ချန်ဂင်တို့စခန်း (၂၄၃)

ခုရက်ပိုင်း အတောအတွင်း level up ဖြစ်သွားတဲ့ ကိုယ်တို့ရဲ့ စူပါပါဝါကတော့ ညဉ့်နက်သန်းခေါင် အိပ်ပျော်နေဆဲမှာတောင် ကောင်းကင်က လေယာဉ်သံကို ကြားနိုင်ပြီး ဖြတ်ကနဲနိုး၊ ဝုန်းကနဲထထိုင်၊ အိမ်နောက်က ခံတုတ် ကျင်းထဲကို ဒိုင်ဗင်ပစ်သလို လှစ်ကနဲရောက်သွားတာပါပဲ။ တနေကုန်လည်း ခွဲခန်းထဲက မထွက်ရ၊ ညကျပြန်တော့လည်း အိပ်ကောင်းခြင်း မအိပ်ရ။ တခြားသွားပြီး ရှောင်အိပ်လို့လည်း မရပြန်ဘူးဗျ။ လူနာက ညဘက်မှာလည်း ရောက်လာတတ်ပြီး ညကြီးမင်းကြီး အရေးပေါ်ခွဲခန်းဝင်ချင် ဝင်ရသေးတာ။ လူမပြောနဲ့။ ခွဲခန်းထဲကပစ္စည်းတွေတောင် အနားမရရှာဘူး။ case ပြီးတာနဲ့ တိုက်ချွတ်ဆေးကြောပြီး ပြန်ပေါင်းထားရတာ။ နောက်တစ်ခေါက်ပြန်သုံးရမယ့်လူနာက ရှိနေသေးတယ်လေ။

တာမခံ- ဖားကန့်တကြောမှာ ရှိတဲ့ ဆေးခန်းတွေက စစ်ရေးအခြေအနေအရ ပိတ်ကုန်တော့ အဲ့ဒီဘက်က မွေးလူနာတွေ အောက်ကမထွက်နိုင်တဲ့အခါ ကိုယ်တို့ဆေးရုံပဲ ပြေးလာစရာ ရှိတယ်လေ။ မအေက မညှစ်နိုင်၊ ကလေးက မတိုးနိုင်၊ အောက်ပိုင်းကြီးတစ်ခုလုံးလည်း ရစရာမရှိအောင် ကိုင်တွယ်ထားလိုက်တာ ဖူးဖူးကိုယောင်လို့။ ဆီးပေါက်တောင် မနည်းရှာထည့်ရတယ်။ ကလေးခေါင်းက အဝမှာတစ်လစ်ကြီး။ FHS က ကျနေပြီ။ ဒီတစ်ခါတော့ ဘယ်သူ့ကိုမှ ပေးမလုပ်နိုင်တော့ဘူး။ spinal မြန်မြန်ထိုး၊ ဒါးနဲ့ ကြက်ဖျက်သလိုခွဲပြီး ကလေးကို အရင်ထုတ်ရတယ်။ ကလေးက ပျော့ဖတ်ပြာနှမ်းလို့ ဆယ်မိနစ်လောက်နှာနှပ်ယူမှ ငိုနိုင်တယ်။ ည ၁၂ နာရီ လေယာဉ်လာနေကျအချိန်ကြီးမို့ ဘာလုပ်လုပ် အပြေးအလွှား လုပ်ကြတာ လက်မတင်လေးပါပဲ။ အိမ်ပြန်အရောက် အိပ်ယာထဲခေါင်းချတာနဲ့ လေယာဉ်လာလို့ ကျင်းထဲဆင်းရတာ။

