ချန်ဂင်တို့စခန်း (၂၆၃)

ဒီလိုနဲ့ပဲ စစ်ပွဲတွေတစ်ခါ ရောက်လို့လာပြန်ပါပေါ့လေ။ ကိုယ်တို့တွေလည်း လုံခြုံရာ တစ်ခါထပ်ရွှေ့ရပြန်တာပေါ့။ လူလာရင် လှစ်ကနဲ လှစ်ကနဲ ပြေးတဲ့ တောရိုင်းသတ္တဝါလေးတွေလိုပဲ ကိုယ်တို့လည်း စစ်လာရင် ဖြတ်ကနဲဖြတ်ကနဲ ဘေးလွတ်ရာရှောင်ရင်း ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြတာပေါ့ကွယ်။ ဒီလိုလုပ်နိုင်ကိုင်နိုင်အောင်ပဲ ပြုပြင်ဖွဲ့စည်းထားရတာ မဟုတ်လား။ ဆေးရုံကို ဆေးရုံလိုဆောက်ပြီး ဆရာဝန်လို ဆေးကုနေရင် စစ်သားတွေက စစ်သားပီပီ ဗုံးလာကျဲမှာပေါ့။ ကံချည့်ပဲ ကောင်းနေတာ မဟုတ်ဘူး။ ဉာဏ်လည်းကောင်းလို့ အသက်ရှင်နေသေးတာ။ ကိုယ်တို့အဖွဲ့သားတွေအားလုံး လုံခြုံတယ်။ ဘေးကင်းတယ်။ ကိုယ့်အလုပ်ကိုယ် တက်တက်ကြွကြွ လုပ်နိုင်ကိုင်နိုင်တယ်။ ကြိုက်တဲ့အချိန် လူနာလာပစေ။ အဆင်သင့်ပဲ။ စစ်သားတွေ ရှေ့တန်းမှာ နေရာယူသလိုမျိုးပဲ ကိုယ်တို့လည်း တောထဲမှာ ဖြန့်ကျက်နေရာယူထားတယ်။ စစ်မိစ္ဆာတွေကို ရင်ဆိုင်တဲ့တိုက်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ရတာပေါ့။

အခုတစ်ခေါက် ဖြစ်တဲ့တိုက်ပွဲကတော့ ဆယ်ဇင်းတစ်ဘက်ကမ်း၊ မန်စိမ်းချောင်းဟိုဘက်၊ ဟုမ္မလင်းနယ်ထဲက SNA တပ်တွေနဲ့ စကစတပ်ရင်းလက်ကျန်တွေကို သွားရှင်းရတာပါ။ ဆယ်ဇင်းမှာ ရဲစခန်းရော စစ်တပ်ကုန်းရော သိမ်းပြီးပြီ။ စကစ အုပ်ချုပ်ရေးတွေ မရှိတော့ဘူး။ ဒါပေမယ့် ရွာသားတွေ ပြန်ဝင်ပြီး KIO အုပ်ချုပ်ရေးတွေ မစရသေးဘူး။ အဲ့ဒီဘက်ကကောင်တွေက ဒရုန်းနဲ့ လာလာဗုံးကျဲနေလို့။ အဲ့လို ဗုံးကျဲနိုင်ဖို့လည်း ဒီဘက်က ဘယ်နေရာမှာ ဘယ်သူတွေ ဘာလုပ်နေကြတယ် ဆိုပြီး အချိန်နေရာ အတိအကျနဲ့ သတင်းပြန်ပေးနိုင်စရာ ဒလန်တွေ ခြေချင်းလိမ်နေကြတယ်။ အဲ့ဒီတော့ ဒလန်မွှေတာ၊ ဒလန်ရှင်းတာ၊ ဒလန်စစ်ကြောရေးဝင်တာနဲ့ တိုင်ပတ်ပြီး မိုးကြိုးတွေပစ်နေတယ်။ လေယာဉ်တွေကလည်း လာနေတုန်းလေ။ အဲ့ဒါကြောင့် SNA တွေကို နောက်ဆုတ်ရမယ့်ဘောက်ချာ လို့ သဘောမထားနိုင်ပဲ လောလောဆယ် အတိုးလေးဘာလေး သတ်ထားမှ ဖင်ငြိမ်ငြိမ် အထိုင်ကျမယ့် သဘောရှိတယ်။ ကိုယ်တို့ဆေးရုံလည်း ဒလန်ကြောက်ရတာပဲလေ။ SNA စစ်သားတွေရဲ့ မိန်းမတွေ၊ ဆွေမျိုးတွေ ဆေးလာလာကုနေတာ ပြတ်တယ်လို့မှ မရှိတာ။ ကိုယ်က ဆရာဝန်မို့ ဆရာဝန် နဲ့ လူနာ၊ နှစ်မျိုးတည်းသာ ခေါင်းထဲမှာထားပေမယ့် လူနာက လူကောင်းပြန်ဖြစ်သွားတဲ့အခါ သူ့စိတ်ထဲ ဘယ်လိုသဘောထားမယ် ကိုယ်သိနိုင်တာ မဟုတ်ဘူး။ ဂရုဏာဒေါသောနဲ့ ပြောလိုက်ဆိုလိုက်မိတဲ့သူက SNA ဘက်ကဖြစ်နေရင် သူ့မို့လို့ တမင်ပြောတယ် ဖြစ်ဦးမှာ။ ဒီလိုနေရာမျိုးမှာ အနေအထိုင် အပြောအဆို မတတ်ရင် ဘယ်သူ့လက်ချက်နဲ့ ဘဝကူးသွားမှန်းတောင် မသိလိုက်ရဘူး။

