ည ၁၁ နာရီလောက်ကြီး လေယာဉ်လာသံကြားရတယ်။ အပေါ်မှာ ဝဲနေတုန်းပဲ။ ပေါက်ကွဲတဲ့အသံတော့ မကြားရ။ မိုးတွေအုံ့ပြီး တိမ်တွေဖုံးနေသေးတာကိုး။ လေယာဉ်သံပျောက်သွားပြီး တအောင့်လောက်ကြာမှ မိုးတွေရွာလာတယ်။ ကြောက်စရာတော့ မရှိပါဘူး။ ရိုးသွားပြီ။ ၃ နှစ်လုံးလုံး ဒီလိုပဲ နေလာတဲ့ဥစ္စာ။ တခါတခါတော့လည်း ရွှီ ဆို အုန်းကနဲ ဒိုင်းကနဲ ကြားတဲ့အခါ ကြားတယ်။ လေယာဉ်မလာပဲ လက်နက်ကြီးသံပဲ ကြားတဲ့အခါလည်း ကြားတာပဲ။ စစ်ဖြစ်နေတဲ့အရပ်မှာ ဒါတွေ မထူးဆန်းဘူး။ ဒဏ်ရာရတဲ့လူနာတွေ ရောက်ချင်ရောက်လာလိမ့်မယ်။ “ရောက်လာချိန်မှာတော့ အဆင်သင့်ဖြစ်အောင် အမြဲတမ်းပဲ ခင်းကျင်းထားပါတယ်။” ပေါ့။ ရွာထဲဝင်စီး၊ ပစ္စည်းယူ၊ လူသတ်၊ မီးရှို့တာလား။ ကြုံဖူးပါတယ်။ ကြုံဖူးပါတယ်။ တစ်ခါနှစ်ခါမှ မဟုတ်တာ။ ဒီတစ်နေရာတည်းမှာလည်း မဟုတ်ဘူးလေ။ သုံးနှစ်တောင်ရှိပါပြီ ဆိုမှပဲ။ တချို့ဆို ပြန်စရာအိမ် မရှိတော့ဘူး။ တချို့ကတော့ ပြန်လာမယ်လို့ မျှော်နေတဲ့လူ မရှိတော့တာ။ တချို့ကလေးတွေကတော့ ဘိနပ်တစ်ဘက်ပဲ စီးစရာ လိုတော့တယ်။ ဟိုနေ့ကခွဲပေးတဲ့ကောင်လေးဆို လက်နှစ်ဘက်စလုံး မရှိတော့တာ ခုမှသတိရလို့ ဆေးရုံကကလေးတွေကို မျက်နှာသစ်တာ သွားတိုက်တာ၊ အစာခွံ့ကျွေးတာ မမေ့မလျော့ လုပ်ပေးဖို့ မှာရတယ်။ ဆေးရုံကဆင်းရင် ဘယ်သူများ လုပ်ပေးမှာပါလိမ့်။ ခြေတစ်ဘက်ကလည်း ကျိုးထားသေးတာ။ အသက်ကို ကယ်လိုက်နိုင်ပေမယ့် ဒုက္ခတွေ တပုံကြီး ပေးမိပြီ။ အဲ့လိုလူနာမျိုးတွေလည်း ကြုံဖူးပေါင်း မနည်းတော့ပါဘူးလေ။
ဒါတွေ ဘယ်သူက အထူးအဆန်း လုပ်နေလို့လဲ။ ၂၀၂၁-၂၀၂၄ ပြည်တွင်းနေ မြန်မာပြည်သားအားလုံး ရင်းနှီး ယဉ်ပါးသွားတဲ့ အကြောင်းအရာတွေ။ မယုံရင် သတင်းစာတစ်ထပ်ကြီး လက်မှာပွေ့ပြီး “သတင်းထူးတွေ၊ သတင်းထူးတွေ။ လေယာဉ်ပျံကြီးနဲ့ ဗုံးလာကျဲသွားပြီ။ တစ်ရွာလုံးကို မီးရှို့ သတ်ပလိုက်ပြီ။ ရွာသားတွေကို ဖမ်းခေါ်သွားပြီ။” လို့ လိုက်အော်ရောင်းကြည့်။ သတင်းက မထူးပဲ ရောင်းတဲ့သူသာ အထူးတဆန်းကြီး ဖြစ်နေလိမ့်မယ်။ သူက မနေ့ကမှ နန်နန်ဂျားက ပြန်လာလို့ ဒီလိုအဖြစ်တွေကို