ဒီသင်္ကြန်မှာ အခါကြီးရက်ကြီးမို့ ဟိုကောင်တွေဆီကနေ ကိုယ်တို့ဆေးရုံကို ဗုံးတွေ စက်သေနတ်တွေနဲ့ ရေလာကန်တော့ပါတယ်။ ဘုန်းနဲ့ကံနဲ့ ရွှေသဇင်မို့ အပျက်အစီး အထိအခိုက် မရှိပါဘူး။ ရွာလည်ခေါင်တည့်တည့်ချတဲ့ ဗုံး ၂ လုံးက မြေကြီးထဲကို ကျင်းအနက်ကြီးတူးဝင်သွားပြီး မကွဲခဲ့ဘူး။ ကလေးတွေရဲ့အိပ်ဆောင်ပေါ် တစ်လုံးကွဲပေမယ့် လူမရှိလို့ တော်သေးတာပေါ့။ Goiter ခွဲထားတဲ့ ကလေးမလေးက ချောင်းထဲဆင်းပြေးတာ 0.5 နဲ့ အတွဲလိုက် လှမ်းဆွဲလို့ ရုပ်ရှင်ထဲကလို ဖုန်တွေတထောင်းထောင်း ထကုန်သတဲ့။ ဘုရားမ တယ်။ ဘုရားသခင် ကွယ်ကာပေးတယ် ဆိုတာ တကယ်ပါပဲ။ ၆ လုံးကျလို့တောင် အထိအခိုက် မရှိတာ အံ့ဩစရာ။ ဒီတစ်ခါတော့ လူနာတွေတင်မကဘူး။ ရွာထဲကလူတွေပါ အထုပ်အပိုးတွေသယ်ပြီး ထွက်ပြေးကြပါတယ်။ ညကျ တစ်ခေါက်ပြန်လာမှာ စိုးတာကိုး။ ကိုယ်တို့လည်း လူနာတွေ ရွှေ့ရပါတယ်။ နေရာထိုင်ခင်းတွေလည်း ပြောင်းရွှေ့စီစဉ်ရတာပေါ့။ ဒီခေတ်ဒီအခါမှာ ဒါတွေက ဆန်းမှမဆန်းပဲ။ “အိမ်ဆူးဆို့၊ ကလေးလက်တို့၊ ခွေး အို့အို့။” ဆိုတဲ့အတိုင်းပါပဲ။ ဒီတစ်ခါတော့ စစ်ရှောင်စစ်ပြေး ခွေးကလေးတစ်ကောင်ပါ တို့လို့တွဲလန်းပါသလေ။ “သားရေ လာခဲ့” ဆိုရင် တကောက်ကောက်ပါတယ်။ “မလိုက်ခဲ့နဲ့။ ဒီမှာ စောင့်နေဦး။ ပြန်လာခဲ့မယ်။” ဆိုလည်း နေရစ်ခဲ့တယ်။ သူ လူစကားကို နားလည်သားပဲ။
ရွာထဲက ဘုန်းကြီးကျောင်းမှာ အခါတွင်း ဥပုသ်သီလ ယူနေသူတွေလည်း လေယာဉ်လာတော့ အကုန်ဆင်းပြေးကြပါတယ်။ ဥပုသ်သည်တစ်ယောက် ကြောက်လန့်ပြီး တက်ချက်သွားလို့ ခြေမချိုးယူရသတဲ့။ နောက်တစ်နေ့ဖိတ်ထားတဲ့ အလှူလည်း ပျက်သွားတယ်။ ရွာမှာ လူမကျန်တော့ဘူးလေ။ ထိုင်းသရဲကားထဲက ရွာကလေးတွေအတိုင်း တိတ်ဆိတ်ခြောက်ကပ်သွားတယ်။ ကိုယ်တို့ဆေးရုံကလေးလည်း ရှောင်သင့်ပြီ ဆိုပေမယ့် လူနာလာရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့စိတ်နဲ့ ဘေးကင်းရာကနေ စောင့်ကြည့်နေတယ်။ တော်သေးတယ် ပြောရမှာပဲ။ ညက မိုင်းထိတဲ့လူနာ ၃ ယောက်ဟာ သူတို့ဖြစ်တဲ့နေရာက ဆေးရုံကိုကျော်ပြီး ကိုယ်တို့ဆီ ရောက်ချလာတယ်။ တစ်ယောက်ကတော့ ပွဲချင်းပြီးခဲ့သတဲ့။ လူနာတွေကို ကမန်းကတန်း ဓါတ်မှန်ရိုက်ပြီး “ခွဲတာတော့ ဒီမှာ ခွဲလို့ စိတ်မချရဘူး။ လုံခြုံစိတ်ချရတဲ့နေရာမှာ သွားခွဲကြစို့။” ဆို လူနာတွေရော C-arm X’ray စက်လေးရော တင်ပို့လိုက်တယ်။ ခုတစ်ခေါက်မှာ ခွဲခန်း ၂ ခု ပြင်ထားတာ အကြံကောင်း ဉာဏ်ကောင်း ကိုကံကောင်း ဖြစ်သွားတယ်။ ထုံးစံအတိုင်းပေါ့လေ။ ဖုန်းလိုင်းတွေ အင်တာနက်လိုင်းတွေ အကုန်ဖြတ်ထားလိုက်ပြီ။ ကိုယ်လည်း လိုင်းပေါ်တက်ချင်စိတ်ကို မရှိလို့ ဘာသတင်းမှ မထွက်အောင်ပဲ နေလိုက်ပါတယ်။ သိလည်း စိတ်ပူကုန်ကြရုံအပြင် အကျိုးမှ မထူးတာ။ အဆင်ပြေပါတယ်။ ကိုယ်တွေလည်း အထိအခိုက်မရှိ၊ ဆေးရုံလည်း အထိအခိုက်မရှိ၊ ရပ်ရွာလည်း အထိအခိုက်မရှိ။ ဒီ့ထက် အဆင်ပြေတာ ရှိဦးမလား။ ဒီရပ်ဒီရွာကို လေကြောင်းတိုက်ခိုက်မှု ၃ ခါ ကြုံဖူးပြီ။ ခုချိန်ထိ အဆင်ပြေနေတယ်ဆိုတာ အဆင်ပြေလို့ လို့ပဲ မှတ်လိုက်ပါ။ လျှို့ဝှက်ချက်တွေတော့ ဘယ်ပြောပြလိို့ဖြစ်မလဲ။ လူများ မအဘူး မှတ်နေ။
ဒီအတိုင်းနေလို့တော့ မဖြစ်ဘူးလေ။ စစ်ပွဲတွေက ပြီးသေးတာ မဟုတ်ဘူး။ ပိုကြမ်းလာဖို့ပဲ ရှိတယ်။ ဒီကောင်တွေဘက်က ကိုယ့် location ကို သိသွားပြီဆိုတော့ ကိုယ်တို့လည်း translocate လုပ်မှ ဖြစ်မယ်။ ခွဲခန်းကို လုံခြုံစိတ်ချရတဲ့နေရာ ရွှေ့ထားမှ စိတ်အေးလက်အေး အလုပ်လုပ်နိုင်မယ်။ စစ်မြေပြင်မှာ ဆေးကုတဲ့အတတ်ပညာဆိုတာ ဘယ်နားလေးမှာ စခန်းချပြီး ဆေးကုရင် ကိုယ့်အတွက်၊ လူနာအတွက်၊အန္တရာယ်ကင်းမလဲဆိုတာ လက်တွေ့ကျကျ ရွေးချယ်ဆုံးဖြတ်နိုင်ဖို့ လိုတယ် မဟုတ်လား။ ပြောနေ ကြာပါတယ်။ အခု စိတ်ကူးပေါ် အခု ထလုပ်။ စိတ်က မြန်မြန်ရယ်။ သွားတော့မယ် ဆို ရောက်ပြီ။
ရွာထဲကလူတွေကလည်း ကိုယ်တို့ကို အတုယူကြတယ်လေ။ မနက်လင်းရင် အိမ်ပြန်လာ၊ ချက်ပြုတ်စားသောက်ပြီး နေဝင်အိပ်တန်းတက်တော့ အကုန်လုံး ယာပြင်ထွက်အိပ်ကြတယ်။ သူတို့မှာ လယ်တဲကလေးတွေ ရှိကြတာကိုး။ သင်္ကြန်ရက်ကြီး ကိုယ့်အိမ်ရှေ့ကိုယ် ရေကစားနေတဲ့ကလေးလေးတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြပြီလေ။ ဆေးရုံမှာကျန်ခဲ့တဲ့ ကြက်ကလေး၊ ငှက်ကလေး၊ ဆိတ်ကလေး၊ ကြောင်ကလေးတွေကိုတော့ အစာပြန်ပြန်ကျွေးဖြစ်တယ်။ သူတို့လည်း လူတွေ ဘယ်ပျောက်ကုန်ပါလိမ့် လို့ အောင့်မေ့နေမှာပဲ။ တချို့လူနာတွေကတော့ ဆေးရုံပိတ်ထားပါတယ်ဆိုတဲ့ ဆရာဝန်တွေနောက်က တကောက်ကောက်လိုက်ပြီး တဝဲလည်လည် လိုက်ပြပါတယ်။ “အသည်းအသန် မဟုတ်ရင် နောက်မှလာပါ။” ဆိုလည်း မရဘူး။ “သေစရာရှိလည်း ကျုပ် ဆေးကုခဲ့ပြီးမှ သေပါတော်။” ဆိုတာမျိုး။ အမှန်မှာ ကိုယ်တို့က ဆေးရုံပိတ်တယ်ဆိုပေမယ့် ဆေးထိုးဆေးထည့် လုပ်နေရဆဲ လူနာတွေကို သူတို့ရှိတဲ့အရပ်အထိလိုက်ပြီး ကုသမှုတွေ ပေးနေရဆဲပါ။ သေနတ်မှန်၊ မိုင်းထိ၊ ဗုံးပေါက်တဲ့လူနာတွေကိုလည်း ချက်ချင်း အရေးတယူ ကုပေးခွဲပေးနေတုန်းပဲ။ ကျန်တာတွေကတော့ နောက်မှပြန်လာပြလည်း ရတဲ့ဟာကို။
“မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ” ဆိုတဲ့စကား ကြားဖူးတယ် မဟုတ်လား။ အခြေအနေတွေက ခုထက်ပိုပြီး ခက်ခဲပင်ပန်းစွာ ရုန်းကန်ရဦးမယ့်သဘောမှာ ရှိပါတယ်။ ဒါပေမယ့်လည်း ဒါတွေကို လွန်မြောက်နိုင်မှ ကိုယ်ရည်ရွယ်ရာ ပန်းတိုင်ရောက်မှာ ဆိုတော့ လာမယ့်ဘေးကို ပြေးတွေ့ရုံပဲ ရှိပါတယ်။ ကိုယ်တို့က Realty Show တစ်ခုကို Live လွှင့်နေသလို ဖြစ်နေပြီမို့ ဘာတွေဆက်ဖြစ်ဦးမလဲ အကုန်လုံးတွေ့ရမှာပါ။ ပြင်ဦးလွင်က ညတွင်းချင်း ထွက်ပြေးတဲ့သူ ရှိသလို ဒီဆေးရုံအနားကနေ ဘယ်မှမပြေးပဲ ဇယားရွှေ့နေတဲ့သူလည်း ရှိပါတယ်။ စကားအဖြစ်ပြောရတာ လွယ်တာပေါ့။ စာထဲထည့်ရေးရတာလည်း ဘာခက်တာလိုက်လို့။ ဒါပေမယ့်လည်း တကယ့်အသက်ကြီးနဲ့ရင်းပြီး ခံတုတ်ကျင်းထဲမှာ ဆင်းဝပ်။ ဝေါ ဝေါ ဝေါ ဝေါ အသံတွေကြားကနေ ကိုယ့်ဆီကို ထိုးပျံလာတဲ့ လေယာဉ်ကို မြင်လိုက်ရ။ ရွှီကနဲ မြွေတွန်သံကြီးအဆုံးမှာ သိမ့်ကနဲတုန်သွားပြီး မြေစိုင်ခဲ အစအနတွေ ကိုယ့်အပေါ်ကျလာ၊ ဖုန်လုံးကြီးပေါ်ကို သစ်ပင်တွေသစ်ကိုင်းတွေ ကျိုးကျ။ ဒီအဖြစ်အပျက်မျိုးဟာ တချို့လူတွေအတွက် ခံနိုင်ရည် limit ကုန်ဆုံးသွားစေတယ် ဆိုတာတော့ သဘောပေါက်ထားရပါတယ်။ ပြေးစရာ မရှိလို့လား။ ရွေးစရာ မရှိလို့လား။ ဒီမှာ ဘာ့ကြောင့် ဘာ့အတွက် တွယ်ကပ်နေရတာလဲ။ ကားလမ်းပေါ် မှောက်လျက်အိပ်ခဲ့ရတုန်းကလည်း သေဘေးနဲ့ သီသီကလေး လွတ်ခဲ့တာ။ ဒီကို လေယာဉ်လာတိုင်း စစ်ကားရိုက်နေရရင် ကြောက်ရလန့်ရတဲ့ ဒဏ်ကို မခံစားနိုင်ဘူး။ “တော်လောက်ပြီ ထင်တယ်နော်။” ဆို အိမ်ပြန်ချင်တဲ့သူလည်း ရှိတာပေါ့။
အမှန်တော့လေ ပြေးစရာလည်း ရှိသလို ရွေးစရာတွေလည်း ရှိပါတယ်။ သို့သော် ကိုယ့်စိတ်ဓါတ်၊ ကိုယ့်သဘောထားကိုက အခုလျှောက်နေတဲ့လမ်းကို ရွေးချယ်ပြီးသား ဖြစ်နေတာပါ။ ဒါ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်လေ။ ကောင်းကောင်းဆိုးဆိုး ကိုယ့်ကိစ္စ မဟုတ်လား။ သူများတွေလည်း သူတို့ရွေးချယ်မှုနဲ့ သူတို့ပဲ။ အခုမှ အားလာမကျနဲ့။ ဘာလဲ။ ကိုယ့်မိုက်ပြစ်တွေကိုယ် ယူကျုံးမရနဲ့ နောင်တရနေတာလား လို့ အမေးခံရပါလိမ့်မယ်။ No , no, no, no. “Regrets? I had a few. But then again, too few to mention.” တဲ့။ ကိုယ့်ဘဝမှာ သူများနဲ့နှိုင်းယှဉ်ပြီး “ငါ သူ့လို မဖြစ်ရကောင်းလား။” လို့ ဝမ်းနည်းအားငယ်စိတ် ဖြစ်လေ့မရှိပါဘူး။ သူလည်း သူ့ဘဝအခြေအနေ၊ သူ့စိတ်နေစိတ်ထားနဲ့ သူ့လမ်းသူရွေးတာ။ ကိုယ်လည်း ကိုယ့်ဘဝအခြေအနေ၊ ကိုယ့်စိတ်နေစိတ်ထားနဲ့ ကိုယ့်လမ်းကိုယ် ရွေးခဲ့တာ။ ကိုယ်လုပ်တဲ့အလုပ်မျိုး သူမလုပ်နိုင်သလို သူလုပ်တဲ့အလုပ်မျိုးလည်း ကိုယ်မလုပ်နိုင်တာ သေချာတယ်။ ဘယ်သူကတော်တယ် ဘယ်သူက ညံ့တယ် ဘယ်သူကသာတယ် ဘယ်သူကနာတယ်။ ဒါတွေကို လိုက်နှိုင်းယှဉ်နေစရာ မလိုပဲ ကိုယ့်လမ်းကိုယ်လျှောက်ရမှာပါ။ ကိုယ့်အတွက်တော့ ပြဿနာ မရှိပါဘူး။ ဒါပေမယ့် ကလေးတွေက “ဆရာ ဘာလို့ ဒီလမ်းရွေးတာလဲ။ သိပ် အ လို့လား။ ဒါမှမဟုတ် လူအထင်ကြီးခံချင်လို့လား။” ဆိုတာမျိုး မေးစရာဖြစ်လာတဲ့အခါ “ဒါက ဒီလိုရှိတယ်လေ။” လို့ ရှင်းပြချင်ရုံသက်သက်ပါပဲ။
