“မှော်ရုံနယ်မြေ ချစ်ဦးရာမ” ဒုံး ဒုံး
“သီတာရွှေစင် မောင်ကြီးနှမ” ဒုံး ဒုံး ဒုံး
“ညီငယ်ဖော်မကွာ အတူလိုက်လာရ”
“နေရာလည်းမရ မောင်လေးလက္ခဏဘဝ”
ဒီသီချင်းကြားရင် ယူတို့ကတော့ ဖင်လေးလိမ်ကျစ်လိမ်ကျစ်နဲ့ ကနေတဲ့ တိုင်ရွန်ကို မြင်ယောင်မှာပေါ့။ အိုင်ကတော့ မော်လမြိုင်မှာ “ချစ်သူဝေးဝေး သွားပါနဲ့လားကွယ်” လုပ်နေရတဲ့ ဒုချုပ်ကြီးကိုပဲ မြင်ယောင်ပါတယ်။ ဟျောင့်ရေ မင်းတော့ အချွန်နဲ့ မခံရပြီ။ ဒိန်းဂျားပဲ။ တာ့ကောကြီးက ထိပ်ဆုံးက ၉ ယောက်မှာ ၅ ယောက်က ကျားဖြန့်နဲ့ ဆနွင်းမကင်းတွေ ဖြစ်နေလို့ လောက်ကိုးကောင် ဆိုပြီး သတင်းစာထဲမှာ ရေးနေတယ်။ ဆိုးတာက မကင်းတဲ့ထဲမှာ ကြင်စိုးပါပြီး ကင်းတဲ့ထဲမှာ မောင်လေးလက္ခဏကို ထည့်လိုက်တော့ “ဒါက ဘာအထာလဲ။ အနော်ရထာလား။” လို့ မေးကြည့်ပါဦး။ အရင်ရက်ကပဲ အဖိုးကြီးတွေနဲ့သွားတွေ့တာ ပူပူနွေးနွေးပဲ ရှိသေးတယ်။ သူတို့က ဘာဖြစ်ချင်နေတာလဲ။ ဒီကောင်တွေ လည်တော့လည်တယ်။ တစ်ပါတ်မပြည့်ဘူး။ ခုလောက်ဆို ကြင်စိုးက သေနတ်နဲ့ချိန်ထားလောက်ပြီ။ မြန်မာပြည်မှာ အိမ်ရှေ့စံတွေ နန်းတက်တာ ဘယ်နှစ်ခါမြင်ဖူးသလဲ ပြောစမ်း။ ဦးစန်းယု တုန်းကလည်း အရုပ်ကောက်သိမ်းလိုက်သလို သိမ်းသွားတယ်။ မောင်အေးကြီးလည်း မင်းဖြစ်မယ့်ဇာတာ မပါခဲ့ဘူး။ အတွင်းရေးမှူး ၃ ယောက်တောင်ထားတာ အကုန် တာ့တာပြသွားတယ်။ သမ္မတမဖြစ်ရမှာစိုးလို့ ဟိုဘက်ရောသည်ဘက်ရော နှစ်ပင်လိမ်တဲ့ ရွှေမန်းမေကြီးတောင် “ကျွန်တော် နိုင်ငံရေးမှ နားပါပြီ။” ဆိုပြီး ဘေးထွက်ထိုင်နေရတယ်။ တရုတ်ပစ္စည်းတွေ သုံးကြည့်လို့ မအောင်ရင် ဆိုင်မှာပြန်လဲလို့ ရချင်ရမယ်။ “နင်တို့ ကာချုပ်က စောင်သုံးလည်း မကျဘူး။” ဆိုပြီး အသစ်ပြန်လဲခိုင်းရအောင် ယူနန်ပြည်နယ်ရဲ့ လက်အောက်ခံကလေး မှတ်နေလား။ ပြောတော့လည်း “သူများပြည်တွင်းရေး ဝင်မပါကြပါနဲ့။” တဲ့။ ပြီး သူချည့်ပဲ နေရာတကာလိုက်ပါတာ ယောက်ယက်ကိုခတ်လို့။