မသိတာလား။ ပူတာအိုကနေ ကော့သောင်းအထိပတ်ပတ်၊ ဘူးသီးတောင်ကနေ တာချီလိတ်အထိပတ်ပတ်။ ဒီသတင်းမျိုးကြားလို့ အဲ့ဒါ ဘယ်သူ့လက်ချက်လဲ လို့ မေးမယ့်သူ မရှိဘူး။ အကုန်လုံးသိတယ်။ စကစ က လုပ်တာ။ “ဟုတ်လို့လား။ သက်သေပြ။ KNU က လုပ်တာ မဖြစ်နိုင်ဘူးလား။ KIA က လုပ်တာ မဖြစ်နိုင်ဘူးလား။ K3C က၊ AA က လုပ်တာလည်း ဖြစ်နိုင်သေးတာပဲ။ သက်သေမရှိပဲ တစ်ဘက်သတ် မစွပ်စွဲပါနဲ့။” လို့ ပြောလာရင်လည်း မအံ့ဩပါနဲ့။ ဒီအပြောမျိုးတွေလည်း ရိုးနေပါပြီ။ ဇော်မဲလုံးဆီ သွားမေးလေ။ တစ်လုံးမှ မလွဲစေရဘူး။ ၃ နှစ်ဗျ။ ၃ နှစ်။ မနေ့တနေ့ကမှ ဒီလူတွေနဲ့ နေလာတာ မဟုတ်ဘူး။ ခေါင်းထဲမှာ အမှတ်သညာ ရှိတဲ့သူတွေအတွက် မေ့လောက်စရာ အကြောင်းအရာ မဟုတ်ဘူး။
“နင် မဟုတ်တာ မပြောနဲ့။ ငါတို့ဆီမှာ သက်သေရှိတယ်။ ဒီမှာကြည့်စမ်း။ ဂြိုလ်တုက ရိုက်ထားတဲ့ ဓါတ်ပုံတွေ။ ဒီမှာ လာနားထောင်ကြည့်။ ရွာသားတစ်ယောက်နဲ့ အင်တာဗျူးထားတာ။”
အေး။ အဲ့တော့ ငါပြောတာကမှ အမှန် လို့ ပြောချင်တာလား။ ပညာတတ်ကြီးတွေဆိုတော့ ၂ ဘက်စကား ကြားနာပြီးမှ ဆုံးဖြတ်ချင်တာလား။ သူ့လည်း ဘယ်သူကမှ ခုံသမာဓိ မြှောက်မထားပဲနဲ့ အတင်းကြီး ဖျာဝင်ခင်းနေတယ်။ သိပ်သိတယ် သိပ်တတ်တယ်ပေါ့။ ဟုတ်စ။ ကောင်းပြီလေ။ ကလယ်ရစ်ဆာ လာတုန်းကလည်း လီလီနိုင်ကျော် ကို အင်တာဗျူးခိုင်းသေးတာပဲ။ ဟိုကလည်း ငိုငိုပြီးတော့ကို တိုင်တာ။ “သမီးကိုလေ သမီးကို သမီးကို” နဲ့။
ကိုင်း အခု လီလီနိုင်ကျော် သူပြောတဲ့အတိုင်း အသတ်ခံရပြီလေ။ သူအမှန်တွေ ပြောနေတာ။ PDF တွေက အကြမ်းဖက်သမား။ တွေ့လား တွေ့လား။ တွေ့ပ တွေ့ပ။ တွေ့တယ်လေ။ နင်တွေ့တာ လီလီနိုင်ကျော်တစ်ယောက်ကိုပဲတွေ့တာ။ တတိုင်းလုံးတပြည်လုံးက လူတွေသိန်းသောင်းချီပြီး အသတ်ခံရတုန်းက နင့် သောက်လုံးကြီးက ကန်းနေတာကိုး။ တိုင်းရင်းသား ၁၃၅ မျိုး အသတ်ခံရတုန်းက မသိသလို မဆိုင်သလိုလေးနေပြီး ဟိုတစ်မျိုးထိတော့မှ လူ့အခွင့်အရေး ထအော်တာ ကျန်တာတွေက တိရိစ္ဆာန် ထင်လို့လား။ တော်စမ်းပါ။
