ချန်ဂင်တို့စခန်း (၂၅၅)

ဒီအရပ်ဒေသမှာ ဆေးရုံကလေးတစ်ခု စဆောက်ဖို့ ဘယ်တုန်းက စိတ်ကူးရသွားသလဲဆိုရင် ချင်းပြည်နယ်မှာ အငြိမ်း ဆောက်ထားတဲ့ ဆေးရုံလှလှကလေးကို လေယာဉ်နဲ့ ဗုံးကျဲပြီး ရစရာမရှိအောင် ဖျက်စီးပစ်လိုက်တဲ့အချိန်က စပါတယ်။ စစ်သားတွေက ဆရာဝန် နဲ့ ဆေးဝန်ထမ်းတွေကို အငြိုးတကြီး ပစ်မှတ်ထားတိုက်ခိုက်နေမှန်းကို ရန်ကုန်မှာကတည်းက သိပြီးသားပါ။ “ဒီကောင်တွေကို မှတ်လောက်သားလောက်အောင် ဆုံးမပြလိုက်ဦးမယ်။” လို့ အမြဲတွေးသလို သူတို့ပစ်သတ်ထားတဲ့ ပြည်သူလူထုကို ကုသပေးတဲ့ ဆေးစခန်းတွေကိုလည်း ရှာဖွေဖျက်စီးလေ့ရှိပါတယ်။ ကိုယ့်ရဲ့စိတ်နေသဘောထားအရတော့ အဲ့သလိုဖိနှိပ်မှုမျိုးကို ဘယ်သောအခါမှ ခေါင်းငုံ့မခံတတ်ပါဘူး။ “ဒီကောင်တွေ ဆေးရုံဖျက်ရင် ငါ ဆေးရုံဆောက်ပြမယ်။” ဆိုတဲ့စိတ်နဲ့ ဒီအခြေအနေထိရောက်အောင် လုပ်ခဲ့တာပါ။

ဒီမှာ ဆေးရုံဆောက်ဖို့ စဉ်းစားတဲ့အခါမှာ ပထမဆုံးနဲ့ အရေးအကြီးဆုံး ထည့်သွင်းစဉ်းစားရတဲ့အချက်က စစ်သားတွေ လာဖျက်စီးမယ့် အန္တရာယ်ကို ဘယ်လို ကာကွယ်ပြင်ဆင်ထားမလဲ ဆိုတဲ့အချက်ပါပဲ။ လွတ်မြောက်နယ်မြေမှာ CDM ဆရာဝန်တွေ ကုတဲ့ ဆေးရုံတော်တော်များများဟာ စကစအုပ်ချုပ်ရေးယန္တရားက စွန့်ခွါသွားတဲ့ တိုက်နယ်ဆေးရုံကလေးတွေမှာ အခြေချကြတာ များပါတယ်။ ဆေးရုံမှန်းသိသိ၊ ကျောင်းမှန်းသိသိ အဆောက်အဦးတိုင်းဟာ လေကြောင်းက မလွတ်တမ်းတိုက်ခိုက်နေကျ အဓိကပစ်မှတ်တွေ ဖြစ်နေပါတယ်။ အဲ့ဒီတော့ ကိုယ်ဆောက်ရမယ့် ဆေးရုံကလေးဟာ ဆေးရုံမှန်း မသိရပဲ ဆေးရုံအလုပ်တွေ အကုန်လုပ်လို့ရတဲ့ အိမ်တန်းရှည်ကလေးတစ်စု ဖြစ်အောင် ဖန်တီးယူရပါတယ်။ မြို့သစ်ကွက်သစ်များလို မြေပြောင်ပြောင် အကွက်ရိုက်ပြီး အိမ်အသစ်တွေ ဆောက်မနေပါဘူး။ စွန့်ပစ်ထားတဲ့ အိုးပျက်အိမ်ပျက်တွေကို အတွင်းပိုင်းအောက်ခြေ လူနေလို့ရရုံကလေး ပြုပြင်ပြီးနေပါတယ်။ ဖြစ်နိုင်ရင်တော့ သစ်ပင်တွေအောက်မှာ ကွယ်နေစေချင်တယ်။ အဲ့ဒါကြောင့် အိမ်ဘေးပတ်လည်ကို ခြုံခုတ်ခြုံရှင်းတောင် မလုပ်ဘူး။

