ချန်ဂင်တို့စခန်း (၁၇)

သည်အရပ် သည်ဒေသကို ရောက်ခဲ့တာ ၉ လ နီးပါး ရှိသွားပါပြီ။ လာတုန်းကတော့ အဲ့လောက်ကြာမယ် ထင်မထားသလို ဘယ်လောက်ကြာမယ်ဆိုတာလည်း ခန့်မှန်းလို့ မရပါဘူး။ ဘယ်ကိုဘယ်လိုသွားမယ်ဆိုတာ ရေရေရာရာ မရှိပဲ ပေးလာတဲ့အခြေအနေမှာ ရှင်သန်အောင် ရုန်းကန်လာခဲ့ရတာကိုး။ တကယ်လို့များ ပြန်မလာနိုင်ပဲ တစုံတရာဖြစ်ခဲ့သည်ရှိသော် ဒီနေ့ဒီရက်မှာ ဒီနေရာကိုတော့ ရောက်ခဲ့ပါတယ်လို့ လူပျောက်ရှာမယ့်သူ ခြေရာကောက်နိုင်စေဖို့ စိတ်ချရတဲ့အသိအကျွမ်း တစ်ယောက်ယောက်ကိုတော့ ပြန်မလာနိုင်ခဲ့သည်ရှိသော် အိမ်ကို အကြောင်းကြားပေးပါလို့ မှာပြီး လာခဲ့ရတာပါ။ အခုလိုသာ ထွက်မလာခဲ့ရင်လည်း လူက ထောင်ထဲရောက်နေမှာ သေချာသလောက်ပါပဲ။ ဖမ်းမှာကြောက်လို့ ထွက်ပြေးတာတော့ မဟုတ်ပါဘူး။ သူတို့ကို ဘာမှပြန်မလုပ်နိုင်ပဲ အလကားနေရင်း ကိုယ့်ရဲ့အချိန်တွေ အလဟသဖြစ်သွားမှာကို မလိုလားလို့ ချောင်ပိတ်မိမနေအောင် လှုပ်သာရှားသာတဲ့နေရာမှာ နေတာပါ။ ရှားရှားပါးပါး သားဆရာဝန်ကလေး ၂ ယောက်မွေးပြီး ပြုစုပျိုးထောင်ထားတာ နှစ်ယောက်စလုံး ထောင်ထဲရောက်နေလို့ကတော့ ကိုယ်တို့အမေလည်း ခံနိုင်မှာ မဟုတ်ဘူးလေ။

တောထဲတောင်ထဲသွားလို့ ကျားတွေဆင်တွေကိုက်မယ့်ရန်ထက် ရဲသားစစ်သားများရန်က ပို၍ဘေးဖြစ်နိုင်မယ့်သဘောရှိတာမို့ ကိုယ့်အတွက်အန္တရာယ်ဟာ စစ်ဆေးရေးဂိတ်တွေတိုင်းမှာ ရှိနေနိုင်တာကို သဘောပေါက်ကြပါလိမ့်မယ်။ မြွေ နဲ့ လှေကား ကစားသလိုပဲ အံစာတုံးကလေး ခေါက်ကာခေါက်ကာနဲ့ အတက်အဆင်းကလေးတွေ ရွှေ့လာတာ ကံချည့်ပဲ အားကိုးလို့မရပါဘူး။ ဉာဏ်ကိုလည်း လွှာသုံးနိုင်မှ game over မဖြစ်မှာလေ။ အဲ့ဒါကြောင့်မို့ ကိုယ့်အတွက် အထိုင်ဇယားထက် အရွှေ့ဇယားတွေက အရမ်းကို ဂရုစိုက်ရပါတယ်။

လက်ဦးစခန်းကနေ လှထုံတို့ရွာကို ရွှေ့တဲ့အခါ ကိုယ့်ဘက်ကတောင်းဆိုတာ တစ်ခုပဲရှိတယ်။ ကိုယ့်ရဲ့လုံခြုံရေးကို ဘယ်လိုအာမခံမှာလဲ။ အဲ့ဒီတစ်ခု တာဝန်ယူရင် ကိုယ့်ဘက်က ဘာမဆိုလုပ်ပေးနိုင်တယ်။ ဒီအခါမှာ “ဘာမှ မပူနဲ့ဆရာ။ ကျွန်တော် အားလုံးတာဝန်ယူတယ်။” လို့ ရဲရဲကြီး အာမခံပေးသူကတော့ ကိုယ့်ကိုလာခေါ်တဲ့ ကားဆရာလေးပါပဲ။ သူ့နံမည်က ကိုပိုင် တဲ့။

