ချန်ဂင်တို့စခန်း (၂၅၀)

တောထဲကဆေးရုံကလေးတစ်ခုမှာ “ဘယ်ဆရာကမှ ဆက်ကုမပေးတော့ဘူး။ လက်လျော့လိုက်ပြီ။”ဆိုတဲ့ ရင်သားကင်ဆာလူနာ ၃ ယောက်တောင် ရောက်နေတယ်ဆိုတာ နည်းနည်းတော့ လွန်လွန်းသလိုပဲနော်။ ခွဲလို့ရသေးတယ်ဆိုတဲ့တစ်ယောက်ကိုတောင် ချက်ချင်းခွဲမပေးနိုင်သေးဘူး။ သွေးတိုးတွေ၊ ဆီးချိုတွေ၊နှလုံးရောဂါတွေ ရှိနေလို့ သမားတော်နဲ့ပြပြီး ဆေးအရင်ကုနေရတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ မခွဲခင် ကင်ဆာဆေးအရင်သွင်းပြီး ကြုံ့သွားမှ ခွဲလို့ရလိမ့်မယ်။ တစ်ယောက်ကတော့ မနှစ်ကကတည်းက ခွဲပေးပြီး ကင်ဆာဆရာဝန်ဆီ လွှတ်လိုက်တာ။ မသွားပဲ အခု နောက်တစ်ဘက်ရော အရင်နေရာမှာပါ ပြန်ထွက်လာမှ “ခွဲပေးဦး။” ဆို ပြန်လာတာ။ ဆေးတွေက မှာထားတယ်လေ။ မရောက်သေးဘူး။ Lymphoma လူနာကလည်း ၂ ယောက်ရှိတယ်။ ဒါတောင် စစ်ပွဲအတွင်းမှာ တစ်ယောက်က သေသွားလို့။ တစ်ယောက်က ဆေးသွင်းနေဆဲ။ တစ်ယောက်ကတော့ ဆေးသွင်းပြီး ၁ နှစ်ခွဲအကြာမှာ ပြန်ဖြစ်လာတာ။ သိပ်တော့ ကြာတော့မယ် မထင်။ ငါ့နှယ်နော်။ ဦးလှထွန်းကင်ဆာဖောင်ဒေးရှင်းကြီး ကျနေတာပဲ။

အခုလေးတင်ပဲ မျက်နှာကြီးနီအမ်းပြီး မောကြပ်ရင်ဆို့နေတဲ့လူနာကြီးတစ်ယောက် လာလို့ နည်းမျိုးစုံနဲ့ နှာနှပ်ကယ်တင်ပြီး ဓါတ်မှန်ရိုက်ကြည့်လိုက်တော့ လေပြွန်ကိုဖိနေတဲ့ အဆုတ်ကင်ဆာကြီးကို တွေ့တယ်။ “ဘာလာလုပ်တာလဲ ဟင်။” လို့ မေးရမလို ဖြစ်နေပြီ။ ဒီမှာ ဘာမှ လုပ်ပေးလို့ မရတော့ဘူးလေ။ ဒီအနီးအနား ရှိသမျှ သေခါနီးလူနာတွေ စုပြုံပြီး ကိုယ့်ဆီရောက်လာလို့ကတော့ သေရချည်ရဲ့။ နင်တို့အရပ်ကလူတွေဆိုသည်မှာလည်း ကိုယ့်ရင်ဘတ်က ကင်ဆာကိုတော့ ဆေးသွင်းဓါတ်ကင် မလုပ်ချင်ကြဘူး။ ဖြူဖြူထွေးကျ ပိုက်ဆံပေးငှါးပြီး ကျွမ်းထိုးခိုင်းသတဲ့။ ကြုံကြုံဖူးပေါင်။

