ချန်ဂင်တို့စခန်း (၂၅၃)

“သင်္ကြန်လေ

သုတ်ဖြူးဆော်သွေး

အေးအေးညှင်းညှင်း

ဂီတတွေ ဆောင်ကျဉ်းလို့နေ။” တဲ့။ ဘယ်သူပက်ပက် မပက်ပက်၊ ဘယ်သူစိုစို မစိုစို၊ နားထဲမှာတော့ သင်္ကြန်သီချင်းတွေ ကြားယောင်နေတဲ့ အခါမဟုတ်လား။ သင်္ကြန်အကြိုနေ့ပဲ ရောက်လာခဲ့ပြီဥစ္စာ။ လူတစ်ယောက်မှ မရှိတဲ့အရပ်မှာ ရောက်နေလည်း ကိုယ့်စိတ်ကိုယ့်အတွေးနဲ့ တစ်ယောက်တည်း သင်္ကြန်ကျလို့ ရချင်ရမှာပဲ။ အလုပ်မအားလည်း အလုပ်ထဲကနေ ခေါင်းမဖော်နိုင်တဲ့ကြားက “အိပ်မက်စေတမန် ညှင်းသွဲ့ဝန်းရံ လေသွေးပြန်” ဆို သီချင်းလေး တပိုင်းတစ ညည်းလိုက်မိရင် ဒါ သင်္ကြန်ပဲ။

ကိုယ်ဆို ဒီနေ့မှ အဖျားကျ ဒီနေ့ပဲ ခွဲခန်းထဲဝင်ပြီး ချွေးသံတရွှဲရွှဲနဲ့ သင်္ကြန်ကျရတယ်။ PDF ကျောင်းဆရာမလေးတစ်ယောက် လည်ပင်းကြီးရောဂါဖြစ်နေလို့ ခွဲပေးရတာ။ ရောက်လာတာ တစ်ပါတ်လောက်ရှိပေမယ့် ခွဲခန်းပြင်နေတာရော၊ စစ်ပွဲဖြစ်နေတာရော၊ ဆာဂျင်က ဖျားနေတာကြောင့်ရော အကြွေးတင်နေလို့။ သူများတွေ သင်္ကြန်တွင်းကြီး elective ခွဲမပေးပေမယ့် သူများက သူများ၊ ကိုယ်က ကိုယ်လေ။ သင်္ကြန်အပြီး၊ အနာလည်းကျက်၊ လမ်းပြန်အပွင့်ကို ချိန်ခွဲရတယ်။ အသားစလည်း အဲ့တော့မှ ဓါတ်ခွဲခန်း ပို့လို့ရမယ်။ ခွဲလည်းပြီးရော ထမင်းမစားနိုင်ပဲ အိပ်ရာထဲခွေပြီး သင်္ကြန်သီချင်းတွေနားထောင်ပြီး သင်္ကြန်ဆက်ကျရတာပေါ့။ ကိုယ်ဖျားတော့ အိမ်က ဟိုအကောင်လည်း ဖျားတယ်။ သူလည်း အစာမစားနိုင်။ မြက်တွေဝါးပြီး အန်ပစ်တယ်။ ချောင်းလည်းဆိုးတယ်။ နေမကောင်းတော့ လူပိုကပ်တာပေါ့။ ကလေးလိုပဲ။ ခွဲခန်းဝင်နေရင်လည်း တံခါးဝမှာ ဝပ်ပြီး စောင့်နေတယ်။

