ချန်ဂင်တို့စခန်း (၁၆)

တစ်နေ့ပြီးတစ်နေ့ တစ်လပြီးတစ်လ ကျော်ဖြတ်လာခဲ့တဲ့ အချိန်အတောအတွင်းမှာ စစ်တပ်နဲ့ အပေါင်းအပါ လူယုတ်မာအသင်းအပင်းတစ်စုဟာ ကြာလေကြာလေ ဆထက်ထမ်းပိုး တိုးလို့ ယုတ်မာကောက်ကျစ်လာခဲ့တာဟာ လူရယ်လို့တောင် သတ်မှတ်လို့ လက်မခံနိုင်လောက်အောင်ပါပဲ။ လူမဆန်ဘူးဆိုတာ သူတို့မှအစစ်။ အဲ့လိုမျိုးအတန်းအစားနဲ့ ယှဉ်တွဲပေါင်းဖက် နေထိုင်လုပ်ကိုင်ဖို့ရာ ဘယ်လိုမှ မဖြစ်နိုင်မှန်း အစကတည်းက ကွဲကွဲပြားပြား သိတဲ့အတွက် လွတ်အောင်ကင်းအောင် မပတ်မသက် အိုးစားခွဲခဲ့တာ ခုဘဝရော သံသရာပါ ကောင်းဖို့ဖြစ်လာတာပါပဲ။

ဒီလူတွေကို ပါးလျက်နားလျက် ပရောပရည်လုပ်ရမှ အရိုးအရင်းလေးကိုက်ရမယ့်ဘဝကို ဘယ်တုန်းကမှ မလိုချင်ပါဘူး။ အဲ့ဒါကြောင့် CDM လုပ်ခဲ့တာပါ။ “အခုလိုနှစ်ပေါက်အောင်ကြာလာတော့ စိတ်ဓါတ်တွေ ကျမလာဘူးလား။ စားဝတ်နေရေးတွေ ထိခိုက်ကုန်ပြီ မဟုတ်လား။” လို့ နှမ်းဆီတွေက မေးရင် “ကိုယ့်ဘာသာကိုယ် အင်ဗာတာလေးနဲ့ မြဝတီပဲ ထိုင်ကြည့်နေကြပါ။” လို့ပဲ ပြောချင်တယ်။ ခများတို့နဲ့ အဲ့ဒါနဲ့ပဲတန်ပါတယ်။ မအလမိန့်ခွန်းစာအုပ်ဝယ်ကျက်ထား။ သူတို့မေးရင် အဲဒါပဲ ဖြေရမှာ။ သားစဉ်မြေးဆက် သူတို့ဆီဆက်ကျွန်ခံကြ။ ကျုပ်တို့နဲ့ မဆိုင်တော့ဘူး။

ကိုယ်ကတော့ နေ့စဉ်နေ့စဉ် လှမ်းသမျှ ခြေလှမ်းတိုင်းကို အဲ့ဒီအကုသိုလ်တုံးကြီးတွေနဲ့ ဝေးရာကွာရာအရပ်ဆီကို ဦးတည်ပြီး မရပ်မနား ခရီးဆက်နေပါတယ်။ ဒါကြောင့်မို့ သူတို့တတွေက ပို၍ပို၍ ယုတ်မာလေလေ ကိုယ်တွေဘက်က သူတော်ကောင်းတရားတွေ တိုးပွါးလေလေ ဖြစ်နေတာ။ မြေအိုး မြေအိုးသပ်သပ် ရွှေအိုး ရွှေအိုးသပ်သပ်ပဲ။ ဘာမှ မှားစရာမရှိဘူး။ ဒီကောင်တွေ လုပ်သမျှနဲ့ ဆန့်ကျင်ဘက်သာလုပ်။ အဲ့ဒါ ဘုရားသခင်အားလုံးရဲ့ အဆုံးအမအောက်မှာ ရှိတယ်။