အမှန်တော့လည်း ဆေးရုံမှာ နာမကျန်းလူနာတွေ ပြန်များလာတယ်ဆိုတာ ဒီအနီးအနား ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေမရှိပဲ သွားလမ်းလာလမ်းတွေ ပွင့်နေတဲ့သဘောပါ။ နို့မို့ဆို ဒဏ်ရာရလူနာကလွဲရင် ဘာလူနာမှ မလာနိုင်တော့ဘူး။ မိုးကျလို့ လမ်းတွေအကုန်ပျက်သွားမှပဲ လူနာပါးသွားမှာ။ ခွဲလူနာကတော့ တဖျောက်ဖျောက်ပေါ့လေ။ အခု အယောက် ၅၀၀ ကျော် ခွဲပြီးသွားပြီ။ ၂ နှစ်အတောအတွင်းမှာ။ အရှိန်ရလာရင် အရမ်းကြီး အားမစိုက်လည်းပဲ သူ့ဟာနဲ့သူ ဆက်လိမ့်သွားတာကိုး။ အငယ်တွေ လုပ်တတ်ကိုင်တတ် ရှိလာလို့ ကိုယ်လည်း သိပ်မပင်ပန်းတော့ပါဘူး။ ဆေးမှာရတာ တစ်ခုပဲ ဒုက္ခရောက်တာ။ အရမ်း ကြပ်တည်းခက်ခဲအောင် လုပ်ထားတယ်လေ။ ရောက်လာတာတော့ အများကြီးပဲ။ တစ်လတောင် မခံဘူး။ ကုန်ရော။ လူနာအဝင်အထွက် အတက်အဆင်း များတော့ ဆေးကလည်း ဝယ်လို့ကို မလောက်ဘူး။ နေ့စဉ်နေ့တိုင်း ဒီနေ့ ဘာပစ္စည်းရောက်မလဲ။ ဘာဖြစ်လို့ မရောက်သေးတာလဲ။ တမျှော်မျှော်နဲ့။

ဒီဘက်အရပ်ဟာ နဂိုကတည်းက ဆရာဝန်ရှားပါးတဲ့ အရပ်တော့ မဟုတ်ပါဘူး။ ကျောက်ရောရွှေရော ထွက်တဲ့ဆီမှာ ဆေးခန်းကလေးတွေဆိုတာ စည်စည်ကားကားပဲ။ အထူးကုဆရာဝန်တွေလည်း ရှိကြပါတယ်။ မြို့ပေါ်မှာ CDM တွေကို ဖမ်းရင် ဒီကိုပဲ ရှောင်စရာတိမ်းစရာ ရှိတယ် မဟုတ်လား။ သို့သော်လည်း အရမ်းကို ဦးမော့နေတဲ့ စီးပွါးရေးအခြေအနေကြီးကြောင့် ဆေးကုစားရိတ်တွေကလည်း ရွှေဈေးကျောက်ဈေးမက ပေးကုကြရတာပါ။ လူ့အသက်ကို အဲ့ဒီ စိန်တွေကျောက်တွေပေးပြီး ဝယ်လို့ရရိုးမှန်ရင် အကိုထွင်းတောင် ပိုးကြာနဲ့ မညားဘူး။ အရင်မိန်းမကြီး ဆေးကုပြီး ပေါင်းနေမှာပေါ့။ ကိုယ့်ဘာသာကိုယ် ခွဲနိုင်သလောက်လေးပဲ ကြိုးစားပန်းစား ခွဲပေးလိုက်ပါလေ။ “သဗ္ဗေသတ္တာ ကမ္မသကာ” တဲ့။ ကိုယ်လည်း ဘယ်ချိန်သေမယ်မသိ။ ကိုယ်ရောက်နေတဲ့ ၃ နှစ်အတွင်း ကိုယ့်အရင်သေသွားတဲ့လူနာတွေတောင် မနည်းမနော ရှိနေပြီ။ ကင်ဆာသော မကင်ဆာသော ဘာထူးမှာလဲ။ ဖောက်ပြန်တတ်သော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေချည့်ပဲ။

