ချန်ဂင်တို့စခန်း (၂၄၉)

တောင်းဆိုးပလုံးဆိုးသာ ပစ်ရိုးထုံးစံ ရှိတယ်။ လူနာဆိုး လူနာအရွဲအပြဲတွေကို ပစ်ရိုးထုံးစံ မရှိတာလည်း ဆရာဝန်တွေရဲ့ သဘာဝလား မသိပါဘူး။ ဒီမှာ သူများတကာ စွန့်ပစ်ထားတဲ့ ချေးထုပ်လူနာကြီးတွေကို လက်မခံချင် မကုချင်ပဲနဲ့ အောင့်အည်းသည်းခံပြီး ကုပေးနေရတာလည်း ရှိပါတယ်။ စစ်ပွဲမှာ ဒဏ်ရာရတဲ့လူနာတွေလို ကိုယ်လုပ်ပေးနိုင်ရင် အသက်ရှင်မယ် ဆိုတဲ့ ရလဒ်ကောင်းလည်း မျှော်လင့်လို့မရ။ ဘာတွေလုပ်ပေးလုပ်ပေး၊ ပိုပိုဆိုးလာပြီး အဆုံးသတ်ကျတော့ သေသွားမှာ။ မသေခင်မှာ ဆေးရုံမှာရှိသမျှ ပိုက်ဆံကလေးတွေကို ဖြူကာပြာကာ ကျသွားတဲ့အထိ ဖြုန်းပစ်ခဲ့ဦးမှာ။ သူ့မှာရှိတဲ့ပိုက်ဆံကျတော့ ကိုယ်နဲ့မတွေ့ခင်ကတည်းက ကုန်နှင့်ခဲ့ပြီ။ ကုန်လို့ ကိုယ့်ဆီရောက်လာတာ မဟုတ်လား။ ဘယ်သူ့မှ စောင်းမပြောပါဘူးနော်။ တည့်တည့်ပဲ ပြောနေတာပါ။ ဘယ်သူ့အကြောင်းလဲဆိုတော့ အချိန်လွန်မှ ရောက်လာတတ်တဲ့ ကင်ဆာလူနာတွေ အကြောင်းပါ။

ခွဲစိတ်ဆရာဝန် ဦးစီးတဲ့ ဆေးရုံမို့ ရင်သားကင်ဆာလူနာတွေ လက်ခံခွဲစိတ်ပေးတာ မေ့ဆေးစက်ကြီး မဝယ်ခင်ကတည်းကပါ။ ဒါပေသိ ရောက်လာတဲ့လူနာ ဆယ်ယောက်မှာ ကိုးယောက်လောက်က ရင်ဘတ်ပေါ် ဟောက်ပက်ကြီးပွင့်ထွက်နေတဲ့ ဘုသီးကြီးတွေနဲ့ ပြည်တရွှဲရွှဲ လောက်တဖွားဖွားကျမှ ရောက်လာတာချည့်ပါပဲ။ အကျိတ်ထွက်မှန်းသိတာနဲ့ ဆရာဝန်ဆီ မလာဘူး။ အပြင်မှာ လုပ်ချင်တာတွေလျှောက်လုပ်ပြီး ဆက်ကုစရာပိုက်ဆံမရှိမှ၊ ဘယ်သူကမှ ဆက်ကုမပေးတော့မှ ကိုယ့်ဆီရောက်လာတာလေ။ ခွဲပေးရုံနဲ့ ပြီးမယ့်ကိစ္စလည်း မဟုတ်ဘူး။ နောက်ကလိုက်ရမယ့် ဓါတ်ကင်ဖို့ ဆေးသွင်းဖို့ကိစ္စတွေကို ဘယ်လိုစီစဉ်ကြမတုန်း။ ခွဲတာ မေ့ဆေးပေးတာကို ဆံထုံးစိုက် ဆီစိုက် ကုပေးနိုင်ပေမယ့် biopsy ပို့ရတဲ့အလုပ်ရော၊ ကင်ဆာဆေးသွင်းတဲ့ကိစ္စပါ နောက်ကလိုက်လိုက်စိုက်ရတာ အသည်းနာပါတယ်။ ဆေးဝယ်ရသယ်ရတဲ့ အခက်အခဲလည်း ကိုယ်ကိုယ်တိုင် အသိဆုံးကိုး။ အဆုံးသတ်ကျတော့ ရှင်တာလည်း မဟုတ်လို့ အားထုတ်ရကျိုးလည်း မနပ်ဘူး။ ဒီ့ထက် စိတ်ညစ်စရာကောင်းတဲ့ ဒရာမာဆိုတာ ဘယ်မှာရှိပါ့မလဲ။

