ချန်ဂင်တို့စခန်း (၂၄၀)

အချိန်မဟုတ်အခါမဟုတ် မိုးတွေရွာတဲ့ မနက်အစောကြီး ချမ်းချမ်းစီးစီးမှာပဲ ကိုယ်တို့အဖွဲ့ ခွဲခန်းဝင်ကြပါတယ်။ မနေ့ညနေကတည်းက ဗိုက်နာနေတဲ့ မွေးလူနာဟာ ခုမနက်ထိ မထွက်တော့ အရေးပေါ် ဗိုက်ခွဲမွေးဖို့ ဆုံးဖြတ်လိုက်ကြတာပေါ့။ OG မရှိပေမယ့်လည်း သူတို့ကို OG နှစ်ဆက် ပုံစံသွင်းပေးထားတဲ့ အလေ့အကျင့်အတိုင်း တသွေမတိမ်းလိုက်နာကြရတာလေ။ ပထမအိုဂျီက guidelines တွေ protocols တွေ လက်ထပ်သင်ကြားပေးပြီးသားကို ဒုတိယအိုဂျီလက်ထက်မှာ အပိုအလို အမှားအယွင်း မရှိအောင် ပြန်အချောသပ်ပေးထားတော့ ကိုယ်တို့ဆေးရုံရဲ့ ကိုယ်ဝန်ဆောင် မိခင်စောင့်ရှောက်မှုကတော့ စံနစ်တကျ ရှိနေတာ အမှန်ပါပဲ။ နောက်လူအသစ်တွေလာရင်လည်း ဒီစံနစ်အတိုင်းပဲ လက်ဆင့်ကမ်း အလုပ်လုပ်ကြတယ်။ အဲ့ဒါကြောင့် ကလေး ၁၅၀ မွေးပြီးတာတောင် perinatal mortality မရှိအောင် ထိန်းထားနိုင်ခဲ့တယ်။ ဆောက်ထားတဲ့ မော်ကျူရီအသစ်ကြီးတောင် ခုထက်ထိ ဈေးဦးမပေါက်သေးတော့ ကလေးတွေက အလောင်းခွဲမယ့် အုတ်ခုံကြီးပေါ်မှာ အကြောက်အလန့် မရှိ ဆော့ကစားကြ၊ တက်အိပ်ကြ၊ အပန်းဖြေနားနေဆောင်ကြီးလို လုပ်နေကြတာ။

ဆေးရုံကို လူသစ်တွေ ရောက်လာရင် AN care မှာ ဗိုက်စမ်းတာ၊ FHS နားထောင်တာ၊ maturity assessment လုပ်တာကအစ မလုပ်တတ်စရာ မရှိအောင် သင်ပေးထားတယ်။ နေ့စေ့လစေ့ မွေးမယ့်အချိန်ရောက်ရင်လည်း သားဖွားခြင်း အတတ်ပညာတွေကို အရုပ်ကလေးနဲ့သင်၊ လူနာနဲ့သင်၊ ကိုယ်တိုင်ကိုယ်ကျမွေးပေးတတ်တဲ့အထိ လက်တွေ့သင်ပေးထားပါတယ်။ ဆိုလိုတာက ကိုယ်တို့ဆေးရုံက trained ထားတဲ့ကလေးတွေဟာ normal labor တော့ မမွေးတတ်စရာ မရှိဘူး။ သို့သော် သူတို့အနေနဲ့ မမွေးရမယ့်ဗိုက်၊ ဆရာဝန်ဆီ အချိန်မီရောက်အောင် လွှဲပေးရမယ့် ဗိုက်ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာလည်း ရှင်းရှင်းလင်းလင်း သဘောပေါက်အောင် သင်ထားပေးပါတယ်။ ငယ်မွေးခြံပေါက်ကလေးတွေဆို complicated pregnancy တွေကို အကုန်မြင်ဖူးပြီးပြီလေ။ one scar, two scars, scar rupture တွေရော၊ Abruptio Placenta, Placenta previa, Retained placenta တွေရော၊ maternal distress, fetal distress, abnormal lie, abnormal presentation, twins pregnancy တွေပါ သူတို့ ကြုံဖူးတယ်။ Eclampsia နဲ့ တောင့်တင်းကော့ပျံပြီး fits ရနေတဲ့ လူနာကိုလည်း သူတို့ မွေးဖူးတယ်။ ၂ နှစ်ဆိုတဲ့ကာလဟာ သူတို့အတွက် အတွေ့အကြုံတွေ စုံသင့်သလောက် စုံပြီ လို့ ပြောလို့ ရပါတယ်။ အရေးအကြောင်းဆို မျက်ကလူးဆန်ပြာ ဖြစ်နေတဲ့သူ တစ်ယောက်မှ မပါဘူး။ ကိုယ်လုပ်စရာအလုပ်ကို သွက်သွက်လက်လက် အမှားအယွင်းမရှိ လုပ်နိုင်ဖို့ အလေ့အကျင့်ရထားတာပေါ့။