အရင်ရက်တွေက ခွဲလူနာတွေတော့ အငယ်တွေက နိုင်နိုင်နင်းနင်း ခွဲပေးလို့ တော်သေးတယ်။ ကိုယ်က ကြည့်ရုံပဲကြည့်ပေးရတော့ မပင်ပန်းဘူး။ ဒဏ်ရာရလူနာ ၈ ယောက် လာပေမယ့် အသည်းအသန် အထိအခိုက် မရှိဘူး။ အပရိကလောက်ပဲ။ မွေးလူနာ၊ Caesar ၊ appendix ၊ hernia လောက်ကတော့ ကိုယ်ဝင်စရာ မလိုဘူး။ ဒါကြောင့် ပြီးခဲ့တဲ့ရက်တွေက သာသာယာယာပဲ လို့ ပြောလို့ရပါတယ်။ စစ်ပွဲအခြေအနေကလည်း ကိုယ့်ဘက်က တစ်ဂိုးအသာနဲ့ ဆက်ကစားနေဆဲပဲ။ စစ်တပ်က လက်နက်မချသေးဘူး။ KIA က ရွာထဲမှာရှိပြီး ရဲစခန်းကုန်းကို သိမ်းထားတယ်။ SNA က ဟုမ္မလင်းဘက်ကနေ စစ်ကူလာသလိုလို အသံပေးထားပေမယ့် ရောက်တော့မလာဘူး။ ရွာကို လေယာဉ်နဲ့ ဗုံးလာလာချတယ်။ ဖိုးသမားတွေနဲ့ မီးရှို့ခိုင်းတယ်။ မျှော်လင့်ထားပြီးသားမို့ အထိအခိုက်အပျက်အစီး သိပ်မများလှဘူး။ ဟိုဘက်က ချေပဂိုး မသွင်းနိုင်သလို ဒီဘက်ကလူတွေကလည်း ပွဲသိမ်းဂိုး ထပ်မရသေးလို့ ဆက်ကစားနေကြတုန်း။ ဒီဘက်က အယောင်ပြထားချိန်မှာ ဖားကန့်ဘက်က နန့်ယားစခန်းကိုတော့ သိမ်းနိုင်ခဲ့တယ်။ ဒီလောက်ပူပြင်းတောက်လောင်နေတဲ့ ရာသီဥတုကြီးအောက်မှာ တပ်ရင်းက အဝိုင်းခံထားရ၊ စစ်ကူက မလာ၊ ရိက္ခာနဲ့ ထောက်ပို့ပစ္စည်းက မရောက်။ ထွက်ပြေးဖို့ လမ်းကြောင်းလည်း မပွင့်။ ဒီကောင်တွေမှ စိတ်ဓါတ်မကျရင် ဘယ်သူစိတ်ဓါတ်ကျမလဲ။ နေ့ရက်တိုင်းဟာ ဝဋ်ကြွေးချည့်ပဲ။ နယ်စပ်တံတားလေးအောက်မှာ ခံတုတ်ကျင်းလေးတူးပြီး ဟိုဘက်က ပေးမဝင်မချင်း မအိပ်နိုင်မစားနိုင် ထိုင်စောင့်နေရတဲ့ ဘဝတွေဆို ပိုသနားဖို့ကောင်းသေး။ ဒါပေမယ့် ဘယ်သူကမှ မသနားပါဘူး။ ကိုယ်လည်း မသနားဘူး။ ဒါ မင်းတို့ ရွေးထားတဲ့လမ်းပဲ။ လျှောက်စမ်း။ လျှောက်လိုက်။ ပြန်လှည့်လာရင် မင်းတို့ပါပါးက သတ်မှာ။

ဒီကောင်တွေ တစ်ခုခုတော့ စောင့်နေတယ်။ ဘာကို စောင့်နေသလဲ။ သူတို့အဘဆီက လေကြောင်းပစ်ကူတို့၊ လက်နက်ကြီးပစ်ကူတို့၊ လက်နက်ရိက္ခာ စစ်သည်အင်အား တစုံတရာ ရလိုရငြား စောင့်နေတာလား။ ဒါဆိုရင်တော့ ဆယ်ဘဝစောင့် သားကြီးတို့။ ဆယ်ဘဝစောင့်။ ရဲစခန်းပါသွားတာ ၇ ရက်ပြည့်ပြီ။ လာနိုင်ရင် လာတာကြာပေါ့။ ဒီအတောအတွင်း သူများနေရာတွေ အခေါက်ပေါင်းများစွာ သွားချနေတဲ့ဟာ။ မင်းတို့ဆီတော့ လာတယ်ဆိုရုံလေး လုပ်သွားတယ်။ ကြည့်ရတာ ဦးစားပေး အစီအစဉ်ထဲ ပါပုံမရ။ ပြဿဒ်မီးလောင်နေချိန်မှာ သခွပ်ပင် ဘယ်သူမှ အဖက်လုပ် မငြှိမ်းနိုင်ဘူး။ မင်းတို့ဟာမင်းတို့ အစာပြတ် ရေငတ်လည်း ကိုယ့်ပြဿနာကိုယ်ရှင်း။ အဘ မအားဘူး။ “သင်္ကြန်မယ်တွေ ပျော်ပါစေ။” ရေဖျန်းသဘင် ဆင်နွှဲနေတယ်။ မာမီသက်၊ ငလက်မ နဲ့ မာယာလောက် ရုပ်ထွက်မကောင်းတဲ့ ဟာကြီးတွေကို K-pop တဲ့။ သူ့အိမ်ကဟာမရီးထက်စာရင်တော့ အောက်သွားနေထိုးသေးသပေါ့လေ။

