ချန်ဂင်တို့စခန်း (၂၆၉)

ဒေါ်လာဈေးတက်တာကို VPN တွေ ban ပြီး Facebook မသုံးနိုင်အောင် လုပ်လိုက်ရင် ပြန်ကျသွားလိမ့်မယ် လို့ဉာဏ်တိမ်တိမ်လေးတွေးတတ်တဲ့ စစ်တပ်ကကောင်တွေဟာ VPN ပေါင်းစုံနဲ့ တိုင်ပတ်နေတဲ့ မြို့နေလူထုကြီးကို သရော်သလို လှောင်သလိုနဲ့ ရွှေဘကွ လုပ်နေကြပါတယ်။ ရူးသလိုပေါသလိုနဲ့ My Space လေး ပြောင်းသုံးရအောင်လေ လို့ ဆွယ်ပေမယ့်လည်း စွမြင်ကပ်ကပ်နဲ့ rp ဝိုင်းထုကြတာကြောင့် Google Play Store မှာတောင် တင်မရပါဘူး။ “ကဲ အခုတော့ ဘာတတ်နိုင်သေးလဲ။ Facebook သုံးတဲ့သူ နည်းသွားပြီ မဟုတ်လား။” လို့ ဇွတ်လော်နေသူတွေသိအောင် ကိုယ့်မှာ မအားတဲ့ကြားက Facebook ပေါ်တက်ပြီး ဖုန်တထောင်းထောင်းထအောင် လူလုံးပြနေရတယ်။ ၁ အချက်ကတော့ “ငါတို့ဆီမှာ VPN မလိုတာ ကြာပြီ။ သိလား။” လို့ ပြချင်တာ။ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်ထားလည်း စတားလင့်နဲ့ သုံးလို့ရတယ်ဆိုတာ ဒင်းတို့စစ်သားတွေ နားမလည်နိုင်ပါဘူး။ ဒုတိယတစ်ချက်ကတော့ ရန်ကုန်ကလူတွေ VPN မရလို့ Facebook မသုံးနိုင်ပါဘူး လို့ ဘယ်သူပြောလဲ။ response နှေးသွားတာကလွဲရင် အရင်အတိုင်း သုံးမြဲသုံးလျက်ပဲ။ မယုံရင် အခုရက်ပိုင်း တင်ထားတဲ့ post တွေကို ကြည့်လိုက်။ R, C, S တစ်ခုမှ လျော့မသွားဘူး။ You Tube နဲ့ ပြိုင်တင်ရင်တောင် Facebook က reach ပိုများတယ်။ မင်းတို့အဘ တစ်ကွက်ပြလိုက်ပေမယ့်လည်း ဆရာစိုးလေးရဲ့မျက်နှာကို မြန်မာတပြည်လုံး ရွှင်ပြုံးအားရစွာ ချက်ချင်းလက်ငင်း ကြည့်နိုင်မြင်နိုင်တာများ မန့်တွေတောင် ကုန်အောင်မဖတ်နိုင်တော့ဘူး။ ဘာအကွက်ကြီးလဲကွာ။ ဟာသပဲ။ မင်းတို့က မသုံးစေချင်လေ၊ ဒီကလည်း ဖလန်းဖလန်းကို ထနေအောင်ကို သုံးပြလေပဲ။

စစ်အုပ်စုကို တော်လှန်တဲ့နေရာမှာ အသေးအဖွဲ ကိစ္စကလေးတွေကအစ အကုန်ဆန့်ကျင်တယ်။ သူတို့က သင်္ကြန်ရေကစားခိုင်းရင် တစ်မြို့လုံး ကျီးနဲ့ဖုတ်ဖုတ် ဖြစ်သွားစေရမယ်။ စစ်ကားမြင်ရင် သံပုံးတီးထုတ်ပေမယ့် ဆူစေချင်ရင် အသံတစိမှ မထွက်စေရဘူး။ ပုဂံခေတ်ကတည်းက တည်ထားတဲ့ဘုရားပေမယ့် မင်းအောင်လှိုင် ထီးတင်ထားလို့ ထီးလိုမင်းလို ကို မရှိခိုးဘူး။ ဒီကောင်တွေ လုပ်လို့ မဖူးတဲ့ဆရာတော်တွေလည်း အများကြီးပဲ။ သူတို့ပြုတဲ့ကုသိုလ်ကြောင့် သူတို့ဘုန်းကြီးတွေ ဆုပေးသလို နတ်ရွာနိဗ္ဗာန်မှာ အဲ့ဒီသတ္တဝါတွေ ရှိမယ်ဆိုရင် မဆုံချင်တဲ့အတွက် မသွားလိုဘူး။ အဲ့ဒီလူတွေကိုသတ်လိုက်မိတဲ့အတွက် ပါဏာတိပါတာကံထိုက်ပြီး ငရဲကြီးချင်လည်း ကြီးပါစေတော့။ သူတို့အသက်သာဆိုရင်ဖြင့် တစ်သက်တည်း တစ်ဘဝတည်း သတ်လို့တောင် မတင်းတိမ်နိုင်ဘူး။ ရှင်ဘုရင်တွေခေတ်တုန်းကလို ဆွေ ၇ ဆက် မျိုး ၇ ဆက် အပေါင်အလက်ဖျက်ပြီး ကွပ်မျက်ခိုင်းမယ်။ အဲ့သလောက်အထိကို တော်လှန်ချင် တာ။