ကင်ဆာဆေးတွေက ရန်ကုန်မှာတောင် အထူးကု နဲ့ ဆေးကုမ္ပဏီ နဲ့ သေချာချိတ်ဆက်ပြီး “ဘယ်နေ့ကျရင် ဘယ်ဆိုင်မှာ သွားဝယ်။ ဘယ်လောက်ပဲ ရမယ်။” ဆို လွှတ်ရတဲ့ ဆေးမျိုးပါ။ ကိုယ့်ဆီက လမ်းခရီးမှာ ဆယ်ရက်ကြာချင်လည်းကြာမယ်၊ တစ်လကြာချင်လည်း ကြာမယ်။ cold chainနဲ့ ဘယ်လိုမှ ပို့လို့မရနိုင်တဲ့ အရပ်။ ကုန်ကျစားရိတ်ကလည်း ဆေးပတ်လည်တဲ့အထိသာ အသက်ရှင်မယ်ဆိုရင် ဆယ်သိန်းအောက်ကို မလျော့။ ဆေးမသွင်းခင်် သွေးတွေဖောက်ဖောက်စစ်ရတာက ရှိသေး။ ဓါတ်ခွဲခန်းခပေးရုံနဲ့မရဘူး။ ဆိုင်ကယ်ကယ်ရီပါ ရှာပေးရတာ။ အိုင့်မှာ ဘာအပြစ်ရှိလို့ အဲ့လောက်စိတ်ဆင်းရဲခံရတာပါလိမ့်။ အပြစ်မရှိရင်တောင် ဝဋ်ရှိလို့လို့ အထင်ခံရစရာ။ ရုပ်ရှင်ထဲက ဆရာဝန်တွေလို ခေါင်းလေးယမ်းပြပြီး ပြန်လွှတ်လိုက်လည်း ရတဲ့ဟာကို။

လူနာဆီကတော့ “နို့ သိမှသိပဲကို။” ရယ် “ပိုက်ဆံမှ မရှိတာ ဆရာရဲ့။” နှစ်ခွန်းဆိုရင် သူ့မှာပြောစရာ စကားကုန်ပါပြီ။ ကျန်တာအကုန် ကိုယ့်အလုပ်ချည့်ပဲ။ curative care မပေးနိုင်တောင် palliative care ပေးရမှာ မဟုတ်လား။ သူ့ဟာသူလည်း စိတ်ဆင်းရဲပြီးသား လူနာကို ကိုယ့်အတွက်နဲ့ ထပ်စိတ်မဆင်းရဲပါစေနဲ့တော့။ ဒီတံပိုးက ကိုယ့်ပုခုံးပေါ် ဘုရားသခင်တင်တော်မူတဲ့တံပိုး။ ရုန်းလိုက်စမ်း ဖေ့သားကြီး။ “Till death do us part.” ပေါ့။ ကင်ဆာဆရာဝန်တွေ၊ စိတ်ရောဂါကုဆရာဝန်တွေဟာ မကြာခဏ တရားထိုင်ပေးရတယ် ဆိုတာ ဟုတ်မှာပါပဲ။ အဲ့ဒီအထဲမှာ ခွဲစိတ်ဆရာဝန်တွေလည်း ထည့်သင့်ပြီ။ တကယ်တော့ ပိုက်ဆံတွေတတ်နိုင်လည်း၊ အစောကြီးသိလို့ နိုင်ငံခြားအထိ ထွက်ကုလည်းပဲ သေတဲ့သူက သေတာပါပဲ။ မြန်မာနိုင်ငံဆရာဝန်အသင်း ဥက္ကဌရဲ့ ဇနီးသည် ပါမောက္ခဆရာမကြီးလည်း ရင်သားကင်ဆာနဲ့ ကွယ်လွန်ပါတယ်။ “ကိုယ်ပြုပြင်လို့ ရမလား။” ဆိုတဲ့ အတ္တစိတ်ကြောင့်သာ ပင်ပန်းရတာ။ အမှန်မှာတော့ အနတ္တပဲ။