ဒီ​ဆေးရုံမှာ အဓိက အလုပ်လုပ်မယ့်နေရာကတော့ ခွဲခန်းပါ။ ဒီတစ်ခုကိုတော့ ကိုယ့်စိတ်တိုင်းကျ ပုံစံထုတ်ပြီး လိုချင်တဲ့ပုံစံအတိုင်းထွက်အောင် ဆောက်ပေးမယ့် အင်ဂျင်နီယာတစ်ယောက်ပါလာတာရယ်၊ ကျောထောက်နောက်ခံ အလှူရှင်သူဌေးတစ်ယောက် ရှိတာရယ်က တောင်းတဲ့ဆုတိုင်း ပြည့်ဝစေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဟိုကောင်တွေ လာဖျက်စီးမယ့်အန္တရာယ်ကို အမြဲတမ်းထည့်တွက်ထားရတာမို့ infrastructure အတွက် ရင်းနှီးမြှုတ်နှံမှု budget တိုင်းကို ချင့်ချိန်သုံးစွဲရပါတယ်။ အတွင်းဘက် ခွဲခန်းကလေးကိုပဲ အုတ်ရိုးအပြည့်စီပြီး အပြင်ခန်းတွေကို အထပ်သားနဲ့ပဲ ဆောက်ထားတယ်။ ပျက်သွားလည်း နှမျောစရာမရှိ။ အသစ်ပြန်ဆောက်လိုက်ရုံပဲ။ မပျက်မချင်း များများခွဲနိုင်လေ တန်လေပေါ့။ ခွဲခန်းဆောက်ခ သိန်း ၁၀၀ ကုန်ကျတယ် ဆိုလို့ရှိရင် အခု လူနာ ၅၀၀ ခွဲပေးပြီးပြီဆိုတော့ ဘယ်လောက် တွက်ခြေကိုက်သလဲ။ လှူရတဲ့သူလည်းတန်၊ သုံးရတဲ့သူလည်းတန်၊ လူနာတွေအတွက်လည်းတန်။

၂ နှစ်ကျော်သက်တမ်းလောက် သုံးပြီးတဲ့အခါမှာတော့ အထပ်သားတွေက မလုံမလဲဖြစ်လာတာ၊ အတွင်းက တန်းတွေတိုင်တွေက တမလန်းသားတွေမို့ ပိုးကိုက်ခြစားဖြစ်လာတာကြောင့် အုတ်ပတ်လည်ပြန်ကာပြီး အကြီးစားပြင်ဆင်မှုတွေ လုပ်ရပါတယ်။ ခွဲလူနာက ပြတ်တယ်လို့ မရှိတာကြောင့် အချိန်အားရင်အားသလို အတင်းတွန်းပြီး ပြင်ဆင်ယူတာ နေမကောင်းပဲနဲ့တောင်မှ မနားနိုင်ပါဘူး။ ပြင်လို့ပြီးပြီးချင်း အကြွေးတင်နေတဲ့ Thyroid လူနာလေးခွဲပြီးရော ဆေးရုံကို တားဂက်ထားပြီး လေကြောင်းတိုက်ခိုက်မှုလာလို့ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်ရပါတယ်။

