ချန်ဂင်တို့စခန်း (၂၅၉)

မိုးတွေ အုံ့လိုက်ရွာလိုက်နဲ့ လေးငါးရက် ရှိတဲ့အခါ ရာသီဥတုကလည်း ချက်ချင်းပြောင်းသွားပါတယ်။ အနွေးထည်တွေ ဘာတွေတောင် ပြန်ထုတ်ဝတ်ယူရတယ်။ ဆိုလာတွေ အားပြန်မပြည့်တော့ဘူး။ ရုတ်တရက်ကြီး မိုးတွင်းရောက်သွားသလိုပါပဲ။ ဟိုးအရင်နှစ်ကလည်း သင်္ကြန်ပြီးတာနဲ့ ဝါဝင်တဲ့အထိ တောက်လျှောက် မိုးတွေရွာဖူးတာမို့ အခုလည်း ဘယ်ပြောနိုင်ပါ့မလဲ။ ခြင်တွေပေါလာလို့ ငှက်ဖျားလူနာတွေ တက်လာတာနဲ့ ဆေးတွေပဲ တွင်တွင်မှာနေရတယ်။ မနှစ်ကတုန်းကလိုဆို ကြောက်စရာကြီးရယ်။

ရွာထဲကို ဗုံးလာကျဲတော့ ရွာသားတွေက လယ်တောထဲကို ထွက်ပြေးပြီး ပုန်းအိပ်ကြရတယ်။ အဲ့ဒီမှာ ခြင်ကိုက်တော့ အခု တစ်ရွာလုံး ကလေးလူကြီးမကျန် ငှက်ဖျားမိလာကြရော။ ဆေးရုံက လူတွေပါ ဖျားကြတယ် ပိုးတွေ့တယ်လေ။ မှာထားတဲ့ဆေးတွေ ရောက်မလာသေးတော့ စိတ်ထဲမှာ နေလို့မဖြောင့်ဘူး။ ခြေဆုံးခေါင်းဆုံး Daily dressing ထည့်ရတဲ့ လူနာတွေလည်း များသမို့ ဂွမ်းတွေပတ်တီးတွေတောင် မှာလို့မလောက်အောင် ကုန်တယ်။ မိုးရွာလို့ လမ်းတွေပိတ်တာနဲ့တော့ ဒုက္ခပါပဲ။ ဆေးရုံ ၂ ရုံကွဲနေတာ ပြန်မပေါင်းရသေးတော့ လူနာတွေက များဦးမှာ သေချာတယ်။ ဆေးရုံမှာ လာကူလုပ်ပေးမယ့် ကလေးတွေလည်း ပိုများလာပါတယ်။ အကြောင်းကတော့ မြို့တွေရွာတွေမှာ စုဆောင်းရေးခေါ်တဲ့အဖွဲ့တွေများလို့ အထုပ်ကလေးပိုက်ပြီး ဆေးရုံမှာ လာရှောင်နေကြတာ။

စစ်ရေးအခြေအနေကတော့ သိမ်းပိုက် အောင်မြင်ပြီးသား အရပ်ဒေသတွေမှာ စီမံအုပ်ချုပ်ရေးပိုင်း အထိုင်ကျအောင် စီစဉ်ပြီး နောက်ထပ်ဆက်သိမ်းရမယ့် စခန်းသစ်တွေကို တိုက်ဖို့ ပြင်ဆင်နေတာပေါ့။ အောင်ပွဲတွေနဲ့အတူ ရှေ့ဆက်လှမ်းမယ့် ခြေလှမ်းသစ်တွေကလည်း မရပ်မနား ခရီးဆက်နေတုန်းပါ။ အဲ့ဒါကြောင့် ကိုယ်တို့ဘက်က ပြင်ဆင်မှုတွေကလည်း တစ်ခါထက်တစ်ခါ ပိုအားစိုက်ရပါတယ်။ ကိုယ်တိုင်ထွက်ပြီး စစ်မတိုက်ရတာကလွဲလို့ စစ်ပွဲရှိတဲ့အရပ်တွေမှာ ထွက်ချည်ဝင်ချည်ပါပဲ။ အချိန် သိပ်မရှိတော့ဘူး။ ဝါမဝင်မီ နောက်တစ်ပွဲတော့ အပီအပြင်ဆွဲလိုက်ချင်သေးတာ။ လိုက်ကြမလားကွဲ့ သူငယ်ချင်းရေ။ ပွဲရှေ့မှာ နေရာထား။ မင်းလိုက်မှာလား။

