ဆယ်ဇင်းစစ်ပွဲက ပြီးသွားပါပြီ။ စကစတွေက ၁၁၆ တပ်ရင်းရော ရဲစခန်းရော စွန့်ခွါသွားခဲ့ပြီ။ သူ့အနားဝန်းကျင်မှာ စစ်ကောင်စီစခန်းဆိုလို့ အင်းတော်ကြီးက လုံးတုံဂိတ်မှာတစ်ခု၊ ဟိုဘက်မှာဆိုရင် ဖားကန့်က တပ်တွေပဲ ရှိတော့မယ်။ ဒါပေမယ့်လည်း ကိုယ်ခန့်မှန်းထားသလို လူနာတွေက ဆက်ပြီး လာနေတယ်။ ထူးဆန်းတာကတော့ နောက်ဆုံးရောက်လာတဲ့ လူနာ နှစ်ယောက်ဟာ အရင်က ရောက်နေကျ ဗုံးဆံမှန်လူနာတွေနဲ့ မတူတာပါပဲ။ မတူတာမှ တော်တော့ကို မတူတာပါ။
၃၀.၄.၂၀၂၄ ည ၈ နာရီခွဲလောက်မှာ drop bomb မှန်တဲ့ လူနာတစ်ယောက် လာပါတယ်။ ဒဏ်ရာက နောက်ကျောဘက် လက်ပြင်ရိုး ၂ ခုကြားမှာ။ အဝင်အထွက် ၂ ပေါက်လို့ ထင်တာပဲ။ လိပ်ပြာပုံရှိတယ်။ အထဲကို ဗုံးဆံဝင်သွားသလား သိချင်လို့ ရင်ဘတ်ဓါတ်မှန်ရိုက်တယ်။ ဘာမှမရှိဘူး။ အကောင်းအတိုင်းကြီးပဲ။ သွေးပေါင်ချိန်၊ သွေးခုန်နှုန်း ကောင်းတယ်။ အောက်ဆီဂျင် မဆိုစလောက်ကလေးတော့ ကျနေတယ်။ မကောင်းတာတစ်ခုကတော့ လူနာ သတိမရဘူး။ ခေါင်းမှာကြီးကြီးမားမား ဒဏ်ရာရထားတာလည်း မတွေ့ဘူး။ အရက်နံ့ရတော့ အရက်မူးနေတာလားလည်း မသဲကွဲဘူး။ လောလောဆယ် လုပ်ပေးစရာ ကျောကုန်းကအနာကို ဆေးကြောသန့်စင် ဆေးထည့်ပေးဖို့ပဲ ရှိတယ်။ အဲ့ဒါက မနက်ကျမှ လုပ်လည်း ရတယ်။ ခွဲခန်းက တခြားတစ်နေရာမှာ တစ်ဆေးရုံလုံးသွားပြင်မှ ရမှာ။ မနက်လောက်ဆိုရင်တော့ သူ အမူးပြေလောက်ပြီ။ မပြေရင်လည်း တခြားဖြစ်နိုင်ချေတစ်ခုခု ထပ်စဉ်းစားရတာပေါ့။ လူနာကို အောက်ဆီဂျင်ပေးထား၊ ခွခေါင်းအုံးလေးနဲ့ ဘေးတစောင်းသိပ်၊ drip ကလေးနဲ့၊ antibiotic ကလေးနဲ့ ပေးထားပြီး ပြန်လာကြတယ်။ မနက်ကျ ခွဲခန်းဝင်မယ်ပေါ့။ ဒါပေမယ့် အဲ့ဒီလူနာ မနက် ၄ နာရီလောက်မှာ ဆုံးပါတယ်။ ညက ချက်ချင်း ခွဲခန်းမဝင်လိုက်လို့လား စဉ်းစားတယ်။ ဝင်ရင်ကော ဘာလုပ်စရာရှိလို့လဲ။ chest tube လည်း ထည့်စရာမလို။ နောက်ကျောကအနာ ဘယ်အထိပေါက်သလဲ ဖြဲကြည့်ရမှာ။ PM လုပ်ရင်လည်း မုချသေစေနိုင်လောက်သော ဒဏ်ရာလို့ ပြောဖို့ခက်တယ်။ ဓါတ်ပုံတွေတော့ ရိုက်ယူထားလိုက်တယ်။ ဓါတုဗေဒ ဓါတ်ခွဲခန်းကိုပို့ပြီးစစ်လို့တော့ မရနိုင်။ သူ့ဒဏ်ရာနဲ့က ကိုယ့်မှာ cause of death ပေးဖို့တောင် အခက်တွေ့တယ်။ သို့သော် ကျောကုန်းက ဒဏ်ရာ ၂ ခုက ကိုယ်တွေ့နေကျ ပုံစံမျိုးနဲ့မတူပဲ မည်းနက်နေတာ သတိထားမိတယ်။ ယမ်းကြောင့် အရေပြားမှာ စွဲကျန်ရစ်တဲ့ ကြပ်ခိုးမှုန်တွေ မဟုတ်ဘူး။ အတွင်းက ကြွက်သားတွေ မည်းပုပ်နေတာ။
အဲ့ဒီအခါကျတော့ သူ့အရင်ရောက်ထားတဲ့ လူနာနဲ့တူတာပဲ လို့ သတိထားမိတယ်။ တူမှာပေါ့။ အဲ့ဒီကလေးလည်း drop bomb ထိလို့ ၂၆.၄.၂၀၂၄ ကရောက်တာ။ ဘယ်ဘက်ခြေဖဝါးကို ဖနောင့်အရှေ့က ဖြတ်လိုက်ရတယ်။ ဘယ်ဘက်လက်ဖျံ အရိုးကျိုးပြီး အပြင်ကို ပွင့်ထွက်သွားတယ် ဆိုတဲ့ လူနာ။ နောက်ရောက်တဲ့ လူနာ ၂ ယောက်ဟာ ခါတိုင်းလာနေကျ ဗုံးမှန်လူနာတွေလို သတ္ထုစဗုံးဆံ အစအနတွေ ရှာမရဘူး။ ဓါတ်မှန်မှာလည်း မတွေ့ဘူး။ ပေါက်ကွဲမှုကြောင့် အရိုးတွေ ကျိုးကြေထွက်သွားတာ၊ ခြေလက်ပြတ်သွားတာတော့ ရှိတယ်။ အရေပြားပေါ်က အပေါက်ကလေးတွေက ကြပ်ခိုးမစွဲပဲ မည်းနက်နေပြီး အထဲကကြွက်သားတွေ ပုပ်လိုက်လာတာပါ။ သေချာဆေးကြောသန့်စင် ဖြတ်တောက်ထားလည်း အထဲကအသားတွေက မည်းပုပ်လိုက်လာတာနဲ့ ၂ ရက်အကြာမှာ ခွဲခန်းပြန်ဝင်ကြပါတယ်။ သွေးကြောပိတ်တာ ပြတ်တာလည်း မဟုတ်။ တံတောင်ဆစ်ကဒဏ်ရာပေမယ့် လက်ကောက်ဝတ်က သွေးခုန်နေသေးတယ်။ အဲ့ဒါကြောင့် ဖြတ်ပစ်ရမှာ နှမျောလို့ wound debridement ပြန်လုပ်ပြီး ပြန်မချုပ်ပဲ အပွင့်အတိုင်း ဆေးဆက်ထည့်ကြတယ်။ ၂ ရက်လောက်ကြာတော့ လက်တစ်ချောင်းလုံးမည်းပုပ်လာတာကြောင့် လူနာကိုယ်တိုင်က “ဖြတ်ပေးပါတော့။ အနံ့မခံနိုင်တော့ဘူး။” ပြောယူရတယ်။ အဲ့ဒါနဲ့ တတိယအကြိမ် ခွဲခန်းဝင်ပြီး လက်မောင်းကနေ ပြန်ဖြတ်ပလိုက်ရတယ်။ ခြေထောက်ကဖြတ်ထားတဲ့ ဒဏ်ရာကလည်း မကောင်းလို့ အကုန်ဖွင့်ချ၊ လှီးထုတ်ပြီး ဒူးအောက်က ဖြတ်ရမလား စဉ်းစားနေတယ်။ အနာတွေပုပ်တာ အရမ်းမြန်ပေမယ့် infection ကြောင့်ဖြစ်တဲ့ septicemia လက္ခဏာတွေတော့ မတွေ့ဘူး။ ခေါင်းထဲမှာ ရောက်လာတာကတော့ chemical injury များလားပေါ့။ အခု ဆေးရုံပေါ်မှာပဲ ရှိသေးတဲ့ သူနဲ့အလားတူ လူနာကတော့ ၂ ပါတ်ရှိပြီ။ ငုတ်တိုလေးတွေ အနာဖေးတက်လို့ ချန်ထားတဲ့အတိုင်း ကျက်တယ်။ ထပ်ဖြတ်စရာ မလို။ အသက်အရွယ်တူ လူနာ ၂ ယောက် extent of injury ချင်းတူပေမယ့် outcome ချင်းက အရမ်းကွာခြားတာ သူတို့ထိတဲ့ လက်နက်ချင်း မတူလို့ပါ။ နောက်ရောက်တဲ့ ၂ ယောက်က SNA ဆီက drone နဲ့ ကျဲတဲ့ drop bomb ထိတာ။ သူတို့ဆီမှာ စကစက ပေးတဲ့ drone ၃ စီးနဲ့ drop bomb တွေ ရှိနေတယ် လို့ သတင်းရသလို သူတို့လည်း အဲ့ဒါနဲ့ လာလာချနေလို့ စစ်ပွဲပြီးလည်း ကိုယ်တို့ဆီကို လူနာတွေ ရောက်ရောက်လာတာပါ။
ပြဿနာကအခုရောက်တဲ့လူနာတွေဟာ အရင်က ရောက်နေကျလူနာတွေနဲ့မတူပဲ ကိုယ်ကတော့ ဓါတုလက်နက်သုံးစွဲထားတယ် လို့ သံသယရှိပါတယ်။ အဲ့ဒါကြောင့် ဒဏ်ရာတွေကို ဓါတ်ပုံမှတ်တမ်း ရိုက်ယူထားပြီး စစ်မြေပြင်မှာ တာဝန်ရှိတဲ့သူတွေဆီ သတိပေးအကြောင်းကြားထားရပါတယ်။ အတိအကျ ဓါတ်ခွဲစစ်ဆေးဖို့ မဖြစ်နိုင်ပေမယ့် အရင်က war injury လူနာ ရာနဲ့ချီပြီး ကုသပေးနေတဲ့ ခွဲစိတ်ဆရာဝန်တစ်ယောက်အနေနဲ့ ပုံမှန်မဟုတ်သော ထူးခြားဒဏ်ရာများအဖြစ် specialist’s opinion ပေးနိုင်ပါတယ်။ Sulphur ပါတဲ့ chemical တစ်မျိုးမျိုး ဖြစ်မယ် လို့ ယူဆရပါတယ်။ ဒဏ်ရာရတဲ့ ဖြစ်စဉ်၊ အချိန်၊ နေရာတွေ အကြောင်းကြားထားတဲ့အတွက် ပို၍ခိုင်လုံသော အထောက်အထားများ ဆက်ရှာနိုင်အောင်၊ နောက်ထပ် အဲ့လိုလူနာများများရောက်မလာအောင် သတိပေးရတာပါ။ ဆေးကုရုံနဲ့ ပြီးမသွားတဲ့ ကိစ္စတွေပေါ့။
မင်းမှာ ဘာသက်သေရှိလို့ စွပ်စွဲရသလဲဆိုရင် လက်ဆုပ်လက်ကိုင် သက်သေအထောက်အထား ပြစရာ မရှိပါ။ ဒဏ်ရာအပေါ်မှာ ဆရာဝန်တစ်ယောက်ရဲ့ ထင်မြင် ယူဆချက်ပဲ ပေးနိုင်ပါတယ်။ ထိခိုက်မှုအတိုင်းအတာအရ မပြင်းထန်ပေမယ့် နောက်ဆက်တွဲဆိုးကျိုး ကြီးကြီးမားမား ရှိတဲ့အတွက် ကိုယ်တိုင်လည်း သတိထားရသလို အများပြည်သူကိုလည်း