ချန်ဂင်တို့စခန်း (၁၅)

“တစ်ခေါက်လောက် ကြွခဲ့စမ်းပါ။ ကျုပ်နှမများကို ဖိတ်ကြားချင်ပါတယ် ခင်ဗျာ။ တိမ်ဝါရောင် တိမ်တောင်တွေ စိမ်းစိမ်းစို အကိုတို့ရွာ”

သူခေါ်တယ် လာပါ လာပါ ဆိုနေရင်းကနေ မပြောမဆိုနဲ့ သူများထက်ဦးအောင် ရောက်ချလာတဲ့ ဧည့်သည်ကတော့ ဥမ္မာခင် ပါပဲ။ ဒီလောက်လူသူမနီး တောကြီးမြိုင်လယ်မှာ တသီးတခြား သွားနေတာတောင်မှပဲ ဥမ္မာခင်တို့များ မရောက်ရောက်အောင် လိုက်လာနိုင်တယ်နော်။ လူပုန်းတောမှာ မနေသာဆိုသလိုပ။

အရင်ကတည်းကလည်း ရွာမှာ နှာစေးချောင်းဆိုး အအေးမိတုတ်ကွေးတွေ လာလာပြနေလို့ အကိုက်အခဲပျောက်ဆေး ချောင်းဆိုးပျောက်ဆေးတွေ အဆက်မပြတ်မှာနေရပါတယ်။ သို့သော် ရာသီတုတ်ကွေး နဲ့ ကိုဗစ်တုတ်ကွေးက လက္ခဏာဆင်သော်ငြား အမြင်မှာ ကွဲပြားတယ်ဗျ။ လူနာကြည့်နေကျ ကိုယ်ကပဲ COVID detector ပါနေပြီလား မပြောတတ်။ ကိုဗစ်လူနာဆို မြင်လိုက်တာနဲ့ “ဟင် အဲ့ဒါ ကိုဗစ်ကြီးလား မသိဘူး။” ဆိုတဲ့ ခံစားချက်ကြီးက တန်းရတာ။ ဖျားတာချင်း ချောင်းဆိုးတာချင်းတူပေမယ့် မတူတာတွေ ရှိတာကိုး။

သမားအိုတွေမှာ အဲ့သလိုမျိုး စိတ်ကထင့်ကနဲ ခံစားလို့ရတဲ့ 6th sense ဆိုတာ ရှိတယ် ထင်ပါရဲ့။ စိတ်နဲ့သိတဲ့ ခံစားမှု။ လူနာမြင်တာနဲ့ စိတ်ထဲက မသင်္ကာလို့ “တက်မလာနဲ့ဦး။ ခဏစောင့်။” ဆို PPE ဝတ်ပြီး နှာခေါင်းတို့ပတ်ယူလိုက်ရင် တစ်ယောက်ဆိုဆိုသလောက် တန်းတွေ့တော့တာ။ အုပ်ချုပ်ရေးအဖွဲ့တွေကို အကြောင်းကြား။ လူနာလာတဲ့ တောင်ပေါ်ရွာက ဘုန်းကြီးကျောင်းကို လိုက်သွားရင်လည်း နှာခေါင်းမနှိုက်ခင်ကို ဘယ်သူတွေ့မှာ ဘယ်သူမတွေ့ဘူး ဗေဒင်ဟောရင် လွဲတယ်လို့ မရှိ။ မဟာဘုတ်တိုင် ထူစရာ မလိုဘူး။ “မြို့ကပြန်လာတာလား။” “အင်း” ဆို တဝက်မှန်နေပြီ။ “နုံးသလား ကိုက်သလား လည်ချောင်းနာလား။” “အင်း” က နောက်တစ်အင်း။ ဒီအင်းချပ်နှစ်ချပ် လက်ထဲရနေရင် RDT စမအင်းတော်ကြီးကို ဥုံခံပြီး နှာခေါင်းတို့ပတ် ၂ ချက်အုပ်လိုက်။ ပယောဂမှန်လို့ကတော့ အကြောင်းလေးနှစ်ကြောင်းပေါ်ပြီး တုန်ဆင်းလာလိမ့်မယ်။