ဒါဆိုရင်တော့ ဒီနေရာမှာ လာပါတော့ ခါခါမော့ မာလာဖော့ စောင့်နေတာ အဘဆီက စစ်ကူ မဟုတ်လောက်ဘူး။ ချိဖကြီး SNA ဆီက တို့မီးရှို့မီးလေးနဲ့ ဝင်လာမယ့် စစ်ကူအားကိုးပဲ ဖြစ်လိမ့်မယ်။ ERO တိုင်းကို အနီးကပ်ပြန်ခွပ်ဖို့ အိုးမည်းသုတ်ပြီး လက်သပ်မွေးထားတဲ့ အိမ်ကြက်ပေါက်ကလေးတွေ ရှိတယ်လေ။ “အခု ကော်ရီးတို့မှာ စစ်တိုက်စရာ အင်အားမပြည့်ဘူး သားရီးတို့။ လာကူတိုက်ပေးကြဦး။” လို့ ခေါ်နေပြီ။ အဲ့သလိုနဲ့ စစ်မျက်နှာတွေက တို့ဘဘ နဲ့ တို့နဲ့ ကြားက ပဋိပက္ခတင်မကပဲ “ဘေးကဝင်ပါတဲ့သူတွေပါ အကုန် ဘောက်ချာဆုတ်ကွာ။” ဆို ကျယ်ပြန့်လာတော့မှာပေါ့နော်။ SNA က စကစ ကို ဝင်ကူရင် KIA က SNA နဲ့ မတိုက်လို့ မရတော့ဘူး။ နဂိုကတည်းကလည်း ပြေလည်ကြတာမှ မဟုတ်တာ။ ရန်သူ ၁ ၊ ရန်သူ ၂ လို့ နံမည်ပြောင်းတပ်လိုက်တာပဲ ရှိမယ်။ ကျွဲကူးရင်း ရေပါသွားမယ့်ဟာ။ ငယ်တုန်းမှာ ရှင်းမထားရင် ကြီးလာတဲ့အခါ လုပ်ရကိုင်ရ ပိုခက်တယ်။ မမြင်ဖူးရင် စောချစ်သူ ကို ကြည့်။ ကရင်တွေကို ဒုက္ခအပေးဆုံး ကရင် ဖြစ်သွားပြီ။ စစ်တပ်ကဖွဲ့ပေးထားတဲ့ BGF မှန်သမျှ ဘယ် BGF ကိုမှ ယုံလို့မရဘူးဆိုတာ အခုလို ရေထဲမိုးထဲကျမှ အဖြေပေါ်လာရော။ ဒါဆိုရင် ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက ဘတ်ဂျက်တွေအများကြီးသုံးပြီး ငြိမ်းချမ်းရေးလုပ်ခဲ့တယ်ဆိုတာ ဘာပင်တွေစိုက်ခဲ့လို့ ဘာသီးတွေ သီးလာသလဲ တွေ့ရတာပေါ့နော့။

ဦးသိန်းစိန်ကြီးရဲ့ ပိစ်စင်တာကိုမှ ကွက်စကားနာထိုးလို့တော့ ဘယ်တရားပါ့မလဲ။ United Nations ဆိုတဲ့အဖွဲ့ကြီးတောင် သူလုပ်နိုင်တာ ဘာမှ မရှိဘူး။ အီရန်က ဆီပြန်ကျွေးလိုက်တာ ဒုံးကျည်တစ်ရာ ဆိုလည်း သူ့မှာ “စိုးရိမ်မိတယ် ကလေးရယ်” ပြောဖို့ ၉၆ ခါလောက် တံခါးပိတ်ဆွေးနွေးရတယ်။ တတိယကမ္ဘာစစ်ကြီးက ကနေ့ဖြစ်တော့မှာလိုလို။ နက်ဖြန်ဖြစ်တော့မှာလိုလို။ တကယ်တမ်းတေ့တေ့ဆိုင်ဆိုင်ကျရင် ခတ်ကွင်းပြင်တဲ့ ကျွဲကြီး ၂ ကောင်က ချိုကလေးစောင်း ရှောင်ထွက်သွားပြီး မြေစာပင်တွေသာ စိစိညက်ညက်ကျေကုန်တာ။ ဘာမှစိတ်ဓါတ်မကျနဲ့။ သူတို့လည်း ငါတို့တတွေနဲ့ သိပ်မထူးဘူး။ ရွာမှာ ၆ -၃ မကျရင် ရွာကပဲ သိမယ်။ ကမ္ဘာမှာ ၆-၃ မကျတော့ ကမ္ဘာက သိတာပေါ့။ ဘယ်နေရာမှာမှ ၆-၃ မကျတဲ့သူဆိုတာ ဘယ်နေရာမှာမဆို ရှိတယ်။ လွှတ်သာထားလိုက်တော့။