ဒီအကောင်တွေက မြန်မာနိုင်ငံ တနံတလျား အရပ်တကာလှည့် သတ်ဖြတ် မီးရှို့နေတယ်လေ။ ကိုယ်တို့က သူတို့ကြောင့် ဒုက္ခပင်လယ်ဝေနေတဲ့သူတွေကို ကူညီကယ်တင်ကြမှာပေါ့။ ဆရာဝန်တွေကို ဆေးမကုနိုင်အောင် ဆမတွေသိမ်း၊ ဆေးခန်းတွေလိုက်ပိတ်၊ အိမ်တွေပါလိုက်ချိတ်ပိတ် လုပ်တယ်လေ။ ကိုယ်တို့ကတော့ မရရအောင် ကုနေတုန်းပဲ။ သူတို့ဘာတတ်နိုင်လို့လဲ။ သူတို့တတ်တဲ့အလုပ်က ဖျက်ဆီးတဲ့အလုပ်ပဲ ရှိတာပါ။ ချင်းပြည်နယ်မှာ ကရင်ပြည်နယ်မှာ ကယားပြည်နယ်မှာ ကိုယ့်လိုမျိုးဆေးရုံ#ကလေးတွေကို စစ်ကြောင်းထိုးပြီး ရစရာမရှိအောင် ဖျက်ဆီးပစ်ခဲ့ပြီးပြီ မဟုတ်လား။

ကိုယ့်ဆရာတွေက ကိုယ့်အတွက် စိတ်ပူကြတယ်။ အနီးဆုံးမြို့မှာ နေ့ရောညရော လက်နက်ကြီးတွေနဲ့ဆော်နေတာ အခု စာရေးနေတဲ့အချိန်မှာကို ဖြစ်နေတုန်း။တကယ်လို့များ စစ်တပ်က စစ်ကြောင်းထိုးပြီး ချေမှုန်းဖို့လာရင် ဘာတွေသယ်ပြီး ဘယ်ကိုပြေးမလဲ။ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်တဲ့။ သူတို့က စိုးရိမ်ပေမယ့် ကိုယ်က မစိုးရိမ်ပါဘူး။ ကိုယ်တို့စခန်းထဲလည်း ဒလန်တွေ သူလျှိုတွေ သူတို့မလွှတ်ထားဘူး ဘယ်ပြောနိုင်မလဲ။ ရှိချင်လည်း ရှိမှာပေါ့။ ရှိပစေလေ။ ကိုယ်လုပ်သမျှအလုပ်တွေထဲမှာ လူသိမခံနိုင်စရာ တစ်ခုမှမပါ။ ကိုယ့်ဆီမှာ ဘာလုပ်နေသလဲသိချင် အပင်ပန်းခံပြီး ဒလန်လွှတ်စရာ မလိုဘူး။ Facebook မှာ follow လုပ်ထားရုံပဲ။ အပြင်မှာလည်း ဓါတ်ပုံထဲကအတိုင်း ချောပါတယ်။ ကိုယ်တို့စခန်းမှာတော့ ပါဂျောင်လို ဒလန်စွပ်စွဲပြီး ရှင်းစရာလား။ သတင်းတွေ ပို့ချင် ပို့လိုက်။ တို့လုပ်နေတဲ့အလုပ်နဲ့ သူတို့လုပ်နေရတဲ့အလုပ် ဘယ်လောက်ကွဲပြားသလဲ မြင်လို့မှ ကိုယ့်ကိုယ်ကိုယ် သတ်မသေချင်သေးဘူးဆို သူတို့ပထွေးသတ်တော့မှ သေလိုက်ကြ။ ဒီစခန်းကြီးကို ဗုံးနဲ့လာကြဲ အမြောက်နဲ့ လာထုရင် ဘာတွေသယ်ပြီး ဘယ်ကိုပြေးမလဲ ဟုတ်စ။ ဘာမှသယ်စရာ မလိုဘူး။ လူ့အသက်ထက် ဘယ်ဟာမှ တန်ဖိုးမကြီးလို့ လူမသေအောင် ရှောင်မှာပေါ့။ ရှောင်ရင်းမလွတ်လို့ သေရဦးတော့။ ကိုယ့်နောက်မှာ သယ်စရာမလိုပဲပါတာ ကိုယ်ပြုခဲ့သမျှ ကုသိုလ်တွေ တစ်ခုမကျန် ပါလာတယ်။ သူတို့ဘက်က ရလိုက်မှာတွေကလည်း ပြုပြုသမျှ အကုသလတွေချည့်ပဲ။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ..။ တော်ပါပြီ။ နားလည်မှာလည်း မဟုတ်ပါဘူး။ တန်ကိုမတန်တာ။ တသံသရာလုံး ငရဲကျမယ့်သူတွေ။ ဟိုးကတည်းက ပြောဖူးပါတယ်။ တို့လည်းတို့ကုသိုလ်နဲ့တို့၊ သူတို့လည်း သူတို့အကုသိုလ်နဲ့သူတို့လေ။ သယ်စရာမလိုဘူး။ ကိုယ့်အထုပ်ကိုယ်ပါပြီးသား။

