လောက်ကိုင်မှာတုန်းက မီးအိမ်နီလေးတွေနဲ့ ပချုပ်တန်းရောက်ရင် ကွန်မြူနစ်နိုင်ငံတွေရဲ့ ဓလေ့အတိုင်း ကုန်ဈေးနှုန်းတည်ငြိမ်အောင် ထိမ်းထားပေးလို့ ထင်ပါရဲ့ ဘယ်ဆိုင်ဝင်ဝင် ဘယ်သူ့ကို ခေါ်ခေါ် “တရေးချစ်ခွင့် ကြင်ရနိုးရှင့်” ဆိုရင် ယွမ် ၁၅၀ ပဲ ကျပါတယ်။ အိုင်ဖုန်းအသစ်ကလေးလို unboxing လုပ်ချင်တယ်ဆိုမှ ကြိုက်ဈေးတောင်းတာ။ တရုတ်ပစ္စည်း export quality ဆိုတော့ သုံးမကောင်းလို့ ပြန်လဲရင်သာ လဲရမယ်။ အမြင်ကတော့ ဖြူဖြူလှလှ ပိန်ပိန်ပါးပါး ဝယ်ချင်စရာလေးတွေပါလေ။ သို့ပါသော်လည်း ဗမာဆေးရုံရှေ့ ဘလူးဗီဒီယိုရုံတန်းကလေးမှာတော့ “မြန်မာမလေးပါရှင်။ မင်ဂယ်လာဘာရှင့်” တွေ ရှိတယ်။ သူတို့ကတော့ အပ်ဆစ်ခွိုက် လို့ တောင်းကြတယ်။ ယွမ် ၂၀ ပဲ ပေးရတာလေ။ သူလည်း ဒီပစ္စည်း ကိုယ်လည်း ဒီပစ္စည်းနဲ့ လုပ်စားတာချင်းအတူတူ မြင်တင့်တွေရဲ့ဘဝက အဲ့သလိုကို ဈေးနှိမ် ခံရတာပါ။ အခုချိန်မှာတော့ စစ်တပ်က အာဏာသိမ်းလို့ ၃ နှစ်အကြာမှာ ဗိုလ်ချုပ်ပြောတဲ့ ဖျာနိုင်ငံကြီး ဖြစ်သွားပြီမို့ မြန်မာတမျိုးသားလုံး အပ်ဆစ်ခွိုက်အတန်းကို ရောက်ကုန်ကြပြီ မဟုတ်လား။ ပါမောက္ခ/ဌာနမှူးကြီးလည်း လစာ ၅ သိန်းဆိုရင်တောင် တစ်လလုံးနေမှ ဒေါ်လာ ၁၀၀၊ တစ်ခါဝင်တွေ့ရင် အပ်ဆစ်ခွိုက်လောက်တောင် မရဘူး။ ဝယ်သုံးရတဲ့ ဈေးတွေကျတော့ ခေါင်ခိုက်နေလိုက်တာလေ။။ ကားဆီတစ်ခါဖြည့်ရင် ၂ သိန်းနဲ့လည်း တိုင်ကီမပြည့်ဘူး။
ဒေါ်လာဈေးတက်တိုင်း ကန်စွန်းရွက်စည်းကိုင်ထားတဲ့ ဖိုးသောကြာပုံလေး ပြန်ပြန်တက်လာတာနဲ့ ကောင်လေးခမျာ ဘာအနုပညာလှုပ်ရှားမှုမှ မလုပ်ရပဲ ပရိသတ်ကြီးနဲ့ မကင်းမကွာ အတူရှိနေရတယ်။ ရွှေဈေးလား။ ၅၈ သိန်းခမျ။ နင့်မှာ ရွှေလည်း မရှိ၊ ဒေါ်လာလည်းမရှိနဲ့ ဘာပူစရာလိုလို့လဲ။ မပူပါဘူး။ ကန်စွန်းရွက်တစ်စည်း တစ်ထောင်ဖြစ်နေတာတော့ ရင်ခံသဗျ။ သတို့သမီးလက်ကိုင်ပန်းလောက်တောင် မရှိတဲ့ နှီးကြိုးစည်းကလေးကိုများ။ ရေသန့်ဗူးတစ်ဗူးကို တစ်ထောင်လောက်ပေးသောက်နေရပြီလေ။ သန်းခေါင့်ထက်တော့ ညဉ့်နက်စရာ မကျန်တော့ဘူးလို့ စိတ်လျော့ထားတဲ့ကြားထဲကနေ အဆုံးမရှိတဲ့ အသူတရာချောက်ကြီးထဲ ကျနေသလိုပဲ။ ဘယ်ထိအောင်ကျမှာလဲ မခန့်မှန်းနိုင်သေးဘူး။ ဒီကောင်ကြီး ဘာလို့ မသေနိုင်သေးတာလဲကွာ။
ကိုယ်တွေမှာသာ ငတ်လို့ သေမတတ် ဆင်းရဲကြပ်တည်းနေတာပါ။ သူတို့ရပ်ကွက်မှာဖြင့် ဘန်ကောက်မှာ ကွန်ဒိုတွေရောင်းကောင်းလိုက်သမှ တဝက်လောက်က မြန်မာတွေဝယ်တာတဲ့။ ရန်ကုန်က ဆီဒိုးနားမှာတောင် လာလာရောင်းကြတယ်။ ဝယ်လိုက်ကြတာ သောက်သောက်လဲ။ သို့သော်လည်း စစ်တပ်ကမဟုတ်တဲ့ဝယ်သူတွေကို နောက်တစ်နေ့မှာပဲ စသုံးလုံးက လာဖမ်းခေါ်ပြီး စစ်ကြောရေးဝင်တာ စစ်တပ်ကအကောင်ကြီးကြီးနဲ့ ငွေတွေပုံပေးပြီး လိုက်ပြန်ထုတ်ယူရသတဲ့။ ရွှေတို့၊ စိန်တို့၊ ဒေါ်လာတို့ဆိုတာ မင်းကြိုက်စိုးကြိုက်၊ အရပ်သားများနဲ့ လားလားမှမထိုက် ဆိုတဲ့အစားထဲကို ရောက်ကုန်ပြီလား။ ခရိုနီတွေကိုယ်တိုင်တောင် ထောင်နှုတ်ခမ်းနင်းလျှောက်နေရမှတော့ လူလတ်တန်းစားဆိုတာ စစ်ဘိနပ်အောက်မဝင်ရင် ရှင်ကိုမရှင်နိုင်တော့ဘူး။
ဒီစံနစ်ကြီးကို ဘာဖြစ်လို့ ခေါင်းငုံ့ခံနေကြတာလဲ။ ဒီတိုင်းလည်း ခများတို့သေမှာ။ ချို နဲ့ သားရေတောင် မကျန်ဘူး။ လွတ်အောင်ရုန်းနိုင်မှ အသက်ရှင် နေထိုင်လို့ရမယ်။ မျှော်လင့်ချက် ရှိမယ်။ ဒီကောင်တွေ အခု စစ်ရှုံးနေပြီဆိုတာ သူတို့ကိုယ်တိုင် သိတယ်။ မပြေးခင် ပြည်သူတွေဆီက သတ်ဖြတ်လုယက်ပြီး မရရတာ အကုန်ယူသွားဖို့ ကြံနေပြီ။ ယူမရရင် နောက်လူမစားနိုင်အောင် မြေလှန်မီးရှို့ပစ်ခဲ့မှာ။ ဒီဒေါ်လာဈေး၊ ဒီကုန်ဈေးနှုန်းနဲ့ စီးပွါးရေးလုပ်ဖို့နေနေသာသာ စားဝတ်နေရေးတောင် အဆင်ပြေအောင် စီမံဖို့ခက်ပြီ။ ဘယ်လိုလုပ်ကြမှာတုန်း။ ဒီတိုင်းပဲ ထိုင်ကြည့်နေမှာလား။ ကိုယ့်ဘာသာ ဉာဏ်မီသလောက် စဉ်းစားလေ။ ဘာအကြံမှ မပေးလိုဘူး။ ကိုယ့်ရှင်သန်ရေး ကိုယ့်ဘာသာ အဖြေရှာယူ။ အကွက်ရွှေ့မှားရင် အစားခံရမယ်။