ခွဲခန်းက ပိတ်ထားလို့မရဘူး။ အထူးသဖြင့် ခုလိုတိုက်ပွဲကာလကြီးမှာ လူနာတွေကို ဘယ်ကမှ ခွဲမပေးဘူး။ အဲ့ဒီတော့ ကိုယ်တို့အနေနဲ့ ဒီနေရာကရွှေ့ရင် နောက်တစ်နေရာမှာ ခွဲဖို့စိတ်ဖို့ နေရာတစ်နေရာ စီစဉ်မှ ဖြစ်တော့မယ်။ ခွဲခန်းထဲမှာ ရှိတဲ့ စက်ပစ္စည်း ကိရိယာ တန်ဆာပလာတွေအားလုံး ရွှေ့ပြောင်းသယ်ယူသွားပြီး လုံခြုံစိတ်ချရတဲ့ နေရာအသစ်မှာ ခွဲစိတ်နိုင်ဖို့ ပြင်ဆင်ချိန် ဘယ်လောက်ရခဲ့တယ် လို့ ထင်သလဲ။ ၂၄ နာရီမပြည့်ခင် လူနာ ခွဲခုံပေါ် ရောက်လာတာလေ။ နေ့ချင်းပြီး မိုးထဲလေထဲမှာကို တက်သုတ်ရိုက် စီစဉ်ရပါတယ်။ လူနာကို ခွဲခန်းထဲက ထုတ်ပြီးမှ တဆေးရုံလုံး မနက်စာ နဲ့ ညစာကို ပေါင်းစားကြရပါတယ်။ ညနေစောင်း ၃ နာရီကျော်နေပြီ။

ရှေ့တန်းစစ်မျက်နှာမှာ ခွဲခန်းတစ်ခု လုပ်ပေးထားပေမယ့် အဲ့ဒီမှာ မေ့ဆေးစက် မရှိဘူး။ Short GA လောက် Spinal လောက်ပဲ လုပ်လို့ရတယ်။ အခုလူနာက မိုင်းထိလို့ လက်နှစ်ဘက်စလုံး ပြတ်နေပြီ။ ရင်ဘတ်၊ လည်ပင်းနဲ့ မျက်နှာမှာလည်း ဒဏ်ရာတွေနဲ့။ ရှေ့တန်းဆေးရုံမှာ shock ကို revise လုပ်ပြီး သွေးတစ်လုံးသွင်းလာရတယ်။ ကိုယ့်ဆီကို အသက်နဲ့ရောက်ဖို့တောင် အာမမခံနိုင်။ တခြားနေရာပို့ရင်တော့ သေချာတယ်။ လမ်းတင် ကိစ္စပြတ်မှာ။ ကိုယ်တို့က ခုမှ စက်တွေကိုပြန်တပ်၊ မီးစက်ကို ပြန်နှိုး၊ ခွဲမယ့်နေရာကို သန့်ရှင်းရေးလုပ်နေတုန်း ရှိသေးတာ။

လူနာရောက်တော့ အရေးအကြီးဆုံးက ပါးစပ်ဟလို့ရသလား အရင်ကြည့်ရတယ်။ Airway က first priority လေ။ လည်ပင်းက ဒဏ်ရာအပေါက်တွေမှာ အရိုးစတွေ ထိုးထိုးထောင်ထောင် မြင်နေရတယ်။ ကလေးတွေက လည်ပင်းရိုးကျိုးတယ်ထင်လို့ cervical collar ကြီး တပ်လာတာ။ လည်ပင်းအရှေ့ပိုင်းမှာ ကျိုးစရာ အရိုးမှ မရှိတာ။ အပြင်က အရိုးစတွေ စိုက်ဝင်နေတာပဲ ဖြစ်လိမ့်မယ်။ ကော်လာကြီးဖြုတ်ပြီး trachea ကိုစမ်းကြည့် chest ကို နားထောင်ကြည့်လုပ်တော့ ညာဘက်အဆုတ်က လေကောင်းကောင်း မဝင်ဘူး။ ဓါတ်မှန်သွားရိုက်နိုင်တဲ့ အခြေအနေလည်း မဟုတ်ဘူး။ မျက်စိနဲ့ကြည့် နားကြပ်နဲ့ နားထောင်ပြီး နေရာမှာတင် chest tube ထည့်လိုက်တယ်။ ဒါမှပဲ မေ့ဆေးပေးလို့ ရတော့မှာ။