တရပ်တကျေး အဝေးကလာပြီး သူများနယ်မှာ အထိုင်ချရင် အရင်ဦးဆုံး အကဲခတ်ခံရတာက “ဒီကောင် ဘာကောင်တုန်း။ ဘယ်ကကောင်တုန်း။ ဒီမှာ ဘာလုပ်မလို့တုန်း။ ဘာဖြစ်ချင်နေတာတုန်း။” ပေါ့။ ပါးစပ်နဲ့ပြောလို့ ဘယ်သူမှ မယုံဘူး။ ရွာရောက်စကဆို သွားနှုတ်ပြတာ အဆင်ပြေမှ သွားလူနာလာပြတာ။ ကလေးချောချောမောမော မွေးပြနိုင်မှ မွေးလူနာတွေ ရောက်လာတာ။ ကိုယ့်အသက်ကြီးရင်းပြီး တစ်ကိုယ်လုံးသိမ်းကြုံး လိုရာသုံးသက်ဝေ ဆို ဓါးအတင်ခံနိုင်ဖို့ လက်စွမ်းတွေ ပြခဲ့ရတာ အများကြီး။ တောထဲမှာဆိုပြီး ဂျင်းလာမထည့်နဲ့။ သူတို့က မိတ်သလင်ရော နံနွင်းတက်ပါ ပြလိုက်လိမ့်မယ်။ “ဒီဆရာဝန် စိတ်ချရတယ်၊ ယုံတယ်၊ ဆရာ့ဆီ လူနာ အပ်ပါတယ်။” ဒီဟာက ပုံမှန်အခြေအနေအတွက်ပဲ အကျုံးဝင်တယ်။ စစ်ပွဲကာလမှာ နောက်တစ်မျိုး စဉ်းစားတယ်။ ဒီဆရာဝန်က ဘယ်ဘက်က ဆရာဝန်လဲတဲ့။

