ချန်ဂင်တို့စခန်း (၂၆၂)

ညဘက် အိပ်ယာဝင်ချိန်မှာ အိုက်ပေမယ့် သန်းခေါင်လောက်ဆို အေးလာလို့ တံခါးထပိတ်ရရော။ အရုဏ်တက်ချိန်ကျ စောင်ပြန်ရှာရတယ်။ တော်သေးတာပေါ့။ အဲကွန်းမရှိပဲ အိပ်လို့ရတာ။ မနက် ၈ နာရီ ၉ နာရီအထိတော့ သာသာယာယာပါပဲ။ မပူသေးဘူး။ ဒီလိုနဲ့ပဲ နေ့သစ်တစ်နေ့ကို စကြတာပေါ့လေ။ ဆေးရုံမှာ လူနာတွေ ရောက်လာပြီမှလား။ ငှက်ဖျားဆေးတွေ ရပြီမို့ သိပ်တော့ ပူစရာ မရှိဘူး။ ရောက်တာနဲ့ နောက်တစ်သုတ်လည်း ထပ်မှာထားပြီ။ ကျန်တာတော့ ရောက်လျားပဲ။ ရာသီဥတုပူတော့ သက်ကြီးရွယ်အိုတွေလည်း အပူပန်းပန်းကြတယ်။ တခြား ထွေထွေထူးထူး မရှိပါဘူး။ Just another day in Paradise လို့ပဲ ပြောရမယ်။ စစ်ပွဲခဏနားတုန်း။ ပြန်မစခင် မောင်းတင် ကျည်ဖြည့် အနေအထားပေါ့။ ကိုယ်တို့လည်း ဆေးဝါးရိက္ခာ ဖြည့်တင်း၊ ဆေးရုံကို ပြင်စရာ ရှိတာ ပြင်ပေါ့။ အခု လောလောဆယ် တိုးချဲ့မယ့်အဆောင်ကတော့ ခြေတုလက်တု တပ်ဖို့ပြင်ဆင်ရမယ့် rehabilitation workshop လေးပါ။ အောက်ဘက်ကို training လွှတ်ထားတဲ့ကလေးလည်း ပြန်လာပြီ။ အဆောင်ဆောက်ပြီး လိုအပ်တဲ့ပစ္စည်းတွေ မှာရမယ်။ ကိုယ်ဖြတ်ပေးထားတာတွေ ပြန်လည်သန်စွမ်းရေးအတွက်လည်း ကိုယ့်မှာပဲ တာဝန်ရှိတာပေါ့လေ။ သူတို့တပ်ထဲမှာဆို အရပ်ဘက်ပို့ပြီး ရာထူးတောင်ပေးရသေးတာ မဟုတ်လား။

အလုပ်တွေရှုပ်ရတဲ့အထဲ ဇူဇူမ က ပက်ဆံလိုချင် သူခိုင်းတာ လုပ်ရမယ်ဆို အိမ်စာပေးတာကြောင့် လိုင်းပေါ်မှာလည်း မျက်စိနောက်အောင် post တွေ တင်ရပြန်တယ်။ ကိုယ့်ချည်း အလုပ်ရှုပ်တာ မဟုတ်ဘူး။ သူများတွေမှာလည်း R ရ၊ C ရ၊ S ရနဲ့ ၇ ရက်သားသမီး သူ့ဟာကြီးထဲက မထွက်အောင် စွဲဆောင်ရသေးသပ။ အားနာဖို့တောင် ကောင်းနေပြီ။ ကိုယ့်သဘောအတိုင်းသာဆို မလိုချင်ပါဘူး။ ဒင်း ပိုက်ဆံ။ ၁၅ နှစ်လုံးလုံး တစ်ပြားမှ မယူပဲ ရေးလာခဲ့ပြီးမှ ဟိုလိုလေး ရေးစမ်းပါဦး ဒီလိုလေး တင်ပေးပါဦး လာလာခိုင်းနေတာ သိပ်အသည်းယားတာပဲ။ ပိုက်ဆံလိုချင် သူ့အရင် ငွေရှာပေးရမယ် ဆိုတဲ့ အဓိပ္ပါယ်ပေါ့ကွယ်။ အချစ်နဲ့တည်ဆောက်သော ဤကမ္ဘာမှာလည်း ပိုက်ဆံပေးမှ မီးလာတာပါလား ကျောင်းအမကြီးရဲ့။

