ကမ္ဘာဦးအစက တောရိုင်းတိရိစ္ဆာန်တွေအလယ်မှာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတွေ စတင်ထွန်းကားလာပြီ ဆိုတဲ့ အထောက်အထားကို ဘာနဲ့ သက်သေပြကြမလဲတဲ့။ “ဗြဟ္မာကြီးတွေဟာ ကမြင်းပြီးတော့ ခံတွင်းသွင်းလို့ စားကာမျိုသည်။” ဆိုတာ အဌကထာ ဆရာတွေက ရေးတာ။ ဘာအထောက်အထား မှ မရှိဘူး။ အာဒံရယ် ဧဝရယ် ဧဒင်ဥယျာဉ်ရယ်ဟာလည်း သမ္မာကျမ်းစာထဲမှာပဲပါတယ်။ အထောက်အထား မရှိဘူး။ သမိုင်းဆိုတာ ခိုင်လုံတဲ့အထောက်အထား မပါရင် ပါးစပ်ရာဇဝင်ထဲမှာပဲ လမ်းဆုံးတယ်။ “ယုံချင်ယုံ၊ မယုံချင်နေ” ဆိုတဲ့သဘော။ ဒါမျိုးဆို သူများနိုင်ငံက လူတွေက အာနန္ဒာဘုရားထဲမှာ “This is a statue of Boudha, built by King Kyan Sitt Thar.” ဆိုပြီး တကောက်ကေက်လိုက်ရှင်းပြတဲ့ ကလေးတွေဆီက စကားလိုပဲ သဘောထားတာ။ နားတော့ထောင်ပေးတယ်။ လူရာမသွင်းဘူး။
အေးပါကွာ။ ဒါဆိုလည်း မင်းတို့ပြန်ပြောဦးလေ။ ငါတို့တလှည့် နားထောင်မှာပေါ့။ လောလောဆယ်တော့ Facebook ပေါ်မှာ သူများတွေ share လို့ ပွထနေတာ တစ်ခုရှိတယ်။ The earliest sign of civilization တနည်း ပြောရရင် “ဂူအောင်းတဲ့ခေတ်က လူသားမျိုးနွယ်တွေ အဖွဲ့အစည်း အသင်းအပင်းနဲ့ ရိုင်းပင်းဖေးကူလျက် နေထိုင်ခဲ့ကြလေသတည်း” ဆိုတာကို သက်သေပြသွားနိုင်တဲ့အချက်ကတော့ ပရိုင်းမိတ်တွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုမှာ ကျိုးသွားပြီး ပြန်ဆက်နေတဲ့ ပေါင်ရိုးတစ်ချောင်းကို တွေ့လို့ပါတဲ့။ Animal Kingdom မှာ ပေါင်ကျိုးတဲ့သတ္တဝါဟာ အသက်မရှင်နိုင်ဘူး။ အစာမရှာနိုင်၊ ရေရှိရာမသွားနိုင်၊ ရန်သူလက်က မပြေးနိုင်လို့ အရိုးမဆက်ခင် အသက်ထွက်ရတာချည့်ပဲတဲ့။ ပေါင်ကျိုးတဲ့သူတစ်ယောက်ကို သူ့အရိုးဆက်တဲ့အထိ အသက်ရှင်ဖို့ဆိုရင် သူ့ဘေးမှာ စောင့်ရှောက်ပြုစုမယ့်သူ၊ ဝေယျာဝစ္စ လုပ်ပေးမယ့်သူ၊ ဆေးဝါးကုသပေးမယ့်သူတွေ ရှိခဲ့လို့သာ သူ့အနာပြန်ကောင်းနိုင်တာ လို့ သူ့စာထဲကတော့ ဆိုလေရဲ့။