သတိပေးရမှာပ။ လိုင်းပေါ်ကသတင်းတွေအရလည်း မေလထဲမှာ စိုးဝင်းကြီးက ကချင်စစ်မျက်နှာကို ဦးစီးမယ်၊ ဓါတုလက်နက်တွေ သုံးစွဲမယ် လို့ စစ်လော်ဘီတွေကိုယ်တိုင် အသံထွက်နေတာပဲ။ ကြောက်တာတော့ မကြောက်ပေမယ့် ကိုယ့်ဘက်ကလူတွေ အနာတရမရှိအောင်တော့ သတိထားကာကွယ်ရမှာပဲ။
သက်သေမရှိလို့ အရေးမယူနိုင်တာပဲ ရှိတာ။ စစ်ရာဇဝတ်မှုကတော့ မြောက်နေတာပဲ မဟုတ်ဘူးလား။ ကြည်လင်းကို ခုထက်ထိ ကြိုးမိန့်မပေးနိုင်ပေမယ့် ဦးကိုနီကတော့ တကယ်သေခဲ့ရတယ်လေ။ တကယ်မဖြစ်ခဲ့ပါဘူးဆို တရားခံမရှာနိုင်ပဲ အမှုပိတ်ခဲ့ပေမယ့် Wisdom Hill မူကြိုက ကလေးလေးဆီမှာတွေ့ရတဲ့ သုက်ပိုးတွေက ဦးမာဃ ပို့ပေးလိုက်တဲ့ သိကြားရေစင်တွေ မဟုတ်ပါဘူး။ ရာဇဝတ်မှုတွေက တကယ်ဖြစ်ခဲ့တယ်။ နစ်နာသူတွေလည်း တကယ်ရှိခဲ့တယ်။ တရားဥပဒေအရ အရေးယူအပြစ်ပေးဖို့ တစ်ခုလေးပဲ မဖြစ်နိုင်တာ။ မြန်မာတနိုင်ငံလုံးမှာ ဒီလိုအဖြစ်ဆိုးမျိုးတွေ မရေမတွက်နိုင်အောင် များလှပြီလေ။ စစ်တပ်ကလူတွေ ဖျောက်ဖျက်ပစ်လိုက်ရင် ဘာဥပဒေနဲ့မှ အရေးယူလို့ မရတော့ဘူးလား။ ဝဋ်တွေ ငရဲတွေဆိုတာ တကယ် မရှိဘူးလား။ ဒါဆိုရင်လည်း ဘယ်ဘုရားမှ ကိုးကွယ် မနေပါနဲ့။ တက်သမျှ ကာချုပ်တိုင်းကို ဘုရားစင်ပေါ်တင်ပြီး ထိုင်ရှိခိုးနေကြပေါ့။
နောက် စဉ်းစားစရာ တစ်ခုက ဒါ စကစ က ပစ်တာ မဟုတ်ဘူးလေ။ SNA က ပစ်တာပဲ ဥစ္စာ။ စကစ နဲ့ ဘာဆိုင်လို့လဲ။ သူတို့က ပေးရုံပဲပေးတာ။ ဒါကလည်း တဆင့်စကားရယ်။ ဒီလိုသာဆိုရင် စကစ ကလည်း ဒီလက်နက်တွေ သူကိုယ်တိုင် လုပ်တာမှ မဟုတ်တာ။ တရုတ်ကပေးထားတာတဲ့။ ဒရုန်း ကလည်း တရုတ်ဒရုန်း။ အဲ့ဒီတော့ အပြစ်တင်ချင် တရုတ်ကို အပြစ်တင်လေ။ ဘယ်မလဲ သက်သေ။ တောထဲကနေ တောစကား တောပျောက်တွေ လာမပြောနဲ့။ မပေါက်ပဲမိတဲ့ ဗုံးဆံပေါ်မှာ “တရုတ်ပြည်တွင် ထုတ်လုပ်သည်။” လို့ စာတမ်းပါရင်တောင် သူတို့မရောင်းပါဘူး ငြင်းရင် ဘာမှ မတတ်နိုင်။ ကိုယ့်ပြည်က စစ်တပ်အပေါ်တောင် လက်လှမ်းမမီတဲ့ ယူတို့ ဥပဒေဆိုတာကြီးကို တရုတ်တွေ ရုရှားတွေဆီ လှမ်းစီရင်ချင်မနေနဲ့။ ဟဟ ပဲ ရမယ်။ ဆုတောင်းလေ ဆုတောင်း လို့တောင် မပြောနိုင်။ ယူတို့ဆီက ဗုဒ္ဓကျမ်းစာတွေဆိုတာတောင် သူတို့ဆီမှာ မျောက်သယ်လို့ ရောက်တဲ့ပစ္စည်းပါ။ အော်မီတော်ဖော်။