လောကကြီးမှာ ဘယ်အရာမှ အလကား မရပါဘူး။ မွေးကတည်းက အခွင့်အရေးမှန်သမျှ သူ့ချည့်ပဲ ရနေတယ်ဆိုရင်တောင် အဲ့ဒီကောင်က မအေပေးမျိုးမို့ သူ့ဖအေဆီက genetic lottery ပေါက်နေတာ လို့ပဲ သဘောထားရမယ်။ ဘုန်းကြီးတွေ ဟောသလို “ရှေးဘုန်းရှေးကံ ကြီးမားပါပေတယ်။” လို့ မုဒိတာပွါးလိုက်။ နို့မို့ဆို ကိုယ်က အလကားနေရင်း မနာလိုဝန်တိုစိတ် ကြီးမားတယ် ဖြစ်နေဦးမယ်။ ဒါမျိုးကို ရွေးလိုက်ရင်ကော လောကကြီးက ပြိးပြည့်စုံသွားလား။ လိုတိုင်းတ ရနိုင်တဲ့ ဗိုလ်ချုပ်ကြီးရဲ့မွေးစားသားပါဆို မိုးမမြင်လေမမြင် ယူပြီးကာမှ မင်းသမီးတစ်ယောက်က သူတို့ မင်္ဂလာလက်ဖွဲ့ရထားတဲ့ ထမင်းပန်းကန်ကြီးနဲ့ စားပြနေပါတယ်တော့ ဆိုပြီး ငိုကြီးချက်မဖြစ်နေတဲ့ အဆိုတော်မလေးကို မှတ်မိဦးမှာပါ။ “ညည်းလင်နဲ့ ငါ့လင်နဲ့ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးပါအေ။” ဆို ဆွေမျိုးကစပ်ပြနေသေး။ အိုက်အသိုင်းအဝိုင်းမှာလေ သီရိစံတယ်တို့ Hi5 တယ်တို့ဆိုတာ မကြားဖူးလို့ စာလာဖွဲ့နေတာလား။ ဒီပုတ်ထဲမှာ ဒီပဲတွေချည့်ရှိတယ်။ ထီပေါက်ထားရင် ပိုက်ဆံကိုပဲ ရေလေ။ ကျန်တာ ရေစက်ချလိုက်တော့။ တော်ရောပေါ့။ ဘယ်မင်းသမီးမဆို စိတ်တိုင်းကျ ခေါင်းခေါက်ပြီးမှ ချည်ပြီးတုပ်ပြီး အိမ်ထောင်ပြုကြတာချည့်ပဲ။ သူဌေးကို ရွေးတဲ့သူ ရွေးတယ်။ ခရိုနီကို ရွေးတဲ့သူ ရွေးတယ်။ မင်းသားရွေးရွေး၊ အဆိုတော်ရွေးရွေး။ မရွေးပဲ ယူတဲ့သူ ရှိကိုမရှိဘူး။ နောက်တော့ ဘယ်သူတွေ ဘာဖြစ်ကုန်သလဲ ကိုယ့်ဘာကိုယ် လိုက်ကြည့်လေ။ သူကတော့ အရွေးမှန်တယ် ကိုယ်ကတော့ အရွေးမှားတယ် ဆိုတာ မရှိဘူး။ ဘယ်သူမဆို ကိုယ့်စိတ်အခြေခံအတိုင်းသာ လိုချင်ရာ ရွေးယူခဲ့ကြတာ။ မှားမှားမှန်မှန် ကိုယ့်ဘာသာခံရတာ။ အင်တာလာဗျူးရင်တော့ ပါးစပ်ထဲရှိရာ ပေါက်တတ်ကရ ဖြေကြတာ ထုံးစံ။
ကိုယ်ကတော့ CDM လုပ်မိတာ ပင်ပန်းဆင်းရဲပြီး အန္တရာယ်တွေများလွန်းလို့ ခံဝန်ထိုးပြီး နန်းစိန်လုပ်မယ် ဘယ်သောအခါမျှ မစဉ်းစားပါဘူး။ တပ်ကထွက်တဲ့ မိုးကျရွှေကိုယ်ကြီးတွေကို ခြေသလုံးဖက်ပြီး နတ်ချော့သလိုလည်း မချော့နိုင်ဘူး။ ရာထူးတို့ နေရာတို့ဆိုတာ ဘာလုပ်ရမှာလဲ။ ကိုယ်ခွဲပေးတဲ့ လူနာရဲ့အသက်ကို ကိုယ့်အိမ်မှာမွေးထားတဲ့ ခွေးတွေကြောင်တွေလောက်မှ အရေးထားစရာလို့ မမြင်တဲ့ ဆာဂျင်မျိုးလည််း အဖြစ်မခံနိုင်ဘူး။ သူက တော်လွန်းလို့ ကြေးအကြီးဆုံးဆာဂျင် ဖြစ်နေပြီး ကိုယ်က ညံ့လွန်းလို့ တစ်ပြားမှမရပဲ ဆေးဖိုးစက်ဖိုးစိုက်ခွဲနေရတဲ့ ဆာဂျင်ဖြစ်လာတာ မဟုတ်ဘူး။ ပြောပြီးပါပြီ။ ကိုယ့်ရွေးချယ်မှု နဲ့ ကိုယ် လို့။