အဲ့ဒါကြောင့် နေ့စဉ်နေ့တိုင်း တော်လှန်ရေးနဲ့ ပါတ်သက်တဲ့အလုပ်ဆို ဘာအလုပ်ပဲဖြစ်ဖြစ် မရွေးပါဘူး။ အကုန်လုပ်မယ်။ ဆေးကုတဲ့အလုပ်၊ စစ်တိုက်တဲ့အလုပ်၊ fund raising လုပ်တဲ့အလုပ်၊ စိတ်ခွန်အားပေးတဲ့အလုပ်၊ သတင်းအမှားတွေ ချေပပြီး သတင်းအမှန်ဖြန့်ဝေတဲ့အလုပ်၊ ပညာပေး စည်းရုံးလှုံ့ဆော်တဲ့အလုပ်။ အကုန်လုပ်တယ်။ မလုပ်တာ ဘာတစ်ခုမှ မရှိဘူး။ နောက်ထပ် ဘာရှိသေးလဲ။ ရှိသေးရင် လုပ်ဦးမယ်။ ဒီကောင်တွေကို ဆန့်ကျင်တော်လှန်ခြင်းရဲ့ အရသာက ဘာနဲ့မှ မတူဘူး။ သတ္တိရှိတဲ့သူတွေမှ နားလည်မှာ။ သူတို့က Facebook မသုံးစေလိုဘူးဆိုရင် အဲ့ဒီ Facebook ပေါ်ကကို မဆင်းပဲ နေချင်တာ။ မင်းအောင်လှိုင်မှာ ငါ့လို အကောင့်အစစ်တစ်ခု ရှိသလား ပြော။ ဘယ်စစ်သားဖြစ်ဖြစ် profile lock ချပြီး လိုက်ဟောင်နေတဲ့ကောင် တွေချည့်ပဲ။ ဟောင်ပစေကွာ။ အိုင်ကလည်း အဲ့လို တကိန်ကိန် အော်မြည်သံလေးတွေကြားရမှ သဘောကျတာ။ နို့မို့ဆို ဟိုဘက်က မဖတ်ပဲ ကိုယ့်ဘာသာ တကိုယ်ရည် အာသာဖြေတယ် အပြောခံရမှာ။ အေးအေး။ လာကြဖတ်ကြ။ မင်းတို့နာတော့ ရေးရတာ ပိုအားရတာပေါ့။ ဘောမရပ်ကွက်မှာ လောင်မြိုက်နေတာတွေ့ရရင် ပါးစပ်ကြီးတောင် စေ့မရဘူး။ နာရေးအိမ်ရှေ့ မေလသံစဉ်သီချင်းတောင် သွားဖွင့်ချင်သေး။ “ရက်စေ့လို့ ပြန်လာနေပြီဆို ကြားလိုက်တော့ ပျော်နေပုံကိုလေ ဘေးကကြည့်ရင် အမှန်တကယ်ပဲ ရူးတယ်ထင်။”

ဒီကောင်တွေကို ဘာဖြစ်လို့ အဲ့သလောက်တောင် ခါးခါးသည်းသည်း မုန်းကြသလဲဆိုတော့ သူတို့က ရှုံးမဲမဲပြီး အစွမ်းကုန် ရက်စက်ယုတ်မာနေကြလို့ပါ။ အကိုထွမ်းကတောင် ပြောယူရတယ်။ “မင်းတို့ကောင်တွေ ယောက်ကျားပီပီ ၊ စစ်သားပီပီ စစ်ကို စစ်နဲ့တူအောင် တိုက်မှပေါ့ကွာ။ ဘယ့်နှယ့်ကြောင့် အရပ်သားတွေကို အစုလိုက် အပြုံလိုက် လိုက်သတ်နေရတာလဲ။” တဲ့။ ဟုတ်ပါ့ဗျာ။ စာသင်ကျောင်း နဲ့ ဆေးရုံ ဆိုရင် လေယာဉ်ဗုံးကျဲစရာချည့် မှတ်နေတယ်။ ပြီးရင် အရှက်မရှိ ပြောသေးတာ။ “ကျဲမှာပေါ့။ အဲ့သည်မှာ ငါတို့ဘက်က လက်နက်ချတဲ့စစ်သားတွေ ဆေးကုနေတာကိုး။” တဲ့။ ဖြစ်ရတယ်။ ဒီဘက်ကမှ ရန်သူပေမယ့် ထမင်းကျွေးသေးတယ်။ ဆေးကုပေးသေးတယ်။ သူတို့ကတော့ လေယာဉ်နဲ့ကို လိုက်ဗုံးကျဲသတဲ့။ ပြည်သူကို သတ်တာလောက်တော့ စကားထဲထည့်ပြောစရာတောင် မလိုတော့ဘူး။ ဒီကနေ့ခေတ်မှာ ပြည်သူတရပ်လုံးက စစ်သားတွေရဲ့ ရန်သူ မဟုတ်လား။ အာဏာရှင်ကို ပြည်သူက တော်လှန်လို့ စစ်တိုက်နေရတာ ပြည်သူကိုမသတ်လို့ ဘယ်သူ့သတ်ရမှာတုန်း။ ကချင်နဲ့ ဖြစ်တဲ့စစ်၊ ကရင်နဲ့ ဖြစ်တဲ့စစ်၊ ရခိုင်နဲ့ဖြစ်တဲ့စစ် မဟုတ်ဘူးလေ။ ပြည်သူ နဲ့ ဖြစ်တဲ့စစ်။ ဒါကြောင့်မို့လို့ ပြည်သူကိုပဲ နှိမ်နှင်းသတ်ဖြတ်စရာ ရှိတယ်။ အခုသာ ကလေးလေးတွေ ဖြစ်နေတာ။ ကြီးလာရင် PDF ဖြစ်မယ့်ကောင်တွေ မဟုတ်လား။ စစ်သားတွေဟာ သူတို့ ဘယ်သူနဲ့ စစ်တိုက်နေရသလဲဆိုတာ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားပြီကိုး။

နေပြည်တော် မကျသ၍ ငါတို့ဘက်က ဘာမှ မဖြစ်သေးဘူးဆိုတဲ့ ဆာ့ဂျ်ပန်းဦးသိန်းဝေကြီးရော ဖိုးသောကြာလို “ငါတော့ အာချောင်မိတာ မှားပြီ။” လို့ နောင်တတွေ ရနေပြီလား။ အဆွဲခံရတာ စောလိုက်တာနော်။ စစ်တပ်က သူ့ကို ဘာမှ မလုပ်လောက်ပါဘူး လို့ ထင်နေပုံပဲ။ ဧဒင်ဦးချစ်ခိုင်တို့၊ ဇေကမ္ဘာဦးခင်ရွှေတို့ မမြင်ဖူးတာကျလို့။ အခုတခေါက် crisis မှာ ရသလောက်ဝိုက်ပြီး နိုင်ရာလူကို ထိုးကျွေးထားခဲ့မှာ။ နိုင်ငံတော်အဆင့် ဓါးပြမှုကြီးမှာ ခများတို့က ပါတာအကုန်ထုတ်ပြီး ထားခဲ့ပေတော့။ စစ်ဆိုတာ ရှေ့တန်းမှာ အမြောက်ဆံ ဗုံးဆံတွေနဲ့ချည့် တိုက်တာ မဟုတ်ဘူး။ အခု ကြင်စိုးက “စီးပွါးရေးရယ် ကြီးပွါးရေးရယ် သမီးရည်းစားအရေးလည်း အောင်ပါစေ။” ဆိုပြီး ရွှေမန်းတင်မောင်သီချင်းလေးနဲ့ စစ်မျက်နှာအသစ် ဖွင့်သွားပြီ။ ခေါင်းငုံ့ခံမလား။ ဘယ်လိုတုန့်ပြန်ကြမလဲ။ ကိုယ့်စည်းစိမ်ဥစ္စာ ကိုယ်တိုင်ကာကွယ်ရမယ့်အချိန် ရောက်လာပြီလေ။ သူဌေးဖြစ်ခွေးဖြစ် ချလိုက်စမ်းပါ။ ခင်ဗျားတို့လက်ထဲက ငွေကျည်ဆန်တွေ ဘာလုပ်ဖို့ ထားတာလဲ။