အဲ့ဒါကြောင့် ကိုယ်က ကိုယ့်ရဲ့ရပ်တည်ချက်ကို အငြင်းပွါးဖွယ် မရှိအောင် ပွင့်လင်းမြင်သာစွာ ချပြရတယ်။ ကိုယ်က CDM ဆရာဝန်။ အဲ့ဒီတစ်ချက်တည်းနဲ့တင် ကိုယ့်ကို စကစဘက်ကလူတွေက ဖမ်းလို့လည်းရတယ်။ သတ်လို့လည်းရတယ်။ ပိုင်ဆိုင်မှုတွေသိမ်းလို့လည်း ရတယ်။ မိသားစုဆွေမျိုးတွေကို ခြိမ်းခြောက်အကြပ်ကိုင်လို့လည်း ရတယ်။ အဲ့ဒါကြောင့် သူတို့နဲ့ လက်လှမ်းမီရာ အရပ်မှာ မနေပဲ လွတ်ရာကျွတ်ရာမှာ လာဆေးကုနေတာ။ ဆယ်ဇင်းရောက်ကာစက စခန်းမှူးကြီးတို့ ညီလေးဗိုလ်ကြီးတို့က “ဒေါက်တာ လာပါ။ အတူတူသောက်ရအောင်။” ခေါ်လည်း ကိုယ့်မှာ “မနောက်ပါနဲ့ ဦးလေးရယ်” ဆို ထထပြန်ရတာ။ မခေါ်နိုင် မပြောနိုင်တာ မဟုတ်ဘူး။ မျိုးမတူ ဇာတ်ခြားလို့ တစ်သားတည်း မဖြစ်တာ။ ဆယ်ဇင်းမှာ ကိုဗစ်စင်တာဖွင့်တာက မပူရဘူး။ ကိုယ့်ရဲ့လုံခြုံရေးကို ရပ်ရွာက တာဝန်ယူတယ်။ ကိုယ့်ဘာကိုယ် ဆေးရုံထောင်တဲ့အခါ အရေးကြီးဆုံးက “ကိုယ့်ကို ဘယ်သူကာကွယ်ပေးမှာလဲ။” ဆိုတာ စဉ်းစားရတာ။ ပြတ်ပြတ်သားသားပဲ။ KIA/KIO အောက်ကို ခိုလှုံလိုက်တယ်။ သူတို့ အစောင့်အရှောက်နဲ့ နေတယ်။ ကျွန်တော် ဒီမှာ ဆေးရုံဖွင့်ပြီး ဆေးကုမယ်။ ကျွန်တော့် လုံခြုံရေးကို စောင့်ရှောက်ပေး။ ဒီအတိုင်းပဲ ပြောတယ်။ အပိုမပါဘူး။

အဲ့ဒါဆိုရင် ကချင်ဘက်ကို ပင်းလိုက်တာပေါ့။ ရှမ်းနီတွေကိုရော ဘယ်လိုသဘောထားလဲ။ ရန်သူလား မိတ်ဆွေလား။ အဲ့ဒါကတော့ SNA တွေ ကိုယ့်ဘာသာ ပြန်မေးရမယ့် အဖြေ ဖြစ်ပါတယ်။ ကိုယ်နေတဲ့အရပ်ဟာ ရှမ်းတွေရဲ့ ဇာတိရပ်ရွာဖြစ်တယ်။ ရွာစောင့်နတ်တွေ နတ်တင်ရင်တောင် ရှမ်းလိုပြောပြီး ပင့်ရတယ်။ ရာဇဝင် သမိုင်းကြောင်းမှာလည်း ရှမ်းမင်း၊ ရှမ်းစော်ဘွားတွေ အုပ်စိုးတယ်။ သို့သော် မြန်မာပြည် မြေပုံပေါ်မှာ ရှမ်းနီပြည်နယ် လို့ သတ်မှတ်ထားတာ မရှိဘူး။ ဖက်ဒရယ်အစိုးရတက်ရင်လည်း ကချင်ပြည်နယ်အစိုးရလက်အောက်မှာပဲ ရှိဦးမှာ။ ရှမ်းနီပြည်နယ် လိုချင်ရင် လွှတ်တော်မှာတောင်းရမှာ။ မင်းအောင်လှိုင်ပေးလို့မရဘူး။ ဗိုလ်ချုပ်ဂွမ်မော် ပေးလို့ မရဘူး။ ဒီအချင်းအရာ နဲ့ ခုနေခါ စစ်ဖြစ်လည်းပဲ လူတွေသာသေမယ်။ အဖြေမထွက်ဘူး။ SNA အနေနဲ့ ရှမ်းနီဒေသကို လိုချင်တယ် ဆိုလို့ရှိရင် စကစ ကို အရင်တိုက်ရမှာ။ သူနဲ့တွဲပြီး သီးခြားပြည်နယ်ရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီလူတွေက ဘောက်ချာ မှားဆုတ်မိတာ။