ကိုပိုင်ဟာ ကားမောင်းကျွမ်းကျင်ရုံတင် မဟုတ်ပါဘူး။ လူရည် အင်မတန်လည်ပါတယ်။ စကားပြောတာလည်း ရေပက်မဝင်အောင်ပါပဲ။ လမ်းတလျှောက်လုံး ကားပေါ်ပါသမျှ လူအားလုံးနဲ့ စက်သေနတ်ပစ်သလို ပြောနိုင်တယ်။ ဟာသဉာဏ်လည်း ရွှင်တယ်။ သူလာခေါ်တဲ့လမ်းဟာ ညကတည်းက လက်နက်ကြီးတွေ တအုံးအုံးပစ်ပြီး တိုက်ပွဲတွေဖြစ်နေတဲ့အခါ ကွင်းတဲ့ရှောင်တဲ့လမ်းတွေက ပတ်ပြီး ခေါ်တယ်။ သူ့အရပ် သူ့ဒေသဆိုတော့ လမ်းတွေကို အကုန်ကျွမ်းတယ်။ ဘယ်လမ်းမှာ ဘာဂိတ်ရှိတယ်ဆိုတာလည်း သူအကုန်သိတယ်။ “မပူပါနဲ့ ဆရာရယ်။ ပိုက်ဆံနဲ့ဖြတ်ရင် အကုန်ပြီးပါတယ်။” တဲ့။

လမ်းခရီးမှာ ဂိတ်မြင်တာနဲ့ “ လာပြီဆရာ။ ကျွန်တော်ပါ။ မြို့ကလာတာ။ ရွာပြန်မလို့။” ပါးစပ်က ပြောလည်းပြော လက်ကလည်း ကွမ်းထုပ်#ကလေး ပိုက်ဆံအခေါက်ကလေးတွေ ပြေးပြေးထိုးပြီး ခပ်သုတ်သုတ် လစ်ပါတယ်။ “လူ ဘယ်နှစ်ယောက်လဲကွ။ ဘယ်သူတွေပါသလဲ။ ဘယ်သွားမလို့လဲ။” ရစ်နေရင် “အမယ်လေး ဆရာရယ်။ ကျနော်တို့ ရွာဦးဘုန်းကြီးက အသည်းအသန်ဖြစ်နေတာဗျ။ ဘာအစာမှ မဝင်တော့ဘူး။ အခု သူ့ဇာတိက ခမည်းတော်ကိုယ်တိုင် လိုက်လာတာ။ အသက်မမီမှာစိုးလို့ သွားပြီနော်။” ဆို မောင်းထွက်တာ။ တချို့ဂိတ်တွေက ကိုယ့်ဘက်လှမ်းကြည့်ပြီး “ဘယ်သူတွေလဲ။” လို့ မေးရင် သူက လက်ကလေးကာ နားနားကပ်ပြီး “အဲ့ဒါ ကျနော့လော်ပန်လေ။ ကိုဗစ်ဖြစ်လို့ ရွာပြန်ခေါ်လာတာ။” လို့ တိုးတိုးပြောလိုက်ရင် ဟိုခမျာ တံခါးပေါက်ဘေးတောင် လာမမေးရဲတော့ဘူး။ “လစ်တော့ လစ်တော့။” ဆို နှင်ထုတ်တာ။ တစ်နေရာမတော့ သူ ပိုက်ဆံဆင်းပေးနေတုန်း သေနတ်ကြီးနဲ့ လာချိန်ပြီး “မှတ်ပုံတင်တွေပြ။” လို့ လာတောင်းတယ်။ ကိုယ်တွေကလည်း ဟိုအိပ်ထဲရှာသလို ဒီအိပ်ထဲ ရှာသလို လုပ်နေတာပေါ့။ သူပြန်လာတော့ သေနတ်သမားကြီးလက်ကိုဖယ်ပြီး “ဟာ ဟိုမှာကြည့်စမ်း။ မိန်းမနှစ်ယောက် ဖက်သတ်ကုန်ကြပြီ။ မြင်လို့တောင်မကောင်းဘူး။” ဆို လက်ညှိုးတထိုးထိုးနဲ့ ပြတော့ ဟိုကလည်း ဖတ်တောင်မကြည့်ပဲ ပြန်ပေးပြီး “သွားတော့ သွားတော့။” လုပ်တာပေါ့။

