“ပွဲဦးစရန် ခုနစ်သံချီဆွယ်
ဪ သွားလိုက်ကြတာ လူတွေ မနည်းတယ်။
လာလေ။ စောစောသွားမှ တို့နေရာရမယ်။”
ဘယ်နေရာမှာ ဘာပွဲရှိသလဲရယ်လို့ အချိန်နှင့်အမျှ စောင့်မျှော်နားဆင်နေကြတဲ့ သောတရှင်အပေါင်းတို့ရေ။ ချန်ဂင်တို့ဆီမှာလည်း ပွဲတွေ က တော့မှာပါနော်။ ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှိုင်းတော့ ရွှေဆိုင်းက ဗေထိဆော်နေပါပြီ။ သို့ပေမယ့်လည်း ဒီမှာ ကမယ့်ပွဲက စစ်ပွဲမို့လို့ “ပြေးလိုက်ကြတာ လူတွေမနည်းတယ်။” လို့ပဲ ပြောရမှာပေါ့။ အစောပိုင်းကတည်းက စုဆောင်းရေးကြောင့် ကျီးလန့်စာစားဖြစ်နေရတဲ့ ရပ်တွေရွာတွေဟာ ပွဲစမယ့် အရိပ်အယောင်မြင်တာနဲ့ တိတ်ဆိတ်ခြောက်ကပ် သွားတာပါပဲ။ ကိုယ်တို့အဖွဲ့ကတော့ “လာလေ။ စောစောသွားမှ တို့နေရာရမယ်။” ဆိုတဲ့အထဲပါသဗျ။ ဘေးကင်းလုံခြုံတဲ့ တစ်နေရာကနေ လူနာတွေကို လက်ခံဖို့၊ အရေးပေါ် ကယ်ဆယ်ကုသပြီး ဆေးရုံကို လွှဲပို့ဖို့ လိုအပ်တာတွေ အကုန်ပြင်ဆင်နေရပါတယ်။ တောင်ကြီးက မိုဟာမက်ဆီ လာနေမှတော့ မိုဟာမက်ကလည်း တောင်ကြီးရှိရာ လာနေပါပြီဗျာ။
အရင်တုန်းကတော့ ကိုယ့်ဆီကို အဲ့သလို စစ်ရောက်လာပြီဆိုရင် သက်သာစ လူနာတွေ အိမ်ပေးပြန်၊ elective operation တွေကို ရက်ချိန်းပြန်ပေးပြီး ဝါဒ်ထဲက လူနာတွေကို ညဘက် ရွာထဲရွှေ့အိပ်ခိုင်းရပါတယ်။ အခုကတော့ ဆေးရုံပေါ် လူနာအပြည့်ဖြစ်နေလို့ မွေးလူနာတွေတောင် ရွာထဲကစောင့်ခိုင်းထားရတာ။ ပြန်ပေးဆင်းလို့ရတဲ့ လူနာကလည်း တစ်ယောက်မှ မရှိ။ Chronic illness တွေ ဆေးရုံမှာ လာပုံနေတာ။ ၂၄ နာရီ အောက်ဆီဂျင်ပြတ်လို့မရတဲ့ လူနာက ၃-၄ ယောက်ဖြစ်နေတော့ တော်တော်ကို စိတ်ဆင်းရဲရပါတယ်။ အရင်သွားဖြည့်နေတဲ့ အောက်ဆီဂျင်အိုးတွေ သယ်လာပေးမယ့်သူမရှိ၊ အခု ကုန်သွားတဲ့ အောက်ဆီဂျင်အိုးအလွတ်တွေလည်း သွားပို့ပေးမယ့်သူ မရှိ။ ၂၄ နာရီ မီးစက်နှိုးလို့ကလည်း မရ။ ကားသမားတွေကလည်း အစစ်အဆေး အဖမ်းအဆီးများလို့ ဘယ်သူမှ မသယ်ရဲဘူးတဲ့။ “ဒီလိုသာဆိုရင်ဖြင့် ဆေးရုံပေါ်တင်ထားတဲ့ လူနာတွေ သေရပါလိမ့်မယ်။” လို့ ပြောနေရင်းမှာပဲ အဖိုးကြီးတစ်ယောက်က တာ့တာပြသွားပါလေရော။ အသစ်ရောက်လာတဲ့ Body bag အိပ်တွေရယ်၊ အသစ်ဆောက်ထားတဲ့ ရင်ခွဲဆောင်လေးရယ် ဈေးဦးပေါက်သွားတာပေါ့လေ။ လူနာဆုံးသွားတာ စိတ်မကောင်းပေမယ့် အဖတ်မတင်ပဲ သောက်သောက်လဲကုန်သွားတဲ့ ဆေးရုံကပစ္စည်းတွေအတွက် ကိုယ့်မှာ ရင်ထဲကိုနင့်လို့။ အောက်ဆီဂျင်ချည့်ပဲ အလုံး ၂၀ လောက် ရှူသွားပါလား အဖိုးရဲ့။ နေ့တိုင်းထိုးလိုက်ရတဲ့ဆေးတွေလည်း နည်းတာ မဟုတ်ဘူး။ လူနာရှင်တွေကို အပူမပေးသော်ငြား ကိုယ့်ရင်ထဲတော့ မပူပဲ ဘယ်နေမလဲ။ လာကတည်းက BP 60/40 နဲ့ fits တွေရနေတဲ့ လူနာကို မရအရ အသက်ကယ်ထားရတာ။ နောက်နေ့ condition လေး stable ဖြစ်လာရင် ခွဲခန်းဝင်မလို့ပဲ။ ဒါပေမယ့် ကောင်းနိုးကောင်းနိုးနဲ့ ဆယ်ရက်လောက် အပြုစုခံသွားတယ်။ ဒါမျိုး နောက် ၃ ယောက်လောက် ရှိသေးတယ်လေ။ ဘယ့်နှယ်လုပ်မလဲ။ အသက်ကယ်ဆေးတွေအကုန်လုံး သုံးပစ်လိုက်ပြီး အရေးပေါ်လူနာတွေလာရင် မကျန်ပဲနေတော့မယ်။ ဒါတွေကို ကြိုမြင်ကြိုသိသော်လည်း သေခါနီးလူမမာတွေကို ဆေးရုံပေါ်ရောက်မှ ခေါင်းလေးယမ်းပြီး ပြန်လွှတ်ရမှာ လွယ်တဲ့အလုပ်တော့ မဟုတ်ဘူး။ အခု စစ်ပွဲလူနာတွေ ရောက်လာရင် ဆေးရုံတင်ဖို့ အဲ့ဒီ Chronic case တွေ ရုံခါချလို့လည်း မရဘူး။ ဆေးရုံနားမှာ ဒိုင်းညွန့် အရီးညွန့်တွေဖြစ်မှ လူနာကြီးထားခဲ့ပြီး ကိုယ်လွတ်ထွက်ပြေးကြမှာလား မသိ။ အခုတော့ ဆေးရုံတက်ရင်း စစ်ရှောင်မယ်ဆို ဆေးရုံမှာ ဟောက်စဖူးဖြစ်အောင် ခိုနေကြတာ။ အဲ့ဒါကြောင့် အရှောင်အတိမ်း ဂျက်စီဂျိမ်းဇာတ်လမ်းဟာ ဒီတစ်ခါမှာတော့ အလုပ်မဖြစ်ဘူး။