ဒါပေမယ့်လည်း နိုင်ငံရေးဆိုတာ အဲ့လောက် မရိုးရှင်းပါဘူး။ ကိစ္စဝိစ္စတိုင်းမှာ မာယာတွေ ရှိတယ်။ hidden agenda လို့ ပြောရမှာပေါ့။ ရှမ်းနီဒေသမှာ SNA ဆိုပြီး လက်နက်ကိုင်တပ်ဖွဲ့ပေါ်ပေါက်လာဖို့ ဗိုလ်ချုပ်သာအေး စစ်ကိုင်းတိုင်းမှူး လုပ်တုန်းက လက်နက်ရော ငွေကြေးရော အမြောက်အများနဲ့ မတည်ပေးသွားတာ။ ရည်ရွယ်ချက်ကတော့ KIA ကို ပြန်ထောက်ထားဖို့။ ခေါင်းစဉ်တပ်တာတော့ အမျိုးဘာသာ သာသနာ နဲ့ ခေါင်းစဉ်တပ်ပါတယ်။ ရှမ်းတွေက ဗုဒ္ဓဘာသာ၊ ကချင်တွေက ခရစ်ယာန်ဘာသာ ကိုးကွယ်ကြလို့။ ဦးသိန်းစိန်လက်ထက်ကျတော့ ရှမ်းဘုန်းကြီးကျောင်းတွေမှာ without တွေ သာ/ယဉ် လုပ်ပေးပြီး အကုန်လုံးကို မဘသသာသနံ စိရံတိဌတု ဆိုင်းဘုတ်တင်သွားတယ်။ ဒီက ဘုန်းကြီးတွေအားလုံး ဝီရသူ၊ ဝါသဝ မဟုတ်ကြပေမယ့် ကျောင်းမှာတော့ အဲ့ဒီဆိုင်းဘုတ်တွေ ရှိတယ်။ မတတ်နိုင်ဘူးလေ။ ကြံ့ဖွံ့က သမ္မတကြီးဖြစ်နေတဲ့ကာလမှာ တကာတော်ရေမြေ့ရှင် ထုံးသင်္ကန်းကပ်သွားလည်း ကျောင်းဖြူဖြူကလေး ထိုင်ရမှာပဲ။ ဘာသာရေးနဲ့ မှိုင်းတိုက်ပြီး သွေးခွဲတယ်ဆိုတာ DKBA နဲ့မှ ရှိတာကျလို့။

ကိုယ့်အနေနဲ့ SNA တွေကို ဘယ်လိုသဘောထားသလဲ မေးရမှာ မဟုတ်ဘူး။ SNA တွေက ကိုယ့်အပေါ် ဘယ်လိုသဘောထားသလဲပဲ မေးရမှာ။ ရှမ်းနီဒေသမှာ ဆေးလာကုနေတဲ့ ကိုယ့်အတွက် ရှမ်းနီလူနာ နဲ့ ကချင်လူနာ ဘယ်ဒင်းက များတယ်ဆိုတာ မေးစရာလိုတဲ့ ကိစ္စ မဟုတ်ဘူး။ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ကိုယ့်အဖို့ကတော့ လူနာကို လူနာလို့ပဲ သဘောထားတယ်။ အဲ့ဒါကြောင့် SNA စစ်သားမကလို့ စကစစစ်သားဖြစ်နေရင်တောင် ကိုယ့်ဆေးရုံကို လူနာအနေနဲ့ ရောက်လာရင် အဲ့ဒါ လူနာပါပဲ။ ကျန်တဲ့ကိစ္စ ဆေးကုပြီးမှ ဆက်ရှင်းမှာပေါ့။ ကိုယ့်သဘောထားကတော့ အဲ့ဒီအတိုင်း ရှိပါတယ်။ သူတို့ ဘယ်လိုသဘောထားလဲ ကိုယ်မသိဘူး။ သူတို့သေနတ်အောက်မှာ တစ်နာရီကျော်လောက် ဝမ်းလျားမှောက်နေခဲ့ပြီးမှ အစစ်အဆေး အမေးအမြန်းမရှိပဲ “သွားတော့ သွားတော့။” ဆို လွတ်လာတာဟာ ကိုယ့်ကို ဘယ်သူမှန်း မသိလို့ ဖြစ်နိုင်သလို၊ သိသွားလို့ တမင်လွှတ်ပေးလိုက်တာလည်း ဖြစ်နိုင်တာပဲ။ သူ့သဘောထား ကိုယ်မသိနိုင်ဘူး ဆိုတာ အဲ့ဒါပြောတာ။