အဲ့သလိုနဲ့ အခွေအခေါက် လမ်းကြမ်းပေါ် တနေကုန်ကားစီးပြီး တစက်ကလေးမှ မပျင်းရအောင် ဟာသတွေလုပ်ပြီး ခရီးသွားခဲ့ကြပါတယ်။ ကိုယ်တွေမှာက ကိုယ့်အပူနဲ့ကိုယ်ဆိုတော့ သိပ်မရယ်နိုင်ပါဘူး။ သူကသာ ကိုယ်တွေ အကြောက်ပြေအောင် ဟာသနှောနေပုံရပါတယ်။ သူက ပြောသေးသဗျ။ သူ အစာအိမ်ကင်ဆာ ဖြစ်ထားတာ။ ကင်ဆာဆေးတောင် ၆ လ သွင်းပြီးပြီ။ အခု ကောင်းသွားပြီ။ အဲ့တုန်းက ကျွတ်တဲ့ဆံပင်တွေတောင် ဆံရှည်ဖြစ်လို့ ရွှေရောင်ပြန်ဆိုးထားတာလို့ ပြပါတယ်။ ဒါကျတော့ ကိုယ်က စိတ်ဝင်စားသွားပြီး။ “ဟင်။ ဟုတ်လား။ ဘယ်မှာခွဲတာလဲ။ ဘယ်သူနဲ့ခွဲတာလဲ။ ဘယ်လောက်ကြာပြီလဲ။” နဲ့ လိုက်စပ်စုမိပါတယ်။ “၂ နှစ်မပြည့်သေးရင်တော့ စိတ်မချရသေးဘူးနော်။ ကျွန်တော်ခွဲဖူးတဲ့ အစာအိမ်ကင်ဆာတွေက ဆေးသွင်းသွင်း မသွင်းသွင်း ၂ နှစ်လောက်ပဲ ခံတာဗျ။” လို့ ပြောလိုက်မိသေးပါတယ်။

ကိုပိုင်ဟာ တကယ်တော့ ကားဆရာသက်သက် မဟုတ်ပါဘူး။ ရွာမှာ စတိုးဆိုင် အကြီးကြီးပိုင်ပါတယ်။ ရွာမှာ ကိုဗစ်စင်တာဖြစ်အောင် ဝိုင်းကြဝန်းကြတဲ့ ကော်မီတီထဲမှာပါပါတယ်။ ကိုယ်တို့ကို ရောက်အောင်လာခေါ်တဲ့အလုပ်ဟာ သူနဲ့မှဖြစ်မှာ သူနဲ့မှ အသင့်တော်ဆုံးမို့ ရွာကသူ့ကိုလွှတ်တာပါ။ ဒီရွာမှာ သူဟာ ပထမဦးဆုံး သိတဲ့ကျွမ်းတဲ့လူမို့ နောက်ကို ဘာကိစ္စရှိရှိ သူ့ကိုပဲ အားကိုးပါတယ်။ ရွာထဲကို ညဘက်ကြီး အဲ့ဒီအရပ်ကစစ်သားတွေ ဝင်လာတော့လည်း သူကပဲ ညကြီးမင်းကြီး ဖုန်းဆက်ပြီး ပြောလို့ ကိုယ်တို့တတွေ မီးပိတ်ပြီးချောင်းကြ ပြေးပေါက်ရှာကြ လုပ်ခဲ့တာပါ။ ရွာနီးပါတ်လည် ဟိုနားသည်နား သွားချင်လည်း သူပဲ။ စစ်နဲ့နီးလို့ ပြေးမယ်ပြင်ပြန်တော့လည်း သူပဲ ကားတစ်စီးနဲ့ စတန်းဘိုင်လာထားထားတာပါ။