ခက်တာက ပွဲဦးမင်းလည်း ကိုယ်၊ ပွဲလယ်မင်းလည်း ကိုယ်၊ ပွဲသိမ်းမင်းလည်း ကိုယ် ဖြစ်နေတာမို့ ပုဝါမကူ ရေမရှူသော်ငြား ပင့်သက်ကလေးတော့ ခိုးခိုးရှိုက်ရတာပဲ။ ကိုယ့်ချည်းပဲ မဟုတ်ဘူး။ ကလေးတွေလည်း ပန်းလှပြီ။ မြို့ပေါ်က ငရို့နဲ့ မသက်ဆိုင်သောသူတွေ မကူနိုင်ရန်ကော လို့ ငြူစူနေလို့ အကျိုးမထူးဘူး။ ငါတို့မှာ ငါတို့ပဲ ရှိတယ်။ ငါတို့အချင်းချင်း ရိုင်းပင်းပြီး ကိုယ်ထူကိုယ်ထ ဖေးမကြမယ်။ လူပန်းရင် လူအနားပေး စိတ်ပန်းရင် စိတ်အနားပေးပြီး အားသစ်အင်သစ်တွေ ပြန်မွေးကြတာပေါ့။ တိုက်ပွဲမှာ PTSD ရနေတဲ့ကလေးတွေကို ဆေးရုံပြန်ခေါ်ပြီး ဆေးကုပေးရသေးတယ်။ ဒဏ်ရာဆိုတာ ကိုယ်ရောစိတ်ပါ ရနိုင်တာပဲ မဟုတ်လား။ အချိန်ပေးပြီး ကုစားရတယ်။ အလုပ်တွေက ကိုယ်တွေပဲ ဆက်လုပ်ရဦးမှာလေ။

ဓဇဂ္ဂသုတ်ထဲကလိုပေါ့။ သူတို့မောရင် ဒီမှာ ကိုယ့်အသက်အရွယ်ကြီးနဲ့ မမောမပန်း တရကြမ်းလုပ်နေတာကို ကြည့်လိုက်။ ဒီအဖိုးကြီးနောက်မှ ကပ်မလိုက်နိုင်ရင် လူငယ်ခြေကျတွေ ဖြစ်ကုန်မှာနော့။ ကိုယ်မောရင်လည်း ကိုယ့်ထက် မမောမပန်း၊ သက်လုံကောင်းကောင်း၊ စိတ်ဓါတ်ခိုင်ခိုင်မာမာနဲ့ လမ်းပြဦးဆောင်နေတဲ့ ကိုယ်တို့မေမေ ရှိပါတယ်။ ကိုယ်တို့တတွေ စွန့်လွှတ်အနစ်နာခံတယ်ဆိုတာ သူ့ခြေဖျားကို ဘယ်မီမလဲ။ “သူ့အတွက် ကြိုးစားရဦးမယ်။ သူ့ကို ကယ်တင်နိုင်တဲ့အထိ အလုပ်လုပ်ရဦးမယ်။” လို့ တွေးလိုက်ရင် ရိုးရိုးလျှောက်တာ နှေးတယ်ထင်လို့ ထတောင်ပြေးလိုက်ချင်သေး။ ဘယ်ခဝေးသဒေါင်းဇားမှ ခေါင်းထဲထည့် စဉ်းစားမနေတော့ဘူး။ focus က အလိုလို ပြတ်သွားတာ။ နီပေါ မကလို့ ဘူတန်၊ တိဘက် တပ်ချင်တဲ့ တံဆိပ်တပ်။ ဘာစောင်လုပ်မှ မလုပ်ပဲ အလုပ်လုပ်နေတဲ့သူတွေကို စောင်ပြစ်ထိုင်ပြောနေတဲ့သူတွေထက်တော့ အပြတ်အသတ် သာတာပဲ။ ဟုတ်တယ်မှလား။

မင်းအောင်လှိုင်ဟာ စစ်တိုက်နေတာဆိုရင် သူ့လက်အောက်က တိုင်းမှူးတွေ၊ ကစထမှူးတွေနဲ့ စစ်ရေးဗျူဟာ မဆွေးနွေးပဲ နေမှာ မဟုတ်ဘူး။ မြန်မာပြည်မြေပုံပေါ်မှာ အရောင်တွေပြောင်းခြယ်ပြီး သူတို့ဘက်က လက်လွှတ်လိုက်ရတဲ့ မြို့တွေရွာတွေ၊ စစ်စခန်းတွေကို စေ့စေ့ကြည့်ပြီး ရေရဲတဲ့သတ္တိ ရှိသလား။ ပြီးခဲ့တဲ့လ စာရင်းချုပ်အပြီးမှာ စကစဘက်က အောင်ပွဲရအောင် တိုက်နိုင်တဲ့ စစ်ပွဲ တစ်ခုတလေ ရှိသလား။ ဖြေရဲရင်ဖြေကြည့်စမ်းပါ။ ကိုယ်တို့ ကချင်ပြည်နယ် မှာတော့ မနေ့ကတစ်ရက်တည်း စခန်း ၁၁ ခု သိမ်းလိုက်တယ်။ ဒီ ၂ လ အတွင်း စခန်းပေါင်း ၉၀ ကျော်ပြီတဲ့။ သူတို့မှာ သတင်းတွေ ဖတ်ရဲ နားထောင်ရဲတဲ့သတ္တိတောင် မရှိလောက်ပါဘူး။