ဒီဘက်မှာ လူတစ်ယောက် သေဖို့ သိပ်လွယ်ပါတယ်။ ABSDF မြောက်ပိုင်းရဲ့ ပါဂျောင် လူသတ်ပွဲဆိုတာလည်း ဒီဘက်မှာ ဖြစ်ခဲ့တာပါ။ သူ့လူလိုလို ကိုယ့်လူလိုလို နဲ့ ဒလန် လို့ တံဆိပ်ကပ်ခံရရင် ကိုယ့်အသက်ကိုယ် ဖက်နဲ့သာ ထုပ်ထားပေတော့။ နန့်ခမ်းဆေးရုံဆောက်တဲ့ ဒေါက်တာဆီးဂရေ့ဗ်ကြီးတောင် ဦးနေဝင်းက စပိုင်ဆိုပြီး ထောင်ချပစ်တာ မဟုတ်လား။ အဲ့ဒါကြောင့် ကိုယ့်ရဲ့ ရပ်တည်ချက်၊ ရည်ရွယ်ချက် နဲ့ လုပ်ငန်းစဉ်တွေကို လူတကာမြင်သာအောင် ရှင်းရှင်းလင်းလင်း ပြထားရပါတယ်။ PDF တွေ ဆေးကုလို့ စကစ က လာသတ်တယ် ဆိုတာ မဖြစ်မနေ ရင်ဆိုင်ရမယ့်အန္တရာယ်။ အဲ့လို မဟုတ်ပဲနဲ့ တခြားနည်းနဲ့ ဘေးဖြစ်စေတာဟာ ဟိုလိုလို ဒီလိုလိုနဲ့ အနေအထိုင် အပြောအဆို မတတ်လို့ ဖြစ်ရတာပါ။ သူများမျက်ခုံးမွှေးပေါ် စင်္ကြန်မလျှောက် သော်ငြားလည်း အန္တရာယ်ချောက်ကမ်းပါးမှာ ကျွမ်းဘားကစားနေတဲ့သူ ဖြစ်တာမို့ အမှတ်တမဲ့ မတော်တဆတောင် အမှားအယွင်း မခံနိုင်ပါဘူး။ “သေမှာပေါ့။ ဖျင်ယားတာကိုး။ အာချောင်တာကိုး။” လို့ ပြောချင်လွန်းလို့ ဒေါက်ထောက်ကြည့်နေတဲ့သူတွေကို ဝမ်းမသာစေချင်ဘူးလေ။