ဒီနှစ်သင်္ကြန်မှာ သိကြားမင်းကြီးက ဘာစီးဆင်းလေသည် မသိပေမယ့် ထီးချက်စောင့်နတ်သမီးကတော့ လက်ကတီးကြား ချွေးယိုတာ အမှန်ပဲ။ ထိပ်ပိုင်းအတွင်းမှာတောင် အကွဲအပြဲကြောက်လို့ အိမ်သာတက်ရင် အတွဲလိုက်ကြီး လက်ထိပ်ခတ် တက်ကြမလား မသိဘူး။ အိမ်ပြန်ရဖို့ နီးလာပြီဆိုတာကတော့ လူတိုင်းပြောနေတဲ့စကားပါ။ ဆယ်ဇင်းမှာတုန်းကလိုပဲ “ဆရာက ဘယ်ကိုပြန်မှာတုန်း။” လို့ မေးလာရင် “ရန်ကုန်ပြန်မှာလေ။” လို့ ပြုံးပြုံးကြီး ပြန်ဖြေပလိုက်မှာ။ အိုက်တုန်းကလိုပဲ ပြန်အမေးခံရဦးမလား မသိပါဘူး။ “ရလို့လား ဆရာရဲ့။” တဲ့။ ဘာလို့ မရရမှာလဲ။ ရလွန်းလို့ ရ ရ ရ ရ နဲ့တောင် မြည်သေး။ မြည်တာ မမြည်တာ အသာထားစမ်းပါဦးကွယ်။ လောကကြီးက ကိုယ်ကြည့်နေကျ ဇာတ်လမ်းတွဲတွေလို အထုံးအဆက်တွေ အကုန်ဖြည်ပြီးသွားရင် ဇာတ်ပေါင်းလို့ ဇာတ်သိမ်းလို့ ရစတမ်းလား။ မင်းအောင်လှိုင်က သေ။ စစ်တပ်ကြီးက ပျက်။ ကိုယ်တို့တွေက တောထဲကနေ ပြည်တော်ဝင်သီချင်းလေးဖွင့်လို့ တစ်မြို့ဝင်တစ်ရွာထွက် လက်ပြနှုတ်ဆက်ပြီး “လာတော်မူခန်း” ရိုက်ဖို့ စိတ်ကူးတွေ ယဉ်နေရင် ဆေးအရင်ပြေးသောက်ထားပါဦး။ ဒီမယ်။ မှတ်ထား။ ဘဝဆိုတာလေ ဟောဒီစောင်းပြဿနာတွေပြီးရင် ပွဲသိမ်း အမြဲငြိမ်း၊ ပြီးပြီ၊ တာ့တာ လို့ ဘယ်တော့မှ မအောင့်မေ့နဲ့။ ဒီ့ထက်ပိုသော စောင်းပြဿနာပေါင်း သောင်းခြောက်ထောင်က ဆီးကြိုစောင့်မျှော်နေတယ် လို့ သဘောထား။ ဝူခုန်းကား ကြည့်ဖူးတယ် မှလား။ ရှီးဖော့ နဲ့ ဝူခုန်း နဲ့ မိစ္ဆာတွေကို အောင်နိုင်ပြီး မြင်းလေးစီးလို့ ထွက်လာလည်း ရှေ့ရွာမှာ နောက်မိစ္ဆာတစ်ကောင် စောင့်နေတယ်။