စစ်ဆိုတာ ဒီလိုပဲ ဘက်ပေါင်းစုံက တိုက်ရတာပဲ။ ဒီကောင်တွေကို အနားပေးလို့မှ မဖြစ်တာ။ ကချင်မှာ အေးသွားသလိုလိုရှိရင် ရခိုင်က အထက်မီးအောက်မီးနဲ့ တိုက်ပေးရော။ ရှမ်းမြောက်က ခဏငြိမ်ရင် ကရင်က ပွဲကြမ်းပေးတယ်။ သူတို့တပ်ထဲမှာ ဗြောင်းဆန်အောင် လူလဲကစားတာတောင် အလျင်မမီလို့ အငြိမ်းစားတွေ အကုန်ပြန်ခေါ်ပြီး လူဖြည့်တလာစီနေကြလေရဲ့။ သူတို့လည်း စစ်တိုက်တာ ဗျူဟာကို တစ်ရက်ချင်း တစ်ရက်ချင်း ကောက်ဆွဲနေရသလား မသိ။ နောက်လာမယ့်တစ်လစာ ဆွဲပြီးသား ပလန်ရှိရင်တောင် ကံကောင်း။ မနက်လင်းတိုင်း ကိုယ့်ခေါင်းကိုယ်စမ်းနေရတဲ့ ဘဝရောက်လာပြီ ပြောရမှာပေါ့။ နောက်တစ်လလောက် တောင့်ခံနိုင်ဖို့တောင် သေချာပါ့မလားကွာ။ ဒီ့ထက်ပိုပြီး တင်းကြပ်သောဖိအားများနဲ့ အခုထက်ပိုပြီး ပြင်းထန်သော ဆန့်ကျင်မှုများ တွေ့ရတော့မယ်လေ။ ကိုယ့်ဘက်ကလည်း အလုပ်တွေကို အခုထက်ပိုပြီး ကြိုးစားလုပ်ပါဦးမယ်။

ကုန်လွန်ခဲ့တဲ့ ၃ နှစ်စလုံးကို ကိုယ့်အဖို့တော့ အချိန်ပြည့်စစ်မှုထမ်းနေတယ် လို့ပဲ သဘောထားပါတယ်။ နားချိန်အိပ်ချိန်ရယ်လို့တောင် မရှိဘူး။ တောထဲကိုရောက်ကတည်းက စာကိုဖုန်းနဲ့ပဲ ရိုက်ရေးတော့တယ်။ အများဆုံးရေးတာ ညဘက်အိပ်ချိန်တွေမှာ ရေးတာ။ လိုင်းပေါ်မှာ ရှိနေတဲ့ အချိန်တွေကလည်း ချိတ်ဆက် စီမံနေတာ မဟုတ်ရင် သူတို့ဘက်က keyboard fighters တွေကို counter attack ပြန်လုပ်ဖို့ ဦးနှောက်အလုပ်ပေးထားတာချည့်ပဲ။ ဒီလိုင်းပေါ်က resources တွေနဲ့ ကိုယ့်ဆေးရုံကလေး ရပ်တည်လည်ပတ်ရာကနေ အခုကစပြီး ရှေ့ဆက်ရင် တော်လှန်ရေးတစ်ခုလုံးအတွက် အားအင်ဖြစ်အောင် ရုန်းတော့မယ်။