ကမ္ဘာဦးကစလို့ ရှိခဲ့သမျှသော ဘာသာတရား အဆုံးအမတိုင်းဟာ မကောင်းတာလုပ်နိုင်လေ ကောင်းကျိုးချမ်းသာရလေ လို့ ဘယ်ဝါဒမှာမှ လမ်းညွှန်မထားဘူး။ ပါးစပ်က ရွှေတောင်ကြီး ရွှေတောင်ကြီးနဲ့ လူကြားကောင်းအောင် ဟစ်ဟစ်ငိုပြီး သေပြီးသားအလောင်းကြီးတောင် မှန်ခေါင်းသွင်းအလှူခံစားချင်တဲ့သူတွေကို ကံ ကံ၏အကျိုး တရားဟောလို့ မောရုံရှိမယ်။ မဟောဘူး။ အဲ့ဒီအကုသိုလ်အစုအဝေးလူတန်းစားတွေကို ချေချွတ်ဖို့ကို စေတနာမရှိလို့အမြင်မှန် အသိမှန် ရသွားအောင်တောင် ပညာအလင်းရောင်လေး မျှဝေပေးချင်စိတ် မရှိဘူး။ အကန်းအတိုင်းသွားကြပစေ။ မိုက်လက်စနဲ့ သူ့စားရိတ်နဲ့သူ သွားမှာလေ။ လိုက်ကယ်မနေတော့ဘူး။
အဲ့ဒီစစ်တပ်နဲ့ စစ်လော်ဘီအသိုင်းအဝိုင်းကို ကိုယ်ရေးနေတဲ့စာတွေတောင် ပေးဖတ်ချင်တဲ့ စေတနာမရှိဘူး။ လာ မဖတ်လေ ကောင်းလေ။ တော်နေကြာ သိသွားတတ်သွားဦးမယ်။ ဘာရသမှလည်း ခံစားစေချင်တာ မရှိ။ ဝိဘစ္စကလွဲလို့ ဘာမှမရှိ။ မြင်လည်းမမြင်ချင်။ ကြားလည်း မကြားချင်။ အဲ့ဒါကြောင့် အဆက်အစပ် မလုပ်ဘူး။ un တယ်။ block တယ်။ ဝေးဝေးပဲနေချင်တယ်။ ဘာလုပ်မလဲ။ အကောင့်အစစ်တောင် မသုံးရဲတဲ့ကောင်တွေ။ မထော်မနမ်းတွေ လာမန့်လို့ ဆဲလွှတ်လည်း ကိုယ့်အကောင့်ပဲ restricted ဖြစ်ဦးမှာ။ အာရုံနောက်တယ်။ ရွံစရာကြီး။ စစ်တပ်ကြီးပြိုလဲတဲ့အခါ အဲ့ဒီသတ္တဝါတွေလည်း တစ်ကောင်တစ်မြီးမှ ကျန်မှာမဟုတ်။ “မာရ်ညစ် ရဲ့ ရန်စစ်ဘွေသည် ဆံညှစ်ရည်ကြောမှာ မျောလေသည်။” ဆိုတဲ့ အစားတွေ။
စစ်က ရှုံးနေပြီ။ နောက်ဆုံးကျည်ဆန် အနေနဲ့ သူတို့က ဒါကိုထုတ်သုံးတယ်။