တောင်ပိုင်းမှာ ကိုယ့်လိုပဲ ဆေးရုံထောင်ပြီး ကြိုးစားပန်းစား ခွဲနေတဲ့ ဆာဂျင်လေးတစ်ယောက်က “တော်ပြီ။ ဆက်မခွဲဘူး။ ဆေးရုံပိတ်ထားဦးမယ်။” လို့ ပေါက်ကွဲနေတာ တွေ့ရပါတယ်။ သူ့နေရာ၊ သူ့ဒေသ နဲ့ သူရင်ဆိုင်ရတဲ့ အခက်အခဲကို ကိုယ်က ရေရေရာရာ မသိပဲ အကောင်းအဆိုး ဝေဖန်အကြံပေးတာ မလုပ်နိုင်ပေမယ့် ကိုယ်တို့မှာလည်း “တော်ပြီ။ မလုပ်တော့ဘူး။ ရပ်မယ်။” ဆိုတဲ့ end point ကလေးတွေ ကိုယ့်လစ်မစ်နဲ့ကိုယ် သတ်မှတ်ထားရတယ် လို့ ပြောချင်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ခံနိုင်ရည်ချင်းမတူဘူး။ sensitive point ချင်းလည်း မတူဘူး။ ကိုယ့်ရဲ့အတိုင်းအတာ ကိုယ့်လစ်မစ်ကို ကိုယ့်ဘာသာကန့်သတ်နိုင်ရင် ဒဏ်ရာရရင်တောင်မှ နာကျင်ထိခိုက်မှုနည်းတယ်။

ကိုယ် CDM လုပ်တယ်လေ။ ဘယ်အချိန်ထိအောင် လုပ်မှာလဲ။ ဘယ်အချိန်မှာ ရပ်မလဲ။ အဲ့ဒါ ကိုယ်တွေးခဲ့ဖူးပြီးသား။ ရေးလည်း ရေးခဲ့ဖူးတယ်။ “CDM ဘယ်မှာဆုံးမလဲ” လို့ ခေါင်းစဉ်တပ်ပြီး။ ကိုယ့်အဖြေကတော့ Federal အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတွေ အသက်ဝင်လာပြီး ပြိုလဲပျက်စီးသွားတဲ့ ကျန်းမာရေးစံနစ်ကြီးကို အဖျားအနား၊ အောက်ခြေကနေ ပြန်လည်တည်ဆောက်ကြရမယ်ပေါ့။ အဲ့ဒီအခါကျတော့ CDM လုပ်နေတဲ့ကျန်းမာရေးဝန်ထမ်းတွေရော၊ Non CDM တွေရော အတူတူ ဝိုင်းလုပ်ရမယ့်ကိစ္စ လို့ ပြောခဲ့တယ်။ CDM တွေ ပြန်ဝင်လာလို့ Non CDM တွေကို “ကောင်မရယ် ညည်းဖယ် ညည်းဖယ်” ဆို အလုပ်ထုတ်ပစ်လို့ မရဘူးလေ။ ၂ ခြမ်းစလုံးနဲ့တောင် မပြည့်စုံတဲ့ မနိုင်ဝန်ကြီးကို တစ်ခြမ်းတည်းနဲ့ ရွက်မရနိုင်ဘူး။ အစိုးရအလုပ်ဆိုတာ ပိုက်ဆံမရလို့ နန်းစိန်တွေက ကပြီးထွက်ချင်နေတာ။ အပြင်မှာ ခွင်တွေအကုန်လိုက်သိမ်းပြီးမှဟာကို။ “နင်တို့ထွက်သွားတုန်းက ငါတို့ နေခဲ့ရတယ်လေ။ အခု ငါတို့ထွက်မယ်။ နင်တို့ တစ်လှည့်နေခဲ့ဦး။” ဆို ရှုပ်ထားသမျှတွေ ကိုယ့်ခေါင်းပေါ် ပုံချခဲ့မှာ။ ကိုယ့်ရဲ့ limit က အဲ့ဒီအထိ မရှိပါဘူး။ ဒါကြောင့်မို့ အလုပ်ပြန်ဝင်ပြီး သူတို့ချေးထုပ် ဝင်ကျုံးပေးဖို့ စိတ်ကူးမရှိဘူး။