ကိုဗစ်စင်တာမှာ ဗော်လံတီယာ ဝင်လုပ်ရတာတော့ သူပျော်ပုံရပါတယ်။ မနက်မိုးလင်းရင် စားခွက်ဆုကြီးဝတ်ပြီး စင်တာမှာလာထိုင်၊ ဆရာတို့ ဘာလိုအပ်သလဲ၊ ဆေးမှာစရာ ဘာရှိသလဲ၊ အောက်ဆီဂျင် ဘယ်နှစ်အိုးကျန်သေးသလဲ လိုက်ကြည့်လေ့ရှိတယ်။ တစ်ခုပဲ။ သူခေါ်ရင် ဗော်လံပီယာ လို့ပဲ အမြဲခေါ်တယ်။ အိုလံပီယာ နဲ့ မှားနေသလားမသိ။ ညနေစင်တာသိမ်းရင်တော့ လက်ထောက်ဆရာဝန်လေးကိုခေါ်ပြီး လက်ဘက်ရည်ဆိုင် သွားထိုင်ကြတယ်။ ကိုယ်က အဲ့ဒီအချိန် ရေချိုးလို့ လိုက်လေ့မရှိဘူး။

ကိုဗစ်လူနာတွေကုန်လို့ စင်တာပိတ်ကာနီးတဲ့အခါ သူက ကိုယ့်ဆီမှာ လာခွင့်တောင်းတယ်။ “တရားစခန်းဝင်ချင်လို့ ပုသိမ်ကို သွားပါရစေ။” တဲ့။ တရားစခန်းဝင်တာ ကောင်းပါတယ်။ ဒါပေမယ့် သူ အစာအိမ်ကင်ဆာဖြစ်တာ ၂ နှစ်ပြည့်တော့မယ်။ အပြန်မှာ ခွဲပေးတဲ့ ဆာဂျင်နဲ့ ပြဖြစ်အောင်ဝင်ပြပြီး အစာအိမ်မှန်ပြောင်း ကြည့်ခဲ့ပါ လို့ မှာလိုက်တယ်။ ဒါပေမယ့် သူမပြခဲ့ဘူး။ နောက်တော့ ဗိုက်ကြီးဖောင်းပြီးအန်လာတော့မှ ကိုယ့်ဆီပြန်လာပြတယ်။ ဖြစ်ရလေ ကိုပိုင်ရယ်။ အူလမ်းကြောင်းပိတ်နေပြီ။ ခွဲခန်းကလည်း မရှိ။ နှာခေါင်းပိုက်ထည့် ဆေးပုလင်းတွေချိတ်ပြီး တဖြေးဖြေးချင်း အူပြန်ပွင့်အောင် ကုရတယ်။ ကောင်းလာတာနဲ့ “သွားတော့၊ ရန်ကုန်သွားတော့။” ဆို အရင် ဆာဂျင်ဆီ တွန်းလွှတ်ရတယ်။

ဒီတခါတော့ ပြရှာပါတယ်။ ဒါပေမယ့် အရင်ဆာဂျင်က ရှာမရ။ မှန်ပြောင်းပြန်ကြည့်တာတော့ ဘာကင်ဆာမှ မတွေ့ဘူး လို့ အဖြေထွက်တယ်။ ဒါဆိုရင် အူပိတ်တဲ့ကိစ္စကျ ဘယ်လိုရှင်းမလဲ။ “CT scan ရိုက်။” လို့ ခိုင်းလိုက်တော့ အူမကြီးမှာ အလုံးတွေ့ပြန်တယ်။ “ဗိုက်ပြန်ခွဲရလိမ့်မယ်။ တခါတည်းတန်းခွဲမလား။ အူမကြီးမှန်ပြောင်း ကြည့်ပြီးမှ ခွဲမလား။” လို့ မေးတော့ သူက မှန်ပြောင်းကြည့်လိုက်တယ်။ အဖြေက ဘာအလုံးအကျိတ်မှ မမြင်ပါဘူးတဲ့။ မှန်ပြောင်းဆိုတာ အတွင်းမျက်နှာပြင်ကိုပဲ မြင်တာလေ။ အပြင်ကဖိတဲ့အလုံးတွေ ဘယ်မြင်မလဲ။ ခွဲတာတော့ ခွဲရမှာပဲ။ ခွဲဖြစ်အောင်ခွဲခဲ့ဖို့ သေချာမှာပေမယ့်လည်း သူက အဖြေအားလုံးထဲမှာ သူအကြားချင်ဆုံးဖြစ်တဲ့ “အပေါ်ကလည်း မှန်ပြောင်းကြည့်ပြီးပြီ။ ဘာကင်ဆာမှ မရှိဘူးတဲ့။ အောက်ကလည်း မှန်ပြောင်းကြည့်လိုက်တယ်။ ဘာကင်ဆာမှ မရှိဘူးတဲ့။” ဆိုတာလေးကိုပဲ ကွက်ပြီး အတည်ယူလိုက်ပါတယ်။ မရှိဘူး။ သူ့မှာ ဘာရောဂါမှ မရှိဘူး။ ဒါကြောင့် ရွာပြန်လာတယ်။ သူပြတဲ့ဆရာဝန်ကလည်း ခွဲစရာမလိုဘူး။ ရွာပြန်ခိုင်းတယ် ပြောတာပဲ။