ရန်ကုန်မှာတော့ မီးမလာလို့ အလွန်ပူအိုက်နေသော မြို့တော်ကြီးမှာ မိုးတွေအမြန်ရွာပါစေတော့ လို့ပဲ ဆုတောင်းပေးရပါတယ်။ အိမ်ကလူကြီးသူမတွေကို စိတ်ပူသော်လည်းပဲ ကိုယ် ဘာမှ မတတ်နိုင်တဲ့ကိစ္စဖြစ်နေတော့ စိတ်မကောင်းပါဘူး။ စစ်သားတွေ အုပ်ချုပ်သောအရပ်မှာ ဆင်းရဲနဲ့ငရဲဟာ သည်းခံနိုင်သော အတိုင်းအတာထက် ပိုတယ်ဆိုတာ ကိုယ်အသိဆုံးပါ။ အဲ့ဒါကြောင့် ဘဝနဲ့အသက်နဲ့ရင်းပြီး ကြိုးစားနေသော အလုပ်များဟာ ကိုယ်ချစ်တဲ့သူတွေ အဲ့ဒီဒုက္ခတွေက လွတ်မြောက်ပါစေကြောင်း အဓိက ရည်ရွယ်ပါတယ်။ လွတ်ပြီဆိုမှတော့ မုန်းတဲ့သူတွေလည်း အလိုလို ပါသွားမှာပါပံ။ ဒါပေသိ အဲ့ဒီလူတွေအတွက်တော့ အာရုံကို မထားချင်တော့တာ။ ကိုယ်လုပ်စရာရှိတာကို လုပ်ပေးနိုင်တဲ့ အတိုင်းအတာမက အစွမ်းကုန် လုပ်ပေးခဲ့ပြီးပြီ ဆိုရင် ကိုယ့်တာဝန်ကျေပြီ။ ကျန်တာ နောက်ကိစ္စ။

အခုရက်ပိုင်း လိုင်းပေါ်ကကို မဆင်းပဲ စာတွေ၊ ပုံတွေ၊ သီချင်းတွေ တင်နေတယ်ဆိုတာ တော်တော်လေး အားယားနေလို့ မဟုတ်ပါဘူး။ လုပ်လက်စအလုပ်တွေက ကိုယ့်နောက်က အမီ မလိုက်နိုင်ပဲ အချိန်ပြန်ပြန်စောင့်နေရတာကြောင့် ပြီးအောင်ပြတ်အောင် ဖြတ်ရမယ့်ကိစ္စတွေကို ဝင်ဝင်ရှင်းရတာ။ followers လည်း မတိုးချင်၊ ဆယ်လီလည်း မဖြစ်ချင်ပါဘူး။ “ဇူဇူ့ဆီက ပိုက်ပိုက်ရရင် အကုန်လုံးတော်လှန်ရေးကို လှူမှာ။” လို့ လည်း ဈေးဗန်းခင်းစရာ မလိုဘူး။ ကိုယ်စားမယ့် ထမင်းလုပ်ကိုတောင် အားလုံးနဲ့ မျှဝေပြီး စားနေတာ။ ဘာကြော်ငြာမှ ဝင်စရာ မလိုဘူး။ ဒါပေသိ တစ်ခုတော့ သိအောင် ပြောထားရဦးမယ်။ ဒီက တောခိုနေတာ ဖမ်းမှာ ကြောက်လို့တောခိုနေတာ မဟုတ်ဘူး။ မကြောက်လို့ ဆန့်ကျင်ရဲတာ။ မြင့်မိုးအောင် ပြောတဲ့စကားမျိုးတော့ လာမပြောနဲ့။ PDF တွေ ဆေးကုပေးလို့ ကိုယ်တို့ကို ဇော်မဲလုံးက အကြမ်းဖက်သမားတွေ ခေါင်းစဉ်တပ်ချင် တပ်ပစေလေ။ ကိုယ်တို့က သူ့ရန်သူကိုး။ အရပ်သားစစ်စစ်ကြီးဖြစ်လျက်နဲ့ ကိုယ်တို့ကို သူပုန်သူကန်လို သဘောထားပြီး “ငယ်စာရင်းလေးဖျက်ပေးပါလား ဟင်။ မို့ ကြောက်လို့ပါ။” ဆိုတာတော့ အားမနာလွန်းရာကျပါတယ်။ PDF ကလေးတွေဟာ ကိုယ့်လွတ်မြောက်ရေးအတွက် အသက်ကို စတေးထားတယ် လို့ တစ်ကြိမ်တစ်ခါလေးတောင် တွေးမကြည့်ဖူးဘူးလား။ အတိတ်ကအကြောင်းတွေ ပြန်ရေးတဲ့အခါ ကိုယ်နဲ့ သိခဲ့ခင်ခဲ့ဖူးတဲ့သူတွေကိုလည်း သတိတရနဲ့ အမည်နာမ ဖော်ထုတ်ရေးမိတာလည်း ရှိတာပေါ့လေ။ လွမ်းလို့ တ တယ် လို့ သဘောထားလိုက်လည်း ရတဲ့ဥစ္စာ။ “ဆရာစိုး ရေးတဲ့ထဲမှာ ပါနေတယ်။ ငါ့များ လာဖမ်းမှဖြင့်။” လို့ စိတ်ပူနေတယ် ဆိုတာ နည်းနည်းတော့ များသလိုပဲ။ ဘယ်လိုနေရနေရ တစ်သက်လုံး စစ်ဘိနပ်အောက်မှာပဲ နေပါတော့မယ် ဆိုတဲ့သူတွေကလည်း ရှိသေးတာကိုး။

ချေဂွေဘားရားဟာ ကမ္ဘာကျော် တော်လှန်ရေးသမား ဆရာဝန်တစ်ယောက် ဖြစ်ပေမယ့် သူရှိတဲ့နေရာကို ရန်သူ့ဆီသတင်းသွားပေးတဲ့သူက အဲ့ဒီအနီးအနားမှာရှိတဲ့ သိုးကျောင်းသားတစ်ယောက် ဖြစ်သတဲ့ကွယ်။ အကြောင်းကတော့ သူ့လယ်တောနားကို လူအဝင်အထွက်များလာရင် ညညကျ သူ့သိုးတွေ အိပ်ရေးပျက်မှာစိုးလို့တဲ့။ သူ့နိုင်ငံအတွက် အသက်စွန့်ပြီးတော်လှန်ပေးတာကို မမြင်ဘူး။ သူ့သိုးတွေ အိပ်ရေးမဝမှာကိုပဲ စိုးတာ။ ကိုယ်တို့လည်း ဒီအရပ်မှာ ၃ နှစ်တိုင်တိုင် ပိုက်ဆံတစ်ပြားမှ မယူပဲ ဆေးကုခွဲစိတ်ပေးနေလို့ ကျေးဇူးတင်တဲ့သူ ရှိသလို ဒီဆရာဝန်တွေ ရောက်လာလို့ ငါတို့ရွာ ဗုံးကျဲခံရတော့မယ် လို့ မြင်တဲ့သူလည်း ရှိမှာပဲ။ ဆေးရုံကို ဗုံးလာကျဲပြီးတဲ့နောက် မသေလို့ ကျန်ရစ်တဲ့အခါတခြားလူဆိုရင် ဒီနေရာ မလုံခြုံပါဘူး ဆိုပြီး ရှိတဲ့ပစ္စည်းတွေ ထုပ်ပိုးသိမ်းဆည်းလို့ တိမ်းရှောင်သွားလောက်ပြီ။ စုဆောင်းထားသမျှနဲ့ ဖားကန့်တက်ပြီး ခွဲခန်းထောင်စားရင် လော်ပန် လုပ်လို့ ရနေပြီဟာကို။ ဒါပေမယ့် ကိုယ်တို့မှာ မပြေးနိုင်ပဲ လုံခြုံရာနေရာလေးရွှေ့ပြီး အသည်းအသန် ဒဏ်ရာရလူနာတွေကို ခွဲစိတ်ကုသပေးနေတယ်။ ဆေးရုံ setting မဟုတ်တော့ပဲ လူနာလက်ခံတာ တစ်နေရာ။ ဓါတ်မှန်ရိုက်တာ တစ်နေရာ။ ဆေးရုံတင်တာ တစ်နေရာ။ ခွဲခန်းက တစ်နေရာ။ post op လူနာတွေ ထားတာက တစ်နေရာ။ အဲ့ဒီနေရာတွေအားလုံး ကားနဲ့သွားရင် ငါးမိနစ် ဆယ်မိနစ်စာလောက် ဝေးတယ်။