ကိုယ် တွေးမိတာကတော့ လူသား မျိုးနွယ်တွေရဲ့ ယဉ်ကျေးမှု အဦးအစမှာကတည်းက လူနာကို ပြုစုစောင့်ရှောက် ကုသခဲ့ကြတာလေ။ ယဉ်ကျေးတဲ့ လူမှုအသိုင်းအဝိုင်းဆိုရင် ဆရာဝန်၊ ဆရာမ၊ သူနာပြုတွေ မရှိပဲမနေဘူး။ ၂၀၂၄ ကျမှ ဆရာဝန်တွေ ဆရာမတွေကို ဆေးကုလို့မရအောင် လိုက်ဖမ်းတယ်၊ ရန်မူသတ်ဖြတ်တယ်။ Ambulance ကားတွေကို သေနတ်နဲ့ပစ်တယ်။ ဆေးရုံတွေကို လေယာဉ်နဲ့ ဗုံးကျဲတယ်။ ကိုင်း အခု မြင်းမူနယ်က လက်ထုပ်တောကျေးရွာမှာ PDF တွေကိုကုတဲ့ ဆေးခန်းရှိတယ် သတင်းကြားလို့ စစ်သား ၇၀ နဲ့ လာရှာပြီး ဘယ်သူကမှ သတင်းမပေးလို့ ရွာသား ၃၂ ယောက် နေရာမှာတင် ပစ်သတ်သွားတယ်တဲ့။ ဘယ်လောက်တောင် ရက်စက််ရိုင်းစိုင်းတဲ့ အပြုအမူလဲ။ ကမ္ဘာဦးအစက ပရိုင်းမိတ်တွေတောင် အဲ့လိုမလုပ်ကြဘူးလေ။ ကမ္ဘာ့သမိုင်းမှာ ပထမဦးဆုံး လူရိုင်းမျိုးနွယ်စုကြီး ပေါ်ပေါက်ခဲ့ဖူးလေသတည်း လို့ သမိုင်းမှတ်တမ်းဝင်နေပါဦးမယ်။ သောက်ဖက်လေး ဘာလေး လုပ်ကြပါဦးလဟဲ့။
အိုင့်ဆေးရုံကို ဘယ်မှာရှိသလဲ လို့ မေးမရလို့ ဒီအနားရှိတဲ့ ရွာသားတွေကို ပစ်သတ်မနေနဲ့ဦးနော်။ သိချင်ရင် ကိုယ်တိုင်လာမေး။ Google Maps မှာ Drop pin ချပြီး ပို့လိုက်မယ်။ ပုန်းနေတာ မဟုတ်ဘူး။ ပေါ်ပေါ်ထင်ထင်ပဲ။ ကုသရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ တိုက်ခိုက်ရေးစွမ်းရည်တွေ ပြည့်ဝတဲ့အကြောင်း ပြချင်လို့ပါ။ ခမ်းမွန် ခမ်းမွန်။ တရုတ်ပွဲစား နဲ့ ကူမင်းခေါ် ဈေးညှိရတဲ့အထဲမှာ KIA မပါဘူးနော်။ သဘောပေါက်။ လျှော်မှာလည်း မဟုတ်။ ဆုတ်မှာလည်း မဟုတ်။ အပုံကြီး တဘုတ်ဘုတ် ပုတ်ပြပြီး ရှိုးလိုက်ပြီ။ ဇရှိရင် လိုက်ခဲ့။ မဆီမဆိုင် လက်နက်မဲ့ အရပ်သားတွေကို ဓါးစာခံ မရှာနဲ့။ မင်းတို့တွေ ယောက်ကျား မဟုတ်ဘူးလား။
ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်က လူမျိုးတုံးအောင် သတ်ဖြတ်ပါတယ်ဆိုပြီး တရားစွဲထားတာ အမှုတောင် မပြီးသေးဘူး။ တကမ္ဘာလုံး အသိ။ အခုကျ လူမျိုးတုံးသတ်ဖြတ်မှာကြောက်လို့ ထွက်ပြေးနေရတဲ့ ရိုဟင်ဂျာတွေက မြန်မာ့တပ်မတော်သားကြီးတွေ ဖြစ်နေပြီးတိုင်းပြည်အတွက် အသက်စွန့်ကုန်ကြသတဲ့။ ဒီလို ပလောင်းပလဲ အရှုပ်ထုပ်ကြီး ကမ္ဘာမှာ ဘယ်တုန်းက ကြားဖူးသလဲ။ မအလ သားသမီးတွေရဲ့ နိုင်ငံကူးလက်မှတ်နဲ့ ဘဏ်စာအုပ်တွေ သူ့ကွန်ဒိုထဲမှာမိသော်ငြားလည်း ထွန်းမင်းလတ်ကို ဘာဥပဒေနဲ့မှ အရေးမယူနိုင်ပဲ တရားသေလွှတ်ပေးလိုက်ရတဲ့ ထိုင်းအစိုးရကရော။ ဘယ်လောက်တောင် လက်ဝင်လျှိုထားတဲ့ သပွတ်အူ ချည်ခင်အထွေးကြီးလဲ။ ရွှေကုက္ကို၊ KK Park ကို ရန်ကုန်က EPC လောက်တောင် အချိန်ကြာကြာ မီးမဖြတ်ရဲတာ ကျားဖြန့် နဲ့ မကင်းနိုင်လို့လား။ နိုင်ငံခြားရေးဝန်ကြီးဌာနကြီးတစ်ခုလုံး စစ်ဆွေစစ်မျိုးတွေနဲ့ တကမ္ဘာလုံး ဖြန့်ကျက်ထားပြီး ဘယ်နိုင်ငံနဲ့မှ ဖြောင့်ဖြောင့်မှန်မှန် သဘောရိုးနဲ့ မဆက်ဆံတဲ့ မြန်မာစစ်တပ်ကို ဘာဖြစ်လို့များ ဒီလောက်တောင် သက်ဆိုးရှည်အောင် ဆွဲဆန့်ပေးချင်ရတာလဲ။ ကလေးသူငယ်၊ သက်ကြီးရွယ်အိုပါမကျန် လက်နက်မဲ့ပြည်သူတွေအပေါ် ဗုံးကျဲမယ်မှန်း သိသိကြီးနဲ့ လေယာဉ်ဆီတွေ၊ ဗုံးတွေ၊ ဒရုံးတွေ ပျော်ပျော်ကြီး ရောင်းပေးနေကြတာရော ပိုက်ဆံတွေ အများကြီး ရလို့လား။ ဟလား။ ဘုရားသခင်အပေါင်းတို့ ကောင်းချီးပေးတော်မူကြပါစေကုန်။ တရုတ်၊ ရုရှား နဲ့ အိမ်နီးချင်းနိုင်ငံတွေဟာ မြန်မာပြည်ကို ပေါင်ရိုးကျိုးတာတောင် ဆက်အောင်ကုမပေးနိုင်တဲ့ ကျောက်ခေတ်ရဲ့အရှေ့ကို ပြန်ရောက်သွားစေချင်ကြသလား မသိဘူးနော်။ ရာဇဝင်ထဲမှာ စိုးကိုထားရစ်ခဲ့မလို့လား ဟင်။ ရက်စက်လိုက်တာ မတ်မတ်ကေသီရယ်။ (ဝင်းဦး သေနတ်မှန်တဲ့ အိုက်တင်ကလေးနှင့် ရေးသွားသည်။)
လူမှန်ရင်၊ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းထဲမှာဆိုရင်၊ နာမကျန်းတဲ့သူ၊ ထိခိုက် ဒဏ်ရာရတဲ့သူ၊ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်မိခင် နဲ့ သက်ကြီးရွယ်အိုတွေကို ကူညီဖေးမပေးရတယ်။ စောင့်ရှောက်ကုသပေးရတယ်။ ဒါလေးတောင် နားမလည်နိုင်လောက်အောင် အသိတရား ခေါင်းပါးနေပြီလား။ ဘယ်လိုမိဘမျိုးကမွေးဖွား၊ ဘယ်လို ဆရာသမားတွေက သွန်သင်ပြီး ဘယ်ဘုရားသခင် အဆုံးအမနဲ့ ကြီးပြင်းလာလို့ အခုလို စစ်သားမျိုးတွေ တွေ့ရတာပါလိမ့်။ အလကား အဆိပ်အတောက်တွေ။ မင်းတို့ ရှေ့တန်းမှာ ဒဏ်ရာရတော့ရော မင်းတို့အဖွဲ့အစည်းက လူနာရယ်လို့ ကောက်ယူကယ်ဆယ်ပြီး ကုသပေးတတ်သလား။ ကိုယ့်ဘာသာကိုယ် အသိဆုံးနေမှာပါလေ။ သေရင်တောင် ဘယ်သူ့အတွက် သေရမှန်း မတွေးခေါ်နိုင်တဲ့ ကောင်တွေ။
အစ္စရေးက ပါလက်စတိုင်း အော်သိုဆာဂျင်တစ်ယောက်ကို ဖမ်းပြီးသတ်ပစ်တော့ တစ်ကမ္ဘာလုံး ကန့်ကွက်လိုက်ကြတာ။ ငါတို့ မြန်မာပြည်မှာ ဆရာဝန် ဘယ်နှစ်ယောက် အသတ်ခံရပြီလဲတော့ ဘယ်သူမှ မသိကြဘူး။ အရေးလည်း မလုပ်ကြဘူး။ ဆရာဝန်ကို ဆရာဝန်ချင်း ဆေးခန်းမှာ လိုက်ဖမ်းဖို့ချောင်းနေကြတဲ့ ဆရာဝန်တွေပဲ ရှိတယ်။ ဂူအောင်းခေတ်ထက် စောတဲ့ ဂူရွှေးခေတ်က ဆရာဝန်တွေများလားကွာ။ အေးလေ။ ဆရာဝန်ဆိုတာလည်း ပါဝါရိန်းဂျားမှ မဟုတ်တာ။ ဖမ်းရင် ထောင်ကျတယ်။ သတ်ရင် သေတယ်။ ကြောက်တဲ့သူက ကြောက်မှာပေါ့။ “နင်တောင် စစ်သားတွေကြောက်လို့ တောထဲထွက်ပြေးတဲ့ ဆရာဝန်လေ။” ဆို ကိုယ့်ဘက် မြားဦးလှည့်လာမယ်။ အမှန်တော့ တောထဲမှာ စစ်သားတွေက တစ်ဖွဲ့တည်း ရှိတာ မဟုတ်ဘူး။ အနေအထိုင်မတတ်ရင် တိုင်ပတ်သွားမှာ။ ABSDF က မြောက်ပိုင်းမှာ ဘာတွေဖြစ်ပျက်ကုန်သလဲ။ ဘယ်သူမှ သေချာ မရှင်းနိုင်ဘူး။ အခုထက်ထိလည်း ဒုက္ခပေးနေတုန်းပဲ။ SNA တွေကို အဲ့ဒီ AB အဟောင်းတွေက ခေါင်းဆောင်တာ။ စစ်တပ်ကို တော်လှန်မယ်ဆိုပြီး အနှစ် ၃၀ ကျော် တောခိုလာတဲ့ ကျောင်းသားဟောင်းတွေဟာ စစ်တပ်ဘက်က ဝင်တိုက်ပေးပြီး သားလောက်ရှိတဲ့ ကျောင်းသားလေးတွေကို သတ်ဖြတ်နေတာကတော့ အသည်းနာစရာကောင်းတာ အမှန်ပဲ။ ကိုယ့်လည်း သတ်မိတော့မလို့ သီသီကလေး လွတ်ခဲ့တာလေ။ လူတိုင်းက ကိုယ့်လိုတော့ မိုက်ရူးရဲမဆန်ဘူး။ ရှိပါစေတော့။