ဟိုးအရင် စစ်ပွဲတွေတုန်းက ကိုယ်တို့ မရှောင်ပါဘူး။ ဆေးရုံမှာပဲ အကြောတင်းတင်းနဲ့ ဆက်ကုဆက်ခွဲပါတယ်။ လေယာဉ်လာရင် ကျင်းထဲဆင်းတယ်လေ။ ဒီတစ်ခေါက် စစ်ပွဲမှာတော့ မရှောင်လို့ မရဘူး။ ရန်သူဘက်က ဒရုန်းသုံးတယ်။ drop bomb သုံးတယ်။ chemical weapons သုံးတယ် လို့တောင် သံသယ ရှိနေတာ မဟုတ်လား။ အဲ့ဒီတော့ ကိုယ်တို့ ဘေးလွတ်ရာ ရှောင်တယ်။ သို့သော် မပြေးဘူး။ လူနာလာရင် ဆေးပြန်ကုတယ်။ ဟိုးအစက ပြောခဲ့သလို လှစ်ကနဲလာ၊ လှစ်ကနဲခွဲ၊ ဖလွတ်ဆို ပြန်ပျောက်သွားတဲ့ စာကလေးဒေါက်တာပေါ့။ ဝက်မှိန်းမှိန်းနေရင် အကင်ခံရလိမ့်မယ်လေ။ ဥဒေတယံ အပေတယံ ဂါထာမရွတ်သော်ငြား နေ့မှာနေနေ ညမှာနေနေ လုံခြုံတဲ့နေရာမှာပဲ ရွေးနေတယ်။ အလုပ်လုပ်တဲ့နေရာတိုင်းကို safety first က အရင်စဉ်းစားတယ်။ ဒီဆရာဝန်ကို အလစ်အငိုက်ဖမ်းဖို့ အရက်ဆိုင်မှာ၊ ကာရာအိုကေမှာ၊ မယားငယ်အိမ်မှာ စောင့်ဖမ်းလို့တော့ ရမှာ မဟုတ်ဘူး။ ဖေ့စ်ဘုတ်ပေါ် တက်ဖမ်းမှ ရမယ်။

ရန်ကုန်က ဆေးခန်းတွေမှာဆိုရင် ဆရာဝန်ကြီး ရှိတယ် မရှိဘူးကို ဆေးခန်း၊ ရုံးခန်း အဝင်ဝမှာ ရှိ/ မရှိ ကဒ်ပြားလေးနဲ့ ရွှေ့ပြကြတယ်။ ဒီမှာတော့ ကိုယ် ဘယ်နေရာမှာ ရှိသလဲ သားတော်မောင်ကို တွေ့ရင် သိနိုင်ပါတယ်။ ခွဲခန်းထဲရောက်နေရင် ခွဲခန်းဝမှာ ပိရမစ်ရှေ့က စဖင့်ခ်ကြီးတွေလို ထိုင်စောင့်တယ်။ အိမ်ကထွက်တာနဲ့ နောက်က တကောက်ကောက် လိုက်တာ။ အိမ်သာဝင်ရင်တောင် ထိုင်စောင့်တယ်။ လူမြင်ရင် ရောက်ရာအရပ်က ပြေးပြေးလာလို့ ရင်ဘတ်ပေါ်မှာ သူ့ခြေရာချည့်ပဲ။ တောထဲသွားရင် တောထဲလိုက်တယ်။ ရွာထဲသွားရင် ရွာထဲလိုက်တယ်။ နေခဲ့ လို့ ပြောမှ နေတာ။ ရန်ကုန်ကတည်းကနေ သွားလေရာ တကောက်ကောက် လိုက်လာတဲ့ နောက်သားတစ်ကောင်လည်း ရှိပါသေးတယ်။ ဘယ်အထိအောင် လိုက်ကြမှာလဲတော့ မပြောတတ်သေးဘူး။ ချည်နှောင်မထားပေမယ့် ရုန်းထွက်လို့မရတဲ့ ကြိုးတွေနေမှာပေါ့။ မြင်အပ်တဲ့အစောင့်အရှောက် မမြင်အပ်တဲ့ အစောင့်အရှောက်တွေကြောင့် ကိုယ့်မှာ ဘေးကင်းလုံခြုံပါတယ်။ ခေါင်းမြီးခြုံပြီး လုံအောင်ပုန်းနေလို့ မဟုတ်ဘူး။ မေတ္တာခြုံလို့ လုံနေတာပါလေ။

“(တစ်ဦးအပေါ်တစ်ဦး ထူးတဲ့မေတ္တာ စေတနာ သဒ္ဓါတရား ထားကြပါကုန်။ မေတ္တာလွှမ်းခြုံ။)၂

ကိုယ်ချင်းစာတရားလည်းများစွာ

ထားပါလေကုန်

အများသတ္တဝါတွေအစုံ

နှစ်ဖြာသောသုခ ရကြလေကုန်

ချစ်သဒ္ဓါမနွမ်းပုံ

မေတ္တာလွှမ်းခြုံ။”