လူနာနဲ့ မေ့ဆေးစက်နဲ့ တည်တည်ငြိမ်ငြိမ်ဖြစ်ပြီဆိုမှ ရင်ဘတ်မှာ ဇကာပေါက်ဖြစ်နေတဲ့ ဒဏ်ရာတွေကို ဆေးကြောသန့်စင်ပြီး အတိမ်အနက် ခွဲရပါတယ်။ ရင်ခေါင်းမြှေးအထိ ပွင့်နေတဲ့ ဒဏ်ရာတွေကို ပိတ်ချုပ်မှ သူ့အောက်ဆီဂျင်လေးက တက်လာတာ။ ဘယ်ဟာ အရေးကြီးသလဲ။ ဘယ်ဟာ အရင်လုပ်မလဲ။ တခါတည်းဆုံးဖြတ်၊ တထိုင်တည်းတန်းလုပ်။ အချိန်မရဘူး။ လက်နှစ်ဘက်၊ ခြေ ၂ ဘက်မှာ ဒဏ်ရာတွေနဲ့။ team ၂ ခု ခွဲပြီး တပြိုင်တည်းလုပ်မှ မေ့ဆေးရှူတဲ့အချိန်နည်းမယ်။ shock ရပြီး urine output မထွက်သေးတဲ့လူနာကြီးကို မေ့ဆေးကြာကြာပေးရင် ပြန်နိုးမှာ မဟုတ်။ လက်တစ်ဘက်ကတော့ ပြတ်ပြီးသား။ တုံးတိကြီး။ လက်ဖဝါးတောင် ပါမလာတော့။ သွေးတိတ်အောင်ဖမ်း၊ အရိုးအပဲ့အရွဲ့တွေ ရှင်းထုတ်ပြီး လက်ငုတ်ကလေး သပ်သပ်ရပ်ရပ်ကျန်အောင် ပြန်ချုပ်ပေးရတယ်။ ဟိုဘက်လက်ကတော့ လက်မအရင်းကပြတ်သွားတာ။ လက်ချောင်းထိပ်ကလေးတွေ ကျိုးပဲ့ကုန်ပေမယ့် ပြန်ဆက်အောင် ထားချင်တယ်။ ဖြတ်မပစ်ချင်ဘူး။ အသုံးတည့်သေးတယ်။ မေ့ဆေး team ကလည်း pressure တွေ ကျလာပြီး urine output မထွက်သေးလို့ အပြင်တစ်ယောက်ထွက်ပြီး သွေးလှူရှင်ဆီက သွေးထုတ်ရတယ်။ စုစုပေါင်း ၂ နာရီလောက်တော့ ကြာသွားတာပေါ့။ လူနာစမ်းတာက တစ်နေရာ၊ ခွဲတာက တစ်နေရာ၊ ခွဲပြီး recovery မှာ monitor လုပ်ထားတာက တစ်နေရာ၊ ပြီးရင် Post-op မှာ admission လူနာထားဖို့က တစ်နေရာ။ သပ်သပ်စီ နဲ့ အဝေးကြီးရယ်။ မတတ်နိုင်ဘူး။ ဒါမှ ပျောက်ကျားဆေးရုံအစစ်။ အလုပ်လုပ်ပြီးတာနဲ့ ပျောက်စေသတည်း ဆို အကုန် အစအနပျောက်သွားမှာ။ လူတွေလည်း တစ်နေရာစီ ခွဲနေတယ်။ ဆေးတွေ ပစ္စည်းတွေလည်း တစ်နေရာစီ ခွဲထားတယ်။ OPD လူနာတွေ မကြည့်တော့ဘူး။ ဒဏ်ရာရ လူနာတွေ အချိန်မရွေးကြည့်ပေးတယ်။ ခွဲခန်းသိမ်းတာနဲ့ တိုက်ချွတ်ဆေးကြောပြီး နောက်လူနာခွဲဖို့ အဆင်သင့်ဖြစ်အောင် ပြင်ထားတယ်။ ဒါတွေကိုယ်လုပ်နေနိုင်သ၍ ဖက်ဆစ်စစ်ခွေးတွေရဲ့ ထိုးနှက်တိုက်ခိုက်မှုတွေကို အနိုင်ယူနေတာပဲ။ အဲ့လိုတွေးလိုက်ရင် ပင်ပန်းခဲ့သမျှ အကုန်အမောပြေတယ်။