အသတ်ခံရတာလည်း ငါတို့။ ဘဝတွေ အသစ်ပြန်စရတာလည်း ငါတို့။ ဆင်းရဲဒုက္ခတွေကြားမှာ ကြံ့ကြံ့ခံလာရတာလည်း ငါတို့။ ငါတို့ကို ဘယ်သူမှ မကူဘူး မကယ်ဘူး။ ကြားကဝင်ပြီး မတားဘူး မဆွဲဘူး။ နောက်ကွယ်က တုတ်ရောင်းဓါးရောင်း ရောင်းမယ့်သူပဲ ရှိတယ်။ အခု ကိုယ့်အသက် ကိုယ့်ဘာသာ ကာကွယ်ရတဲ့အချိန်ကျမှ အကြမ်းဖက်သလေး ဘာလေး ရွှေပြည်အေး တရားလာဟောလို့ ရမလား။ ခုချိန်ထိလည်း အကြမ်းဖက်တာ ဟိုဘက်ကကောင်တွေပဲ ရှိတယ်။ အခု ၁၂ နာရီ ၄၀ မှာ လေယာဉ်နောက်တစ်ကျော့ ပြန်လာလို့ ရေးလက်စစာတောင် သုံးပိုဒ်ပဲ ရောက်သေးတယ်။ ဘယ်တိုင်းရင်းသားတွေမှာမှ လေယာဉ်မပိုင်ဘူး။ သူတို့ကသာ လေယာဉ်နဲ့ လာလာပစ်နေလို့ ငှက်ပစ်တံနဲ့ ပြန်တွယ်တဲ့အခါ “လေယာဉ်တွေကို မပစ်ပါနဲ့။ တိုင်းပြည်ဘဏ္ဍာနဲ့ ဝယ်ထားရတဲ့ဟာတွေပါ။” တဲ့။ ပြောလည်းပြောထွက်တဲ့ ပါးစပ်။ ဒီလူတွေနဲ့ ဘယ်တရားရုံးမှတက်ပြီး ချေပလျှောက်လဲစရာ မလိုဘူး။ ခုံသမာဓိ၊ တရားသူကြီးများလည်း မလိုအပ်ဘူး။ ဘယ်ဘုရားသခင်မှ ဒဏ်ခတ်မပေးရင် ကိုယ့်ဘာသာ ဒဏ်ခတ်မယ်။ တုတ်ကျိုးအောင်ရိုက်ပြီးလို့မှ မြွေမသေသေးရင် အဲ့ဒီမြွေ ဘာလုပ်မလဲ စဉ်းစားကြည့်။
မြစ်ကြီးနားက အစိုးရဝန်ထမ်းတွေတောင် တိမ်းဖို့ရှောင်ဖို့ အထုပ်ပြင်ခိုင်းထားပြီးမှ “တာကောရေ။ မြစ်ဆုံပရောဂျက် ပြန်စရအောင်လေ။” ဆို ကော်မတီဖွဲ့ပြတော့ ငါ့မယ် ရယ််လိုက်ရတာလေ။ ဓါးပြရှေ့ရောက်ကာမှ ဘေးကသူငယ်ချင်းဆီ “ဟေ့ကောင် ရော့။ မင့်အကြွေး ငါပြန်ဆပ်ပြီ။” ဆို အိပ်ထဲပါတာ ထိုးပေးသလိုကြီး။ ထောင်ကဲရေ။ သူခိုးဆီက စိန်ဝယ်ပြီး GIA certificate တောင်းချင်လို့ မရဘူးနော်။ ရဲရှေ့ရောက်ရင် ပစ္စည်းလည်းသိမ်း လူလည်း အမှုတွဲမှာ။ မင်းပိုင်မား။ ကထင်းကျုံး။ ဒါနဲ့များ ၂၀၂၅ မှာ ရွေးကောက်ပွဲလုပ်ဦးမလို့တဲ့။ ဟာသတွေဖြစ်လို့။ နေပြည်တော်ကောင်စီလေးပဲ လူပြည့်အောင် ဝင်အရွေးခံပါဦး။