ဒီ ၃ နှစ်အတွင်းမှာ မင်းတို့အဖေကြီး အာဏာသိမ်းတာ မြိန်ရဲ့လား လို့ စစ်သားတွေကို မေးကြည့်ချင်ပါတယ်။ ဘယ့်နှယ်ရှိစ။ စီးပွါးလာဘ်လာဘတွေ၊ အမည်သတင်းကျော်စောခြင်းတွေ၊ တရားသောစစ်ရဲ့အောင်ပွဲကြီးတွေ တော်တော်မှ တိုးပွါးလာရဲ့လား။ ရပ်ထဲရွာထဲက အရပ်သားပြည်သူတွေနဲ့ မျက်လုံးချင်းဆိုင်ပြီး ကြည့်ရဲသလား။ မိဘဆွေမျိုး မိသားစု သားမယားတွေက ဂုဏ်ယူဝံ့ကြွားနိုင်လောက်သော သားကောင်းဇာနည် အောင်စစ်သည်ကြီး ဖြစ်ပြီလား။ ကိုယ့်အကြောင်းကိုယ်အသိဆုံးနေမှာပါလေ။ တစ်မဲမှမရတဲ့ အိမ်ဖြည့်ပါတီတွေရဲ့ ကလိမ်ကကျစ် အလိမ်အညာစကားတွေကို ယုံစားပြီး အာဏာသိမ်းလိုက်တာ အခုတော့ နားကားပြီ မဟုတ်လား။ တမင်များ ထောင်ခြောက်ဆင်သလားတောင် မသိဘူး။ အညောင်းပြေ အညာပြေ စစ်ကြောရေးလေးဘာလေး ဝင်ကြည့်ပါလား။ စားကောင်းသောက်ကောင်းအောင် ဗေဒင်ယတြာတွေနဲ့ မြှောက်ပင့်ပေးတဲ့ ဘုန်းကြီးဆိုးတွေစနက်လည်း မကင်းပဲကိုးဗျ။ နောက်ကွယ်က ရပ်တည်ကာကွယ်ပေးမယောင်ယောင် မျှော်လင့်ချက်တွေပေးပြီး လက်နက်တွေ၊ လေယာဉ်တွေ ရောင်းစားသွားတဲ့ တရုတ်တို့ ရုရှားတို့ကလည်း ပါသေးတာနော။

မင်းတို့အဖြစ်ကလည်း ဆိုးလွန်းပါတယ်ကွာ။ ရှေ့တန်းက မပြန်ရတာလည်း ၃ နှစ် ၃ မိုးရှိပြီ။ အိမ်ကမိန်းမတွေလည်း ကျီးထိုးရင်းခွေးစားရင်း ကုန်ပြီ။ ဒဏ်ရာရပြီး မသေသေးရင် ဆေးမကုပဲ ကိုယ်တိုင်ပစ်သတ်ခဲ့တာတွေက ရှိသေး။ ပင်စင် နံ့ အသက်အာမခံမပေးနိုင်လို့ ဘယ်နားသေသေ အလောင်းမပြနိုင်ရင် တပ်ပြေး လို့ စာရင်းပြတာနော်။ ငါတို့တိုက်လို့ သေတာက နည်းနည်းရယ်။ မင်းအဘ ဂျင်းထည့်လို့သေတာက ပိုတောင်များနေဦးမှာကွ။ မသိမ်းခင် နဲ့ သိမ်းပြီး စစ်သားတွေအတွက် ဘာတွေကွာခြားသွားသလဲ။ စိတ်ထဲမှာ ဘယ်လို ခံစားရသလဲ။ ကိုယ့်အတွက်ကိုယ်ဖြေကြည့်လေ။ မညာနဲ့။ အမှန်အတိုင်းဖြေ။

အဲ့ဒါပဲ။ အဲ့ဒါပဲ။ ခေါင်းထဲမှာ ဆင်ခြင်တွေးခေါ်ဉာဏ်မရှိရင် စကစစစ်သားတွေလိုပဲ ပြန်လမ်းမရှိတဲ့ ငရဲရထားပေါ် လိုက်သွားရလိမ့်မယ်။ ဆရာစိုးဟောတဲ့တရားနဲ့ ဉာဏ်အလင်းပွင့်ရအောင်ကလည်း သူတို့အဘတွေက ဖုန်းပေးမသုံး၊ သုံးရင်လည်း password ပေးထားရတာ VPNတွေ မပိတ်ခင်ကတည်းက။ ဆိုင်ဘာစစ်သားတွေပဲ လိုင်းပေါ်မှာ မိုင်တဲနဲ့ ကုန်းဆင်းပြီး ဖေ့စ်ဘုတ်သုံးခွင့်ရတာ။ မင်းတို့ဟာက လူဖြစ်ရှုံးတာမဟုတ်ပါဘူး။ ခွေးဖြစ်ပါရှုံးတယ်။ ချန်ဂင်စခန်းက အညိုကောင်လေးတောင် လူချစ်လူခင် ပေါတဲ့နေရာမှာ သူတို့ထက် အများကြီးသာတယ်။ စစ်တပ်က မိသားစုတွေ အမျှဝေရင် ဆုတောင်းပေးနေကျ စကားတစ်ခွန်း ရှိတယ်လေ။ “နောင် ဖြစ်လေရာ ဘဝတိုင်း စစ်သားမုန်းတဲ့ မြန်မာပြည်မှာ စစ်သားလာမဖြစ်ပါစေနဲ့။” တဲ့။ ဗက်ဟက်ဟက်။ ငါ့မယ် ရယ်လိုက်ရတာလေ။ မဟုတ်ဘူးလား ဟုတ်သလားပြော။