တပ်ထဲမှာ စစ်တိုက်မယ့်သူတောင်မကျန်တော့ဘူး။ အမိန့်ပေးမယ့်သူတွေချည့် ကျန်တော့လို့ ပြာတောက်နေအောင် စစ်သားစုဆောင်းနေရတာ။ “ဗမာပြည် ကာကွယ်မည်။ တပ်မတော် ချီလာပြီ။” ဆိုလို့ ဘယ်သူတွေများလဲ မှတ်တယ်။ ဘင်္ဂါလီတွေ ဖမ်းခေါ် ပေါ်တာဆွဲပြီး စစ်တိုက်ခိုင်းနေတာဗျား။ ဒီဘက်က လက်နက်ချပြီး ပြန်လာတဲ့သူကို ဟိုဘက်ပြန်လွှတ်ပြီး တိုက်ခိုင်းတာလည်း သူတို့ပါပဲ။ အလံဖြူတွေတောင် ၂ ပြန်ကျော်ဖြစ်ကုန်ပြီ။ နောက်ဆို ထပ်တစ်ရာဖြစ်တော့မှာ။ ဟေဟေ။ သူတို့ကလည်း မျက်နှာပြောင်တိုက်ရဲတာနဲ့။ ကိုယ်တွေကလည်း ပြစ်ပြစ်နှစ်နှစ် အဆီတစ်ထပ် အသားတစ်ထပ် ရေးတတ်ပုံနဲ့။ တွေ့မှတွေ့တတ်ပလေ။

သူတို့ဘက်ကလည်း ရေးကြပါတယ်။ တိုင်းရင်းသားတွေအချင်းချင်း သွေးကွဲဖို့၊ EAO တွေနဲ့ PDF တွေ အကြားမှာ သပ်လျှိုဖို့၊ NUG အစိုးရအပေါ် ပြည်သူတွေ အယုံအကြည်ကင်းမဲ့စေဖို့။ မဟုတ်တမ်းတရားတွေ ရှာကြံပြီး အပါတ်တကုပ် ရေးသားဖြန့်ဝေနေကြတယ်။ သူတို့ ဘယ်လိုပဲ သွေးခွဲရန်တိုက်ပေးပါစေ။ အချင်းချင်း စိတ်ဝမ်းတွေကွဲပြီးပြိုကွဲသွားမှာ မဟုတ်ဘူး။ ဘယ်လိုနည်းနဲ့ပဲ လှည့်ဖြားသွေးဆောင်ပါစေ။ လမ်းလွဲ တိမ်းချော်သွားမှာ မဟုတ်။ တိုင်းတပါးနိုင်ငံကြီးတွေ ဖိအားပေးလိုက်လို့ ရပ်တန့်သွားစရာလည်း မရှိပါဘူး။ ကချင်၊ ကယား၊ ကရင်၊ ရခိုင်၊ အပြိုင်အဆိုင် ပန်းဝင်ဖို့ အားကုန်ရုန်းနေကြတယ်။ သူတို့မှာ ရွေးချယ်စရာဆိုလို့ “ဘယ်လောက်အထိဆိုးတဲ့ အခြေအနေမှာ လက်လျှော့လိုက်တော့မှာလဲ။” ဆိုတာပဲ ဆုံးဖြတ်ရတော့မယ်။ အချိန်ဆွဲလေ အထိနာလေသာမှတ်။ မဆုံးဖြတ်နိုင်ရင်လည်း စစ်သားတွေအားလုံးကုန်ရင် ရပ်သွားမှာပါ။ လူကြမ်းတွေလဲရင် ကြိုက်တယ်ဆို။ အေးဆေးသာ ထိုင်ကြည့်။ တစ်ယောက်ပြီးတစ်ယောက် တဂိန်ဂိန် ဂန့်ကုန်ပြီ။