ဒီတော်လှန်ရေးမှာ ဆရာဝန်တွေ တော်တော်များများ (အထူးသဖြင့် အငယ်တွေပေါ့) တက်တက်ကြွကြွ ပါတာကတော့ လူတိုင်း သိကြပါတယ်။ “သူတို့မှာ စားပေါက်မှ မရှိတာလေ။” လို့လည်း အားပေးကြလေရဲ့။ စည်ပင်ကလူတွေ၊ ထွေအုပ်ကလူတွေ၊ မော်တော်ပီကယ်တွေ၊ ဘယ်မှာ CDM ဝင်လို့လဲ။ ကိုယ့်ဆွေမျိုးသားချင်းထဲမှာ CDM ဆရာဝန်လေးတွေ ရှိရင် သူတို့ ဘယ်လိုနေသလဲ တစ်ချက်လောက် စောင်းငဲ့ကြည့်လိုက်စမ်းပါ။ သနားဖို့ မဟုတ်ပါဘူး။ နားလည်နိုင်အောင်လို့။
လူငယ်လူရွယ်တွေ လုပ်ငန်းခွင်ဝင်တဲ့အခါ ဘာကိုထိပ်ဆုံးမှာထားပြီး စဉ်းစားသလဲဆိုတော့ “growth opportunity” လို့ခေါ်တဲ့ တိုးတက်ကြီးပွါးရာ လမ်းကြောင်း အခွင့်အရေး ရှိမရှိကို ကြည့်ကြပါတယ်။ အစိုးရအလုပ်ဝင်တဲ့ ဆရာဝန်ဟာ လစာမလောက်ငှမှန်းလည်း သိတယ်။ အလုပ်ပင်ပန်းမှန်းလည်း သိတယ်။ ကိုယ့်ဘဝရဲ့ အချိန်တော်တော်များများကို အရင်းအနှီးပြုရမယ် မှန်းလည်း သိတယ်။ တစ်သက်လုံး စာကျက်နေရတော့မယ် မှန်းလည်း သိပါတယ်။ ဒါပေမယ့် “တစ်ချိန်ကျရင် အထူးကုဆရာဝန်တစ်ယောက် ဖြစ်လာမှာ။ ခုထက်အများကြီး တတ်ကျွမ်း နားလည်လာမှာ။” ဆိုတဲ့ မျှော်လင့်ချက်အိပ်မက်ကြီးနဲ့ အလုပ်ထဲက ဒုက္ခတွေကို ခါးစည်းခံခဲ့ကြတာ။ အခု ကိုယ်တစ်သက်လုံး မွေးလာတဲ့ကြက်ကို မင်းအောင်လှိုင်က တမနက်တည်းနဲ့ ရိုက်သတ်ချက်စားသွားပြီ။ အဲ့ဒါက ကိုယ့်ခံစားချက် သက်သက်ပဲ ရှိသေးတယ်။ ဒီတစ်ချက်တည်းနဲ့တော့ ဆရာဝန်တွေ တောထဲရောက်မလာဘူး။
CDM စလုပ်တုန်းက ဆေးရုံမှာ ဆရာဝန် မကျန်ဘူး။ ကုတင် ၂၅၀၀ ဆေးရုံကြီး ပြောင်တလင်းခါ မှောင်နဲ့မည်းမည်း ဖြစ်သွားတဲ့အထိ ဆေးရုံအုပ်ကြီးက လွဲရင် ရှိသမျှ ဆရာဝန် ဆရာမတွေ အားလုံး “ရုံးမတက်နဲ့။ ရုန်းထွက်။” ဆို လက် ၃ ချောင်း ထောင်ခဲ့ကြတယ်။ ဒါပေမယ့် တချို့ကတော့ စစ်ကောင်စီရဲ့ဖိအားအမျိုးမျိုးအောက်မှာ ခံဝန်ထိုးပြီး အလုပ်ပြန်ဆင်းကြတယ်။ အထူးကု ဖြစ်ပြီးသား၊ consultant နဲ့ အထက်က အလုပ်ပြုတ်မခံနိုင်ကြဘူး။ လိုင်စင်အသိမ်းလည်း မခံနိုင်ဘူး။ သူတို့အပြောကတော့ “အစိုးရဆိုတာ ဘယ်အစိုးရဖြစ်ဖြစ် ယာယီပဲ။ ကောင်းကောင်းဆိုးဆိုး တစ်သက်လုံး အုပ်ချုပ်တယ်ဆိုတာ မရှိဘူး။ ကိုယ့် career life က တစ်ဘဝလုံးစာ ရင်းနှီးထားရတာ။ အစိုးရအပြောင်းအလဲမှာ မြင်းလောင်းသလို ပုံပြီး မလောင်းနဲ့။” တဲ့။