အကြောင်းရင်းကတော့ ကိုယ်တို့တတွေ မဖြစ်မနေ Major operation ဝင်တဲ့အခါ ပြင်တာဆင်တာ သိမ်းတာဆည်းတာနဲ့ ၃-၄ နာရီတော့ ကြာတယ်။ အဲ့ဒီအတောအတွင်း လေယာဉ်လာရင် လူနာကြီးထားခဲ့ပြီး ဗုံးခိုကျင်းထဲဆင်းလို့ ဘယ်ဖြစ်မလဲ။ အဲ့ဒါကြောင့် ဒီစက်တွေ ဒီပစ္စည်းတွေနဲ့ ဘယ်နေရာမှာ သွားခွဲကြမလဲ ဆိုတာ စဉ်းစားရွေးချယ်ပြီး ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းကို ခွဲရစိတ်ရတာ။ Airstrike attack ကြောင့် ဒဏ်ရာရတဲ့ လူနာဆိုတာ ခေါင်းအစခြေအဆုံး၊ Spinal တွေရော၊ GA တွေရော စုံနေအောင် မျိုးစုံကြိုးခုန်ရတာ။ မနက်ကခွဲလို့ ညနေ ၃ နာရီထိုးတဲ့တိုင် ဆရာဝန်တွေ နေ့လည်စာ မစားရသေးဘူး။ လူနာ စိတ်မချလို့။ ခွဲခန်း နဲ့ post op ထားမယ့်နေရာက ကားနဲ့တောင် ၁၀ မိနစ်လောက် သွားရတာ။ recovery place လေးတစ်ခုတော့ အမြန်စီစဉ်မှဖြစ်မယ် ဆိုပြီး ဆေးရုံက ကုတင်တွေ၊ အောက်ဆီဂျင်အိုးတွေ၊ မော်နီတာတွေ ရွှေ့ပြီး စပါးဂိုဒေါင်လေးတစ်ခုကို လူနာ ခရီးတထောက်နားနိုင်အောင် စီစဉ်ရတယ်။ ညအိပ်ညနေတော့ မထားပါဘူး။ လူနာအခြေအနေ စိတ်ချရရင် ပြန်သယ်မှာပေါ့။ ဒါပေမယ့် အိမ်ရှင်ကမြင်တဲ့အခါ ခါးခါးသည်းသည်း ကန့်ကွက်တယ်ဗျ။ သူ့မိန်းမမှာ သွေးတိုးရှိတယ်။ ဒါတွေမြင်ရင် သွေးတက်လိမ့်မယ် ဆိုပြီး။ ကံဆိုးချင်တော့ ကိုယ်ကလည်း သူ့ကို ကောင်းကောင်း မှတ်မိနေတာလေ။ ခွဲခန်းလုပ်စရာ နေရာရှာတုန်းက သူက ကိုယ်တို့ကို သူတို့ရွာ သင်္ချိုင်းကုန်းက အသုဘ တရားနာတဲ့ ဇရပ်ကလေးမှာ သွားခွဲပါလား လို့ အကြံပေးတယ်။ “ကျနော်တို့က မကြောက်တတ်ပါဘူး။ ဒါပေမယ့် လူနာတွေ လူနာရှင်တွေက ကြောက်လန့်နေပါ့မယ်။” လို့ ပြောတော့ “ဒီခေတ်ကြီးထဲမှာ ဒီလိုအယူတွေ မရှိတော့ပါဘူး ဆရာရယ်။” တဲ့။ ကိုင်း အခု သူ့ခြံထောင့်မှာ လူနာ ခဏလေး ထားရုံရှိသေး။ သူ့မှာ ဖြစ်ပျက်နေလိုက်တာ။ “ချေဂွေဘားရား ကို ဒလန်လုပ်တဲ့ သိုးကျောင်းသားလိုမျိုးက အပြင်မှာလည်း တကယ်ရှိတာပဲ ဟ။” လို့ သဘောပေါက်သွားတယ်။ စိတ်ထဲ မထားပါဘူး။ သူ့ခြံထဲ သူမကြိုက်တာ အတင်းအကြပ်လုပ်စရာလည်း အကြောင်းမရှိဘူး။ သူ့ စိတ်ဆိုးလို့ “တော်ပြီ။ မလုပ်တော့ဘူး။ ပြန်မယ်။” ဆို ကိုယ့်အလုပ်လည်း အပျက်မခံနိုင်ဘူး။ ဥပေက္ခာဆိုတာကလည်း ဖြည့်ကျင့်ရမယ့် ပါရမီပဲ မဟုတ်လား။

ကိုယ်တို့မှာ လုပ်စရာတွေက အများကြီး ရှိသေးတယ်။ စစ်ဘောင်က ပိုကျယ်လာတော့မှာ။ တရုတ်က ကချင်ကို သွေးတိုးစမ်းနေပြီ။ ကချင်ဆိုတာ ကိုးကန့်လို မြန်မာနယ်နိမိတ်ထဲဝင်ပြီး တရုတ်နိုင်ငံသားအဖြစ်နဲ့ ကြီးပြင်းနေထိုင်သူ မဟုတ်တော့ သူက ဟိတ် ဆိုတိုင်း တိတ်ချင်မှ တိတ်မှာပေါ့။ ကိုယ့်ဟာကိုယ်မွေးလာတဲ့သူကို ပါပါးအခေါ်ခံချင်ရင် အနည်းဆုံးတော့ သမီးလေးဘာလေး အရင်ပေးပါဦး လောင်ရဲ။ သူတို့ပြောပြောနေတဲ့အတိုင်း proxy war ကြီးတစ်ခု မြန်မာပြည်မှာ ထပ်ဖြစ်လာတော့ရော ဘာကြောက်စရာ ရှိသလဲ။ တတိယကမ္ဘာစစ်ကြီးအထိ မိုးမီးလောင်တော့ရော ဘာဖြစ်သေးသလဲ။ လူတစ်ကိုယ် တစ်သက်စာပဲ သေစရာ ရှိပါတယ်။ ခုထက်ပိုပြီး ဆိုးစရာ မကျန်တော့ပါဘူး။

မနေ့ညက ကျောက်တော်နယ်က ဆေးရုံတစ်ရုံကို ညသန်းခေါင်ကျော် ဗုံးလာချတဲ့အတွက် လူနာ ၂၀ ကျော်လောက် အသေအပျောက် ရှိပါတယ် တဲ့။ လေသူရဲတွေအားလုံးကို တစ်နေ့ ဆေးရုံတစ်ရုံ ဗုံးကျဲကြရမည်လို့ တားဂက်ပေးပြီး ခွဲတမ်းချထားသလား မသိပါဘူး။ နှစ်ရက် သုံးရက်လောက်နေတော့ မေ့သွားဦးမယ့် အရာတွေပါလေ။ ဖတ်ရတဲ့သူတောင် ရိုးသွားပြီ။ သတ်ရတဲ့သူလည်း နောက်တော့ ရိုးသွားလိမ့်မယ်။ “ငါက အမိန့်နာခံတာလေ။ သူတို့ဘာသူတို့ သေတာတော့ ဘယ်တတ်နိုင်မလဲ” ပေါ့။ “ငါ့တကာကြီးလိုချင်ရင် ဘုန်းကြီးငါးသိန်းလောက် တပ်ထဲထည့်ပေးဖို့ အသင့်ရှိတယ်။” လို့ မိန့်တဲ့ သာသနာပိုင် ဆရာတော်ကြီးလောက်တော့ မဆိုးသေးပါဘူး။ (တကယ် လာမတောင်းနဲ့နော်။ ဘုန်းဘုန်း က စကားအဖြစ် ပြောတဲ့ဟာကို။)