End staged cancer patients တွေ အဲ့လောက်အများကြီး ဆေးရုံပေါ်တင်ထားပြီး ICU သုံးတဲ့ဆေးတွေ၊ ကင်ဆာဆေးတွေ ဆံထုံးစိုက်ဆီစိုက် ကုနေရလို့ ခိုညည်းသလိုညည်းပြီး လူနာတွေကို အိမ်ပြန်လွှတ်တော့မယ် လို့တော့ မထင်ပါနဲ့။ လုပ်ပေးနိုင်သလောက်တော့ အကုန်လုံး လုပ်ပေးနေတုန်းပဲ။ တိုက်ပွဲပြန်ဖြစ်လို့ အိမ်ပြန်သယ်ကာမှ သယ်ပစေ။ ကိုယ်တိုက်နေရတဲ့စစ်ပွဲမှာ လက်မြှောက်အရှုံးပေးတယ်တော့ အဖြစ်မခံနိုင်ဘူး။ ကိုယ် ဘယ်လောက်ထိ ရုန်းနိုင်သလဲ ကိုယ့်ဘာသာသိအောင် ရုန်းကြည့်ဦးမယ်။ လူနာအနေနဲ့ မမြင်ပဲ workload တစ်ခုလို့ပဲ သဘောထားလိုက်တယ်။ ဘဝတသက်တာမှာ မရပ်မနား အလုပ်လုပ်ခဲ့တဲ့ကာလကို ကြည့်ချင်တယ်ဆို ဟောဒီ ၃ နှစ်ကာလကိုပဲ ကြည့်ရမှာ။ လက်ရည်လည်းမကျသေးဘူး။ လက်ပန်းလည်း မကျသေးဘူး။ အများကြီး လုပ်နိုင်သေးတယ်။ ဆက်လုပ်ဦးမှာ။ ဘယ်လောက်ပဲ ခက်ခဲပင်ပန်းသည်ဖြစ်ပစေ မတတ်နိုင်လို့ လက်မှိုင်ချရတယ်ဆိုတာ တစ်ခါမှ မရှိခဲ့ပါဘူး။ ဘယ်အထိသွားမလဲဆို တော်လှန်ရေး မအောင်မချင်းပဲ။

သည်တောသည်တောင်ထဲမှာ သည်လိုအချိန်ဆို သစ်ရွက်တွေ တဖြုတ်ဖြုတ် ကြွေတာ ရိုးတံပြိုင်းပြိုင်းတွေပဲ ကျန်တယ်။ ဒါပြီးရင် ပုရစ်ဖူးလေးတွေ ထွက်လာပြီး ရွက်နုသစ်တဝေဝေနဲ့ ငြိမ်းချမ်းစိမ်းလန်းလာဦးမှာပဲ။ သေသွားတဲ့သူတွေ ရှိသလို မွေးလာတဲ့ကလေးတွေလည်း နည်းမှမနည်းတဲ့ဥစ္စာ။ ဒီဆေးရုံမှာမွေးတဲ့ ကလေး ၁၅၀ လောက်အတွက်တော့ CDM ဆရာဝန်တွေ တောထဲထိလာမွေးပေးသွားတယ် ဆိုတာ မေ့သွားမယ့်အရာ မဟုတ်ဘူး။ ဆရာဝန်တွေက ဘာဖြစ်လို့ တောထဲရောက်လာကြတာလဲ။ ရွာတွေက ဘာဖြစ်လို့ မီးလောင်ကြရတာလဲ။ သူတို့မိသားစုဝင်တွေကရော ဘာဖြစ်လို့ ပိုးစိုးပက်စက် သေပွဲဝင်ကြရတာလဲ။ ပြီးခဲ့တဲ့ အဖြစ်အပျက်တိုင်းဟာ ကာယကံရှင်တွေအတွက် အတိတ်မှတ်တမ်းတွေ ဖြစ်လာကြရမှာပဲ။ အတိတ်တွေက သမိုင်းဖြစ်သွားတဲ့အခါမှာ စစ်တပ်က ဘယ်အခန်းက ဝင်ကသလဲ ကိုယ့်ဘာကိုယ် သဘောပေါက်လာလိမ့်မယ်။

အချိန်ဆိုတာက ရပ်နေတယ်လို့မှ မရှိပဲကိုး။ အရင်လတုန်းက စခန်း ၃၀ သိမ်းထားပြီဆိုတဲ့ ကချင်တွေဟာ အခုလဆန်းမှာ စခန်း ၆၀ ရှိသွားပြီ။ တအိအိနဲ့ ပြိုကျလာတဲ့ စကစဒေါက်တိုင်တွေဟာ မိုးမကျခင်အတွင်းမှာ တစ်ခုမှ ကျန်မှာ မဟုတ်ဘူး။ ဗျူဟာကုန်းတွေချည့် တစ်ခုပြီးတစ်ခု အဆော်ခံနေရတာ။ ဘယ်နေရာမှာမှ နိုင်ပွဲမရှိပဲ သည်းသည်းမည်းမည်း စစ်တိုက်နေသူတွေမှာ ရည်ရွယ်ချက်က တစ်ခုပဲ ရှိတယ်။ ကိုယ့်တပ်က လက်အောက်ငယ်သားစစ်သည်တွေကို တစ်ယောက်မှ အရှင်မထားခဲ့ချင်တဲ့ စိတ်ဓါတ်ပေါ့။ “ငါလည်း သေမယ်။ မင်းတို့လည်း သေကြ။ မင်းတို့ သားမယား မိသားစုတွေပါ သေရွာခေါ်သွားကြ။” ဆိုတဲ့သဘော။ လူ့အသက်တွေကို စည်းရိုးထိုးပြီး အဘကိုကာကွယ်ကြမှာလေ။ သဘောပေါက်ပြီလား။ ကောင်းသားပဲ။ သုံ့ပန်းအဖြစ်နဲ့မိရင် ကျွေးမွေးထိန်းသိမ်းနေရဦးမယ်။ ကိုယ့်သဘောနဲ့ကိုယ် ဂိတ်ဆုံးစီးတော့လည်း ဆန်ကုန်သက်သာတာပေါ့။ ပုရိမာ ပုရိမာ အကုသလာဓမ္မာတွေ အကျိုးပေးချိန်တန်ပြီ။