မနေ့က လူနာတစ်ယောက်တည်းခွဲပြီး ဖတ်ဖတ်မောကျန်ခဲ့ရာက ဒီနေ့တော့ လူနာ ၄ ယောက် လာဦးမယ်ဆိုလို့ လူနာအခြေအနေ သေချာမေးပြီး “ဟိုဘက်ဆေးခန်း ၂ ယောက်သွား၊ ဒီဘက်ဆေးရုံ ၂ ယောက်လာ။” ဆို work load တွေ စီမံခန့်ခွဲရပါတယ်။ ခြေဆုံးခေါင်းဆုံး ဓါတ်မှန်ရိုက်ပြီး အရိုးဆရာဝန်နဲ့လည်း ချိတ်ဆက်တိုင်ပင်ရတယ်။ ဒီနေ့အတွက်တော့ အချိန်နှောင်းသွားပြီမို့ မနက်ဖြန်ကျမှပဲ ခွဲစရာရှိတာခွဲ၊ လွှဲစရာရှိတာ လွှဲတော့မယ်။ နေရာတိုင်းမှာ ကိုယ့်ဘက်က အနိုင်ရတဲ့ စစ်ပွဲသတင်းတွေနဲ့ အားရဝမ်းသာ ဖြစ်နေပေမယ့်လည်း ညစ်တွန်းတွန်းပြီး ထွက်ကန်ကန်နေတဲ့ သေမထူးနေမထူး

စစ်သားတွေ ရှိသေးတာကြောင့် တိုက်ပွဲတွေက အဆုံးမသတ်သေးပါဘူး။ မနက်ဖြန်မှာလည်း အလုပ်တွေဆက်ရှိနေဦးမှာဆိုတဲ့ သဘောပေါ့လေ။