“ဘယ့်နှယ်ရှိစ ဥမ္မာခင်။ ညည်းအခုတော့ ပုန်းနိုင်သေးရဲ့လား။” လို့ သမားဂုဏ်ပြမယ် မကြံနဲ့နော်။ ယူတို့ ဘယ်တုန်းက သူ့ကို အမြစ်ဖြတ်နိုင်ခဲ့ဖူးလို့လဲ။ ကာကွယ်ဆေး ထိုးပြီးသားကြီးတွေတောင် သူ့လက်ကမလွတ်ဘူး။ PPE စည်းပေါက်သွားရင် ဆရာပါ သူ့လက်စာမိသွားမှာ။ နဂိုကတည်းက မအားပါဘူးဆိုမှ အလည်လာတဲ့ မယ်မင်းကြီးမအတွက် အလုပ်တွေကို ရှုပ်သွားလိုက်တာ။ lock down က ဘယ်ထိလုပ်မလဲ။ non-ill က ဘယ်မှာ Q မလဲ။ ill ဖြစ်တဲ့သူ ဘယ်မှာတင်မလဲ။ အောက်ဆီဂျင်မလောက်ရင် ဘယ်ကယူမလဲ။ အကုန်စီစဉ်ရတော့တာ။ ညနေ ရွာထဲက တစ်ယောက်ထပ် P တော့ သေချာနေပါပြီ။

ကိုယ့်ဆီကူးမှာထက် ကိုယ့်လူနာ ယဲ့ယဲ့ကလေးတွေ ကူးရင် မခံနိုင်လောက်ဘူး။ ဆေးရုံမှာ long stay နေတဲ့ ကမ္မဌာန်းခြောက်ကလေးတွေက ၃ ယောက်တောင် ရှိတာ။ အောက်ဆီဂျင် ၈၀ ထက် တင်မရတဲ့ အဆုတ်တစ်ခြမ်းပျက်လူနာက တစ်ယောက်။ အဲ့ဒါ အိမ်ပြန်ဆင်းခိုင်းလို့မရ ဆရာ့ရင်ခွင်မှာ ခေါင်းချမလို့ဆိုတဲ့သူတွေ။ နောက် ၂ ရက်လောက်အကြာမှာ မရှူနိုင်မကယ်နိုင်ရောက်လာတဲ့ လူနာတစ်ယောက် ပိုးထပ်တွေ့လို့ နောက်တစ်ရွာကိုလိုက် တို့ပတ်ယူလိုက်တာ တစ်ရွာလုံး lock down ချလိုက်ရပါတော့တယ်။ ကလေးတွေဆို နှာခေါင်းအထဲထိ တို့ပတ်ယူစရာတောင် မလိုဘူး။ နှာသီးဖျားပြူတစ်ပြူတစ်ဆီက နှပ်ချေးတို့ပတ်လည်း ပိုးတွေ့ရင် positive ပြပါတယ်လို့ WHO ဆီ အစီရင်ခံရဦးမလိုပဲ။

အဲ့သလိုနဲ့ပဲ ရက်တွေလတွေ ဘယ်လိုကုန်သွားမှန်း မသိပါဘူး။ ပယောကလည်းဝါလိုက်ရင်း တို့နောက်ကိုတဲ့လိုက်ပြန်ရင်း တို့ကကြိုက်ပြန်ရင်း သူ့အမေကရိုက်ပြန်ရင်း၊ ရင်းပေါင်းကို မနည်းတော့ဘူး။ ရတနာ ၃ ပါး ဂုဏ်ကျေးဇူးကြောင့်ရော၊ ဘုရားသခင်စောင့်ရှောက်တဲ့ ကောင်းချီးမင်္ဂလာ ကျေးဇူးတော်ကြောင့်ရော၊ မီးကွင်းစစ်ကွင်းစခန်းလေးဖြစ်နေတာ အမှန်တကယ်ကို တောင်းဆုတွေ ပြည့်ဝခဲ့လို့ ဖြစ်မှာပါ။

အဲ့သလိုဆိုပြန်တော့ မီးမကွင်း စစ်မကွင်းနဲ့ ရွာလုံးကျွတ်မီးလောင်တိုက်အသွင်းခံရ၊ ရက်ရက်စက်စက် အသတ်ခံရတဲ့သူတွေက ဘယ်ဘုရားသခင်မှ စောင့်ရှောက်မခံရလို့လား လို့ ပြောစရာဆိုစရာ ဖြစ်ပါတယ်။ ကိုယ်ကမှ ကုသိုလ်ထူးတာ။ သူများတကာ အကုသိုလ်တုံးတွေ လို့ မယူဆပါဘူး။ မိုးပြိုတဲ့အများထဲမှာ ကိုယ်လည်းပါလို့ တောထဲရောက်နေတာပေါ့ မဟုတ်ဘူးလား။