လူကတော့ တဝက်လောက် ပိန်ကျသွားတာပေါ့လေ။ ဗိုက်ကြီးကလည်း ပူလို့။ ကိုယ်က ဆင်တစ်ကောင်လုံး မျက်စိထဲမြင်ထားပြီးပေမယ့် သူ့ခမျာ ဆင်ခြေရာတွေနဲ့ မျက်စိလည်လာတာလေ။ ဒါပေသိ ဒါမျိုးဆိုတာ ထပ်ခွဲလည်း မထူးမှန်း အတွေ့အကြုံအရ သိထားနှင့်ပြီ။ ဘာလုပ်မလဲ။ သူ့ဘာသူစိတ်ချမ်းသာသလောက် နေပါစေတော့။ ကိုယ့်ပါးစပ်က ၂ နှစ် ၂ နှစ် လို့ စကားဦးသန်းမိတာ စိတ်မကောင်းဘူး။ သူတကယ်ကို ၂ နှစ်လောက်ပဲ ခံရှာတယ်။ သူ့ပါးစပ်က “အစာမဝင်တော့ဘူး။ လစ်တော့မှာ။” ဆိုတဲ့ ဝစီဗေဒကိုရော နောင်တရနေရှာမလား။ စ်ိတ်မကောင်းရပြန်တာပါပဲ။

သူ့အတွက် ကိုယ်လုပ်ပေးနိုင်တာ ဘာရှိသလဲ။ အကြောထဲကသွင်းတဲ့ အာဟာရထုပ်တွေ မှာပြီး သွင်းပေးတယ်လေ။ ပါးစပ်ကဖျော်တိုက်တဲ့ အာဟာရမှုန့်တွေလည်း လှမ်းမှာပေးတယ်။ စခန်းမှာ ဆေးရုံဆောက်ပြီးတာနဲ့ နေမကောင်းတဲ့အချိန်။ လိုက်လာခဲ့ လို့မှာပြီး တစ်နေရာစာ ကိုယ်ဦးထားတယ်။ ဗိုက်ကြီးတင်းလွန်းရင် ဖောက်ဖောက်ထုတ်ပေးတယ်။ ကိုယ့်သူငယ်ချင်း ကင်ဆာဆရာမကြီးဆီက ကင်ဆာဆေးတွေမှာပေးတယ်။ အသက်ရှူမဝရင် အောက်ဆီဂျင်ပေးပေးတယ်။ ကိုယ်လုပ်နိုင်တာ ဒါအကုန်ပါပဲ။ ဆရာဝန်ဆိုတာ ကိုယ့်လူနာတွေ ဆယ်ရင်းနစ်နစ်သွားတာကိုလည်း ဘာမှမခံစားရသလို ထိုင်ကြည့်နေတတ်သေးတယ်။ ဘာပြီးရင် ဘာဖြစ်တော့မယ် သူတို့သိပြီးသားကိုး။ သူတို့ဘာမှလုပ်လို့မရမှန်းလည်း သိပြီးသားမို့ပါ။