ဆရာဝန်တွေဆိုရင်တော့ Emergency LSCS ကို လူတိုင်း လုပ်တတ်နေအောင် အလှည့်ကျ သင်ပေးထားတယ်။ အခုနောက်ပိုင်း Ceasor တွေဆို ကိုယ်ဝင်စရာ မလိုဘူး။ သူတို့ဘာသူတို့ပဲ လုပ်ကြတာ။ ဘေးမှာတော့ အဆင်သင့်စောင့်ပေးတာပေါ့။ လိုရင် ကူရအောင်။ ကလေးကောက်၊ ကလေးပြုစု neonatal resuscitation ကိုလည်း လူတိုင်း လုပ်တတ်အောင် သင်ထားတယ်။ ကိုယ့်ရဲ့ principle ကတော့ ဘာပဲလုပ်လုပ် လိုအပ်သမျှ ပစ္စည်းတွေကို အကုန်လက်တစ်ကမ်းမှာရှိအောင် ယူထား၊ ပြင်ဆင်ထား၊ ပြီးရင် ကိုယ်လုပ်စရာရှိတာကို သေသေချာချာ လုပ်၊ အဆင်မပြေရင် အကြီးခေါ်ဖို့ အားမနာရဘူး။ အဲ့လိုပဲ သင်ထားပေးပါတာ။

ကိုယ့်ဆီက ထွက်တဲ့ AS တွေဟာ Urgent LSCS လုပ်တတ်ရမယ်။ Appendix, hernia, perforation, piles, chest tube လောက်တော့ ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်ရမယ်။ အဲ့ဒါအပြင် ECG နဲ့ Ultrasound ကိုလည်း တီးမိခေါက်မိရှိအောင် ဆရာသမားတွေနဲ့အပ်ပြီး on line training ယူခိုင်းထားပါတယ်။ အဲ့ဒီကမှနေ သူတို့အားလုံး spinal ထိုးတတ်ရမယ်။ ET tube ဝင်အောင်ထည့်ပြီး မေ့ဆေးစက်ကြီးနဲ့ GA ပေးတတ်အောင်အထိ သင်ထားပါတယ်။ ဓါတ်မှန်ရိုက်တာလည်း သူတို့နဲ့ပဲ ရိုက်နေတာလေ။ ဘယ်အလုပ်ပဲဖြစ်ဖြစ် ဘာပြီးရင် ဘာလုပ်ရမယ်၊ ၁၊ ၂၊ ၃၊ ၄ နံပါတ်စဉ်တပ်ပြီး စာရွက်တစ်ရွက်နဲ့ချရေးထား၊ အဲ့ဒီအတိုင်း

လုပ်ကြတာ။ ဘာဖြစ်လို့ဆိုတော့ ဒီမှာ Specialist ဆိုလို့ ကိုယ်တစ်ယောက်တည်းရှိပြီး ကျန်တဲ့အလုပ်တွေကို သူတို့အားကိုးနဲ့ အကုန် ကိုယ့်ဘာသာ လုပ်နေရတာမို့ပါ။ နို့မို့ဆို ဘာအလုပ်မှ လုပ်လို့ရမှာ မဟုတ်ပဲ လာသမျှထိုင်လွှဲနေရမှာ။