ကိုယ်နေတဲ့နေရာပတ်ပတ်လည်မှာလည်း စစ်ပွဲတွေ ရှိပါတယ်။ ကိုယ်လာခဲ့တဲ့ရွာမှာလည်း မီးတွေလောင်တာ ဆေးရုံပေါ် ဝှီးချဲနဲ့ ကိုယ့်ဘာသာလမ်းမလျှောက်နိုင်တဲ့လူနာကတောင် ရှိခိုးဦးတင်နဲ့ သူ့ကိုရွာလိုက်ပို့ပေးပါ ငိုယိုပူဆာနေရတဲ့အထိပါပဲ။ ခါးအောက်ပိုင်းတပိုင်းလုံး ထင်းဆိုက်ထားသလို မီးလောင်ဒဏ်ရာနဲ့ ကလေးမလေးကိုလည်း ၂ ရက်တစ်ခါလောက် ခွဲခန်းထဲ ဆေးထည့်ပေးနေရတာပါ။ ကပ် ၃ ပါးတို့ အပြင်းအထန် နှိပ်စက်နေသော ၂၀၂၀ နောက်ပိုင်း ကာလဆိုးကြီးထဲမှာ ကိုယ်ကမှ အောင်မြေသာစံ သောင်ယံသဲက ပုလဲလိုလို ခင်းသာတယ်ကို လုပ်နေစရာ အကြောင်းမရှိပါဘူး။ သုမနကျောမလည်း အများနည်းတူ ဒဏ်ရာတွေနဲ့ အပ်ချစရာ မကျန်ပါဘူး။

နာစရာတွေ ဘယ်လောက်ပဲ နာကျည်းလွန်းပေမယ့် နာတဲ့ဆီ အာရုံထားဖို့ အချိန်မရပဲ ကိုယ့်ထက်နာတဲ့သူတွေကို ဖေးမအားပေးနေရပါတယ်။ နာတဲ့သူအချင်းချင်းဆိုပေမယ့် ကိုယ့်မှာ ကယ်ရမယ့်သူဆိုတဲ့ အလုပ်တာဝန်က ရှိသေးတော့ အာရုံကို ကိုယ့်ဒဏ်ရာဆီမှာ မထားနိုင်ပါဘူး။ သူများအမြင်မှာ အပြုံးမပျက် နေနိုင်တာ မနာလို့ မဟုတ်ပါဘူး။ ထုံနေလို့ပါ။ မထုံလို့မှ မရတာ။ ကိုယ်ကမှ ကိုယ့်အနာကိုယ် တစိမ့်စိမ့် ခံစားမဆုံးဖြစ်နေရင် ကိုယ့်ထက်ပိုဆိုးတဲ့သူတွေကို ဘယ်သူအားပေးစောင့်ရှောက်မှာတုန်း။ အများအတွက်စွန့်ဝံ့တယ်ဆိုတဲ့သူဟာ ဘယ်တော့မှ ကိုယ့်အတွက်ကိုယ် ငဲ့ညှာနေစရာမလိုဘူးဆိုတာ အဲ့ဒီသဘောပါပဲ။

ဆယ်တန်းနှစ်မှာ အဖေဆုံးတော့ အသက် ၃၆ နှစ်မှာ ကလေး ၆ ယောက်နဲ့ မုဆိုးမဖြစ်သွားတဲ့ ကိုယ်တို့အမေဟာ စားဝတ်နေရေး၊ အိမ်ထောင်ထိန်းသိမ်းရေးနဲ့ သားသမီးတွေပညာရေး ဘာတစ်ခုမှ မလစ်ဟင်းအောင် သူတစ်ယောက်တည်း စီမံနိုင်ပါတယ်။ သားသမီးတွေအားလုံး ထမင်းလည်း ကိုယ်တိုင်ခူးစားစရာမလို၊ အဝတ်လည်း ကိုယ်တိုင်လျှော်ဝတ်စရာမလို၊ အိမ်အကူလည်းတစ်ယောက်မှ ခေါ်ထားစရာ မလိုပါဘူး။ ရှိသမျှအလုပ်တွေ အကုန်လုံး သူတစ်ယောက်တည်း ဒိုင်ခံသိမ်းကြုံးလုပ်နိုင်တာ ဘယ်လိုခွန်အားမျိုးတွေနဲ့ပါလိမ့် လို့ အံ့ဩမိခဲ့တယ်။ ရှင်းရှင်းလေးပါပဲ။ သားသမီးအပေါ်ထားတဲ့ မေတ္တာစိတ်အပေါ်မှာ သူမလုပ်ရင် ဘယ်သူလုပ်မှာလဲဆိုတဲ့တွန်းအားနဲ့ မမောနိုင်မပန်းနိုင် မာရသွန် ပြေးသွားတာပါ။ ဒီနေ့တော့ အဲ့ဒီလိုတွန်းအားနဲ့ ခံနိုင်ရည်တွေကို ကိုယ်ကိုယ်တိုင် နားလည်သွားပြီ။ ကိုယ့်အတွက်ကိုယ် နာကျင်နေဖို့ အချိန်မရှိဘူးဆိုတာလည်း လက်တွေ့သိခဲ့ပြီ။