ကိုယ်တို့အတွက်ကတော့ မပူပါနဲ့။ ငွေကြေးဖောင်းပွလို့ လခတွေ နည်းကုန်ပါပြီ ညည်းစရာမလိုဘူး။ လခ မရတာ ၃ နှစ်ကျော်ပေါ့။ ဆန်တစ်အိပ် တစ်သိန်းခွဲဖြစ်လည်း ဝယ်စားနိုင်ပါသေးတယ်။ ဆေးဖိုးတွေ ၃ ဆ လောက်တက်လည်း အလကားကုပေးနေဆဲပါပဲ။ သူတို့ဘက်မှာသာ ဆေးကုစားရိတ်၊ သယ်ယူစားရိတ် အကုန်မခံနိုင်လို့ ကိုယ့်ရဲဘော်ကိုယ် ပစ်သတ်ခဲ့တာ။ အေးပေါ့။ ရဲဘော်စိတ် ဘယ်ရှိမှာလဲ။ ပေါ်တာဆွဲ၊ မီးကျိုးမောင်းပျက်တွေပေးပြီး အသေခံတိုက်ခိုင်းထားတာ။ စစ်သုံ့ပန်းလိုပဲ သဘောထားမှာ။ သူတို့အလှည့်ကျလည်း သူတို့ဗွီးတွေက အဲ့လိုပဲ သဘောထားမှာ။
မုန်တိုင်းကြောင့် ခုရက်ပိုင်း မိုးဆက်တိုက်ရွာနေလို့ လေကြောင်းအန္တရာယ်တော့ ကင်းတာပေါ့လေ။ ငှက်ဖျားလူနာကတော့ တစ်နေ့ကို သုံးဆယ်နီးပါးထိ တက်လာတယ်။ မိုးကြောင့် ရပ်ဝေးလူနာ မလာနိုင်ပါဘူး။ ဟင်းစိမ်းဆိုင်ကယ် တောင် ရက်မမှန်တော့ဘူး။ ကိုယ်တို့ ဘက်က စစ်ပွဲတွေ ခဏရပ်သွားတယ်။ တခြားနေရာမှာတော့ ရှိသေးတယ်။ ကချင်ဘက်မှာ စစ်ဆင်ရေးက မိုးတွင်းမှာ ရပ်လေ့မရှိဘူး။ လေကြောင်းပစ်ကူကို မိုးနဲ့ အကာအကွယ် ယူတာကိုး။ တောတိုးတဲ့အခါမှာလည်း တောထဲနေတဲ့သူက သာတာပေါ့။ ဒါကြောင့် စစ်ပွဲမပြီးသေးဘူး။ တအောင့်လောက်နေ ပြန်စမှာ လို့ နားလည်ပါတယ်။ ဘယ်အချိန်စစ ကိုယ်တို့ဘက်က ရယ်ဒီပဲ။ အကျိုးအကြောင်းလေး ဖုန်းဆက်ပြောရင် လူနာရောက်တာနဲ့ အဆင်သင့်ဖြစ်စေရမယ်။ ဒီစံနစ်ဆိုးကြီး အဆုံးသတ်ဖို့အတွက် ကိုယ့်ဘက်က ဘယ်လိုနှောင့်နှေးကြန့်ကြာမှုမျိုးကိုမှ လက်မခံနိုင်တော့ဘူး။ ပင်ပန်းလို့ ခြေကုန်လက်ပန်းကျလို့ မဟုတ်ပါဘူး။ လည်စင်းခေါင်းငုံ့ခံနေရတဲ့သူတွေကို သနားလွန်းလို့ မြန်မြန်လွတ်မြောက်စေချင်ပြီ။
စစ်ပွဲကြောင့် ဆေးရုံမှာ ဖင်မမြဲတော့ ကိုယ့်မှာ elective တွေ ခွဲလို့မရဘူး။ ကင်ဆာသမားတွေလည်း ဒုက္ခရောက်ကြတယ်။ လွှဲဖို့ပို့ဖို့ကလည်း အဆင်မပြေဘူး။ တအုံနွေးနွေး ဖြစ်နေမယ့်အစား ပေါက်ကွဲလောင်ကျွမ်းပြီး ငြိမ်းသွားစေချင်တယ်လေ။ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး နဲ့ ဗန်းမော်၊ မိုးမောက်၊ မန်စီ ဘက်မှာ အကြိတ်အနယ် တိုက်ပွဲဝင်နေကြတဲ့အတွက် လတ်တလောကာလ ဆေးဝါးရိက္ခာ ထောက်ပို့အလုပ်တွေ ခက်ခဲနေသေးတယ်။ မြေပြင်မှာ မခိုမကပ် တိုက်ပွဲဝင်နေသလို လိုင်းပေါ်မှာလည်း မဆိုင်းမတွ တန်ပြန်တိုက်ခိုက်နေပါတယ်။ ဘာအခက်အခဲ ရှိရှိပါ။ ဘယ်နေရာမှာဖြစ်ဖြစ် “ငါ ဘာလုပ်ပေးလို့ရသလဲ” ပဲ စဉ်းစားပါတော့တယ်။