သူက ဒီလိုလုပ်လိုက်တော့ နောင်တော်ရာမ နဲ့ ညီလေးလက္ခဏ ကြားမှာ ဘယ်လိုလုပ် ရင်ကြားစေ့ကြမလဲ။ ဒဿ က တံတောင်နဲ့ထောင်းလို့ စိတ်နာနာနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံလာတော့လည်း ဘိဘိသန နေရာက ဆက်ကပေါ့ကွယ်။ အခုချိန်မှာ လုပ်ကြံခံလိုက်ရရင်တောင် သူလိုလို ကိုယ်လိုလိုနဲ့ လက်သည်မပေါ်ဘူး။ စစ်ဆင်ရေးအစည်းအဝေး ၂ ခါလာတာ ၂ ခါစလုံး ဒရုံးနဲ့ညားကတည်းက ကိုယ့်ဘက်က လုံခြုံရေးအတွင်းစည်း ရဲ့ အခြေအနေကို သဘောပေါက်ဖို့ကောင်းတယ်။ အစိမ်းရောင်ချင်းတူပေမယ့် ရာမ နဲ့ ဒဿ က မတူပါဘူး ညီ ၄၀၀။ ညီလေးချင်းတူပေမယ့် လက္ခဏ နဲ့ ဘိဘိသန လည်း သပ်သပ်စီပါ။ ဘီလူးဆိုင်းတီးလို့သာ ထွက်လာရတယ်။ ကိုယ့်ကိုယ်ကိုယ် ဘာကောင်မှန်း မသိရင် ဒုသ နဲ့ ခရ လို သူများလက်ချက်နဲ့ အသက်ထွက်မှာပဲ။ “ဘီလူးတော့ ဘီလူး။ ဒါပေမယ့် မောင်းတိန်းဘလူးလေးပါ။” လို့ ပြောပြီး လစ်ခဲ့လိုက်တော့။
ပြောလို့သာ ပြောနေရတယ်။ သူ့ခမျာ ဘယ်အခြေအနေ ဘယ်လိုရှိမှန်း မိသားစုကတောင် အမှန်အတိုင်း သိဖို့ခက်ပါလိမ့်မယ်။ သတင်းတွေကို ဖုံးဖိထားတာ ဘာအသံမှ မကြားတော့ဘူး။ ကုတင် ၃၀၀ စစ်ဆေးရုံမှာ သူ့ကားတွေ့တယ်ဆိုတာနဲ့ ဒဏ်ရာရတဲ့အထဲမှာ သူလည်းပါတယ်ဆို ကောလာဟလတွေ ထွက်လာတာပေါ့။ ကားကံစမ်းမဲပေါက်တဲ့သူတွေတောင် ပွဲခင်းထဲက ဗီဒီယိုကောခေါ်ပြီး တီဗီချန်နယ်ထဲက live လွှင့်နိုင်တဲ့ခေတ်ကြီးမှာ။ ဘာတွေ ဖုံးချင်အုပ်ချင်နေမှန်းမသိ။ ကိုဇင်အောင်ကြီး ဟတ်စကီးနဲ့ခေါ်သွားပြီး “ဟောသမှာပါ။ အလတ်ကြီး ရှိသေးတယ်။ ဘားမှ မဖြစ်ပါဘူး။” လို့ အင်တာဗျူးပြလိုက်ရင် ရှင်းသွားမယ့်ဟာကို။ ဟုတ်ဟုတ် မဟုတ်ဟုတ်။ အချိန်တန်တော့လည်း သတင်းက တက်လာမှာပဲ။ ထိပ်ဆုံးက ခေါင်တွေကို ခေါင်းခေါက်ပြီး ထိုးစစ်ဆင်နေကြပြီ ဆိုတာတော့ ငြင်းမရတော့ဘူးပေါ့။ “စစ်ပွဲတစ်ပွဲရဲ့ အရှုံးအနိုင်ဟာ စစ်မြေပြင်မှာ မဟုတ်ပဲ စစ်မင်းစစ်ကဲတွေ စုရုံးစည်းဝေးပြီး မြေပုံကားချပ်ပေါ်မှာ ဗျူဟာပြင်ဆင်ကတည်းက အဖြေထွက်ခဲ့ပြီ။” လို့ ပြောခဲ့တဲ့ သုံးပြည်ထောင်စစ်ပွဲရာဇဝင်ဟာ သွေးထွက်အောင် မှန်လွန်းနေပါလား။ အဲ့ဒီအစည်းအဝေးခန်းထဲမှာ ဒုချုပ်ကိုယ်တိုင် ဗုံးမှန်ခံရတာ ဒီစစ်ပွဲက မရှုံးသေးဘူးလား။ ပြောပါဦး။
တကယ်တော့ ဒီစစ်ပွဲတင် မဟုတ်ဘူး။ သူတို့ ဘယ်မှာမှ မနိုင်ဘူး။ နေရာတိုင်းမှာ ရှုံးနေတာ။ ကိုယ်တို့ဘက်မှာ ပွဲပြန်ကနေတာ ၂ ရက်ရှိပြီ။ မပြီးသေးဘူး။ တိုက်နေတုန်း။ ဆယ်ဇင်းရဲစခန်းထဲကတော့ လက်နက်ချပြီး အဖမ်းခံတယ်။ ဘုရားငါးဆူဘက်က စစ်တပ်ကုန်း နဲ့ ရွှေတွင်းလမ်းဆုံ၊ ပန်ချယ်ဘက်က SNA နဲ့ နှစ်ဖွဲ့ကျန်လို့ တိုက်နေကြသေးတယ်။ လူနာတွေ တဖျောက်ဖျောက် ရောက်လာတယ်။ ကိုယ်တို့လည်း အဆင်သင့် စောင့်ကုတယ်။ အရင်တခါလိုပဲ ကိုယ်တိုင် ရှေ့တန်းလိုက်ပြီး ဆေးရုံအတွက် နေရာထိုင်ခင်း၊ ဆေးဝါး၊ လူအင်အား ပြင်ဆင်ပေးပြီး ဆေးတပ်ဖွဲ့တစ်ဖွဲ့ထွက်တယ်။ ဒီတစ်ခါ ပိုအားစိုက်ဖြစ်တာက အဲ့ဒီရှေ့တန်းဆေးရုံမှာပါ ခွဲခန်းအသေးတစ်ခု ဖြစ်အောင် လုပ်တယ်။ လူအင်အားက နှစ်ဖွဲ့ခွဲလိုက်ရပြီး ဆေးဝါးပစ္စည်း လိုအပ်ချက်က ၂ ဆ တက်လာတာပေါ့။ လူနာတွေအတွက်ကတော့ ပိုအဆင်ပြေပါတယ်။ ကျားထိုးပြီးတိုက်တာသိမ်းတာ မရှိသေးတော့ ကြီးကြီးကျယ်ကျယ် အထိအခိုက် မများလှဘူး။ မိုင်းထိတာ drop bomb ကျတာလောက်ပဲ ရှိတယ်။ လေယာဉ်တော့ မကြာမကြာ လာတယ်။
တိုက်ပွဲဖြစ်တဲ့ရက်ကျမှပဲ ကိုယ်ကလည်း ဖျားနေတာ ၂ ရက် ၃ ရက် ရှိပြီ။ ဒါပေမယ့် ငုတ်တုတ်မဖျားနိုင်ပဲ မတ်တတ်ဖျားနေရတာ။ အလုပ်တဘက်နဲ့မို့ ဆေးသောက်လိုက်၊ အလုပ်လုပ်လိုက်နဲ့ ဖြစ်သလိုဖျားရတယ်။ ရှေ့တန်းလည်း ကိုယ်တိုင်လိုက်သွားပြီး စီစဉ်ရတာလေ။ အဲ့သလောက် ပူပြင်းနေတဲ့ ကာလကြီးမှာ။ Heat stroke တွေ လာမယ်ထင်လို့ ပြင်ထားပါတယ်။ စစ်ပွဲရှိရာကနေ အဖျားကြီးပြီးတက်နေတဲ့ လူနာတစ်ယောက် ရောက်တယ် ဆိုတာနဲ့ ရေခဲခြောက်ထုပ်တွေဆွဲပြီး ကားပေါ်ကလူနာဆီသွားတာ အသက်တောင် ပါမလာတော့ဘူး။ ပူချစ်တောက်နေတာပဲ။ ရွာထဲကို စစ်ရောက်ပြီဆိုတော့ နေပူကြီးထဲလည်း ပြေးစရာရှိ ပြေးရတာပဲလေ။ အမေကြီးတွေဆို ဖိနပ်တောင်မပါဘူး။ လမ်း ကျခဲ့ပြီတဲ့။