ခေတ်ဆိုး ဘေးဆိုး ကာလဆိုးကြီးကို ကျော်ဖြတ်နေသခိုက် အများနည်းတူ ဒုက္ခတွေပင်လယ်ဝေနေရတဲ့ အဖြစ်မျိုးကြုံရင် ကိုယ့်သောကကိုယ် အာရုံမထားပဲ ကိုယ့်ထက်ပိုဆိုးတဲ့သူ ခိုကိုးရာမဲ့တဲ့သူတွေကို ကူညီကယ်တင်ပေးလိုက်ရင် ကိုယ်ခံစားနေရတဲ့ ဒုက္ခဝေဒနာတွေကိုလည်း မေ့သွားတယ်။ အချင်းချင်း ရိုင်းပင်းကူညီရာလည်း ရောက်တယ်။ စိတ်ဓါတ်ခွန်အားတွေလည်း မယုံကြည်နိုင်လောက်အောင် တက်ကြွလာတယ်။ တစ်ဇွန်းကူသောက်ပေးတဲ့သူနဲ့ တစ်ဇွန်းမျှတိုက်လိုက်တဲ့သူ ဘယ်သူကပိုပြီး အဆာခံနိုင်မယ် ထင်သလဲ။ CDM လုပ်မိပြီးတဲ့နောက် ဘယ်သူမှ ကူညီကယ်တင်မယ့်သူမရှိလို့ စိတ်ဓါတ်တွေကျနေရမယ့်အစား CDM အချင်းချင်း ဖေးမကူညီရင်း စိတ်အားတွေ တက်ကြွနေလို့ရပါတယ်။ ပေးထားချက်ချင်းအတူတူမှာ ကိုယ့်အယူအဆနဲ့ကိုယ် အဖြေတွေ မတူတော့ဘူးပေါ့။ ကိုယ့်မှာ ဆိုရှယ်မီဒီယာပေါ်က နယူးနော်မယ်နဲ့ ပျော်ပါးအသားကျနေသူတွေကို စကားနာထိုးဖို့ အချိန်မရပါဘူး။ ပျော်ကြပါစေ။ (မရပေလို့သာပဲ။ အဟင်း။)

တော်လှန်ရေးကာလအတွင်းမှာ စိတ်ဓါတ်အင်အားကလေး ခိုင်မာနေဖို့က အဓိက မဟုတ်လား။ စိတ်ဓါတ်ကျဖို့ အချိန်မပေးပါနဲ့။ ကိုယ်ယုံကြည်ရာကို ဇောစိတ်တစ်ခုခုနဲ့ လုပ်ကိုင်နေရပါမယ်။ ချောင်းသာမှာ ပင်လယ်ဘက်ကို ရေစီးကြောင်းနဲ့ မျောပါသွားတုန်းက အသက်ဘေးနဲ့ပါတ်သက်ပြီး သင်ခန်းစာတစ်ခု ရခဲ့ဖူးတယ်။ ဘယ်လောက်ပဲ အားစိုက်ကူးကူး မျက်စိအောက်မှာ ကမ်းစပ်နဲ့ ဝေးဝေးသွားတာ မြင်နေရပြီး ခြေထောက်နဲ့ ထောက်လို့ မမီတော့တာ ကြာလာပြီ။ ဒီအတိုင်းပါသွားရင် ရေနစ်သေတတ်မှန်းလည်း သိပါတယ်။ ရေထဲကိုမြုတ်မသွားအောင် မြုတ်သွားရင်လည်း ပြန်ပေါ်လာတဲ့အခါ အသက်ရှူနိုင်အောင်ကလွဲပြီး ကိုယ်လုပ်နိုင်တာ ဘာမှ မရှိပါဘူး။