ရှောင်မရမယ့်တူတူတော့ လာမယ့်ဘေး ပြေးတွေ့လိုက်တာ ကောင်းပါတယ်။ ဒဏ်ရာရတဲ့လူနာတွေကို ဆေးရုံရောက်လာတဲ့ထိ စောင့်မကုပဲ စစ်ပွဲတွေနဲ့ အနီးဆုံးနေရာ လုံခြုံစိတ်ချရတဲ့ လူနာလက်ခံစခန်းထားပြီး အဲ့ဒီကနေ Triage and resuscitation လုပ်မယ်။ ပြီးမှ သင့်တော်ရာဆီ refer လုပ်မယ်။ ဆေးရုံက ဆရာဝန်၊ ဆရာမ၊ ဆေးတပ်သားတွေ ပစ္စည်းအစုံအလင်နဲ့ ထွက်ပြီး အလုပ်လုပ်ကြဖို့ စီစဉ်တယ်။ ဆေးရုံမှာ အထိုင်ချပြီး ခွဲမယ့်အဖွဲ့က တစ်ဖွဲ့ပေါ့။ လူနာသယ်ဖို့ transport နဲ့ လုံခြုံရေးအဖွဲ့က တစ်ဖွဲ့။ အခုပဲ အလုပ်လုပ်ကြတာပေါ့ဗျာ။ ဘယ်နေရာမှာမှ စောင်သုံးမကျပဲ လိုင်းပေါ်မှာ စောင်ဆရာကြီးလုပ်နေတဲ့ တော်လှန်ရေးမီးကင်ဖားကင်ကြီးများဆီက ဩဝါဒအမှာစကားတွေနဲ့ ကင်းဝေးရာ မြေပြင်ပေါ်မှာ ကိုယ့်သီချင်းနဲ့ကိုယ် ကကြတာပေါ့။
ကိုယ့်ဆေးရုံက ကလေးတွေ လွှတ်ရမှာဆိုတော့ ကိုယ်ကိုယ်တိုင် အရင်ဆုံးသွားကြည့်ပြီး လိုအပ်သမျှ ပြင်ဆင်ရပါတယ်။ အရေးအကြီးဆုံးကတော့ အလုပ်လုပ်မယ့်သူတွေရဲ့ လုံခြုံရေး နဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးပါပဲ။ နေပြည်တော်ကလူကြီးတွေ အလုပ်ခန့်စာပေါ် နံမည်ရေး လက်မှတ်ထိုးပြီး လွှတ်လိုက်သလို ကိုယ်ကိုယ်တိုင်တောင် ဘယ်လိုနေမှန်း မသိတဲ့အရပ်ကို မျက်နှာလွှဲ ခဲပစ် မလွှတ်နိုင်ပါဘူး။ ကိုယ်တိုင်သွားကြည့်၊ လိုတဲ့ပစ္စည်းတွေ ကိုယ်တိုင် ပြင်ဆင်ပြီး ကိုယ်တိုင်အရောက်ပို့ခဲ့ပါတယ်။ နောင်ကျမှ သူများသားသမီးတွေကို တိုက်ပွဲထဲ ထိုးကျွေးမိတယ်လို့ နောင်တမရချင်ဘူး။ ဆေးစခန်းပဲဖြစ်ဖြစ်၊ ဆေးရုံပဲဖြစ်ဖြစ် အန္တရာယ်ဖြစ်နိုင်ချေချင်း အတူတူပါပဲ။ ကိုယ်ကိုယ်တိုင်သွားမှ ကိုယ့်အပေါ်မှာ အကာအကွယ်ပေးသလိုပဲ ဒီကလေးတွေကိုလည်း အကာအကွယ်ပေးကြမှာ။ “အန္တရာယ်တွေကြုံလာရင် မင်းကစောင့်ရှောက်ထား အိုး အိုး။” ပေါ့။
နောက်အလုပ်ကတော့ ကိုယ်တိုင်သွားပြီး network တွေ ချိတ်ဆက်ရတာလေ။ အဲ့ဒီအနားဝန်းကျင်မှာ ရှိတဲ့ ဆရာဝန်၊ ဆရာမ အားလုံးနဲ့ လိုက်တွေ့ပြီး “လူနာအရမ်းများလာခဲ့ရင် အကူအညီတောင်းပါရစေ။” လို့ ပွင့်ပွင့်လင်းလင်းပဲ link တွေ လိုက်ချိတ်ရတယ်။ ဆေးရုံကလူတွေ အကုန် အဲ့ဒီကိုလိုက်လာလို့လည်း မဖြစ်သေးဘူးလေ။ ကိုယ်ကူညီနိုင်တာ ရှိသလို သူတို့ကူညီနိုင်တာလည်း အများကြီးပဲ မဟုတ်လား။ ကိုယ့်ဆေးလောကသားအချင်းချင်းပဲလေ။ အရေးကြီးပြီ ညီနောင်အပေါင်းတို့။ ဂွေးကြီးတာ ခါချဉ်ကောင်ကိုက်လို့။
ကိုယ့်ဆေးရုံမှာ ထရိန်နင်လာဆင်းကြတဲ့ ဆေးတပ်သား PDF ကလေးတွေလည်း ၂၀-၂၅ လောက်ရှိပြီလေ။ သူတို့လည်း လုပ်တတ်ကိုင်တတ်ရှိနေပြီပဲဟာ။ အဲ့ဒီကလေးတွေကို သူတို့ရဲ့ မိခင်တပ်ရင်းဆီ ပြန်ပို့ပြီး ရှေ့တန်းမှာ လူနာကောက်ဖို့၊ လူနာသယ်ဖို့၊ ဆေးစခန်းက ဆရာ/ ဆရာမတွေကို ကူဖို့ ချိတ်ဆက်ထားပြီး သူတို့နေရာနဲ့သူတို့ ဖြန့်ကျက်ထားလိုက်တယ်။ လူနာ နဲ့ ကိုယ်နဲ့ နှစ်ယောက်တည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိပဲ အားကိုးရာမဲ့နေမစိုးလို့ အရေးအကြောင်းရှိရင် ဒီဘက်က medical network နဲ့သာ ချိတ်ဆက်လိုက်ပါ လို့ မှာရတယ်။ ပွဲကမယ့် မင်းသားများကိုလည်း “ထာဝစဉ်သာ အမှတ်ရဖို့ဆိုရင်” ဆို မီကိုကော်ဖီမစ်ထုပ်ပေါ် ဖုန်းနံပါတ်ရေးပေးထားရတာပေါ့။
အလုပ်ကတော့ ပင်ပန်းတာပေါ့လေ။ ဆေးရုံ ၂ ရုံစာ အလုပ်လုပ်နေရပြီ မဟုတ်လား။ လိုအပ်သည်များကို တင်ပြတောင်းခံတာကတော့ အကုန်လုပ်ခဲ့ပြီးပြီ။ ရောက်ချင်တဲ့အချိန်ကျမှ ရောက်လာပလေ့စေတော့။ လောလောဆယ်တော့ ဆိုင်းသံဗုံသံတွေ ကြားနေရပြီ။ လူကလည်း စင်ပေါ်ရောက်နေပြီ။ ဘာကိုစောင့်နေရဦးမလဲ။ ကိုယ့်ဇာတ်ရုပ်နဲ့ကိုယ် မီးစင်ကြည့်ကရတော့မှပေါ့။ ပရိသတ်ကြီးခမျာ အခု ကျွန်တော် အစီရင်ခံနေစဉ်အတွင်းမှာပဲ လေယာဉ်နဲ့ ၂ ခေါက်လာ ဗုံးကျဲသွားတဲ့အတွက် အပြောတွေ ခဏထား။ အလုပ်နဲ့ သက်သေပြလိုက်ပါဦးမယ်။
ကိုင်း။ “မတတ်တတ်နဲ့။ ဖိုးဝတော့ ကရတော့မယ်။ ဆိုင်းကတော့ စုံပါပေတယ်။ ကရတာ တော်တော်မောတယ်။ ကြည့်ကြတော့ ခင်မင်သူတွေ။ ရှုကြတော့ ကြင်နာသူတွေ။ ဖိုးဝရုပ်လေး မလှုပ်တလှုပ် မလှုပ်တလှုပ် မလှုပ်တလှုပ် ပုံမျိုးကပါမယ်။”