ကိုယ်ကတော့ မနက်မိုးလင်း မျက်စိနှစ်လုံးပွင့်ရင် ဘယ်လူနာ ဘာလုပ်ပေးစရာရှိသလဲပဲ အရင်စဉ်းစားပါတယ်။ ကိုယ်လုပ်ပေးနိုင်သမျှထဲက သူ့အတွက် အကောင်းဆုံးကိုပဲ ပေးနိုင်အောင်ကြိုးစားယ်။ လူနာမှာ စားစရာမရှိရင် ကိုယ်တို့စားတဲ့အထဲက ဖဲ့ကျွေးတယ်။ကိုယ်မကျွမ်းကျင်တဲ့ ရောဂါဆိုရင် နားလည်တတ်ကျွမ်းတဲ့သူဆီ မရအရ ဆက်သွယ် အကူအညီတောင်းပြီး ဆေးပါမှာကုတယ်။ လူနာတွေတောင် သိလိုက်ရမှာ မဟုတ်ဘူး။ သိစရာမလိုဘူး။ ကိုယ့်ဘာသာကိုယ်သိရင်ရပြီ။ ဘယ်လူနာဖြစ်ဖြစ် ဆရာဝန်နေရာကချည့် မစဉ်းစားပဲ လူနာရှင် မိသားစုနေရာကပါ ဖြည့်စဉ်းစားတယ်။ ဒီအရာတွေအားလုံးအတွက် ဘာအကျိုးအမြတ်ကိုမှ မလိုချင်ဘူး။ တမင်လုပ်ယူနေတာလည်း မဟုတ်ဘူး။ လူမဆန်တဲ့ စစ်တပ်အဖွဲ့အစည်း တစ်ခုလုံးကို ဆန့်ကျင်ရင်း တော်လှန်ရင်း အလိုလိုနေရင်း အဲ့လိုဖြစ်သွားတာ။ ကိုယ့်ဘာသာကိုယ် အသားသေလာတာ။ အကုသိုလ်ကောင်တွေရဲ့နောက်ကို ဘာအကြောင်းနဲ့မှ အတူတူလိုက်ပါမသွားအောင် ကံ ၃ ပါးစလုံး ထိန်းသိမ်းလိုက်ရုံနဲ့ ကိုယ်လုပ်သမျှအရာအားလုံး ကုသိုလ်တရားတွေဘက် ရောက်လာတာပေါ့။ ရှင်းရှင်းလေးရယ်။

ဒီတစ်နှစ်ဆိုတဲ့ အတောအတွင်းမှာ စစ်တပ်ကလူတွေဟာ စစ်တပ်မဟုတ်သောပြည်သူအားလုံးရဲ့ အမုန်းတီးဆုံးရန်သူဖြစ်သွားပြီ။ အသက်ထက်ဆုံး ခြေသလုံးဖက်တောင်းပန်လို့တောင် မကျေနိုင်တော့ဘူး။ ဘာမီဒီယာသုံးသုံး ဘယ်လိုပေါ်လစီကားရိုက်ရိုက် နှလုံးသားထက်မှာ ကမ္ဗည်းတင်မယ့်စာသားဟာ”မအိမ်လုံး မင်းအောင်လှိုင်။ မင်းအောင်လှိုင် မအိမ်လုံး”ပဲ။ အဲ့လိုဖြစ်အောင် ဘယ်သူကမှချောက်မတွန်းဘူး။ ကိုယ့်ဘာသာကိုယ် လုပ်ယူတာ။ အဲ့ဒါ သူသယ်ရမယ့်အထုပ်။ သူသွားနေတာ ဘယ်ကိုရောက်မယ့်လမ်းလဲ လူတိုင်းအသိ။ မကင်းရာမကင်းကြောင်းရှိတဲ့သူတွေ တစ်နွယ်ငင်ရင်း တစ်စင်ပါသွားလိမ့်မယ်။ လိုက်သာသွား။ မမြင်ချင်တော့ဘူး။