ဒီအယုတ်တမာတွေနဲ့ ၃ နှစ်တောင် ကြာခဲ့ပြီ။ သေရင်လည်း သေပါစေတော့။ သူတို့အောက်တော့ ဆက်မနေချင်တော့ဘူး။ သူ့ဘာသာ နိုင်ငံခြားထွက် အလုပ်လုပ်နေတဲ့သူတွေတောင် ပတ်စပို့သက်တမ်းတိုးမပေးရတာနဲ့။ အခွန်တွေအခတွေ မတရားကောက်ရတာနဲ့။ ပြည်တွင်းကလူဆိုရင်တော့ ပြောမနေနဲ့။ လူတွေက အကုန်ညစ်နေပြီနော်။ မပြောမရှိနဲ့။ သေမထူး နေမထူးတွေ ညစ်တွန်းတွန်းရင် ဘယ်လောက်ကြောက်စရာကောင်းလဲ သိရစေ့မယ်။ ဒီကောင်တွေ ကြောက်လည်းကြောက်နေပါပြီ။ သူတို့ဘက်ကလူတွေ တိုက်ပွဲမှာ ဒဏ်ရာရလို့ မကောက်နိုင် မကယ်နိုင်ရင် ဘာလုပ် သလဲ သိလား။ ဒီဘက်ကလူတွေ စစ်ကြောရေးဝင်မှာ ကြောက်လို့ သူတို့ကိုယ်တိုင် ပစ်သတ်သွားသတဲ့။ Well done သားရီး။ Good job. မင်းလုပ်တာ မှန်တယ်။ နို့မို့ဆို ငါတို့က ထမင်းကျွေး ဆေးကုနေရဦးမှာ။ ဒီဘက်မှာ ဆန်တွေက ဈေးကြီးတယ်ဟ။ မင်းတို့ပဲ ပိတ်ထားတဲ့ဥစ္စာ။ ကိုယ့်ဆေးရုံက ကြက်တောင် ကိုယ်ချက်မစားရက်တဲ့ ငါတို့အတွက် အာပတ်လွတ်အောင် ကပ္ပိပေးတော့ ငါတို့လည်း ငရံမကြီးတော့ဘူး။ မင်းတို့လည်း ကိုယ့်စားရိတ်နဲ့ကိုယ်ပဲ။ ဟန်ကျသကွာ။
ဒီကောင်တွေ အာဏာစသိမ်းကတည်းက အခုဆို ၃ နှစ်တောင်ကြာလာပြီ။ ကိုယ့်မှာ အလုပ်မလုပ်ပဲ ဟောလီးဒေးတွေ ပိတ်ရက်တွေ ယူနေတဲ့ရက်ကို မရှိပါဘူး။ နေ့လည်းလုပ်တယ်။ ညလည်း လုပ်တယ်။ ဘယ်သူကမှ မခိုင်းလည်း၊ ဘယ်သူ့ဆီကမှ လုပ်ခလစာ မရလည်း အားကျိုးမာန်တက် လုပ်နေတာ ကိုယ့်မျက်စိရှေ့မှာမြင်နေရတဲ့၊ ကိုယ်နဲ့အတူ စစ်ဒဏ်ခံနေရတဲ့ အရပ်သားပြည်သူတွေကို အချင်းချင်းစောင့်ရှောက်နိုင်ဖို့။ အဲ့ဒီကထက်ပိုရင် ဒုက္ခအားလုံးရဲ့ အကြောင်းရင်းခံ စကစ ကို တွန်းလှန်တိုက်ထုတ်ဖို့။ ရေးသမျှစာတိုင်းကို ဘာ့ကြောင့်၊ ဘာ့အတွက်၊ ဘာကိုရည်ရွယ်လို့ ရေးတယ်ဆိုတာ ပြတ်ပြတ်သားသား သိတယ်။ ဟိုလူ ဘာလုပ်နေသလဲ၊ ဟိုအမကြီး ဘာမှ မလုပ်ဘူးလား။ ဟိုကြည့်သည်ကြည့် ကြေးနှိုင်း တွက်ကပ်စရာ အချိန်လည်း မရှိဘူး။ သူများတွေ လုပ်ချင်လုပ်၊ မလုပ်ချင်နေ။ ကိုယ်ကတော့ အချိန်ချည့်ပဲ ပေးထားရတာ မဟုတ်ဘူး။ အသက်ရော ဘဝရော ပေးထားရတာမို့ ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ရတယ်။ အဖြေထွက်အောင် အဖြစ်ရှိအောင် လုပ်ရတယ်။ ကဗျာရွတ်ပြီး ပြဇာတ်ကနေတာ မဟုတ်ဘူး။ သူများတွေကို အန်တာတိန်းပြီး ကိုယ့်နံမည်လေး လူမှတ်မိအောင် မလုပ်ချင်ပါဘူး။ စစ်တိုက်နေတာ။ စစ်နိုင်ချင်တယ်။ စစ်ရှုံးမယ့် သောက်ကျင့်တွေကို