အခုဆို မူဆယ်၊ နမ့်ခမ်း၊ လွယ်ဂျယ်၊ လိုင်ဆာ၊ ကမ်ပိုင်တီး၊ တရုတ်မြန်မာနယ်စပ်မျဉ်းတောက်လျှောက် ERO တွေ လက်ထဲရောက်ကုန်ပြီ။ ဒီကိစ္စ ဘေဂျင်းက ပေါက်ဖော်ကြီးတွေကို ဖျာအောက်ရေဝင်တဲ့ကိန်းပဲ။ ထိုင်းဘက်ကတော့ ဖမာ့တွေ သူ့ဆီ အလုံးအရင်းနဲ့ဝင်လာလို့ ဇာတ်လမ်းတွဲတွေထဲမှာတောင် ဗမာရာဇဝင်တွေ လှည့်ပတ်

ရိုက်နေရပြီ။ ဘင်္ဂလားဘက်ထွက်ပြေးတဲ့စစ်သားတွေဆို ပြန်မခေါ်ပဲ စစ်ပြေးစာရင်းထဲထည့်လိုက်လို့ မကျွေးနိုင်တဲ့သူက ကိုယ့်စားရိတ်ကိုယ်စိုက် ပြန်ပို့နေရတယ်။ ဘယ်လိုပဲ ပြည်တွင်းရေးပါလို့ ကျားကျားမီးယပ် ပြောနေလည်း ပတ်ဝန်းဘယ်ညာ နိုင်ငံတကာကို ပြဿနာပေါင်းစုံနဲ့ ကိုင်လှုပ်လာခဲ့ပြီ။ ဘယ်သူမှ ဝင်မပါပါနဲ့လို့ အတန်တန်တားနေတဲ့ တရုတ်ကြီးတောင် မနေနိုင်မထိုင်နိုင် အတင်းဖိအားပေးပြီး ဝင်ပါရတာ ဘယ်နှစ်ခါရှိပြီလဲ။ “ဆားမပါပဲ စားနိုင်တယ်။ ကယ်လားမပါပဲ စကားမပြောဘူး။” ဆိုတဲ့ UN ကရော ရိုဟင်ဂျာတွေ အတင်းအကြပ် စစ်သားစုဆောင်းခံရတဲ့အခါ ဘယ်လောက်တောင် စိုးရိမ်နေရှာမလဲ မပြောတတ်။ ပြည်တွင်းရေးဆို ပစ်ထားတဲ့စစ်မီးဟာ ဒေသတွင်းနိုင်ငံတွေကို ကူးစက်လာတဲ့အဆင့်တော့ ရောက်ခဲ့ပြီ။ ရန်ကုန်ကလူတွေသာ လင်းသိုက်ညွန့် နဲ့ ဖြိုးဖြိုးအောင် ဟော်တယ်မှာ “ကျီစားသလား။” လုပ်တာ လက်ခုပ်တီးပေးနေကြတုန်း။