နောက်ထပ် limit တစ်ခုကတော့ ဘေးကင်းမှ လမ်းသာမှ အတင်းမျက်နှာလာပြပြီး နေရာတော်ခင်းကတဲ့သူတွေနဲ့ စားခွက်မလုနိုင်သလို ကုလားထိုင်လည်း မလုနိုင်ဘူး။ နဂိုကတည်းက အစားရချောင်လို့၊ နေရာလိုချင်လို့၊ အပင်ပန်းခံခဲ့တာ မဟုတ်ဘူး။ အခုလည်း အဲ့ဒါတွေ မလိုချင်ဘူး။ နံမည်လည်း မကြီးချင်ဘူး။ လိုချင်တာ အကုန်ယူသွား။ လာတော့ မရောနဲ့။ အာရုံနောက်တယ်။ ဒီဆေးရုံကြီးကို လိုချင်သလား။ ယူလေ။ အကုန်ထားခဲ့နိုင်တယ်။ လုပ်နိုင်ရင် ဆက်လုပ်။ ကိုယ်လုပ်နိုင်သလောက် အစွမ်းကုန် လုပ်ခဲ့ပြီးပြီ။ ကျန်တာ နောက်လူ ဆက်လုပ်ပလေ့စေ။ ယမနေရုပ်သေးကို စိန်စီစီ ရွှေချချ၊ ဆိုပေးကပေးမယ့်သူမရှိရင်် အချိန်ကြာလေ ဖုန်တက်လေပဲ ရှိလိမ့်မယ်။ ကိုယ်ကလွဲရင် လုပ်ပေးမယ့်သူ မရှိဘူး မပြောပါဘူး။ ငကန်းသေရင် ငစွေပေါ်စမြဲပဲ။ သို့သော် ကိုယ်ကတော့ ဆက်မလုပ်တော့ဘူး။ တော်ပြီ ဆိုရင် တကယ်တော်မှာ။ အကျိုးမျှော်၍ နှိုးဆော်တယ်ဆိုတာ ဆိုက္ကားဂိတ်က အလှူခံမဏ္ဍပ်မှာပဲ ရှိတယ်။ ကိုယ်က ဘယ်သူ့အကျိုးကိုမှ မမျှော်ဘူး။ ဘာမှမှ မလိုချင်တာ။ ဘာလုပ်မလဲ ရစ်သီရစ်သီ။ အတွယ်အတာကင်းမှ ပေါ့ပါးသွက်လက်တာလေ။

ကိုယ်သွားရမယ့် ခရီးပန်းတိုင်ကို မဆုတ်မနစ် ခရီးဆက်ခဲ့သလိုပဲ ကိုယ်ဆင်းရမယ့် မှတ်တိုင်ကိုလည်း သေသေချာချာ သိပါတယ်။ ကိုယ့်လမ်းကိုယ်သွားနေတာ ဖြစ်တဲ့အတွက်ဘေးလူတွေကို သိပ်အာရုံမထားပါဘူး။ ခေါင်းထဲက ထုတ်ပစ်လိုက်ရင် ဘာပြဿနာမှ မရှိတော့ဘူး။ တချို့ကတော့ ပြောနေတယ်။ ဤခရီးက မနီးသေးဘူး။ အဝေးကြီးလိုသေးတယ်တဲ့။ လွတ်မြောက်နယ်မြေတွေ ဖြစ်လာရင် ပြန်လည်ထူထောင်ရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ရှိရှိသမျှ အရေးတွေမှာ အာဏာတွေလုပြီး အချင်းချင်း သတ်ကြဖြတ်ကြဦးမှာမို့ မင်းတို့တော်လှန်ရေးကြီးက ဘယ်တော့မှ မဆုံးနိုင်တဲ့ ဇာတ်မျောကြီးတဲ့။ ဟုတ်သလား။ ဒါဆိုလည်း မျောပလေ့စေလေ။ ဘာဖြစ်သေးလဲ။ အရင်မအိမ်လုံးတွေကြောင့် အနှစ် ၇၀ ကျော် မျောလာခဲ့ပြီးမှ နောက် မအိမ်လုံးတွေကြောင့် အနှစ် ၃၀ ထပ်မျော။ မသကာ အနှစ် ၁၀၀ ပေါ့။ ၁ က ပြန်စမှာမှ မဟုတ်တာ။ ရောက်တဲ့နေရာက ရှေ့ဆက်သွားနေမှာပဲ။ သူ့ဟာသူ မျောချင်သလောက်မျော၊ ကိုယ်ဆင်းရမယ့်မှတ်တိုင် ကိုယ်သိရင်ပြီးတယ်လေ။ ကိုယ့်လစ်မစ်က စစ်အာဏာရှင်အစိုးရ အဆုံးသတ်သွားဖို့ပဲ။ နောက် ဘယ်သူတက်တက်၊ ဘာဖြစ်ဖြစ်၊ နောက်လူတွေ ဆက်ရုန်းကန်လိမ့်မယ်။ တိုင်းရင်းသား ၁၃၅ မျိုးနဲ့မို့ ၁၃၅ ပြည်နယ် ကွဲထွက်သွားလည်း နောက်လူတွေ ဆက်ဆုံးဖြတ်ကြပလေ့စေ။ ကိုယ်ဝင်ပူစရာ မလိုဘူး။ This is beyond my limit. ခါးပန်းကြိုး ကြွက်ကိုက်ရာကစလို့ မိန်းမယူ ကလေးမွေး၊ ဆွမ်းဝိုင်းထဲကဘုန်းကြီး ယပ်တောင်နဲ့ ခေါက်တဲ့အထိ စိတ်ကူးတွေယဉ်ပြီး ထိပ်ဖူးတွေကျဉ်နေမယ့် မောင်ပဉ္စင်းတော့ မဟုတ်ဘူး။ “တော်လောက်ပြီ ထင်တယ်” ဆို နောက်တစ်ခွန်း ကို ပြန်မကျော့တော့တာ။

