ချန်ဂင်တို့စခန်း (၂၆၀)

အောက်ပြည်အောက်ရွာမှာ မိုးသက်လေပြင်းတွေတောင် တိုက်ခတ်နေပြီ လို့ ပြောသံကြားတယ်။ ဒီမှာလည်း ၂ ရက်တစ်ခါ၊ ၃ ရက်တစ်ခါလောက် မိုးရွာပါတယ်။ လေပြင်းပြင်းတိုက်ပေမယ့် မုန်တိုင်းတော့ မဟုတ်သေးဘူး။ မုန်တိုင်းတွေက မြန်မာပြည်မြောက်ဖျားကို ရောက်ရင် အားပျော့သွားပြီး မိုးချည့်ပဲ သည်းသည်းမည်းမည်း ရွာတတ်တာမျိုးပါ။ ဒီကရေတွေနဲ့မှ ဧရာဝတီအဖြစ် တပြည်လုံးကို ဖြတ်သန်းစီးဆင်းရမှာ မဟုတ်လား။ ရွာပါစေလေ။ ကိုယ်တွေလည်း အေးအေးချမ်းချမ်း နေရတာပေါ့။ ကိုယ့်နေရာက အင်းတော်ကြီးကန်ရဲ့ သဘာဝပတ်ဝန်းကျင် နဲ့ ဇီဝစက်ဝန်းထဲမှာ ပါတာဆိုတော့ သူ့ eco system ကြီး မပျက်စီးပဲ ဖြစ်စဉ်ဖြစ်မြဲ ဖြစ်နေကျသော သဘာဝတရားကြီးအတိုင်း သမားရိုးကျ ရှိနေတာ ကောင်းပါတယ်။ ရွှေတွေကျောက်တွေ မတရားသဖြင့်တူးလွန်းလို့ မြေဆီလွှာတွေ အထက်အောက် ကျွမ်းသဒ္ဒါလန်ကုန်တာတောင် အင်မတန် နှမျောဖို့ကောင်းတာ။ ဒီလိုဆိုရင် တစ်နှစ်တစ်ခါ malaria outbreak ဖြစ်တာမျိုးကိုလည်း သဘာဝတရားလို့ပဲ ယူဆထားရမယ်။ တောထဲကို လူတွေသွားနေလို့ ခြင်ကိုက်လာတဲ့ ကူးစက်ရောဂါ မဟုတ်လား။ ရှေးတုန်းကများ ရွှေတောငှက်တောထဲ သွားပြီဆို သေလူ လို့ သဘောထားကြတာလေ။ အခုခေတ်မှာတော့ ဆေးကောင်းဝါးကောင်းတွေ ပေါ်နေပြီဆိုတော့ ဆရာဝန်လက်လှမ်းမီတဲ့အရပ်တွေမှာ စိတ်ပူစရာ မလိုပါဘူး။ ဒါပေမယ့်လည်း စကစဘက်က ဖြတ်တောက်ပိတ်ဆို့ထားတဲ့အတွက် အဲ့ဒီဆေးတွေ ကိုယ့်ဆီရောက်ဖို့က တော်တော်ကို လုံးပန်းရတဲ့ကိစ္စပါ။ စစ်ပွဲတွေဖြစ်ရင် ဆေးဝါး၊ ရိက္ခာ၊ လောင်စာဆီ ၊ ဆက်သွယ်ရေးလမ်းကြောင်း အကုန်ဖြတ်တောက်ပစ်နေကျမို့ ဒီအခက်အခဲတွေက မရရအောင် ကျော်ဖြတ်နေကျမို့ ကိုယ်တို့အတွက် ရိုးနေပါပြီ။