ဒီလောက်ပူလောင်နေတဲ့အချိန်ကြီးမှာ စစ်တိုက်ကြတယ်။ မိုင်းတွေကွဲတယ်။ လေယာဉ်ဗုံးတွေကျဲတယ်။ အဲ့ဒီထက်ဆိုးတာက သူတို့လုပ်နေကျအတိုင်း ရွာကိုမီးဝင်ရှို့မှာ စိုးရတာပါ။ မနှစ်က လောင်ထားတာ ရွာတစ်ဝက်ကုန်တယ်လေ။ ခုတစ်ခေါက် ထပ်လောင်ရင် တက်တက်ပြောင်ပြီ။ ဆယ်ဇင်းဟာ စစ်ကိုင်းက ဟုမ္မလင်း နဲ့ ကချင်က ဖားကန့်နယ်နိမိတ် အစပ်မှာ ရှိတယ်။ စစ်ကိုင်းဘက်ခြမ်းက SNA နေရာ၊ ကချင်ဘက်အခြမ်းက KIA နေရာ၊ နှစ်ဘက်စလုံးကို စကစ က ခွထိုင်ကစားတယ်။ ၂၀၂၂ ဇူလိုင် ၁၉ မှာ စကစ က SNA နဲ့ပေါင်းပြီး ဆယ်ဇင်းရွာထဲကနေ KIA ကို တိုက်ထုတ်ပစ်လိုက်တယ်။ ရွာကိုမီးရှို့ပြီး ပစ္စည်းတွေ စိတ်ကြိုက်ယူတယ်။ ဆယ်ဇင်းရဲစခန်းထဲမှာထိုင်ပြီး ဖမ်းထားတဲ့သူတွေကို SNA လက်ထဲအပ်ပြီး သတ်ခိုင်းတယ်။ ဟိုကောင်တွေက ကျင်းတူးခိုင်းပြီး နောက်စေ့ကို ဂေါ်ပြားနဲ့ရိုက်ချ၊ ကျင်းထဲရောက်တော့ လည်ပင်းကို ဓါးနဲ့ လှီးပြီးသတ်ပစ်တယ်။ အဲ့ဒါတွေ အကုန် ရေးခဲ့ပြီးသားနော်။ မေ့သွားမစိုးလို့ ပြန်နွှေးပေးတာ။
အဲ့ဒီဆယ်ဇင်းရဲစခန်းထဲမှာ တပ်ရင်းမှူးထိုင်တယ်။ အဲ့သမှာ စစ်ကြောရေးတွေလုပ်တယ်။ ရွာထဲက ဖောက်ထားသမျှ ပစ္စည်းတွေကို ဟုမ္မလင်းပို့ဖို့အတွက် သူတို့ဖမ်းထားတဲ့ အကျဉ်းသားတွေက နေ့တိုင်း ရှပ်ပြေးမော်တော်ပေါ် တင်ပေးရသတဲ့။ ပြီးကျ အဲ့လူတွေ သူတို့ပဲ သတ်ပစ်တာ။ အဲ့ဒီဝဋ်တွေပြန်လည်ဖို့ ၁ နှစ်ခွဲလောက် စောင့်ခဲ့ရတာပါလား။ လည်ရောလည်ပါ့မလား မသိပါဘူး။ သေနတ်သံလေး ၄-၅ ချက်ဖောက်ရုံနဲ့ အလံဖြူထောင်ထွက်လာပြီး လက်နက်ချတော့တာတဲ့။ ရွာမီးတိုက်တုန်းက ၂ ရက်နဲ့တောင် မငြိမ်းတဲ့ဟာကို။ အခုကျတော့လည်း သူတို့နဲ့ ဘာမှမဆိုင်သလို “အရင်လူတွေ ပြောင်းသွားပြီ။ သားက ခုမှရောက်တာ။ သား ဘာမှ မသိပါဘူး။” လုပ်နေတာလေ။ ဖာအိမ်မှာ ၃ နှစ်ကြာအောင် အလုပ်လုပ်လာပြီးမှများ “မနေ့ကမှ ဒီရောက်လာတာ။ အသစ်ကလေး အသစ်ကလေး။” လုပ်ချင်နေသေးတာနော်။ အံ့ပါရဲ့။ နင်တို့ အလိုမတူပဲနဲ့ ၃ နှစ်လုံးလုံး သေနတ်တစ်ချက်မဖောက်ပဲ စစ်တပ်ထဲ ငုတ်တုတ်ထိုင်လိုက်နေတယ်ပေါ့။ ဟုတ်လား။
ဆယ်ဇင်းရဲစခန်းက လက်နက်ချတဲ့အခါ ဒီဘက် ဘုရားငါးဆူမှာ ထီးထီးကြီးကျန်နေခဲ့တာ စကစတပ်ရင်းတစ်ရင်းပဲ ရှိတော့တယ်။ အဝိုင်းခံ အတိုက်ခံနေရပြီ။ တာမခံက တပ်တွေလည်း လာစရာ မရှိတော့ဘူး။ စစ်ကူလာချင်ရင် ခါတိုင်းလိုပဲ ပန်ချယ်ဘက်ကို ရဟတ်ယာဉ်နဲ့ လာချပေးမှ ရမယ်။ အဲ့ဘက်မှာလည်း KIA က နယ်မြေရှင်းထားပြီးသား။ ခုထက်ထိတော့ တစ်စင်းမှ မလာ။ လာချင်လည်း လာခဲ့လေ။ ကင်လိုက်မှာပ။ “မန်ကျည်းပင်တောင်ကိုင်းက ပျိုတို့မောင် တည်အိမ်ထိုးတယ်။ ဆင်းပါ့ရွှေချိုး။” ဆို စောင့်နေကြတယ်။ သူတို့ဘက်က ဝင်တိုက်ပေးမယ့် စစ်ကူက SNA ပဲ ကျန်တော့တယ်။ အရင်ကလည်း SNA အားကိုးနဲ့ ဆယ်ဇင်းကို သိမ်းထားတာ။ အခုတခေါက်ရော SNA က တနင်္ဂနွေဂြိုလ်မင်းလို မီးဒုတ်ကြီးကိုင်ပြီး ဆင်းလာနိုင်ဦးမလား စောင့်ကြည့်ရဦးမယ်။ စောချစ်သူ၊ အောင်ခမ်းထီ၊ ယွက်ဆစ်၊ ဆခုံတိမ့်ယိင်း၊ ခက်ထိန်နန် တို့ဟာ စကစ နဲ့ မဟာမိတ်ပြုထားပေမယ့် သူတို့ရဲ့သစ္စာဟာ အကျိုးစီးပွါး တူစဉ်အခါမှာပဲ တည်ကြတယ်။ ကိုယ့်ဘက်ကို မြားဦးလှည့်တော့မှာမြင်ရင် “ခေါ်လည်းမလာဘူး။ လခလည်း မယူဘူး။” လုပ်ပစ်တာ။ တောင်ဘက်ပိုင်းက တောင်ထနောင်းကိုင်းခြောက်မှာ ဒုချုပ်ကြီး လောက်လေးမှန်တာ မသေချာသေးပဲ မြောက်ဘက်ပိုင်းက မြောက်ထနောင်းကိုင်းခြောက်ကို တက်ခွမှာ မဟုတ်။