ဒီနိုင်ငံမှာ အကြီးဆုံးလက်နက်ကိုင်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ဖြစ်ပြီး အစိုးရဆီက အာဏာလုယူထားတဲ့ မင်းအောင်လှိုင်က ကိုယ့်ကို ဘယ်တုန်းကမှ တားဆီးပိတ်ပင်လို့ မရခဲ့ပါဘူး။ ကိုယ်အလုပ်လုပ်နေတဲ့ ရန်ကုန်ဆေးရုံကြီးတစ်ခုလုံး shut down ဖြစ်သွားတဲ့အချိန်မှာ ကိုယ်က လူသူကင်းမဲ့မှောင်မဲနေတဲ့ ဆေးရုံပေါ်မှာ လူနာမကုန်မချင်း ရှိနေခဲ့တယ်။ ဆေးရုံက ခွဲမပေးနိုင်တော့တဲ့လူနာတွေကို အပြင်ဆေးရုံကနေပြီး တစ်ရက်မပြတ် ခွဲပေးခဲ့တယ်။ တစ်ပါတ်လောက်အကြာ ထောင်တွေခါပြီး ဆိုးခိုးလုနှိုက်တွေ ကြိုးဖြည်လွှတ်လိုက်တော့ ညစဉ်ညတိုင်း ဓါးခုတ်လှံထိုး၊ ကျိုးပဲ့ခေါင်းကွဲ လူနာတွေကို ဆေးရုံကြီး အရေးပေါ်မှာ night duty ဆင်းသလို ကုပေးခဲ့ရတယ်။ ရန်ကုန်မှာ ဆန္ဒပြတဲ့ကလေးတွေကို သေနတ်အစစ် ကျည်အစစ်တွေနဲ့ စပစ်တာ မြောက်ဥက္ကလာ၊ လှိုင်သာယာ၊ နဲ့ ဒလ မြို့နယ်တွေမှာစတယ်။ လူတွေ ရာနဲ့ချီပြီး ဒဏ်ရာရတဲ့အခါ ဆေးရုံကိုလာလို့မရအောင်ပိတ်ဖမ်းတယ်။ ဆေးရုံက ကုပေးလို့မရအောင် ပိတ်ပင်တယ်။ မပိတ်လည်း အဲ့လောက်လူနာအများကြီးကို ကိုယ့်အင်အားချည့်သက်သက်နဲ့ ဘာတစ်ခုမှ အကျိုးထူးအောင် လုပ်မပေးနိုင်ဘူး လို့ သဘောပေါက်တဲ့အခါ “ဒီပြဿနာကို နားကြပ်ကိုင် ဖြေရှင်းလို့ ရမှာ မဟုတ်ဘူး။ သေနတ်ကိုင် ဖြေရှင်းရမယ့် ကိစ္စ” လို့ ရေးခဲ့သေးတယ်။

ကိုယ်ပြောတာ ဟုတ်လား မဟုတ်လား။ ခုအချိန်မှာ အဖြေပေါ်နေပြီလေ။ ဘယ်သူကမှ လာမကယ်ဘူး။ ကိုယ့်ဘာသာ ရုန်းရတာ။ ဒီလိုရုန်းခဲ့လို့လည်း စိုးဝင်းက သေသည်ရှင်သည်မသိ၊ ဆေးရုံတက်နှာနှပ်နေရပြီး မင်းအောင်လှိုင်က ခွေးပြေးဝက်ပြေးပြေးပြီး အမေ့ထမီအောက် ဝင်ပုန်းရတဲ့ အဖြစ်ကို ရောက်တာ။ ဒီကောင်တွေ ကိုယ့်ကို ရပ်တန့်နိုင်တာ ဘာတစ်ခုမှ မရှိဘူး။ ကိုယ်ကသာ ဒီကောင်တွေကို ရပ်တန့်အောင် တတ်နိုင်တဲ့ဘက်က ဝင်တော်လှန်နေတာ။ အဲ့ဒီတော့ ဒီအချိန် ဒီကာလအထိ မဖြစ်ဖြစ်တဲ့နည်းနဲ့ လူနာတွေကို ရအောင်ခွဲတယ်ဆိုတာ ဆေးကုချင်တဲ့စိတ် တစ်ခုတည်းသက်သက်နဲ့ဆို ဘယ်လုပ်နိုင်မှာလဲ။ တော်လှန်ချင်တဲ့စိတ်ကြောင့်မို့လို့ လှေခွက်ချည့်ကျန် အလံမလှဲစတမ်း တောင့်ခံနေတာ။ သူတို့ဘက်ကကောင်တွေ လက်နက်အပြည့်အစုံနဲ့ တပ်ရင်းလိုက် နယ်စပ်ဂိတ်မှာ “ပြေးပါရစေ။ ဝင်ခွင့်ပေးပါ။” ရှိခိုးဦးတင် တောင်းပန်နေတဲ့အချိန်မှာ ကိုယ့်ဘက်ကတော့ မာမာပဲ။ လေယာဉ်နဲ့ ဗုံးသီးလာချလည်း ဘယ်ကိုမှ ထွက်မပြေးဘူး။ ခွဲနေတုန်းပံ။ ကုနေတုန်းပဲ။ ၆ ဂရုကို မစိုက်ဘူး။ နားလည်လား။ အဲ့ဒီစိတ်ဓါတ်နဲ့ ရှင်သန်နေတာ။ အဲ့ဒီစိတ်ဓါတ်နဲ့ အလုပ်လုပ်နေတာ။