အချိန်အားရတာနဲ့ ဆေးရုံမှာ ဆေးတွေပစ္စည်းတွေ ပြန်ဖြည့်ဖို့ အရပ်တကာလှည့် အကူအညီတောင်းရတာလည်း ငယ်သံကို ပါနေရော။ ဘယ်သူ့ဆီကရရ၊ ရတဲ့ဆီက ယူမှာပဲ။ ပိုက်ဆံမလိုချင်ဘူး။ ဆေးပဲ လိုချင်တာ။ ဒီနေ့က ၄ ရက်မြောက် ရှိသွားပြီ။ ကိုယ့်လူတွေကလည်း မရမချင်းတိုက်မှာ။ ကိုယ်ကလည်း ဒဏ်ရာရသမျှ မရအရ ဆေးကုမှာ။ လုပ်လို့ရသမျှအလုပ်တွေ အကုန်လုပ်နေတယ်။ ၉ နဝင်းတောင် ပြန်စိတ်နေတယ်။ ကံရော ဉာဏ်ရော၊ ဝီရိယရော မီးကုန်ယမ်းကုန်ပဲ။ အိပ်တဲ့အချိန်ကလေးတောင် ကြက်အိပ်ကြက်နိုး။ ကိုယ့်ဘာသာခွဲလို့မနိုင်ရင် အော်သိုဆာဂျင် ရှိတဲ့ဆီကိုလည်း လူနာတွေ သွားလိုက်ပြန်လိုက် အရောက်ပို့တာ။ ကိုယ်တို့ဆေးရုံက လူနာရောက်လာမှ ဆရာဝန်ဘယ်မလဲ လိုက်ရှာရတာ မဟုတ်ဘူး။ လူနာက လမ်းမှာပဲ ရှိသေးတာ။ ခွဲခန်းက အဆင်သင့်ဖြစ်နေပြီ။ Proactive ကို ဖြစ်နေတာ။

ဒါပေမယ့်လည်း ကိုယ်တို့ဆီသယ်လာနေတဲ့ dead body တစ်ခု သတင်းကြားရတာ တစ်ဆေးရုံလုံး ရင်ဆို့သွားတယ်။ ကိုယ် ကုထားပေးဖူးတဲ့ လူနာလေး။ ကိုယ်တို့အိမ်ရှေ့မှာ လိုင်းလာလာသုံးတတ်တဲ့ကောင်လေး။ ဆေးရုံကလူတွေအားလုံးနဲ့ခင်ပြီး အမြဲ ဝင်ထွက်သွားလာနေတဲ့ PDF ကလေး။ ရှေ့တန်းမသွားခင်ကလေးတင် ယူနီ​ဖောင်းလေးနဲ့ ဓါတ်ပုံရိုက်သွားတဲ့ကလေး။ “မဟုတ်ပါစေနဲ့။” လို့ ဆုတောင်းပြီး တစ်ဆေးရုံလုံး လိုက်သွားကြပေမယ့် မပြည့်ပါဘူး။ နေရာမှာတင် ဆုံးခဲ့ပုံရပါတယ်။ တကယ်ဆို ခွဲခန်းထဲခေါ်၊ မေ့ဆေးပေးပြီးမှ ခွဲရစိတ်ရရင် ဘယ်လောက်ကောင်းမလဲ။ အခုတော့ မြေကြီးပေါ်မှာ အလောင်းကို ချုပ်ပေးခဲ့ရတယ်။ ဘုန်းကြီးသွားပင့်ပြီး ကိုယ်တိုင်ပဲ မသာရှင်လုပ်လို့ သပိတ်သွပ်အမျှဝေမယ် စီစဉ်ရပါတယ်။ နက်ဖြန်မှပေါ့။ ခုကတော့ ခွဲခန်းပြန်ဝင်ရဦးမယ်။ လာမှာတွေကလည်း ရှိသေးတယ်။ လေယာဉ်တွေကလည်း လာနေဆဲပေါ့။ အရမ်းကြီးတော့ မခံစားရပါဘူး။ ထုံနေပြီ။ မေ့မနေတာပဲ ရှိတယ်။

ကလေးရဲ့ နာရေးကိစ္စကိုပဲ ရိသဲ့သဲ့လာမန့်ပြီး ဟားဟားပေးတဲ့ မလေးရှားက Jame Jame ဆိုတဲ့ အကောင့်တစ်ခုကို ဖျက်မပြေးခင် လိုင်းပေါ်တင်ပြီး မှတ်ထားလိုက်ပါတယ်။ အခုတော့ D သွားရှာပြီ။ ရှင်းရဲတဲ့သတ္တိရှိရင် လာရှင်းလှည့်ပေါ့။ ဓါတ်ပုံလေးတော့ save ထားလိုက်တယ် သက်လား။ နောက် လမ်းမှာတွေ့ရင် မမှတ်မိပဲနေမှာစိုးလို့။ ဒင်းတို့ကြည်ညိုလေးစားတဲ့ အဘရဲ့ မေတ္တာရိပ်အောက်မှာ သံသရာဆုံးတိုင် ထပ်ချပ်မကွာ လိုက်ပါနိုင်ပါစေ လို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ပါတယ်။