ရပ်လိုက်ရင် မြုတ်သွားမှာ မြုတ်သွားရင် သေမှာ ဆိုတဲ့ အသိတစ်ခုတည်းနဲ့ ရေမျက်နှာပြင်ပေါ်က ပျောက်မသွားအောင် မရပ်မနား ကြိုးစားနေခဲ့တာ အချိန်ဘယ်လောက်ကြာသွားမှန်းတောင် မသိ။ လာကယ်တဲ့သူက ဘောကွင်းပေါ်တင်ခေါ်သွားပြီး ကမ်းစပ်ကိုရောက်တဲ့အခါ လူတကိုယ်လုံး ပြာနှမ်းအေးစက်ပြီး အသက်ရှူလို့တောင် မရ။ ရှူရတာ လေမဝင်ဘူး။ လေချွန်သံတွေပဲ မြည်တယ်။ ခြေရောလက်ရော လှုပ်မရတော့ပဲ အန်လည်းအန် ဝမ်းတွေလည်း ထသွားတယ်။ လက်လျှော့လိုက်တော့မယ်ဆိုတဲ့ အတွေးတစ်ခုသာ ဝင်မိရင် အဲ့ဒီအချိန်ကစလို့ သက်တမ်းကုန်ခဲ့ရမှာ သေချာပါတယ်။ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းတဲ့ အချိန်အခါမှာဖြစ်ဖြစ် ကိုယ့်ဘက်က မတတ်နိုင်တော့ဘူး။ စိတ်လျှော့လိုက်တော့မယ် ဆိုတဲ့အတွေးဟာ စုတေစိတ်ရဲ့ အစဖြစ်လိမ့်မယ် ထင်ပါတယ်။ သေမင်းကို သေခါမှ ရှုံးချင်ရှုံးပါစေ။ အရှုံးပေးလိုက်လို့ သေရတာတော့ မဖြစ်စေချင်ပါဘူး။

အခုလက်ရှိ ကလေးတွေ တိုက်နေရတဲ့တော်လှန်ရေးဟာ ကိုယ်တို့ ၈၈ မျိုးဆက်တွေတုန်းက မအောင်မြင်ခဲ့တဲ့ တော်လှန်ရေးပါ။ ခုချိန်မှာ Gen L ထဲရောက်သွားပေမယ့် ၈၈ တုန်းကတော့ ကိုယ်တို့လည်း Gen Z ပါပဲ။ မျိုးဆက်ချင်းမတူတော့ပေမယ့် ရင်ဆိုင်နေရတဲ့ ကောက်ကျစ်ယုတ်မာသော စစ်အစိုးရချင်းကတော့ အတူတူပါပဲ။ ခေတ်ချင်းက တခြားစီဆိုတော့ အားနည်းချက် အားသာချက်တွေ ကွဲပြားပေမယ့် ဒီကောင်တွေကို အမြစ်မဖြတ်နိုင်ရင် အနာဂတ်ဆိုတာ မရှိဘူး။ လက်လျှော့လိုက်လို့ မဖြစ်ဘူးဆိုတဲ့ အသိစိတ်တစ်ခုတည်းနဲ့ မဆုတ်မနစ် ရုန်းကန်နေရတဲ့ အခြေအနေဟာ ပင်လယ်ထဲမှာ ယက်ကန်ယက်ကန်နဲ့ မျောပါနေရတဲ့ အခိုက်အတံ့နဲ့ အတူတူပါပဲ။ “ရပ်လိုက်လို့မဖြစ်ဘူး။ ရပ်လိုက်တဲ့ အချိန်ဟာ game over ။ ကိုယ့်မှာ နောက်ထပ် အသက်အပိုမရှိဘူး။” ဆိုတဲ့အသိတစ်ခုနဲ့ ရှင်သန်ရပ်တည်ရေးကို ရုန်းကန်နေတာပါ။ အဲ့ဒီ “Do or Die” ဆိုတဲ့စိတ်ရယ်၊ “ငါမလုပ်ရင် ဒီအလုပ်တွေ ဘယ်သူမှ လုပ်ပေးမယ့်သူ မရှိဘူး။ ငါတို့မှာ ငါတို့ပဲ ရှိတယ်။” ဆိုတဲ့ စိတ်ရယ်။ ဒီစိတ်နှစ်စိတ်တည်းနဲ့ စူပါပါဝါတွေ ရရှိနေသလို ကိုယ့်ရဲ့နေ့စဉ်ဘဝကို ရှင်သန်ရုန်းကန် နေထိုင်ပါတယ်။ အဲ့ဒါကြောင့်မို့ မောလည်းမမောပါဘူး။ ချောလည်းချောနေဆဲပါ။ နောက်ဆုံးထွက်သက်ထိတိုင်အောင် ဇွဲမလျှော့ပဲ သူတို့ကို ဆန့်ကျင်တော်လှန်သွားမယ့်သူပါ လို့ သိစေအပ်ပါတယ်။ အလည်လာတဲ့ ဥမ္မာခင်ကိုတော့ မုန်လာချဉ်နဲ့ အပြုတ်တိုက်ပစ်မယ်။ ထမင်းစားချိန်တောင် ရောက်ပြီလေ။ စားကြပါဦးလား။