ရည်ရွယ်ချက်ကတော့ ကိုယ့်အသက် ကိုယ် ကယ်များ ကယ်နိုင်ဦးမလားပေါ့။ ဒါပေမယ့် အဲ့လိုလုပ်တော့မှ မိတာနဲ့ အရှင်ထားဖို့ အလားအလာ မရှိတော့တာ။ နဂိုကတည်းက နာကျည်းနှင့်ပြီးသား ဒေါသကို လာဆွတာလေ။ လက်ထဲမှာ ရှိသမျှကျည် အကုန်မပစ်နဲ့။ ကိုယ့်ဖို့တစ်တောင့်တော့ ချန်ထားဦး။ ကျည်ကုန်ရင် သေတာထက်ဆိုးတဲ့ဘဝ ရောက်လိမ့်မယ်။ အခု ဆယ်ဇင်းမှာ ရှမ်းနီတွေ မျောက် အုန်းသီးရနေတယ် မဟုတ်လား။ ဒီအခြေအနေအတိုင်း လက်ပိုက်ကြည့်နေဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ မဖြစ်မနေကို တိုက်ခိုက်ရှင်းလင်းပစ်ရမယ့် အခြေအနေရောက်လာတယ်။ မြန်မာစစ်တပ်က အနှစ် ၇၀ ကျော် ပြတ်အောင်မတိုက်နိုင်ခဲ့တဲ့ KIA ကို SNA က အပြီးအပြတ် မောင်းထုတ်နိုင်မယ် ထင်လို့လား။ သူတို့ပေးခဲ့တဲ့ chemical weapon ဆိုတာ SNA တွေကိုပါ backfire အဖြစ် အထိအခိုက် ရှိစေမယ့် လက်နက်မှန်း အချိန်လွန်ကာမှ သိလိမ့်မယ်။
ဘယ်ကိစ္စမဆို အကြောင်းတရား များစွာ ရှိသလို အကျိုးဆက်တွေလည်း ရှိနေတယ်။ အဲ့ဒီ အကျိုး နဲ့ အကြောင်းတွေက ဆက်စပ်နေတာချည့်ပဲ။ မကောင်းတဲ့ အကြောင်းတရားတွေ ဖန်တီးပြီး ကောင်းတဲ့အကျိုးဆက် ရချင်လို့ မရဘူး။ ၃ နှစ်လုံးလုံး မကောင်းမှုတွေ အထပ်ထပ် ကျူးလွန်လာလိုက်တာ ကြာလေကြာလေ မိုက်ရိုင်းလေ ဖြစ်နေပြီ မဟုတ်လား။ အကျိုးပေးတွေ ဘယ်လောက်သန်နေမလဲ စဉ်းစားကြည့်။ ကိုယ့်မှာတော့ ဒီ ၃ နှစ်အတွင်း မကောင်းတာတွေ ဘာတစ်ခုမှ မလုပ်ဖြစ်ဘူး။ ကောင်းရာကောင်းကြောင်းတွေချည့်ပဲ အားထုတ်လုပ်ကိုင်လာခဲ့တာ နေ့စဉ်နဲ့အမျှပဲ။ ကဲ တွေ့ကြမယ်လေ။ ဘယ်သူက ဘယ်သူ့ကို အနိုင်ရမလဲ။ အောင်ပွဲခံနိုင်မလဲ။ ကိုယ့်ဆီမှာ ကုသိုလ်တစ်ပဲဆိုရင်တောင် သူတို့ဆီမှာ ငရဲတစ်ပိဿာ မကဘူး။ လာစမ်းပါလေ့။ တိုက်ကြည့်ကြတာပေါ့။ “မော်လမြိုင် မှာ သေကြမယ်။ မွန်ပြည်နယ် မှာ မသာချမယ်။” ဆိုတဲ့တစ်ယောက် ကချင်မြေကို လာမလို့ဆို။ ကြိုဆိုပါတယ်ဗျ။ ယောယုဝ သာ လမ်းချော်မသွားပါစေနဲ့။
“ခါတခေါက်သာ အရောက်လာခဲ့ပါ့ မောင်။
ပျိုမေရဲ့ ပျော်မွေ့ရာ ဂျိန်းဖောတောင်
ဖြူနီအဆင်းရှိ တိမ်တောင်များလွှမ်းနေ။
တောင်တန်းလျှိုမြောင် ပန်းတွေ စုံပါသလေ။
အချိန်ရရင်တော့ တစ်ခေါက်လာစေချင်တယ်။”