PDF တပ်မတော်ဆိုတာလည်း ကိုယ့်ဆေးရုံနဲ့အတူတူပဲ။ ဘာမှမရှိတဲ့ ခြေမဲ့လက်မဲ့ ဘဝကနေ ကာချုပ်ထွက်ပြေး၊ ဒုချုပ်ဗုံးမှန်တဲ့အထိ တိုက်နိုင်တဲ့ စစ်တပ် မဟုတ်လား။ မဖြစ်ဖြစ်တဲ့နည်းနဲ့ မရရအောင် ကြံဆောင်ပြီး ရုန်းကန်ကြမယ်။ ပြောချင်တဲ့သူတွေ ပြောချင်သလို ပြောကြစမ်းပါ။ ကိုယ်တို့က အလုပ်ပဲ လုပ်မယ့်သူ။ အဖြေမြန်မြန် ထွက် ချင်တာကိုး။ ပိုက်ဆံမလိုချင်ဘူး။ နံမည်မလိုချင်ဘူး။ ကုသိုလ်ရရ မရရ၊ ငရဲကြီးကြီး မကြီးကြီး။ တော်လှန်ရေးမြန်မြန်ပြီးဖို့လောက် ဘယ်ဟာမှ အရေးမကြီးဘူး။ ခြေတွေလက်တွေပြတ်နေရင်တောင် “အား” လို့ မအော်နိုင်သေးဘူး။ တော်လှန်ရေးပြီးမှ အော်တော့မယ်။ အရှိန်ပျက်သွားမှာစိုးလို့။ အခုက ဇောကပ်နေပြီ။ မုန်းရမယ့်သူတွေ ချစ်ရမယ့်သူတွေ အကုန်မှတ်ထားတယ်။ ပြီးမှ ပြီးမှ။ ပြီးတော့မှာ။ ခဏစောင့်။

အရှုံးသမားတွေကတော့ ရနိုင်သမျှ အချိန်ဆွဲဖို့၊ ပစ်ဒဏ်ဘောရဖို့၊ ပင်နယ်တီကန်ဖို့၊ ကြိုးစားကြပါတယ်။ ပွဲက ပြီးပဲပြီးတော့မယ်။ နဂိုကတည်းက ညစ်တဲ့အသင်းမို့ ညစ်နည်းမျိုးစုံ ထုတ်သုံးနေသော်လည်း စစ်ပွဲရလပ်ကတော့ မပြောင်းလဲနိုင်ပါဘူး။ ဒေါနတောင်ကို တစ်လကြာအောင်တက်ယူတာတောင် မရောက်သေးတဲ့ ကောင်တွေက ဘာတွေဆက်လုပ်နိုင်မှာမို့လဲ။ ကရင်တွေကို သွေးခွဲထားပေမယ့် ဘုံရန်သူ က သူတစ်ယောက်တည်း ရှိတာ။ သူ့အရင်ဖြိုပြီးမှ စိတ်ဝမ်းကွဲစရာရှိတာ ဆက်ကွဲမယ်။ နွားကွဲပေမယ့် ကျားဆွဲနေတာ မဟုတ်ဘူး။ ခွေးဆွဲတာ။ ဘယ်နွားက ပိတ်ကန်ကန် ကိန်ကနဲပဲ။ သဘောပေါက်။ စောချစ်သူ ခြေသလုံးဖက်ပြီး စစ်တိုက်နေရတဲ့ကောင်တွေကများ။

ကချင်ပြည်နယ်ရဲ့ စစ်ရေးအခြေအနေကတော့ ခူးပြီးခပ်ပြီး နူးပြီးနပ်ပြီး။ ဆီဆားအစုံနဲ့ ဖြည်စားရုံကလေး ကျန်တော့တဲ့ အနေအထားပါ။ လမ်းတွေ၊ စခန်းတွေ အကုန်သိမ်းပြီးသွားပြီ။ မြို့တွေဆက်သိမ်းတော့မှာ။ အစကတည်းက သူတို့မှာ plan ရှိပါတယ်။ အဲ့ဒီအတိုင်းပဲ တစ်ဆင့်ချင်းသွားနေတာ။ အဆုံးထိတိုက်မယ် လို့ ရည်မှန်းထားပြီးသား။ မြန်မာစစ်တပ်ကသိမ်းရင် မီးရှို့၊ လုယက်၊ ဖျက်စီး၊ လူသတ်၊ မုဒိန်းကျင့်၊ စတဲ့ အမူအကျင့်တွေနဲ့ပြောင်းပြန်။ KIA/KIO သိမ်းထားတဲ့ မြို့ရွာတွေမှာ ပြန်လည်ထူထောင်ရေး၊ စစ်ဘေးဒုက္ခသည် နေရာချထားရေးတွေနဲ့ အုပ်ချုပ်ရေးယန္တရား အသက်ဝင်လာအောင် ပြန်လုပ်နေရတာ။ ပြည်သူကို ရန်သူ လို့ သဘောထားတဲ့သူတွေက သူ့စိတ်ရင်း စေတနာအလျောက်ပဲ ပြည်သူ့ရန်သူဘဝ ကို ရောက်သွားရတာပေါ့လေ။

သူတို့က ပြည်သူကို အထင်သေးတယ်လေ။ ပြည်သူဆိုတာ ငါတို့က နားလှည့်ပြီး ပါးရိုက်လိုက်ရင် သွား ၃၂ ချောင်းလုံး ကျွတ်အောင် ရိုက်လို့ရတယ် လို့ ထင်နေတာ။ မယုံရင် ဇာဂနာဆိုတဲ့ သွားဆရာဝန်ကို မေးကြည့်။ အံကပ်ကြီးပါ ချွတ်ပြလိုက်လိမ့်မယ်။ အရင်တုန်းကတော့ ရချင်ရမှာပေါ့လေ။ အခု မရတော့ဘူး။ သတင်းအတုတွေနဲ့ ဂျင်းထည့်လို့ မရသလို သွေးခွဲရန်တိုက်ပေးပြီး မြားဦးလှည့်လို့လည်း မရတော့ဘူး။ နောက်ဆုံးကျည်ဆန်အနေနဲ့ မေမေ့လွှတ်ပြီး ရွေးကောက်ပွဲ လုပ်ပေးပါ့မယ် ဆိုရင်တောင် ဒီတော်လှန်ရေးက ရပ်တန့်လို့ မရနိုင်တော့။ အဆုံးထိဆက်သွားမယ်။ ရှင်သန်တဲ့သူ ကျန်ရစ်မှာ။ မြင်းမူ၊ လက်ထုပ်တောမှာလို တရွာလုံးမျက်စိအောက်တင် ယောက်ကျားလေးတွေ အကုန်ခေါ်ပစ်သတ်သွားတဲ့ စစ်သားတွေ စစ်ရှုံးလို့ လက်နက်ချတဲ့အခါ ဘယ်သူက ဂျနီဗာကွန်ဗန်းရှင်းကို တရားချလို့ ရမှာလဲ။ ကိုယ့်သေမိန့်ကိုယ်ချထားတဲ့ကောင်တွေ။ လူတွေသေတယ်ဆိုတာ ခွေးတွေဝက်တွေမှ မဟုတ်တာ။ မိသားစု ရှိတယ်။ ဆွေမျိုးသားချင်း ရှိတယ်။ ရပ်ရွာအသိုင်းအဝိုင်း ရှိတယ်။ အလောင်းဖျောက်ပစ်လိုက်လို့ အရိုးချည့်ကျန်ရင်တောင် အဲ့ဒီအရိုးက တွန်တတ်တယ်။ ကြိုးသမားများ ကြိုးမိန့်ကျပြီးရင် ကိုယ့်လည်ပင်းစွပ်မယ့် ကြိုးကွင်း ကိုယ်ကျစ်ရသလိုပဲ။ ကြင်စိုးတစ်ကောင်လည်း ကိုယ့်ကြိုးကိုယ်ထိုင်ကျစ်နေမိမှန်း မရိပ်မိသေးဘူး။ ဒီအမှုတွေအကုန် သူ့ကိုကြိုးစင်ပို့မယ့်ဟာတွေချည့်ပဲ။