အခုညမှာ နောက်ထပ် လူနာလာစရာ ရှိလို့ မအိပ်ပဲ စောင့်နေသလို လေယာဉ်လာဦးမှာကို သိလို့ နိုးနိုးကြားကြားနေနေဆဲမှာပဲဲ gun shot wound with shock ဆို ဟိုဘက်ဆေးခန်းက သွေးတစ်လုံးသွင်းပြီး လွှတ်လိုက်တဲ့လူနာက ရောက်လာရော။ စောစောကပဲ လေယာဉ်တွေလာလို့ မီးစက်ပိတ်ပြီး ကျင်းထဲဆင်းရသေးတာ။ ခွဲခန်းထဲဝင်နေတုန်း လေယာဉ်လာရင် ဘယ်သူမှ လွတ်မှာ မဟုတ်။ အေးလေ။ ဒါဆိုလည်း အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးကြတာပေါ့ ဆို နာရီဝက် တစ်နာရီနဲ့ အပြီးအစီး မေ့ဆေးပေးကြ ခွဲကြရတယ်။ လေ့ကျင့်သင်ကြားရေးတွေ နားလိုက်တော့။ နောက်က ကျားလိုက်သလို ခွဲကြမယ်ဆို ဟက်တက်ကွဲနေတဲ့အသည်းကြီး လှန်လှောပိတ်ချုပ် ဆေးကြောပြီးတဲ့အချိန်မှာ “နောက်ထပ် လူနာတွေ လာဦးမယ်။ တစ်ယောက်က shock နဲ့။ သွေးပေါင်တိုင်းမရ။ သွေး ၂ လုံးသွင်းထား။” တဲ့။ အေး အေး။ ရထားဖြစ် ရထားဖြစ်။ ရောက်တာနဲ့ ခွဲခန်းထဲတောင် မသွင်းနိုင်။ ကုတင်ပေါ်မှာတင် ဓါတ်မီးနဲ့ထိုးပြီး Chest tube ထည့်ရတယ်။ မနက်လည်း လင်းကာနီးပြီ။ အိပ်မနေပါနဲ့တော့ကွာ။ နောက်ထပ်လာချင်လာပါ။ မထူးဆန်းတော့ပါ။

ဒီလိုနဲ့ပဲ နေ့တွေက ညဖြစ်သွား၊ ညတွေက နေ့ဖြစ်သွား။ ချန်ဂင်တို့အားလုံးမှာတော့ ကိုရီးယားဆယ်လီတွေ ဂိမ်းကစားကြသလိုပဲ ကိုယ့်အခက်အခဲနဲ့ ကိုယ်စီကျော်ဖြတ်နေကြပါတယ်။ ဘယ်သူမှ အအားမနေရဘူးလေ။ ထမင်းစားချိန်ရောက်လာခါမှ “ဟယ် ထမင်းတောင် မချက်ရသေးပါလား။” ဆို မီးထမွှေးရတာလည်း ရှိတယ်။ ဆေးရုံကို အသက်နဲ့ရောက်လာတဲ့လူနာမှန်သမျှ တစ်ယောက်မှ အသေအပျောက် မရှိရအောင် အလုပ်လုပ်ကြပါတယ်။ လွှဲရလွှတ်ရမယ့်လူနာဆိုလည်း အသေအချာ မိမိရရ ချိတ်ဆက်ပြီးမှ ပို့တယ်။ ရှေ့တန်းကို လူနာထွက်လက်ခံတာမို့ ကယ်နိုင်လိုက်တဲ့ အသက်တွေလည်း များပါတယ်။ သေလုမတတ်ပင်ပန်းခဲ့ပေမယ့် တန်ကိုတန်တယ်။ ရှေ့တန်းက ကလေးတွေကလည်း မရမချင်း အသေခံတက်တာ။ နောက်တန်းက ကိုယ်တို့တွေကလည်း မအိပ်မနေ မရပ်မနားကို ဆေးကုပေးနေတာ။

