စစ်တယ်ဆိုတာ “သိချင် ဆိုင်က ကိုယ့်ဘာသာဝယ်စစ်။ တွေ့ရင် ကိုယ့်စိတ်ထဲမှာပဲထား။ သူများတွေသိရင် Q တာ မQ တာ၊ pass ပေးတာ မပေးတာ သောက်လုပ်တွေ ရှုပ်ကုန်ရော။” ဆိုတာမျိုး ဖြစ်ကုန်တာကိုး။ အခုပဲကြည့်။ ကိုယ့်ဆီမှာ ကိုဗစ်လာစစ်မိသူတွေသာ ခြေချုပ်တွေကျကုန်တာ။ ကျန်တဲ့တလောကလုံး ဖလန်းဖလန်းကို ထ လို့။ ကိုဗစ်နဲ့ပတ်သက်လာရင် ဘယ်သူကမှမခန့်ပဲ ပြောရေးဆိုခွင့်ရှိသူကြီးပမာ သဟောက်သဟာတက်တက် လုပ်လေ့ရှိတဲ့ ဟိုမိန်းမကြီးတောင် ကိုဗစ်ဆိုတာ သူ့သောက်ပူမပါတော့ဘူး လို့ သဘောထားပြီး CDM တွေကို အပြင်ဆေးခန်းတကာ ပိုက်စိတ်တိုက်ရှာသူ ဒလန်မကြီး ဖြစ်သွားပြီ မဟုတ်လား။

အိမ်း။ နယူးနော်မယ် ဆိုတာ ဒါကိုပြောတာ နေမှာပါလေ။ ၃ နှစ်တောင် မပြည့်သေးဘူး။ ၄ ကြိမ် ၄ ခါ လာလေတဲ့ ကပ်ရောဂါ။ လူတကာအတွက် အထူးအဆန်းမှ မဟုတ်တော့တာလေ။ ကုန်စိမ်းသည် အဒေါ်ကြီးဆို ပြောတယ်။ ဒါပါနဲ့ဆို သူ ကိုဗစ်ပိုးတွေ့တာ ၃ ခါ ရှိပတဲ့။ ကိုဗစ်မကလို့ ကိုဗစ်အဖေလာလာ အရင်းပြုတ်မှာလောက်ကို အာရုံမရှိတော့တာ အသေအချာပါပဲ။ ဒါနဲ့ ကိုယ်လည်းပဲ သူ့ဆီက ပန်းဂေါ်ဖီပွင့်လေးတစ်ထုပ် ဝယ်အားပေးလိုက်ပါတယ်လေ။ “ဆရာ့မို့လို့ လျော့ပေးလိုက်မယ်။ ၁၀၀၀ နဲ့ ယူသွား။” တဲ့။ လက်သီးဆုပ်သာသာကလေးကိုနော်။

နောက်နှစ်တွေမှာ ကိုဗစ်ကလည်း လာဦးမှာပါ။ ရာသီတုတ်ကွေး လို့ပဲ ပေါ့ပေါ့ပါးပါး သဘောထားလိုက်ကြပါစို့နော့။ အဲ့ဒီနောက်နှစ်တွေရောက်တဲ့အထိအောင်ပဲ မြန်မာပြည်ကြီး ဆက်ရှိနေစေဖို့ ဆုတောင်းရမှာပါ။ “ကမ္ဘာမြေ နှစ်ခြမ်းကွဲ မင်းရှိတဲ့ တစ်ခြမ်းထဲ ငါလေ ရောက်အောင်လာခဲ့မယ်။” ဆိုရင် ဆရာစိုးက ချန်ဂင်တို့စခန်းမှာ ရှိနေပါတယ် လို့။ “တနေ့တော့ လက်ထပ်ပြီး အလိုလိုက်မှာလား ပြော။” တို့ “ဒါဆိုလည်း ကလေးလေးလို ဂရုစိုက်မှာလား ပြော။” တို့တော့ လာမလုပ်နဲ့။ နှာခေါင်းနှိုက်ပြီး swab ယူ ပလိုက်မယ်။ ငါ့ ဘာမှတ်။ ဟင်း ဟင်း။