ဒီစာတွေထိုင်ရေးနေတာကို တချို့ကတော့ ကိုယ့်ကိုယ်ကိုယ် အမွှန်းတင်ပြီး self branding လုပ်နေတာ။ အစိုးရကလော်ဆဲရင်း political masturbation လုပ်နေတာ လို့ ပြောကြပါတယ်။ အေးပါ အေးပါ။ ငါတို့ဘက်က အာသာဖြေလိုက်ရုံနဲ့ မင်းတို့ စစ်သားစစ်ဗိုလ်တွေ အသားနီလန်ရတယ်ဆိုလည်း ကျေနပ်ထိုက်ပါတယ်။ ကြည့်လိုက်တော့လည်း အဲ့ဒီဆရာကြီးတွေက သူများ အပြစ်ပြောတာကလွဲလို့ ဘာတစ်ခုမှ အဖြစ်ရှိအောင် လုပ်နိုင်တာလည်း မဟုတ်။ ကိုယ့်ဘက်ကလူတွေ စိတ်ပျက်အားငယ်သွားအောင်၊ တွေဝေတွန့်ဆုတ်သွားအောင်၊ မကျေနပ်ချက်တွေအပေါ် မီးလောင်ရာလေပင့်ပေးပြီး အတန်ရှည်ရှာရုံသက်သက်ပါပဲ။ စာအရှည်ကြီးရေးထားသော်ငြား တဝက်လောက်ဆို ဆက်မဖတ်ချင်တော့လို့ အဆုံးထိ ဆွဲချပြီး ဘယ်သူရေးသလဲ ကြည့်လိုက်ရင် သိပြီ။ ကိုယ့်လိုများ တောထဲကဆေးရုံအကြောင်း အပိုင်း ၂၇၀ ကျော်အထိ လူဖတ်မပြတ်အောင် ရေးတတ်ရင် ခက်ဦးမယ်။ ဒီစာတွေက ဟော်တယ်ခန်းထဲက ရေးတာ မဟုတ်သလို လွတ်ရာကျွတ်ရာ နိုင်ငံခြားကနေ အာချောင်နေတာလည်း မဟုတ်ဘူး။ နောင်တစ်ချိန်ကျ မေ့ချင်ယောင်ဆောင်ပြီး မရှိဖူး မဖြစ်ဖူးသလို ရူးချင်ယောင်ဆောင်မယ့် စစ်ရာဇဝတ်မှုတွေကို ကိုယ်တွေ့မျက်မြင် အချိန် နေရာ အတိအကျနဲ့ အမှတ်အသား ချန်ရစ်တာ။ အစကပြန်ဖတ်လိုက်ရင် ဖြစ်ကြောင်းရယ်မှကုန်စင်ပဲ။ သဇင်ဦးက မေး၊ ဇော်မဲလုံးက ဖြေ၊ မိုးဟိန်းက ဂျာနယ်ထဲထည့်တဲ့ မဟုတ်တမ်းတရား မုသားတွေကို မြောင်းထဲပို့မလို့ ဆိုရှယ်မီဒီယာ စစ်မျက်နှာက ဝင်တိုက်နေတာ။ ကျန်းမာရေးစစ်မျက်နှာကလည်း ပါတယ်။ တိုက်ခိုက်ရေး စစ်မျက်နှာကလည်း ပါတယ်။ စစ်အာဏာရှင်တွေကို ဆန့်ကျင်တော်လှန်ပြီး အနိုင်ယူချေမှုန်းရတာလောက် စိတ်ချမ်းသာကျေနပ်ရတဲ့ တောင်းဆုပြည့်ဝခြင်းဆိုတာ သံသရာမှာ မရှိဘူး။ နတ်ရွာနိဗ္ဗာန် မရရင်နေပါစေ။ ဒီဆန္ဒတော့ တလုံးတဝတည်း ပြည့်ချင်တယ်။