သိပ်အများကြီး စဉ်းစားစရာ လိုလို့လား။ ကရင်မှာ လက်နက်ကိုင် အဖွဲ့ပေါင်း ၁၀၀ ကွဲနေလည်း အဲ့ဒီအဖွဲ့ ၁၀၀ လုံးပေါင်းပြီး စကစ ကို တိုက်ထုတ်တယ်၊ ကော်သူးလေပြည်နယ် ထူထောင်တယ် ဆို ရပြီလေ။ “မြဝတီကို ဘယ်သူက အုပ်ချုပ်မှာလဲ။ PDF ကလေးတွေ အသက်ပေးပြီးတိုက်ရတာ အမြတ်ထွက်တော့ စောချစ်သူ က ကောက်စားသွားတာပဲ။ အဲ့ဒီကောင်က လမ်းဖွင့်ပေးလိုက်လို့ စစ်ကူလာတဲ့ ကားတန်းတွေ ကော့ကရိတ်ကိုတောင် ကျော်လာပြီ။” အဲ့သလိုမျိုး နေမထိထိုင်မထိ လောင်မြိုက်နေသူတွေထဲမှာ မြေပြင်က ကလေးတွေထက် လိုင်းပေါ်ကလူတွေ ပိုများပါတယ်။ ကိုယ်တို့တွေက အဲ့လောက်ကြီး သောကပွေစရာ အကြောင်းမှ မရှိတာ။ ဘာဖြစ်လဲ။ ယာဉ်တန်းနဲ့ စစ်ကူလာ၊ အဲ့ဒီစစ်ကူယာဉ်တန်းကို ဆက်တိုက်မှာပေါ့။ မြဝတီကို ဘယ်နှစ်ခါပြန်သိမ်းဦးမလဲ။ ဆယ်ခါလား ဆယ့်နှစ်ခါလား။ ဘယ်နှစ်ခါဖြစ်ဖြစ် ရအောင်ပြန်ယူမှာလေ။ စောချစ်သူ က စကစနဲ့ပင်းမှာလား၊ ကရင်ပြည်သူတွေဘက်က ရပ်တည်မလားဆိုတာ သူရွေးချယ်ရမယ့် ဆုံးဖြတ်ချက်သာဖြစ်တယ်။ အကွက်မှားရွှေ့ရင် သူကိုယ်တိုင် အစားခံရမှာ။ စကစထဲမှာ သူနဲ့ ရွှေကုက္ကို ကို ကာကွယ်ပေးနိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး။ ထိုးကျွေးဖို့ အချိုသပ်ခေါ်နေမှန်းသိလို့ သူတောင် အရူးကွက်နင်းပြီး KNU နဲ့ ပြန်တွဲပြနေတာ။ ခုချိန်ကျမှ “ယောက််ဖ လာ လာ။ မြဝတီ ကို ပြန်ယူသွား။ ရော့။ အင့်။” လို့ ပေးရအောင် တကယ်ရူးနေတာမှ မဟုတ်တာ။ ဒီကလေးတွေ ဆော်ပလော်တီးလို့ ဟိုမှာ စိုးဝင်းကြီးအထိ နှာနှပ်ယူနေရတာ ပြန်တောင်မထနိုင်သေးဘူး။ သူတို့ဘက်က ပူဖို့လည်း ထားစမ်းပါ။ နယ်စပ်ဂိတ်မှာ စစ်သား ၂၀၀ လောက် ရုပ်ပျက်ဆင်းပျက် ခိုလှုံခွင့်တောင်းရတယ်ဆိုတဲ့အဖြစ်လောက် သိက္ခာကျစရာ အရှက်ရစရာ အခြေအနေမျိုး တခြား ဘယ်မှာမြင်ဖူးသလဲ။ စစ်သားတွေကိုယ်တိုင်ကို စစ်ပြေးဒုက္ခသည်အဖြစ် အိမ်နီးချင်းနိုင်ငံတွေက ပြန်ပြန်ပို့နေရတာ ဘယ်လောက်ရယ်စရာကောင်းသလဲ။ အသက်စွန့်သွားတဲ့ ကလေးတွေကို အလေးပြုပါတယ်။ အသက်မစွန့်လည်း ဘဝစွန့်ထားတဲ့ လူကြီးလူငယ်တွေလည်း တပုံကြီးလေ။