အဲ့ဒီလိုမျိုး ဆရာသမား ဆုံးမစကားများကို ဆန့်ကျင်ပြီး တောထဲရောက်အောင် ရွာလွန်ရွက်တိုက် လုပ်လာတဲ့ ဆရာဝန်တွေကို ဘယ်အရာက တွန်းပို့လိုက်သလဲ သိလား။ “သူတို့က ပစ်ခတ်နှိမ်နှင်းထားတဲ့ ဒဏ်ရာရ အရပ်သားပြည်သူတွေကို ဆေးကုသခွင့်မပေးဘူး။ အဲ့ဒီလူနာတွေကို ခွဲစိတ်ကုသပေးမယ့် ဆေးရုံ ဆေးခန်း ဆရာဝန်တွေ မရှိဘူး။” ဆိုတဲ့ အသိစိတ်က ဆရာဝန်တစ်ယောက်ရဲ့ Basic Instinct ကို လှုံ့ဆော်တဲ့အတွက် ကိုယ့်လိုမျိုး ဆရာဝန်တွေ တနိုင်ငံလုံး ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။ ခုချိန်ထိအောင် ဆင်းရဲဒုက္ခအမျိုးမျိုးကို ကြံ့ကြံ့ခံပြီး ဆေးကုနေတဲ့ CDM ဆရာဝန်တွေ အများကြီး ရှိတယ်လေ။ ကိုယ့်မှာရှိတဲ့ စိတ်ဒဏ်ရာတောင် ကိုယ့်ဘာသာဆေးသောက်ပြီး ကိုယ့်ရဲဘော်တွေရဲ့ စိတ်ဒဏ်ရာကို ကုရတယ်။ ကိုယ်နေမကောင်းရင် သောက်ဖို့ဆေးမချန်နိုင်ဘူး။ ကိုယ့်လူနာတွေကောင်းဖို့ ရှိသမျှ resources တွေ ပုံအောပြီး ကုသပေးရတယ်။ ကိုယ်တိုင် ဗုံးခိုကျင်းထဲ ဆင်းဝပ်ပြီး လေယာဉ်ပြန်သွားတာနဲ့ ဗုံးမှန်တဲ့လူနာ လိုက်ကောက်ပြီး ဆေးကုရတယ်။
ဒီခေတ်ကြီးထဲမှာ ဒီလိုဆရာဝန်မျိုးတွေ ရှိခဲ့ကြောင်း ကျောက်ဖြစ်ရုပ်ကြွင်း အထောက်အထားတော့ ကျန်မှာ မဟုတ်ဘူး။ လူအရှင်လတ်လတ်ကြီး ကြည့်ချင်ရင်တော့ ဒီမှာ အချောစား အလန်းစားကြီး ရှိတယ်လေ။ မြင်ပြီလား။ မယုံဘူးလား။ အနာအဆာ အတိုက်အခိုက် မရှိဘူး။ အော်ဆေးနဲ့။ တစ်လက်ကိုင်။ အင်ဂျင်ကလည်း ဒေါက်ဝှီးပဲ။ အပေါ်ကြောရော အောက်ကြောရော တင်းတယ်။ တစ်ပါတ်လောက် မောင်းကြည့်ပါလား။ လိုချင်ရင် ပါးပါးလေးတော့ လျှော့ပေးမယ်နော်။ အန်းတိတ်ထဲမှာ ဒီလိုဖလန်းဖလန်းထနေတာမျိုး တခြား ဘယ်မှာမှ မရနိုင်တော့ဘူး။ သိရဲ့လား။ ဘာကြည့်နေတာလဲ။ ပွဲခရတော့မှာ။ မြန်မြန်လာ ဒိုင်ဗင်ပစ်လှည့်လေ။ ဪ ကိုင်း။ လုပ်လိုက်တော့ လုပ်လိုက်တော့။