ရှောင်တယ်။ စစ်ညောင်းအောင် အာရုံလွှဲမယ့် အလံရှူးတွေကို အားမပေးဘူး။ သေနတ်သံ၊ ဗုံးသံကြားထဲ ထွက်မပြေးပဲ ဆေးကုနေတာ။ လက်ခုပ်သံ မလိုချင်ပါဘူး။ ဇာတ်ကနေတာမှ မဟုတ်ပဲ။ ဘယ်သူမှ လာမသနားနဲ့။ စိုးလည်း မစိုးရိမ်နဲ့။ ရှုံ့ချပြစ်တင်တာ၊ ဖျန်ဖြေဖျောင်းဖျတာ၊ လေထဲမှာ လမ်းဆုံးတယ်။ ဘာရလပ်မှလည်း မထွက်ဘူး။ အလကား သောက်ပိုတွေ။
ကိုယ်က Iron Man လည်း မဟုတ်။ Spider Man လည်း မဟုတ်။ ကိုယ့်မှာလည်း ဒဏ်ရာဒဏ်ချက်တွေ ရှိပါတယ်။ သူများတွေကို မနာမကျင်အောင် မေ့ဆေးထုံဆေး ပေးနေသော်ငြားလည်း ကိုယ်ကိုယ်တိုင်က နာတတ်ကြင်တတ် ခံစားတတ်တယ်။ ဒါပေမယ့် ဒီကာလမှာ ကိုယ့်ကိုယ်ကိုယ် လှစ်လျူရှုထားတယ်။ သေကာမှ သေရော။ သေတော့လည်း လွတ်မြောက်ရတာပေါ့။ မသေမချင်းတော့ ဆက်တိုက်ဦးမှာ။ ဘယ်သူတွေ ဘာပြောပြော။ ဘယ်ပေတံနဲ့မှ လာမတိုင်းနဲ့။ ဘာစည်းမျဉ်းမှ လာမကန့်သတ်နဲ့။ ဘယ်သူ့ဖိအားမှလည်း ဂရုမစိုက်နိုင်ဘူး။ ငါတို့နိုင်ချင်ပြီ။ ပင်ပန်းလှပြီ။ မကူနိုင်ရင် ဖယ်လိုက်တော့။ ဆရာလာမလုပ်နဲ့။ ဆရာတွေများလွန်းလို့ ထားစရာတောင်နေရာ မရှိတော့ဘူး။ ဂေါတော့ပလ္လင်လို သင်ပုတ်ခုံပေါ် အကုန်တင်ပြီး ထိုင်ရှိခိုးပစ်လိုက်ရ မကောင်းပဲ နေမယ်။
အခု ရေးနေတာ စာတစ်ပုဒ် မဆုံးသေးဘူး။ ဒီမနက် လေယာဉ်လာလို့ ကျင်းထဲဆင်းရပြန်ပြီ။ ကြားဝင်ချင် ဖျန်ဖြေချင်တယ်ဆိုလည်း အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှု ရပ်သွားအောင် အဖြစ်ရှိရှိ ရပ်ပေး၊ တားပေးလေ။ ၃ နှစ်ရှိပြီ။ မူဝါဒ ၅ ချက်၊ ဘယ်တစ်ချက်ကို လိုက်နာလို့ သူတို့နဲ့ဆက်ဆွေးနွေးချင်နေရတာတုန်း။ ယူတို့ကလည်း လေတွေပါ။ ရေမပါတဲ့မိုး။ အရှေ့တီမောလောက် ပြတ်ပြတ်သားသား ဆန့်ကျင်ရဲရင် တစ်နှစ်တောင် မကြာလောက်ဘူး။ တော်ပြီကွာ။ ဘယ်သူနဲ့ပြောပြော ပြောရတာလေကုန်တယ်။ အလုပ်လုပ်ပြလိုက်ရင် အဖြေထွက်လာမှာပဲ။ လေတိုက်တိုင်း ဥအုရအောင် ဝေသာလီဗျိုင်းမှ မဟုတ်တာ။ ဘဝစေရာ တာဝန် ကျေပွန်ဆောင်ရွက်ခဲ့သူမို့ ရေစုန်ကို ဆန်ကာပြန်ခဲ့ပြီ။ မိုးဦးရေဆန် မိုးဦးရေဆန်။ ဆယ်လမွန်ငါးတို့အပြန်။