စွန့်တဲ့သူတွေ မရှိပဲ ဒီတော်လှန်ရေးကြီး ဖြစ်မလာဘူး။ ဒါပေမယ့် အဲ့ဒီစွန့်လွှတ်ခဲ့သူ၊ စွန့်စားတဲ့သူ အားလုံးဟာ အာဏာရဖို့၊ အာဏာလိုချင်လို့၊ အစိုးရလုပ်ချင်လို့ စွန့်တဲ့သူ တစ်ယောက်မှ မပါဘူး။ စစ်အာဏာရှင်စံနစ်ဆိုးကြီး အပြီးတိုင် ချုပ်ငြိမ်းဖို့အတွက် အားကုန်ရုန်းကြတာလေ။ အဲ့ဒါပြီးရင် ကိုယ့်ဘဝနဲ့ကိုယ် ပြန်နေမှာချည့်ပဲ။ ဘယ်သူကမှ ဖက်တွယ်မထားဘူး။ သေတော့လည်း နားရတာပေါ့။ မသေသေးလည်း အဆုံးထိ ဆက်တိုက်မှာပေါ့။ ဘာဖြစ်သေးလဲ။ target နဲ့ limit ကို သိရင် စဉ်းစားတွေးခေါ်ရတာ ခေါင်းမရှုပ်ပါဘူး။ ရိုးရိုးရှင်းရှင်းလေးပါ။ ကိုယ်မလိုချင်တဲ့အရာတစ်ခုအတွက်နဲ့ သူများတွေ လုယက်သတ်ဖြတ် စားမာန်ခုတ်နေလည်း သူတို့ဘာသူတို့ ကိုက်ပလေ့စေလေ။ ကိုယ်ဝင်မပါဘူးပေါ့။ ဘယ်သူမဆို ရမယ့်ဟာကိုသာ အတင်းလုယူတာပါ။ ပေးရမယ့်ဟာကို ဘယ်သူကမှ ပေးဖို့လာမလုဘူး။ မပူပါနဲ့။ ကိုယ်တွေက ပေးရမယ့်သူ။ “အေး အေး။ မလိုချင် နေပေါ့။” တစ်ခွန်းဆို ကိစ္စပြတ်ပါတယ်။ အပူအပင်ကင်းတယ်ဆိုတာ အတွေးကို ရှင်းရှင်းထားနိုင်မှ အပူအပင်ကင်းတာ။ အဲ့ဒါကြောင့် အများကြီးမတွေးနဲ့။ တစ်ခုဆိုတော်ပြီ။ ဘယ်တစ်ခုကို အာရုံထားမလဲ ကိုယ့်ဘာသာစဉ်းစား။ ဒါဆို စိတ်မပင်ပန်းတော့ဘူး။ ကိုယ့်အသက်အရွယ်နဲ့ကတော့ ချစ်တဲ့စိတ်တစ်ခုကိုပဲ အာရုံထားတာ ကောင်းပါတယ်နော်။

“အိပ်ယာထဲလှဲနေလည်း မအိပ်နိုင်ပဲ

မင်းကို ပြေးမြင်တဲ့ ကိုယ့်စိတ်ရယ်။

မီးဖွင့်ပြီး ဝတ္ထုလေးပြန်ဖတ်တော့လည်း

မင်းက ဝင်လာတယ် ဇာတ်လမ်းထဲ။

မင်းကို သတိတွေရခြင်း မြောက်များစွာ

လွတ်မြောက်လမ်းလည်း မရှိပါလား။

ချစ်တဲ့စိတ်ဆိုတာ ဖွင့်ဟမရသူပါ။

ဘာကြောင့်မို့ သတိတွေရ။

ချစ်တဲ့စိတ်ဆိုတာ

တိတ်တိတ်ကလေးရင်မှာ

ခံစားရမှာလား။

ကဲကွယ်။ ပြောစမ်းပါ။”