ဆုတောင်းဆိုတာ အလိုလိုပြည့်စရာတော့ မရှိဘူးလေ။ ကိုယ့်ဘက်ကလည်း အပြည့်အဝ အားထုတ်ရတာချည့်ပဲ။ တချက်ကလေးမှ ရပ်နေနားနေတယ် ဆိုတာ မရှိပါဘူး။ ရှေ့ဆက်ပြီး ဘယ်အချိန်မှာ ဘာလုပ်ရမယ် သိလည်းသိတယ်။ ဖြစ်အောင်လည်း လုပ်တယ်။ ဆေးရုံတစ်ရုံကို ပြည့်စုံအောင် ဖြည့်တင်းပြီးတဲ့နောက် ဆေးရုံ ၂ ရုံပွါးပြီး အလုပ်လုပ်နိုင်အောင် ကြိုးစားနေတယ်။ သူတို့ဘက်မှာတောင် ဦးဂွမ်မော်ကြီးက “မသေးလွန်းဘူးလား။” မေးယူရတဲ့ စစ်ဆေးရုံကြီးတွေ မနိုင်မနင်းဖြစ်ကုန်လို့ ပြင်ပအထူးကုဆေးရုံတွေမှာ အရပ်ဝတ်နဲ့ တိတ်တိတ်ခိုးကုနေရတယ်တဲ့။ ကိုယ်တို့ဆီမှာတော့ ခြေနိုင်လက်နိုင်လေးပါ။ ဆရာဝန်တွေကိုသတ်တဲ့ စစ်ဗိုလ်ကြီးတွေကို ဆရာဝန်တွေကပဲ ပြန်ကုပေးနေရတာ မဟုတ်ဘူးလား။ အရင်ကလည်း အရေးအကြောင်းဆို တပ်ဆရာဝန်တွေ ပလစ်ပြီး အရပ်ဘက်က ဆရာဝန်တွေပဲ ခေါ်ခေါ်ကုနေကျဟာကို။ အခုတော့ ဆင်ဖြူမျက်နှာ ဆင်မည်း မကြည့်ဝံ့လို့ အိန္ဒိယက ဆရာဝန်တွေ ချာတာဖလိုက်နဲ့ ပင့်ကုနေရတာလေ။

၂၀၂၁ မှာ ဆန္ဒပြတဲ့ကလေးတွေကို ရိုက်နှက်ပစ်ခတ်နေကတည်းက တို့ဆရာဝန်တွေက ကုခဲ့တာ။ ခုချိန်ထိအောင်လည်း ကယ်တဲ့ ကုတဲ့ ကူတဲ့သူတွေ နေရာတိုင်းမှာ ရှိနေကြတုန်းပဲ။ Federal ဆေးတက္ကသိုလ်တွေတောင် အသစ်ပေါ်လာခဲ့ပြီ။ အကြိမ်ကြိမ်အခါခါ ဗုံးကျဲဖျက်စီးလည်း ကိုယ်တို့လိုမျိုး ဆေးရုံကလေးတွေ ပျောက်ပျက်မသွားပါဘူး။ တိုးလို့ပွါးလို့သာ လာပါတယ်။ ၂ နှစ်ကျော်လို့ ၃ နှစ်ပြည့်တဲ့အထိလည်း ပြည်သူတွေဘက်က မငြီးမငြူ ဆက်လက်ထောက်ပံ့နေဆဲပဲ။ “PDF တွေကို ထောက်ပံ့ရင် နင်တို့တရွာလုံး မိန်းမတွေ ကလေးတွေပါ မကျန်အောင် အကုန်သတ်ပစ်မယ်။” လို့ စစ်ဗိုလ်ကြီးက ကြိမ်းဝါးတော့ လက်ထုပ်တောက လူတွေက ကြောက်ကြောက်နဲ့ ဟိုမှာသည်မှာ လက်ညှိုးထိုးသလား။ ငုတ်တုတ် အသေခံသွားတယ် မဟုတ်ဘူးလား။ ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ နားလည်အောင် အရင်ကြိုးစားလိုက်ဦး။