ဒီကလူတွေအားလုံး တော်လှန်ရေးစိတ်ဓါတ်နဲ့ ဆေးကုတယ်။ တော်လှန်ရေးစိတ်ဓါတ်နဲ့ စာသင်တယ်။ ဝိုင်းဝန်းထောက်ပို့ကူညီတဲ့သူတွေကလည်း တော်လှန်ရေးစိတ်ဓါတ်နဲ့မို့ ခုချိန်ထိ ယုတ်လျော့မသွားပဲ တက်ညီလက်ညီ ပံ့ပိုးနိုင်တာ။ အဲ့ဒီစိတ်ဓါတ်မရှိတဲ့သူတွေဆို ဘယ်သူမှ ပါမလာတော့ဘူး။ လက် ၃ ချောင််းထောင်ပြီး ပေါ်ပင်မှာ ပျော်ရွှင်ခဲ့တဲ့ ပုံတွေကို ရူးချင်ယောင်ဆောင်ပလိုက်ပြီ။ အကြောင်းအမျိုးမျိုးကြောင့် အဲ့ဒီစိတ်ဓါတ် ကုန်ခမ်းသွားတဲ့သူတွေဆိုလည်း “လုပ်တုန်းက လုပ်နိုင်သလောက် လုပ်ခဲ့ပြီးပြီလေ။ အခု အခြေအနေအကြောင်းကြောင်းကြောင့် ဆက်မလုပ်နိုင်တော့ဘူး။ လုပ်နိုင်သူတွေ ဆက်လုပ်ကြလိမ့်မယ်။” ဆိုပြီး ရပ်တန့်သွားတာပေါ့။ ဒါလည်း တော်လှန်ရေးစိတ်ဓါတ် မကုန်သေးရင် မနေနိုင်ပါဘူး။ ပြန်ပါလာတာပဲ။ ပြည်သူတွေမှာ တော်လှန်စိတ်ဓါတ် ရှိနေသ၍ ဘယ်စစ်အာဏာရှင်ကမှ လာအုပ်ချုပ်လို့ မရဘူး။ သူတို့က အာဏာဆိုတာ သေနတ်ပြောင်းဝက လာတယ် လို့ ယုံကြည်နေချိန်မှာ ကိုယ်တို့ကတော့ တော်လှန်ရေးဆိုတာ စိတ်ဓါတ်က ဦးဆောင်တယ် ဆိုတဲ့အကြောင်း သက်သေပြခဲ့မှာပေါ့။ ရှေ့ဆက်ပြီး သူတို့ ဘယ်စိတ်ဓါတ်နဲ့ စစ်တိုက်မှာလဲ။ ဘယ်လိုယုံကြည်ချက်နဲ့ အသက်ဆက်ရှင်မှာလဲ။ ဘယ်သူ့အားကိုးနဲ့ ရပ်တည်မှာလဲ။ ကိုယ့်ဘာသာကိုယ် တိုးတိုးလေး ပြန်ဖြေကြည့်ပါလား။ ကိုယ်တို့ဆီမှာတော့ အကျယ်ကြီး ကြားနေရပါတယ်။ မိုးသံလား၊ လေသံလား၊ လေယာဉ်သံလား၊ ဗုံးကျသံလား၊ လက်နက်ကြီးသံလား၊ မကွဲမပြားနဲ့ တရွေ့ရွေ့ နီးကပ်လာတဲ့ အသံတွေပေါ့။ ဘယ်သူမှလည်း မကြောက်ကြပါလားကွယ်။