ဆရာဝန်တစ်ယောက်ရဲ့ အတ္တမှာ ကိုယ်ကုပေးလိုက်သမျှလူနာလေးတွေ ဝေဒနာပျောက်ကင်းတယ်၊ အသက်ရှင်တယ် ဆိုတာ လိုချင်တာပေါ့နော်။ ဖြစ်နိုင်ရင် ပိုက်ဆံအကုန်အကျ သက်သက်သာသာနဲ့ ပျောက်ကင်းစေချင်တယ်။ အချိန်တိုတိုနဲ့ ပျောက်ကင်းစေလိုတယ်။ ဒါပေမယ့် အခါအပ်သိမ်း သူဖြစ်စေချင်တိုင်း ဖြစ်ရအောင် သူ့ဆေးခန်းက မအေးအေးဝင်း စီစဉ်တာလည်း မဟုတ်။ ဒီကွေ့မှာ မင်း ဘယ်တက်နဲ့ လှော်သွားသလဲ ဆိုတာပဲ ကြည့်စရာ ရှိတာပေါ့လေ။ စိတ်ညစ်ပေမယ့်လည်း လက်မခံချင်ပေမယ့်လည်း ကိုယ့်ဆေးရုံမှာ ကင်ဆာရောဂါသည်တွေ မပြတ်အောင် ကုသနေဆဲပါ။ စစ်အတွင်းကာလကြီးမှာ၊ စီးပွါးရေးကြပ်တည်းနေချိန်ကြီးမှာ၊ heatlh system break down ရနေသခိုက်ကြီးမှာ သူတို့လည်း ကူရာကယ်ရာမဲ့နေတာ အမှန်ပါပဲ။ သေဘေးလွတ်အောင် မကယ်နိုင်သည့်တိုင် လူလိုသူလို သေရဖို့ ကူညီပေးရမှာပေါ့။ ဒါလည်း ကိုယ့်အလုပ် ကိုယ့်တာဝန်ပါ။

နောက်နှစ်ခါ ခရစ္စမတ်ပြီးရင် ဆရာဝန်အဖြစ်နဲ့ ဆေးကုလာတာ နှစ်ပေါင်း ၃၀ ပြည့်တော့မယ်။ ကိုယ့်သက်တမ်းရဲ့ ထက်ဝက်လောက် နုပျိုသည်မှ အိုမင်းရင့်ရော်တဲ့အထိ ငယ်တုန်းက ငယ်တဲ့အလျောက် ကြီးလာတော့ ကြီးတဲ့အလျောက် အစွမ်းကုန်ကြိုးစားပြီး ကုလာခဲ့တာ ပင်စင်ယူချိန်တောင် ရောက်တော့မှာပဲ။ ဒီကောင် ဘာကောင်လဲ။ ဘယ်သူလဲ၊ဘယ်ကလဲ၊ နဲ့ အမျိုးအစား ခွဲလာတဲ့သူတွေရှိရင် “ဆရာဝန်ပါပဲ” ဆိုတဲ့အထဲကို ရဲရဲကြီး ပစ်ထည့်လိုက်ပါ လို့ ပြောချင်ပါတယ်။ ဒီတစ်သက် ဒီဘဝမှာ ကိုယ် ဆရာဝန် ဖြစ်ခဲ့တယ်။ ဘယ်လိုအခြေအနေမျိုးမှာမှ ဆေးကုတဲ့အလုပ်ကို မစွန့်လွှတ်ပဲ မှန်မှန်ကန်ကန် ရှင်သန်နေထိုင်ခဲ့တယ်။ ကိုယ် ဘယ်လိုဆရာဝန်မျိုးလဲဆိုတာ ကိုယ်ကုပေးဖူးတဲ့ လူနာတွေ အသိဆုံး ဖြစ်မှာပါ။ ကိုယ့်ကိုမွေးတဲ့အခါ ဆေးရုံက ဆရာဝန်လေးတွေကို ကြည့်ပြီး “ငါ့သားလေးကြီးတဲ့အခါ ဆရာဝန်ဖြစ်ရင် ကောင်းမှာပဲ။” လို့ တောင့်တမိသတဲ့။ ကိုယ့်အမေရဲ့ဆုတောင်းကို ပြည့်စေနိုင်တဲ့ သားတစ်ယောက်ဖြစ်ခဲ့လို့ ဝမ်းသာပါတယ်။