ကိုယ်တို့ကတော့ မကြောက်တတ်လို့ သူတို့ လေယာဉ်ဗုံးကျဲတာလည်း အလုပ်မပျက် အကိုင်မပျက်ပါပဲ။ မိုင်းထိတဲ့ကလေး တစ်ယောက် ရောက်လာလို့ ချက်ချင်းသွေးရှာ ချက်ချင်း ခွဲခန်းဝင်ကြတယ်။ ကံကောင်းလို့ ရင်ဘတ်မှန်တဲ့အစက ရင်ညွန့်ရိုးထဲတင် စိုက်နေတယ်။ ရင်ခေါင်းထဲအထိ မရောက်။ ဗိုက်မှန်တဲ့အစကတော့ ဝမ်းခေါင်းထဲထိရောက်လို့ ဗိုက်ဖွင့်ရတယ်။ ခြေထောက်နှစ်ဘက်စလုံး သွင်သွင်ကျိုးတာကို နောက်တစ်ဖွဲ့က တပြိုင်တည်းဝင်ရတာပေါ့။ Spinal မပျယ်ခင် တခါတည်း အပြီး လုပ်ချင်တာကိုး။ အချိန် ၂ နာရီအတွင်း ကိုယ့်အလုပ်ကိုယ် ပြီးအောင်လုပ်ဖို့ပဲ ရှိတယ်။ တစ်ခါတည်းနဲ့တော့ ပြီးမှာ မဟုတ်။ ဗိုက်ကကိစ္စ စိတ်ချရရင် ortho surgeon ဆီ လွှဲရမှာ။ အချိန် ဘယ်လောက်ရသလဲ။ ဘာတွေလုပ်မှာလဲ။ သေသေချာချာလုပ်ခဲ့။ လူနာက ခုမှ ၂၁ နှစ်ပဲ ရှိသေးတယ်။ ထိထားသမျှဒဏ်ရာ မိမွေးတိုင်းဖမွေးတိုင်း ကောင်းဖို့ဆိုတာ ကိုယ့်လုပ်ရည်ကိုင်ရည်၊ ဆုံးဖြတ်ချက်အပေါ်မှာ တည်နေတာ။ ဒါကြောင့်မို့ အကောင်းဆုံး ကြိုးစားကြတယ်။ ဒီလိုလုပ်ချင်လို့၊ ဒါမျိုး လုပ်ချင်လို့ ဒီနေရာမှာနေတာဖြစ်တဲ့အတွက် ဒီဆေးရုံဟာ ကိုယ်တို့တိုက်နေတဲ့ စစ်ပွဲ။ ကောင်းသွားတဲ့လူနာတွေဟာ ကိုယ်တို့တိုက်ယူလိုက်တဲ့ အောင်ပွဲပဲ။ ကိုယ်ခွဲပေးလိုက်လို့ မသေပဲကောင်းသွားတဲ့ PDF ကလေးတွေ တစ်ယောက်ပြီးတစ်ယောက် တိုးလာတယ်ဆိုတာကတော့ အင်မတန် စိတ်ချမ်းသာစရာကောင်းတဲ့ ပီတိသုခလေ။ ကိုယ်တွေ့ကြုံဖူးသူတွေသာ နားလည်နိုင်မယ့်အရာတွေ ဖြစ်ပါတယ်။ ဆယ်ဇင်း၊ ဖားကန့်ဘက်တက်ပြီး ရွှေမရှာ ကျောက်မရှာ ဘယ့်နှာကြောင့် တောထဲထိုင် ဆေးအလကားကုနေသလဲ ဆိုတဲ့ အဖြေဟာ အဲ့ဒါပါပဲ။ “မြမရှား စိန်မရှား၊ အလွန်ပင် များသည်ကို ယားတယ်လို့ ငြင်းဆန်၊ ဆင်စွယ်မှ ပန်လိုသတဲ့ဘုရား။” ဆိုတဲဲ့အဓိပ္ပါယ်ကို အခုမှပဲ ကောင်းကောင်းကြီး သဘောပေါက်ပါတော့တယ်။