စစ်သားဆိုတဲ့ကောင်တွေ သတ္တိရှိရင် အသိဉာဏ်ရှိရင် ဒီနေ့ ငါ ဘာတွေလုပ်ခဲ့သလဲ နေ့စဉ်မှတ်တမ်းချရေးလေ။ သူများသိမှာစိုးရင် only me နဲ့ရေး။ ရေးရဲသလား။ တွေးရော တွေးရဲသလား။ ကလေးတွေကို သတ်ခဲ့တယ်။ မြင်မြင်သမျှ နှိပ်စက်ညှင်းပန်းခဲ့တယ်။ အမျိုးသမီးတွေကို မုဒိန်းကျင့်ခဲ့တယ်။ သူတပါးဥစ္စာပစ္စည်းတွေ လုယူဖျက်ဆီးခဲ့တယ်။ ရပ်တွေရွာတွေ မီးရှို့ခဲ့တယ်။ ဘုန်းကြီးမဟုတ်ပဲ သင်္ကန်းခြုံပြီး ဘာသာ သာသနာညှိုးနွမ်းစေခဲ့တယ်။ အခုပြောပြခဲ့သမျှ မကောင်းမှုအားလုံး တခုမကျန် ကျူးလွန်ခဲ့ပြီးရင် ဘာတစ်ခုမှ မလုပ်ရပါဘူးလို့ ပြောင်လိမ်ခဲ့တယ်။ ဘယ်သူမှ မယုံချင်နေ။ ကိုယ့်ဘာသာမှန်တယ်လို့ ကိုယ့်စိတ်ကိုယ် လှည့်ဖျားမှ နောက်ဆက်လုပ်မယ့် ပို၍ကြီးသော အကုသိုလ်တွေကို မကြောက်မရွံ့ နောက်မတွန့်ပဲ ဆက်ကျူးလွန်မှာလေ။ ပုရိမာ ပုရိမာ ဆိုတာ အဲ့ဒါကိုပြောတာဗျ။ ချင်းတောင်တစ်ခုလုံး စိစိညက်ညက်ကျေအောင် မီးရှို့ဖျက်ဆီးပြီးမှ ငါတို့စစ်သားတွေ နင်တို့ချင်းပြည် ဆေးလာကုပေးပါတယ် ပေါ်လစီကားရိုက်ပြီး တပ်မိသားစုတွေကို ပြသတဲ့။ ကိုင်း ကြည့်စမ်း။ မှန်တောင် ကြည့်ရဲသေးရဲ့လား။ အာဏာရူးခိုင်းသမျှ မဆင်မခြင် လိုက်လုပ်နေရတာ။ သာသနာပိုင်ရူးဟောတဲ့ ဒုဌဂါမဏိတရားနာပြီး အပါယ်တံခါးပိတ်ပြီလို့ ကိုယ့်ကိုယ်ကိုယ် ထင်ကြတယ်။ လူအဖြစ်နဲ့မထိုက်တန်ပဲ လူဖြစ်ရှုံးတဲ့ဘဝနဲ့ ကိုယ့်လူမျိုး တိုင်းရင်းသားအချင်းချင်း နှိပ်စက်သတ်ဖြတ်ရတယ်။ ဘာအသိဉာဏ်မှကို မရှိတော့ဘူး။ ခိုင်းတာလုပ်ဖို့ တစ်ခုတည်း သိတော့တာ။ မသတ်ခင်က သေနှင့်ပြီ။ ဒီစာတောင် ဆုံးအောင်ဖတ်ရဲမှာ မဟုတ်ပါဘူး။ အမှန်တရားတွေ မြင်ရကြားရတိူင်း ပရိတ်ရေစင်တဲ့ တစ္ဆေသရဲတွေလို ထွန့်ထွန့်လူး စပ်ကုန်မှာ။ သိဖို့နေနေသာသာ ကြားတောင်မကြားရဲတော့ဘူး။