ဆရာဝန်တွေဟာ စစ်တပ်ကအာဏာသိမ်းပြီး မတရားသဖြင့် သတ်ဖြတ်နှိပ်စက်တဲ့အခါ မုန်တိုင်းထဲ လွင့်ပါသွားတဲ့ ကျေးသားလေးတွေလို ဝေးလွင့်ကင်းကွာ ဒုက္ခသုက္ခပေါင်းစုံ ရင်ဆိုင်ကြုံတွေ့ကြရတာ၊ ရင်ဆိုင်ဖြတ်သန်းခဲ့ရတာတွေဟာလည်းပဲ သူက ဘယ်လိုဆရာဝန်မျိုးလဲ မှတ်ကျောက်တင် မော်ကွန်းတင်ရတဲ့ အရည်အချင်းစစ် စာမေးပွဲတွေပါပဲ။ စိတ်ထားသဘောထားအမှန်ကိုလည်း သိမြင်ခွင့်ရတဲ့ အချိန်အခါပေါ့။ ဒီကိစ္စပေါ်လာတော့မှပဲ ဘယ်သူက ဘယ်လိုဆရာဝန်မျိုးလဲ ကွဲကွဲပြားပြား တွေ့ခွင့်ရတော့တယ်။ လူချင်းတစ်ခါမှ မတွေ့ဖူး မဆုံဖူးသော်လည်း မေမေ ကျေနပ်လောက်တဲ့ ဆရာဝန်ကလေး ဖြစ်လိမ့်မယ်လို့တော့ ယုံကြည်ပါတယ်။ ဒီစကားက တချို့လူတွေအပေါ် အနာပေါ်တုတ်ကျသလို ထွန့်ထွန့်လူးသွားစေမှန်း သိပေမယ့် ဂရုမစိုက်လို့ တမင်ရေးပါတယ်။ သံသရာမှာ မင်းအောင်လှိုင်နဲ့ တစ်ကိုင်းတည်းနားရမယ့် နောက်လိုက်ဘက်သား မဖြစ်ရတာနဲ့တင် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းလောက် ဂုဏ်ယူတယ် ချစ်သား။

တချို့လူတွေ အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုကို ဖက်တွယ်ထားတယ်ဆိုတာက စားနေဝါးနေရလို့၊ ခွင်တည့်နေလို့၊ စီးပွါးဖြစ်နေလို့ ၊ ဆွေတွေမျိုးတွေပါ ကြီးပွါးချမ်းသာလို့ ပင်စင်ယူချိန်တောင် မယူနိုင်ပဲ သူများတကာတွေ သေချင်သလောက်သေ၊ တိုင်းပြည်ကြီးပဲပျက်ပျက်၊ စစ်တပ်ကြီးတစ်ခုလုံး သူကလွဲ တစ်ယောက်မကျန် ပျက်သုဉ်းလည်း ကိုယ်ကျိုးစီးပွါးတစ်ခုတည်းကို ငဲ့ကွက်ပြီး ဖက်တွယ်ထားတာပါ။ ကိုယ့်အတွက်ကတော့ အဲ့ဒါတွေ တစ်ခုမှ မငဲ့ကွက်လို့ ရာထူးတွေ၊ ပင်စင်တွေတောင် မမက်ပဲ တောထဲဝင်ခဲ့တာလေ။ ဒီရောက်တော့လည်း ပိုက်ဆံရှာစားနေတာ မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင် လက်မခံချင်၊ မကုချင်တဲ့ ကင်ဆာလူနာတွေကို အလကားခွဲပေးရုံတင်မဟုတ်၊ ရာသက်ပန် ရိုးမြေကျ ကင်ဆာဆေးတွေပါ အိပ်စိုက်ကုပေးနေရတာ။ လုပ်ချင်လို့ လုပ်နေတဲ့ အလုပ် မဟုတ်ဘူး။ မလုပ်ချင်တာတွေ၊ အကျိုးမရှိတာတွေကိုလည်း ပစ်မထားနိုင်လို့ လုပ်တယ်။ ဘာအတွက် လုပ်တာလဲ မေးရင် မလုပ်ရ မနေနိုင်လို့ လုပ်တယ် လို့ပဲ ပြောရမှာပေါ့။ ဒုက္ခသည်ချင်းတူပေမယ့် သူတို့ဒုက္ခက ကိုယ့်ဒုက္ခထက် ကြီးတယ်ထင်ရင် တတ်နိုင်သလောက် ဝင်ကူပေးလိုက်တာပဲ။ အဲ့ဒါကမှ လူစိတ်လေ။ လူဆိုတာ လူစိတ်ရှိဖို့ လိုတယ် မဟုတ်လား။