ဒီလို အထက်မီးတွေရော အောက်မီးတွေရော စုံနေမှတော့ နူးနူးနပ်နပ်ကလေး ခူးခပ်စားရုံကျန်တော့တာပေါ့လေ။ စစ်အာဏာရှင်တွေ နိဂုံးမချုပ်မချင်း ဘယ်လိုညှိနှိုင်းဆွေးနွေးမှုမျိုးမှ အသက်မဝင်နိုင်ဘူး ဆိုတာ အခုမသိသေးလည်း နောက်တော့အားလုံး သိသွားကြမှာပါ။ အနိုင်အရှုံးကတော့ အဖြေပေါ်နေပြီ။ ရှုံးတဲ့သူ ထွက်ရမှာဆိုတော့ “အသေထွက်မလား အရှင်ထွက်မလား” ပဲ ရွေးစရာ ရှိတော့တယ်။ ဒါကြီးပြီးသွားရင် စစ်မျိုးစစ်နွယ်တွေ လူ့အသိုင်းအဝိုင်းထဲမှာ ဘယ်လို ရှင်သန် နေထိုင်ကြမလဲ ဆိုတာ စဉ်းစားထားရမယ့်အချိန် ရောက်လာပြီ။ အုန်းသီး၊ ဒိန်းဒေါင်၊ ငြိမ်းချမ်းတို့ဆီက ပြည်သူကျွေးတဲ့ ထမင်းတစ်လုပ်တွေဘာတွေ ပြောရဲရင် ရယ်မလို့ စောင့်နေတယ် သိလား။ “ပါပီမ” က ကျိန်စာသင့်လား မသင့်လား သိချင်ရင် အဲ့ဒီကားထဲမှာ ပါတဲ့ သရုပ်ဆောင်တွေကို လိုက်ဗျူးကြည့်လိုက်ပေါ့။ SP ဆိုတာ အခုသာ ဘာမှ မထိရောက်သလိုလို ရှိတာ။ မြေနိမ့်လို့ လှံစိုက်ပြီဆို မိုးကြိုးပါ လိုက်ပစ်တဲ့အစား။

အလွန်ပူပြင်းသော၊ အလွန်မီးပျက်သော၊ အလွန်ကြပ်တည်းရှားပါးသော ရန်ကုန်မြို့ကြီးရဲ့ အခြေအနေဟာ သူ့အလိုလိုနေရင်းကို မီးဟုန်းဟုန်း ထတောက်မတတ် အမျက်ဒေါသတွေ ရှိနေကြတယ်။ ကိုယ့်အကြောင်းနဲ့ကိုယ်မို့ မနည်း မျိုသိပ်ကြိတ်မှိတ်ပြီး သည်းညည်းခံနေရတာ။ ပေါက်ကွဲပြီးထွက်လာမယ့်တစ်နေ့ ဟုတ်ကနဲပြာကျသွားအောင် လောင်ကျွမ်းသွားစေလိမ့်မယ်။ ဒီဒေါသက ၃ နှစ်စာ တငွေ့ငွေ့အောင်းနေတဲ့ ဒေါသတွေနော်။ မုန့်သည်မသား မုန့်စားတာ အနားသားတွေလည်း ကုန်သလောက်ရှိပြီမို့ ဒီသင်္ကြန်အပြီးလောက်ဆို စန္ဒဂုတ်မင်းက မြို့တော်သိန်းအောင် လုပ်တော့မှာ သေချာသလောက် ရှိတယ်။ အတွင်းမီး နဲ့ အပြင်မီး နဲ့ တေ့တေ့ဆိုင်ဆိုင် အဖုတ်ခံရရင် ဘာတွေ ဘယ်လိုဖြစ်မလဲ ကိုယ်တိုင် လက်တွေ့ သိရတော့မှာပါ။ ဒါကြီးပြီးသွားတဲ့အခါကျမှ ကျန်းကျန်းမာမာ ပြန်ဆုံတွေ့ကြရအောင် အသက်ရှည်ရှည်နေပေးပါ လို့ပဲ အားလုံးကို တောင်းပန်ချင်တော့တယ်။ သူတို့ဘက်ကို အကုသိုလ်ကံတွေ အကျိုးပေးဖို့ အချိန်တန်သလို ကိုယ့်ဘက်မှာလည်း ကိုယ်ပြုသမျှ ကုသိုလ်ကံတွေ အကျိုးပေးကြဖို့ အချိန်ရောက်ပြီ မဟုတ်ဘူးလား။

“တကယ် တောအစစ်ကဲ့သို့

အခုတော့ လယ်ကောဖြစ်လို့မို့

ကောင်းဖို့ရွယ်သောစံနစ်ကို

အထူးသဖြင့် မျှော်မိတယ်။

အောင်ပင်လယ် အောင်ပင်လယ်

အောင်ပင်လယ် အောင်ပင်လယ်။”