ကုသိုလ်တရား အကုသိုလ်တရားဆိုတာ ကိုယ်ပြုတဲ့ကံအပေါ်မှာ မူတည်ပြီး အကောင်းအဆိုး ကွဲပြားတာ။ ကိုယ်ဘာတွေပြုထားသလဲ ကိုယ့်ဘာသာပြန်စာရင်းချုပ်ပေါ့။ အာဏာလုထားပြီး ရာဇပလ္လင်ကြီးရှေ့ ခေါင်းပေါင်းကြီးနဲ့ထိုင်လိုက်ရင် ရှင်ဘုရင်ဖြစ်သွားရောလား။ ဘာပဲလုပ်လုပ် ငါ့ဆီလှူရင် ငရဲမကြီးတတ်ဘူးလို့ ဂူဂူကဟောသလား။ ဒူဒူကဟောသလား။ ရှမ်းဘုန်းကြီး ယတြာက အပါယ်ပိတ်သလား။ တွေးတောင်တွေးရဲမယ့် သတ္တိရှိမှာ မဟုတ်ပါဘူးလေ။ ဉာဏ်လည်းမမီပါဘူး။ သူ့လမ်းသူထွင်နေတာ။ မတားဘူး။ သွားသာသွား။

အဲ့သလိုဆိုတော့ နေထွက်ကနေဝင် နေ့စဉ်နေ့တိုင်း ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ အပတ်တကုတ် ကြိုးစားအားထုတ်နေတဲ့ ကိုယ်တို့ဆေးခန်းကလေးကို စစ်သားတွေက သူတို့လုပ်နေကျ အပြုအမူအတိုင်း ဖျက်ဆီးမီးရှို့ သတ်ဖြတ်ပိတ်ပင်လာဦးမယ်ဆိုရင် ဘယ်သူ့အတွက် ဝန်ပိုလေးမှာလဲ။ သူတို့ပြုပြီးသော အကုသိုလ်အစုအဝေးထဲ နောက်ထပ်အကုသိုလ် အတုံးအခဲတစ်ခု စုဆောင်းမိရုံရှိမှာပေါ့။ ကိုယ့်ဆီပါတာ ဘာလဲ သူ့ဆီပါတာ ဘာလဲ အရှင်းကြီး။ သယ်နေစရာကို မလိုတာ။ ဒီဆေးရုံမှာ ရှိသမျှ ကိုယ်သယ်လာတာ ဘာတစ်ခုမှ မရှိဘူး။ ဒီဆေးရုံက စွန့်ခွါလို့လည်း ကိုယ်သယ်သွားစရာ ဘာတစ်ခုမှ မရှိဘူး။ ကိုယ့်နောက်ကိုအရိပ်လိုလိုက်မှာ ကံ ကံ၏အကျိုးပဲ ရှိတယ်။ ပူပန်လေးပင်သော ပစ္စည်းများ ကိုယ့်မှာမရှိပါ။ ဒါကြောင့် မပူပါ။ ဖျက်ချင်လည်း လာဖျက်လှည့်။ တနေ့တခြား ယုတ်မာလေ။ တစ်နေ့ထက်တစ်နေ့ ပျက်စီးဖို့နီးလာလေပေါ့။ မဟုတ်ဘူးလား။ တိုင်းပြည်ကို မပျက်ပျက်အောင်ဖျက်ရင်း စစ်တပ်ကြီးလည်း တစမကျန် ပျက်သုန်းနိဂုံးချုပ်သွားရတော့မယ်။ မျက်စိအောက်တင်ပဲ။ မြင်အောင်သာ ကြည့်ခဲ့မှတ်ခဲ့ကြပါကုန်။