အချိန်တွေက တရွေ့ရွေ့ ကုန်နေတယ်။ ကိုယ်တို့တတွေလည်း တလှုပ်လှုပ် လုပ်နေတယ်။ ရလပ်အဖြေတွေကလည်း တစတစ ရုပ်လုံးပေါ်လာမှာပဲလေ။ လက်နက်ချ အညံ့ခံရင်အသေအပျောက် အပျက်အစီး နည်းမယ်။ အဲ့သလို မဟုတ်ရင် ကိုယ့်ဆီရှိတဲ့အသက် မသေမချင်း တောင့်ခံထား။ ဘယ်က စစ်ကူမှ လာစရာ မရှိဘူး။ အဆုံးသတ်ရလဒ်က အတူတူပဲ ဖြစ်မှာ။ မင်းတို့က ကျောက်တောင်တွေကို ခေါင်းနဲ့တိုက်ချင်တဲ့ ကြက်ဥပုတ် ဘဲဥပုတ်တွေလား။ မင်းတို့သေသွားရင်လေ မင်းတို့ ဒီမှာခိုးဆိုးလုယက်ထားတဲ့ပစ္စည်းတွေလည်း မင်းတို့သားမယားဆီ မရောက်ဘူး။ နာရေးလုပ်လို့လည်းမရ၊ အသက်အာမခံကြေးလည်းမရပဲ လိုင်းခန်းပေါ်က မောင်းချခံရမှာ။ စဉ်းစားပေါ့ကွာ။
ဒုချုပ်ကြီး သေခြင်း မသေခြင်းကတောင် မင်းတို့စစ်ပွဲရဲ့ အနိုင်အရှုံးကို အဆုံးအဖြတ် မပေးနိုင်သေးဘူး ဆိုရင် မင်းတို့ကောင်တွေ သေသေရှင်ရှင် ဘာမှ အကျိုးမထူးဘူး။ ဘယ်သူကမှ စောင်ဖက်မလုပ်ဘူး လို့ အဓိပ္ပါယ်သက်ရောက်တယ်။ ကိုယ့်အသက်တော့ ကိုယ့်ဘာသာ အဖက်လုပ်ကြတော့လေ။ ခုထက်ထိတော့ ကိုယ်တို့ဘက်က သာသာယာယာပါပဲ။ အပေါ်ယံဒဏ်ရာမျှလောက်သာ အထိအခိုက် ရှိတယ်။ အပူဒဏ်ကာကွယ်ရေး နှိုးဆော်သတိပေးချက်တွေနဲ့အညီ နေပူကျဲတဲကြီးထဲမှာ မတိုက်ပဲ ညဘက် အေးတော့မှောင်တော့မှ ဖောင်းဒိုင်းကျွေးကြပါ။ လိမ်မာသားနဲ့ရယ်။ မင်းတို့ ကချင်ပြည်နယ်က အပူဆိုတာ နေပြည်တော်မှာ ကျည်ကာင်္အကျီမချွတ်တမ်း ဝတ်ထားရတဲ့ ဘတ်ဘကြီး အပူကို ဘယ်မီမှာလဲ။ မယုံကြည်ပေမယ့်လည်း အားကိုးရာ လက်ရုံးတစ်ဘက် ပြုတ်ပြန်ပြီ မဟုတ်လား။ မေးပေးဦးတဲ့။ ထိုင်းကို လေယာဉ်နဲ့လာရင် ပေးဆင်းမှာလားတဲ့။ ပြီးရင်ကော ဘယ်ဆက်သွားဦးမှာလဲ။ “ကျမကိုချစ်တာ ဘယ်သူတဲ့လဲ။ ကျမကိုချစ်တာ ဘယ်သူတဲ့လဲ။” ဆိုပြီး တရုတ်သံရုံး ရုရှားသံရုံးရှေ့မှာ သွားအော်ပါလား။ တနေရာမဟန် တနေရာပေါ့နော။
“သိပ်ချစ်တဲ့ မောင်မောင်ရယ်။
ရှာမနေနဲ့။
ဘယ်ကိုသွားသွား မလုံခြုံပါကွယ်။
တွေ့သမျှ လူတကာတွေ ဝိုင်းဗျင်းတော့ ငိုချင်လာမယ်။ သွားစို့ သွားစို့ လာကွယ်။ တခြားရှာမယ်။ “