အသက်ပေးပြီးတိုက်တယ်၊ အသက်စွန့်ပြီးတိုက်ပွဲဝင်တယ် ဆိုတဲ့စကားကို ဒင်းတို့ အာဏာရှင်စစ်တပ်ကကောင်တွေ ဘယ်နားလည်ပါ့မလဲ။ ကိုယ်တွေမှာက လက်တွေ့ကျင့်သုံးနေတဲ့ ခံယူချက်။ ဒီဘက်မှာ ဘယ်သူမှ သေမှာမကြောက်ဘူး။ ငါ့အတွက်၊ ငါ့မိသားစုအတွက် ဆို စစ်တိုက်နေတာမှ မဟုတ်တာ။ ငါ့အသက်ဆိုတာ ငါတို့တိုင်းပြည်လွတ်မြောက်ရေးအတွက်စွန့်ထားလိုက်ပြီးသား လို့ သဘောထားတယ်။ ဒီဘက်က PDF ရဲဘော်တစ်ယောက်ရဲ့စိတ်ဓါတ်ဟာ သူတို့ဘက်က ကာ/ချုပ်ထက် သာနေမှတော့ အနိုင်အရှုံးက အဖြေပေါ်နေပါပြီ။ မရှက်လို့သာ ဆက်တိုက်နေကြတာ။ ရှက်ရမ်းရမ်းပြီး ညစ်တွန်းတွန်းနေတာလည်း ပါမှာပေါ့။

“အောင်မယ်လေးလေး ပြောရက်လိုက်ထှာ။ ပြောရက်လိုက်ထှာ။ မကြားဝံ့ပါဘူး။ မဖတ်ဝံ့ပါဘူး။” လို့ ငိုချင်းချနေမလား မသိပါဘူး။ ကိုယ်ရေးတဲ့စာတွေကို လုံးစေ့ပတ်စေ့ နားလည်အောင် ဖတ်နိုင်တဲ့ ဖတ်ရဲတဲ့ စစ်ဗိုလ်စစ်သားမျိုး မြန်မာပြည်မှာ ရှိပါ့မလား သိချင်သေး။ စာအုပ်များထုတ်ဖြစ်ရင် အရင်ဆုံးလက်မှတ်ထိုးပြီး ပို့ချင်တာ အန်ကယ်လှိုင်တို့ အန်တီကြူတို့ ဆီကိုလေ။ ဓါးတစ်လက်နဲ့ ခြေဆွ၊ ဆားတစ်စက်စက်နဲ့ အရည်ချ၊ စကား တစ်ချက် တစ်ချက်တောင် မပီသ ဆိုတာမျိုး မခံချိမခံသာ ဖြစ်စေချင်တာ။ မပူပါနဲ့။ နောင်ကျတော့ ထွက်လာမှာ ပေါ်လာမှာ။ အရိုးတွေတွန်ကြဦးမှာ။ စစ်သားတွေ ဘယ်လိုတောင် ဘယ်လောက်တောင် ရက်စက်ယုတ်မာခဲ့ကြတယ် ဆိုတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတွေ စာပေ၊ ရုပ်ရှင်၊ ဂီတ နယ်ပယ်အသီးသီးက ဖော်ကျူးကြလိမ့်မယ်။ ပျံလေသည့်ငှက်ခါးမို့သာ မနားမချင်း စောင့်နေတာ။ မြေနိမ့်ရာ လှံစိုက်ချင်ရင်တော့ ချက်ချင်းမှ ချက်ချင်း။ စစ်တပ်နဲ့ ဆက်စပ်ပါတ်သက်ဖူးတယ်လို့ သတင်းထွက်တာနဲ့ လက်ဘက်သုပ် ဂျင်းသုပ်တောင် ရောင်းစားလို့မရအောင် လာဘ်တိတ်ကုန်တော့မှာ။ “မင်းတို့ တပ်မတော်ကြီးရဲ့ အနာဂတ်ကို မင်းတို့အဘကိုယ်တိုင် ချနင်းသွားတာလေ။ မြင်ပြီလား။ မှတ်ပြီလား။” ဆို ပြုံးပြုံးကြီး ထိုင်ကြည့်နေလိုက်မယ်။ ဟင်းဟင်း။

“လှောင်ရယ်သံတွေ နားမဆန့်အောင် လူစီ။

အချိန်ကုန်ခံပြီး ဆွေးနွေးလိုက်

လူတကာ ငြူစူကာ မဲ့ရွဲ့တဲ့နှုတ်ခမ်း

ဘယ်လိုထင်ထင်လေ ဂရုမစိုက်။”