လူစိတ်မရှိရင် တိရိစ္ဆာန်စိတ် ရှိရမှာလား လို့ မပြောပါနဲ့။ အခု စစ်ဗိုလ်စစ်သားတွေရဲ့စိတ်ဟာ တိရိစ္ဆာန်တွေမှာ ရှိနေတဲ့ စိတ်နေစိတ်ထားထက် နိမ့်ကျပါတယ်။ တိိရိစ္ဆာန်တွေက လူတွေလို စကားမပြောတတ်တာပဲ ရှိတယ်။ သူတို့လည်း လူတွေသိသလို ခံစားသလို သိတတ်ခံစားတတ်တဲ့ အမှတ်သညာရှိတယ်။ လူတွေစကားကို နားလည်တယ်လို့တောင် ထင်ရတယ်။ ဆေးရုံက ကြက်မဒမ်းလေးတွေဟာ ကိုယ်တို့မီးဖိုချောင် စတိုခန်းထဲမှာပဲ တစ်သားပြီးတစ်သား ဝင်အုကြဝပ်ကြလုပ်တာ သူတို့အတွက် အန္တရာယ် မရှိမှန်း သိလို့ပေါ့။ အခုဆို မွေးမြူရေးမလုပ်ပဲနဲ့ ကြက်ကောင်ရေငါးဆယ်ကျော်လောက် အိမ်ဘေးနားမှာတင် သူ့သားအုပ်နဲ့သူ ရှာစားနေကြတာ။ ဘဲတစ်မြုံတောင်ပါသေး။ ဆိတ်တွေလည်း ဒီလိုပဲ။ ၁၅ ကောင်လောက် ရှိတယ်။ ကြောင်က ၇ ကောင်၊ ခွေး ၃ ကောင်။ တစ်ကောင်မှ အသေအကြေ ကိုက်ခဲသတ်ဖြတ်နေတာ မရှိဘူး။ လူတွေမှာသာ စစ်ဖြစ်နေကြတာ။

အိမ်ကကောင်ကတော့ ခွေးသာဆိုတယ်။ တော်တော်လူလည်ကျသား။ တစ်ရက်နှစ်ရက်နဲ့ ဘယ်သူက သူ့အပေါ် ဘယ်လိုစိတ်ရှိသလဲ အကုန်သိတယ်။ ခြံစည်းရိုး သေးပန်းပြီး မြေကိုမမှတ်ဘူး။ လူတွေနဲ့ ဖက်လှဲတကင်းနေပြီး မျက်နှာရိပ် မျက်နှာကဲကိုမှတ်တာ။ သူ့ကို ဆူလိုက်ရင် မျက်နှာငယ်လေး လုပ်ပြတယ်။ တုတ်တစ်ချောင်းနဲ့ ငေါက်လိုက်ရင် စိတ်ကောက်သွားရော။ အစာကျွေးလည်းမစား၊ လူကိုလည်း မကြည့်တော့ပဲ မျက်နှာလွှဲပြီး အိပ်နေတာ လိုက်ချော့ရင်တောင် ပြန်မခေါ်ဘူး။ မနက်အထိကောက်တာ။ ဘုရားရှိခိုးရင် အသံမပေးပဲ အိပ်နေတယ်။ မနက်တိုင်း အိပ်ယာလာနှိုးတယ်။ သူ့အိမ်လေးထဲမှာပိတ်ထားရင် လူအလာကိုစောင့်ပြီး တအီအီအော်ဖွင့်ခိုင်းတယ်။ လူမမြင်ရင် ပြန်အိပ်နေရော။ အူတာဟောင်တာလည်း မရှိဘူး။ လူတွေနဲ့ပဲ စကားလိုက်ပြောတယ်။ အနားလာပြီး အိအိအအ လုပ်နေရင် သူ တခုခုပြောချင်နေတာ။ သူက လူစကားမတတ်ခင် ကိုယ်က ခွေးစကား နားလည်ဖို့ နီးစပ်နေပြီ။ သူပြောတဲ့ခွေးစကားဆိုတာ “သားသမီးတွေကို ရိုးရိုးသားသား စီးပွါးရှာဖို့ ဆုံးမထားပါတယ်။” ဆိုတဲ့ ဗြောင်လိမ်ဗြောင်စား လူ့စကားထက်တော့ ကျက်သရေရှိတာ အမှန်ပါပဲ။ မုသားကင်းတယ်လေ။