ဒါဖြင့်ရင် ဆရာဝန်လည်း မဟုတ်၊ အစိုးရဝန်ထမ်းလည်း မဟုတ်ပဲ ကိုယ်သွားလေရာ တကောက်ကောက် ဒုက္ခလိုက်ခံနေရတဲ့ အင်ဂျင်နီယာကိုရော ဘယ်လိုပြောမှာလဲ။ သူလည်း သူ့ limit တွေ ကုန်နေပြီလေ။ ဒီလိုမျိုး နောက်ထပ် သည်းမခံနိုင်တော့ဘူးတဲ့။ အင်း။ ဒါလည်း သူ့ရွေးချယ်မှု လို့ ပြောရမှာပဲ။ သူက ဒီဆရာကို အထင်ကြီးတယ်လေ။ ဒီဆရာရဲ့ နောက်ကလိုက်ဖို့ ရွေးချယ်ခဲ့တယ်။ သူ့ဆရာကြုံတဲ့ အခက်အခဲတွေ သူလည်းကြုံရတယ်။ သူ့ဆရာတွေ့တဲ့ အသက်အန္တရာယ်မျိုး သူလည်းတွေ့ရတယ်။ ဒီဆရာရဲ့နောက်ကိုလိုက်လို့ သူ့အတွက် ဘာအကျိုးအမြတ် ရစရာရှိလဲ။ ဆရာဝန်လည်း လုပ်မှာမဟုတ်၊ ဆေးကုစားမယ့်သူလည်း မဟုတ်။ သူ ဒီလမ်းကို လိုက်ခဲ့မိတာ မှားသလား မှန်သလား။ နောင်တရမိသလား။
ဒါကတော့ ကိုယ့်ဘာသာ ပြန်ဖြေရမယ့်အဖြေပါလေ။ သူ့သူငယ်ချင်းတွေလို နိုင်ငံခြားထွက်ပြီး အလုပ်လုပ်မယ်ဆို ရတာပဲ။ အန္တရာယ်လည်း မရှိဘူး။ အဲ့လိုဆို ပျော်နိုင်မှာလား။ သူ့ဆရာနောက်ကို လိုက်လာခဲ့တဲ့ ဒီ ၃ နှစ်အတွင်းမှာ တခြားအရာတွေထက် သူတို့ဆရာတပည့် ရင်ဆိုင်ဖြတ်သန်းလာခဲ့ရတဲ့ အဖြစ်အပျက်တွေ၊ အခက်အခဲတွေ၊ အချိုးအကွေ့တွေမှာ သူ့ဆရာက ဘယ်လိုတွေးတတ်မြင်တတ်သလဲ၊ ဘယ်လိုစဉ်းစားသလဲ၊ ဘယ်လို အလုပ်လုပ်သွားသလဲ။ ဒါကတော့ သူ့လောက် အတွင်းကျကျ သိတဲ့မြင်တဲ့သူ ရှိမှာ မဟုတ်ပါဘူး။ ဒီအတွေ့အကြုံတွေက နောက်ကလိုက်ရတာ တန်တယ်၊ လိုက်ရကျိုးနပ်တယ် လို့ မြင်နိုင်ရင် သူ့ဆုံးဖြတ်ချက်၊ သူ့ရွေးချယ်မှုအတွက် နောင်တရစရာ စိတ်အားငယ်စရာ မရှိပါဘူး။ သို့သော်လည်း within certain limit ပေါ့နော့။ လက်ခံပါတယ်။