ဒီနေ့လည်း ကိုယ်တို့ဆေးရုံကို လေကြောင်းသတိပေးသတင်းလာလို့ အခုရေးတဲ့စာတောင် လေရှောင်ရင်း ချောင်းထဲဆင်း ရေးနေတာလေ။ အေးရာအေးကြောင်း။ ဟိုကောင်လေးလည်း ရေဆော့ရတာပေါ့။ Beach mood on လိုက်ရုံပဲ။ လူတွေလည်း ရေထဲဆင်း။ သူလည်း ရေထဲဆင်း။ ကြောက်စိတ်နဲ့ နေထိုင်တာ မဟုတ်ဘူး။ ချစ်စိတ်နဲ့ နေထိုင်မှာ။ ပျော်ပျော်ပါးပါးပဲ။ အရိပ်ကလေးကလည်း အေးတယ်။ ချောင်းရေလေးကလည်း ကြည်တယ်။ ကိုမြတ်က ဂီတာလက်ကွက် မကျေသေးတော့ နောက်သီချင်းတစ်ပုဒ် မရိုက်ရသေးဘူး။ သူများတွေစခန်းမှာလည်း သီချင်းတွေဆိုကြ၊ ကကြ၊ ခုန်ကြ တွေ့ရလို့ အပျော်တွေ ကူးစက်ပါတယ်။ တောထဲရောက်သွားတိုင်း ငရဲကျနေတာ မဟုတ်ပါဘူး။ ကိုယ့်အချင်းချင်း ရိုင်းပင်းကူညီလို့ ချစ်ခြင်းမေတ္တာ နဲ့ အေးအေးချမ်းချမ်းနေထိုင်ကြပါတယ်။ ခွဲခွါသွားရင်လည်း ငိုလိုက်ကြတာပေါ့။ သွားလေသူ သယ်ပိုးလာတဲ့ ဝန်တွေကို ကျန်ရစ်သူက ဆက်ထမ်းကြတယ်လေ။ “C’ est la vie.” ပါ။ တောထဲမှာလည်း ဘဝတွေ ရှိလေရဲ့။

နောင်တချိန်ကျတော့ ဒီ တောထဲက ဘဝတွေဟာ ကိုယ့်အချင်းချင်း ပြန်တွေ့တိုင်း လွမ်းစရာ၊ အမှတ်ရစရာ၊ ပြန်လည်တမ်းတစရာ ဖြစ်ဖို့ပဲ ရည်ရွယ်ပါတယ်။ “ငါတို့က တောထဲမှာ ဘဝတွေ စွန့်ခဲ့ရတာကွ။” ရယ်လို့ ဘယ်သူ့ဆီကမှ အကြွေးပြန်မတောင်းပါဘူး။ တောကပြန်မှ ကိုယ်စားလှယ် လောင်း ဖြစ်ရမယ် လို့လည်း ဘယ်သူကမှ မရည်စူးပါဘူး။ နိုင်မှကူးခဲ့တဲ့သူမှ မဟုတ်တာ။ မနိုင်နိုင်အောင် တိုက်နေတဲ့သူ။ တောထဲကဘဝတွေကို ဒရာမာခင်းပြီး ဘယ်သူ့ကိုမှ ငိုအောင် ရယ်အောင် entertain မလုပ်ဘူး။ ခရိုနီနဲ့ ယူတဲ့ မင်းသမီးကတောင် “ရတယ်။ နင်တို့ အားမပေးလည်း ရတယ်။ ငါ့မှာရှိတဲ့ ပိုက်ဆံနဲ့ ငါ့ဘာသာ ထိုင်စား။ ဆယ်သက် စားမကုန် ဘူး။” လို့ ကလန်နိုင်သေးတာ။ အိုင်တို့က ပိုတောင် ပြောတတ်သေး။ ဘယ်သူမှ သနားစရာ မလိုဘူး။ ကိုယ့်ဘဝနဲ့ကိုယ် enjoy ဖြစ်တယ်။ ယူတို့ပဲ ရန်ကုန်ဇနပုဒ် မီးကလေးမှိတ်တုတ်မှာ ပျော်အောင်နေကြ။ တောထဲက ဘဝတွေဟာ ယူတို့နဲ့ မပါတ်သက်ဘူးမို့ သပ်သပ်စီ နေကြတာပေါ့ကွယ်။