ခုရက်ပိုင်းအတွင်း ဆေးရုံနဲ့ပါတ်သက်တဲ့ အခြေအနေကို update လုပ်ရမယ် ဆိုရင်တော့ ဆေး နဲ့ ဆေးပစ္စည်းတွေ ရနိုင်သမျှနည်းနဲ့ ဖြည့်ဆည်းနေတယ်။ ဒီတစ်ခါ စစ်ပွဲဖြစ်လာရင် ရှေ့တန်းမှာ ခွဲခန်းအသစ်တစ်ခု ထပ်ဖွင့်နိုင်အောင် ကြိုးစားနေတယ်။ ပြောမယ့်သာ ပြောတာပါ။ “သွားတော့မယ်။” “ရောက်ပြီ။” ဆို သေနတ်တောင် မဖောက်လိုက်ရပဲ ထွက်ပြေးသွားရင် ဘာမှတောင် လုပ်စရာ မလို။ တာမခံစစ်တပ်ကုန်းမှာ ဘာတွေဖြစ်သွားသလဲ သူတို့အသိဆုံး။ ကချင်ပြည်နယ်က အောင်ပွဲတွေကလည်း အရှိန်အဟုန် လျော့မသွားသေးပါဘူး။ ရခိုင်မှာလို တိုင်းစစ်ဌာနချုပ်တစ်ခုလုံး ဆုတ်ခွါထွက်ပြေးလုနီး အခြေအနေ မရောက်နိုင်သေးပေမယ့် ဗန်းမော်ကနေ ဝိုင်းမော်အထိ တကြောလုံး ရှင်းပြီးသွားပြီ။

ဟိုဘက်မှာတော့ တနိုင်ငံလုံး နာလံမထူနိုင်အောင် ခွက်ခွက်လန် ရှုံးနေပေမယ့် မုဆိုးမတွေ လမ်းစုလျှောက်ခိုင်းပြီး ဘုန်းကြီးအတုတွေ သပြေပန်းဆက်ခိုင်းတဲ့ နေဝင်မိုးချုပ် စစ်ဗိုလ်ချုပ်တွေကို တစိမ့်စိမ့် အရသာခံရှုစားလိုက်ဦးမယ်။ စိတ်လည်းမစောဘူး။ စိတ်လည်းမလောဘူး။ ပွက်ပြီးသားထမင်းအိုးကို မီးအေးအေးလေးနဲ့ နပ်အောင်တည်သလို အေးအေးဆေးဆေး ထိုင်ကြည့်နေမယ်။ ဘယ်ကြက်မှ လွတ်မထွက်သွားပါဘူး။ ၆၂ က အဖိုးကြီးရဲ့ သမီးတွေ မြေးတွေတောင် ဒီခြင်းထဲမယ် တဝဲလည်လည် မခွါနိုင်သေးဘူး။ ကိုယ်တိုင်ချက်မစားလည်း ကြက်ကုလားလက် အပ်လိုက်ရုံရယ်။ ဘယ်အကောင်တွေ ဘယ်လို ဖုတ်၊ သုပ်၊ ပြုတ်၊ ကျော် လုပ်စားခံရသလဲ ထိုင်ကြည့်ပြီး ထိမိဂွိ ဆို အရသာရှိတဲ့ စာတွေရေးဖို့ ဒူးကလေးနှန့်ပြီး စောင့်နေပါတယ်။ နေ့ရက်တိုင်းမှာ စိတ်အားတက်ကြွ ဝမ်းမြောက်စရာ သတင်းကောင်းတွေနဲ့ တစ်ရက်ပြီးတစ်ရက် ကျော်ဖြတ်ကြတာပေါ့နော့။