ကိုယ်နဲ့အတူ ကိုယ့်ရဲ့ဆေးရုံမှာ အလုပ်လုပ်နေကြတဲ့ ဆရာဝန်၊ ဆရာမ၊ သူနာပြု၊ ဆေးဝန်ထမ်းအားလုံးဟာ ကိုယ်ကြုံတွေ့နေရတဲ့ အသက်ဘေးအန္တရာယ်တွေနဲ့ ကင်းလွတ်နေတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ ယုတ်စွအဆုံး ရွာထဲကလာလုပ်တဲ့ ဝန်ထမ်းလေးတွေတောင်မှ ဆေးရုံမို့လို့ ဗုံးလာချရင် သူတို့မလွတ်ဘူး။ အဲ့ဒါကြောင့် ကိုယ်အလုပ်လုပ်တဲ့အခါမှာ အဖွဲ့သားအားလုံးရဲ့ ဘေးကင်းလုံခြုံရေးကို အမြဲတမ်း ရှေ့တန်းတင် စဉ်းစားရပါတယ်။ ကိုယ့်အတ္တနဲ့ကိုယ် ဇောကပ်ပြီး ကိုယ့်ဆီမှာ ဘယ်သူ့ကိုမှ ဘေးမဖြစ်စေချင်ပါဘူး။ “ငါတောင် ငါ့အသက်ငါ မနှမျောဘူး။ နင်တို့အသက်က ဘယ်လောက်အဖိုးတန်လို့ မစွန့်လွှတ်နိုင်ရတာလဲ။” ဆိုတဲ့ စစ်ဗိုလ်စစ်သားစိတ်ဓါတ်မျိုးကို ဘယ်တုန်းကမှ အားမပေးပါဘူး။ ဘယ်သူနဲ့ပဲ ရင်ဆိုင်ရင်ဆိုင် ကိုယ်က ရှေ့ဆုံးကနေပါတယ်။ ရှေ့တန်းကို သွားစရာရှိရင် ကိုယ်ကိုယ်တိုင် အရင်သွားပြီး စိတ်ချရမှ သူတို့ကို လွှတ်ပါတယ်။ သူတို့ထိခိုက်ပြီး ကိုယ့်အသက်ကိုယ်မမွေးဘူး။ ဒါကြောင့်မို့ ကိုယ့်ဆေးရုံမှာ ကိုယ့်အရိပ်လာခိုတဲ့သူတွေဟာ သူတို့ရွေးချယ်မှုအတွက် နောင်တရစရာ ခေါင်းဆောင်တစ်ယောက်တော့ မဖြစ်စေရပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ။ ဒီနေရာမှာလာပြီး အခုလိုဆေးကုနေတဲ့ ဆရာဝန်တစ်ယောက်ဟာ သူ့ကိုယ်ကျိုးစီးပွါးအတွက် ပိုက်ဆံလာရှာနေတာလား။ ပရဟိတ သူရဲကောင်းကြီးလုပ်မလို့ အောက်ဒိုးရှုတင်လာတည်တာလား။ နောက်အစိုးရတက်တော့ ဒီနယ်က အရွေးခဲမလို့ ခုကတည်းက မဲဆွယ်ထားနှင့်တာလား။ ဒီလောက်တော့ သဲသဲကွဲကွဲ သိနိုင်မြင်နိုင်လိမ့်မယ် ထင်ပါတယ်။ တချို့အရာတွေက ရင်ထဲကမေတ္တာတရားကို ခံစားနိုင်ရင် စကားတွေအများကြီး စီကာပတ်ကုံး ပြောစရာမလိုတော့ဘူး။ စကားမပြောတတ်တဲ့ အာဝုလေးတောင် တစ်လလောက် အတူနေလိုက်ရင် ဘယ်သူက သူ့သခင်လဲ သူ့ဘာသာရွေးချယ်ပြီး အနားက မခွါ တကောက်ကောက် လိုက်တော့တာပါ။ ကိုယ့်ကိုရွေးချယ်မိတဲ့အတွက် နောင်တရတဲ့သူတွေ ရှိချင်လည်း ရှိမှာပေါ့လေ။ က်ိုယ့်ဆီမှာ သူတို့မျှော်မှန်းထားတဲ့အရာ ရှာမရရင်တော့ မှန်းချက် နဲ့ နှမ်းထွက် မကိုက်လို့ “နှမ်းဖတ်ချဉ်နှယ် ခွေးချေးလောက်မှ မကောင်းရန်ကော။” လို့ အပြစ်ပြောတဲ့သူလည်း ရှိမှာပါ။ အစကတည်းက ခွေးချေးကိုပဲ ရွေးယူလည်းရတဲ့ဟာကိုကွယ်။