ကိုပိုင် နဲ့ စတွေ့တဲ့အချိန် အသက်အန္တရာယ်က သူ့မှာ မရှိဘူး။ ကနေ့က နက်ဖြန် ဘာဖြစ်မှန်းမသိတဲ့ ကိုယ်တို့မှာ ရှိတယ်။ ဒီကနေ့ ကိုပိုင် ဆုံးသွားတဲ့တိုင်အောင်လည်း ကိုယ်တို့အတွက် အန္တရာယ်မကင်းသေးပါဘူး။ ဗုံးဆံတွေ အမြောက်ဆံတွေက ကိုယ့်ဆီ ကနေ့ရောက်လာမလား၊ မနက်ဖြန်ရောက်လာမလား။ မခန့်မှန်းနိုင်။ ဒါပေမယ့်လည်း အဲ့ဒီကာလအတောအတွင်း ကိုယ်တို့မှာ ကိုပိုင့်လို လက်လွှတ်ခဲ့ရသူတွေ၊ သူ့လိုမဟုတ်ပဲ ကယ်နိုင်ခဲ့တဲ့အသက်တွေ နည်းတော့ မနည်းတော့ပါဘူး။ နစ်သွားတဲ့လှေတွေအတွက်ပဲဖြစ်ဖြစ် ဆယ်လာနိုင်တဲ့လှေတွေအတွက်ပဲဖြစ်ဖြစ် ကိုယ့်ဘက်ကတော့ ကိုယ်လုပ်နိုင်တဲ့အထဲက အကောင်းဆုံးကိုပဲ လုပ်ပေးခဲ့ပါတယ်။ ပိုလုပ်လို့ ရှင်တာ လျှော့လုပ်လို့သေတာ မရှိပါဘူး။ သေခြင်းရှင်ခြင်းက ကံတရားပါ။ ဒီရောဂါက ပထမတစ်ခါခွဲပြီးလို့ အကုန်အစင် မထုတ်နိုင်ရင် ၂ နှစ်အတွင်းမှာ နောက်တစ်ခါပြန်ပေါ်ပြီး အသက်ဆုံးနိုင်တယ်လို့ ကိုယ့်ဘာသာ စိတ်ထဲစွဲနေတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ခွဲပေးပြီး ၆ နှစ် ၇ နှစ် အသက်ရှည်ရှည်နေသွားတဲ့ အဖိုးတွေလည်း ရှိပါတယ်။

ဆရာဝန်အလုပ်ဟာ လူ့အသက်ကို ကယ်တဲ့အလုပ်လို့ လူတွေက ပြောကြတယ် မဟုတ်လား။ ဒီလိုဆိုရင် သေသွားတဲ့လူတွေအတွက် ဆရာဝန်တွေက ဘာမှလုပ်မပေးရာကျပါတယ်။ ကိုယ့်အထင်တော့ ဆရာဝန်ဆိုတာ သေသေရှင်ရှင် ရောဂါဝေဒနာနဲ့လူတွေကို အကူအညီပေးရတဲ့ အလုပ် လို့ပဲ မြင်ပါတယ်။ သေခြင်းတရားဟာ တစ်ယောက်တည်းရင်ဆိုင်ရတဲ့အခါ ကြောက်စရာကောင်းပေမယ့် ဆရာဝန်နဲ့အတူတူဆို နည်းနည်းပါးပါးတော့ အားရှိတာပေါ့။ အဖော်ရတာပေါ့။ ကိုယ်နဲ့အတူ သေရွာကို လိုက်ပါမည့်သူ မဟုတ်သော်လည်းပဲပေါ့။ ကိုပိုင်ကတော့ မေးရှာပါတယ်။ “ဆရာ ကျနော် လစ်ရတော့မလား။ နောက်ဆုံးအချိန်ရောက်ပလား။” တဲ့။ “မဟုတ်သေးဘူးလေ ကိုပိုင်ရယ်။ အခု ဘယ်လိုဖြစ်နေလို့လဲ။ နေလို့မကောင်းဘူးလား။ ဘယ်လိုခံစားရလို့လဲ။ ဘာလုပ်ချင်လဲ။ ကျနော်ဘာလုပ်ပေးရမလဲ။” အဲ့သလိုပဲ ပြန်ပြန်ဖြေခဲ့ပါတယ်။ တကယ်တော့လေ သေတယ်ဆိုတာ ခုဘဝရဲ့ အဆုံးပေမယ့် ပြီးတာနဲ့ နောက်ဘဝရဲ့အစကို ရမှာ မဟုတ်လား။ အင်မတန်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်။