သူတို့ဘက်ကတော့ ထုံးစံအတိုင်းပေါ့။ တာမခံရွာကို မီးရှို့နေပြီ။ လေယာဉ်နဲ့ အခေါက်ပေါင်းများစွာ ဗုံးလာကျဲနေပြီ။ ခန့်မှန်းထားတဲ့အတိုင်း ရွာသားတွေကို သတ်ဖြတ်ညှင်းဆဲနေပြီ။ ဒါတွေက ဘယ်နေရာမှာမဆို ဘယ်အချိန်မှာမဆို စစ်ကောင်စီတပ်တွေရှိတဲ့နေရာဆို မလွဲမသွေ ဖြစ်နေကျ ရက်စက်ယုတ်မာမှုတွေပဲ။ ဒါကြောင့် တနိုင်ငံလုံးက ဆန့်ကျင် တော်လှန်နေကြတာ။ ဒီလို တော်လှန်ရင်းနဲ့ အသက်ပေးသွားတဲ့ကလေးတွေဟာ ဘယ်သူမှ ကိုယ့်အသက်ကိုယ် မနှမျောကြဘူး။ တူတူပါပဲ။ ကိုယ်တို့လည်း ဒီမှာအလုပ်လုပ်ရင်း သေသွားမလားရယ်လို့ ကိုယ့်အသက်ကိုယ် နှမျောမနေပါဘူး။ “လူဆိုတာအမြဲ ယုံကြည်ရာတစ်ခုအတွက် အသက်ကိုတောင် စတေးရတာပဲ။” လို့ ဘားတွေကလပ်တွေမှာ သီချင်းဆိုရတာလောက်တော့ ဘယ်လွယ်မလဲ။

စိတ်ကူးနဲ့ ရူးနေရုံသက်သက် မဟုတ်ဘူး။ ပါးစပ်ပြောနဲ့ ဟောနေရုံသက်သက်လည်း မဟုတ်ဘူး။ မြေပြင်မှာ အသက်နဲ့ရင်းပြီး လက်တွေ့တိုက်ပွဲဝင်နေတဲ့သူတွေမှာ အခက်အခဲဆိုတာတော့ ရှိကြတာချည့်ပဲ။ ဘယ်လိုအခက်အခဲမျိုးရှိရှိ၊ ရင်ဆိုင်ကျော်ဖြတ်လာခဲ့လို့ ခုအခြေအနေထိ ရောက်လာတာလေ။ သိပ်မကြာခင်မှာ တာမခံစစ်တပ်ကုန်းကို သိမ်းလိုက်နိုင်ပြီ ဆိုတဲ့ သတင်း တက်လာပါလိမ့်မယ်။ အဲ့ဒီအခါကျတော့ အနီးအနားရှိတဲ့ ရွာတွေအကုန်လုံး စိစိညက်ညက်ကျေအောင် လေယာဉ်နဲ့ ဗုံးလာကျဲကြပါဦးမယ်။ အခုလည်း ကျဲနေတာ တနေ့ ၃ – ၄ ခါမှ မကတာ။ တာမခံတိုက်ပွဲဟာ ဆယ်ဇင်းမှာဖြစ်ခဲ့တာထက် အများကြီး ပြင်းထန်ပါတယ်။ အသေအပျောက် အထိအခိုက်လည်း များတယ်။ ဒါပေမယ့် ဒီအဆင့်တွေကို ဖြတ်သန်းပြီးမှ ကိုယ်ရည်ရွယ်ရာ ပန်းတိုင်ရောက်မယ်ဆိုရင် တွန့်ဆုတ်တွန့်ဆုတ် လုပ်မနေတော့ပါဘူး။ ရပ်ဆိုင်းလို့မရတဲ့ နှောင့်နှေးလို့မရတဲ့ အကြောင်းတွေ ရှိနေတာကိုး။ ကိုယ့်ဘက်က ဒဏ်ရာအနာတရတွေကို တတ်နိုင်သ၍ ကြိုးစားပြီး အသက်ကယ်ရုံပဲ ရှိပါတယ်။ အခု လက်ကျန်လူနာတွေအားလုံး လုပ်စရာရှိတာ လုပ်ပေးပြီးပြီ။ နောက်ထပ်ရောက်လာမယ့်လူနာတွေ လက်ခံကုသဖို့ အသင့်ဖြစ်နေပါပြီ။ လာလည်း လာနေပြီ။ လမ်းမှာ လို့ သိရတယ်။ ဤဆေးရုံသည် ဘုရားသခင်၏ မေတ္တာရိပ် အောက်တွင် ရှိပါသောကြောင့် ကြွရောက်လာသူအားလုံး ချမ်းသာပါစေသတည်း။ အာမင်။