တကယ်ပြောတာပါ။ မြန်မြန်ပြီးချင်ပြီ။ ဘယ်ဘုရားမမ မ ချင်တဲ့ဘုရား အခုချက်ချင်း ကယ်မတော်မူပါ။ ကိုယ့်တစ်သက်မှာ ဆုတောင်းနဲ့ အဓိဌာန်ဝင်ပြီး ပုတီးစိတ်တာ ၃ ခါပဲ ရှိဖူးတယ်။ ဆယ်တန်းဖြေပြီးတော့ “ဆေးကျောင်းရောက်ပါစေ” ဆို တစ်ခါစိတ်တယ်။ တောထဲရောက်မှ အဓိဌာန်ဝင်တာ ၂ ခါ ရှိပြီ။ ဓါတ်မှန်စက်ကြီးပျက်သွားလို့ “ပြန်ကောင်းပါစေ။” ဆို စိတ်တာ ၂ ခါလုံး ပြန်ကောင်းတယ်။ “အမြဲတမ်း ဆုတောင်းပြည့်နေတာ သေချာလျက်သားနဲ့ ဒီတော်လှန်ရေးကြီး အပြီးသတ်အောင် ဘာလို့ဆုမတောင်းမိပါလိမ့်။” လို့ တွေးမိပြီး ဒီတစ်ခါတော့ “ဆယ်လမွန်ငါးတို့ အိမ်ပြန်ချိန်ပါ ဘုရား။” ဆို အစက ပြန်စိတ်နေတယ်။ ဘုရားကုပဲ ကုရကုရ။ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် ဘာဆုမတောင်းစရာ ရှိသလဲ။ “စိတ္တေန နိယတိ လောကော” တဲ့။ အလွန်ပြင်းပြသောဆန္ဒဖြင့် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ပါမည်။ အရေးတော်ပုံ အောင်ပါစေသားပေါ့။
ပချုပ်တန်းက စလိုက်တာ ဘယ့်နှယ်ကြောင့် ပုတီးစိတ်တဲ့ဆီ ရောက်သွားပါလိမ့်။ တစ်ယောက်ပြီးတစ်ယောက် ပြုတ်သွားတဲ့ ဗဟိုဘဏ်ဥက္ကဌကြီးတွေရော ဒေါ်လာဈေးကျအောင် ကိုးနဝင်း အဓိဌာန်တို့၊ ညောင်ဆယ်ပင် အဓိဌာန်တို့ ဝင်ကြည့်ပါလား။ မေမေစမိုင်းလည်း အဲ့ဒါတွေ လုပ်တယ်လေ။ အာ့လည်းပြီးရော ချမ်းသာသွားတာ မြင်တယ်မှလား။ ဝင်းဦးတို့ မြင့်မြင့်ခင်တို့ ဘယ်လိုပင် လျှမ်းလျှမ်းတောက်ခဲ့လည်း ခင်လေးဆွေကြီးလောက်တော့ အိုဇာတာမကောင်းခဲ့တာ အမှန်ပဲ။ သူက ကိုးနဝင်းစိတ်တာကိုးကွဲ့။ ဒါမှမဟုတ်လည်း လော်စပီကာအသေးလေး လက်ကကိုင်ပြီး ဒေါ်လာကို ကက်ကင်းရိုက်ဖို့ “ဒါ လော်၊ ဒါ လော်” ဆိုပြီး ဈေးထဲမှာ လျှောက် အော်ပါလား။ ကုန်ဈေးနှုန်းလေး ဘာလေး ကျသွားအောင်။ ရွှေဈေးကျဖို့အတွက် ရွှေဆိုင်အကြီးကြီးတွေကို ဆွဲစိဖို့ အချိန်ရောက်လာပြီနော်။ လုပ်တော့လေ လုပ်လိုက်တော့။ နင့်အလုပ် နင် လုပ်။ ငါ့အလုပ် ငါလုပ်။ (အန်ကယ့်လို လက်ဖမိုးလေး ငါးပြားငါးပြား ထုတ်ပြီး ဖတ်လိုက်နော်)
ဒေါ်လာဈေးတက်ရင် ကုန်ပစ္စည်းချင်း ဖလှယ်တဲ့စံနစ်ကို ပြန်သွားမယ်တဲ့။ အမေရိကန်တွေ လူလည်ကျတာတော့ မခံဘူး။ အင့် ရွှေလိုသလား၊ ကျောက်လိုသလား၊ မြစ်ဆုံလိုသလား၊ ရေနက်ဆိပ်ကမ်းလိုသလား။ ပိုက်ဆံမပေးနဲ့ အလကားယူသွား။ လေယာဉ်ဆီနဲ့ လက်နက်ပဲ ပြန်ပေး။ ဒီလိုလား။ ဒန်အိုးဒန်ခွက်တွေ ပဲလှော်နဲ့လဲတယ်ဆိုတဲ့ အထာပေါ့။ အေးလေ။ နန်နန်ဂျား ဘဏ်က သူ့ဒေါ်လာတွေကလည်း ထုတ်သုံးလို့မှ မရတော့တာ။ အိမ်ရှိတာ ချရောင်းရတော့မှာပေါ့။ ရောင်းလေ။ နင်တို့စစ်တပ်ပိိုင်တာ ဘာရှိသတုန်း။ အကုန်ရောင်းသွား။ နင်တို့မရောင်းလည်း ငါတို့လက်ထဲရောက်ရင် လေလံပစ်တော့မှာ။ ထိုင်းမှာ ထွန်းမင်းလတ်ဆီကသိမ်းသွားတဲ့ အောင်ပြည့်စုံတို့ ခင်သီရိသက်မွန်တို့ အကောင့်ထဲက ပက်ဆံတွေရော ပြန်ရပြီလား။ နောက်ဆို တပ်ပိုင်ဆိုတာလည်း မရှိတော့ဘူး။ စစ်ဗိုလ်စစ်သားပိုင်လည်း မရှိတော့ဘူး။ အကုန်သိမ်းခံရမှာ။ ရရာဈေးနဲ့ ရောင်းပြီးလစ်။ ပိုင်ရှင်နံမည်တွေ မြန်မြန်ပြောင်းကြတော့။ နင်တို့ခေတ် ကုန်ပြီ။ ပြေး ပြေး။ ငါတို့တိုင်းပြည် ကုန်ဈေးနှုန်းကျမယ့်နည်းက အဲ့ဒါကြီးတွေ အကုန်ဖျောပြီး ဆင်သတ် အရပ်ဝေမှ ရမယ်။ ပြည်သူပိုင်သိမ်းကြမယ်လေ။ အေဒီလမ်းမှာ လော်စပီကာကြီးနဲ့ စိုင်းဆိုင်မောဝ်သီချင်း ဖွင့်ပြီးကို သိမ်းမှာ။ “မောင်ပေးတဲ့ အကြွေးပြန်ဆပ်ခဲ့ပါ။” လို့။ အေး။ မလုပ်ဘူးလို့တော့ မထင်နဲ့။ ညစ်နေတာ ကြာပြီနော်။ “ဆန်တစ်ပြည် ၁၆ ကျပ် စိန်လွင့်ခေါင်းကိုဖြတ်” ဆိုတဲ့ ခေတ်ကတည်းက အောင်းထားတဲ့ ဒေါသတွေကို ဘယ်လိုမျက်ရည်ခံထိုးမလဲ စဉ်းစားထား။ စိတ်ရှိလက်ရှိသာဆို စိစိညက်ညက်ကို ကျေသွားမှာပဲ။ နင်တို့ကို ကြည်လဲ့လဲ့ဦးအထောင်းဆိုင် ပို့ပစ်မယ် သိလား။