ဒီကလေးတွေနဲ့ အလုပ်လုပ်တာ စိတ်ချရသလား စိတ်မချရသလား၊ ဆေးရုံက ဆင်းသွားတဲ့ လူနာတွေအားလုံး သက်သေရှိပါတယ်။ မေ့ဆေးစက်ကြီးနဲ့ GA ပေးတာ လူနာ ၅၀ ပြည့်ပြီ။ Hemorrhagic Pancreatitis နဲ့ လူနာတစ်ယောက်ပဲ ပြန်မနိုးတာ ရှိခဲ့ဖူးတယ်။ ကျန်တာ အကုန် အဆင်ပြေပါတယ်။ မလုပ်ပဲနေရင် သေသွားမယ့်လူနာတွေကို သူတို့အားကိုးနဲ့ မဖြစ်ဖြစ်အောင် သင်ယူလေ့ကျင့်ပြီး အသက်ကယ်နိုင်ခဲ့တဲ့လူနာတွေကို စာရင်းဇယား အတိအကျနဲ့ကို ပြလို့ ရတယ်။ Team work ဆိုတာ သူတို့ကိုယ်တိုင် ဝင်မလုပ်ပဲ တစ်လက်မမှ ရွေ့စရာ အကြောင်း မရှိပါဘူး။ အခု ကိုယ့်ဆေးရုံက ဆရာဝန်ကလေးတွေဟာ တခါတရံ ကိုယ်အပြင်ထွက်တဲ့အခါ ဆေးရုံကို သူတို့ဘာသူတို့ ထိန်းထားနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ ခဏတဖြုတ်တော့ မျက်နှာလွှဲထားလို့ ရပြီပေါ့။ အဲ့ဒီတော့ ကိုယ့်အနေနဲ့ အရေးကြီးတဲ့ ကိစ္စရှိလို့ အပြင်ကိုထွက်ပြီး အလုပ်လုပ်ရမယ်ဆိုလည်း ဆေးရုံအလုပ်တွေ ရပ်တံ့မသွားဘူး။ သူတို့ထဲက တချို့တလေ အပြင်ထွက် အလုပ်လုပ်ကြရင်လည်းပဲ ဆေးရုံမှာ အရှိန်ပျက်မသွားဘူး။ အဲ့ဒီလိုဆိုတော့ အရေးကြီးတဲ့အချိန်၊ အရေးကြီးတဲ့နေရာတွေဆီမှာ ကိုယ်တို့ဆေးရုံကနေ “Outreach Combat Medics” အဖွဲ့တစ်ဖွဲ့ အပြင်ထွက်ပြီး အလုပ်လုပ်ကြဖို့ နောက်ထပ် ခြေလှမ်းအသစ် စကြပါတယ်။ ဒီအဖွဲ့ကတော့ လူမမာဆေးကုဖို့မဟုတ်ပဲ စစ်ပွဲမှာ ဒဏ်ရာရလူနာကို အသက်ကယ်ဖို့၊ ဆေးရုံကို အချိန်မီ လွှဲပို့နိုင်ဖို့ အဓိကထားပါတယ်။ ဒါဆိုရင်တော့ ကိုယ့်ဆေးရုံက ဆရာဝန်တွေဟာ ကိုယ်မပါလည်းပဲ သူတို့ဘာသူတို့ စိတ်ချလက်ချ အလုပ်လုပ်နိုင်စွမ်း ရှိဖို့ လိုတယ် မဟုတ်လား။ ကိုယ်က လိုအပ်ရင် ကူညီဖို့ လက်တစ်ကမ်းမှာနေမယ်လေ။

ဒါတွေကို ဘာလို့ပြောနေလဲဆိုတော့ “ငါ တော်တယ်၊ ငါ တတ်တယ်။” ကြွားဖို့ဝါဖို့၊ ဂုဏ်ဆာဖို့ မဟုတ်ပါဘူး။ ကိုယ့်ဆေးရုံမှာ ကလေးတွေကို စာသင်နေတယ်ဆိုတော့ “ဘယ်စာကို ဘယ်နှစ်ဝါ မောင်သင်မလို့တုန်း။” “curriculum တွေက ဘယ်လို ရှိတာတုန်း။” အမေးခံရတဲ့အခါ ကိုယ်က ဘယ်လို ပြန်ဖြေရမှန်း မသိဘူး။ တတ်သမျှ မှတ်သမျှတော့ သင်ပေးနေတာပဲ။ ကိုယ့်ဆေးရုံမှာ လက်ရှိအလုပ်လုပ်နေတဲ့သူဆိုရင် ဆေးတပ်သားကတော့ ဒါတွေဒါတွေ သူတို့ကိုယ်တိုင် လုပ်တတ်ကြတယ်။ သူနာပြုဆရာမတွေက ဒီအလုပ် ဒီအလုပ်တွေ လုပ်နေကြတယ်။ ဆရာဝန်ဆိုရင်တော့ ဒီအတိုင်းအတာထိ တတ်အောင်သင်ပြီး အလုပ်လုပ်နေပါတယ် လို့ ဖြေလိုက်တယ်။ ကိုယ်တို့ကိုသင်တာ အလုပ်ကသင်တယ်။ လူနာကသင်တယ်။ အကြီးက အငယ်ဆီကို ကိုယ်တတ်ထားတဲ့အတိုင်း လက်ဆင့်ကမ်းသင်တယ်။ သို့သော် ဘယ်သူကမှ စာမေးပွဲလာစစ်ပြီး အောင်လက်မှတ် မပေးတဲ့အတွက် “Accreditation” နဲ့ ပါတ်သက်လာရင် စကားပြောစရာ ဖြစ်တယ်။ ဘောင်မဝင်ဘူးပေါ့။ ဟုတ်တာပေါ့။ ရှိသမျှအလုပ်တွေ ဘယ်လိုပင် သိမ်းကြုံးလုပ်ထားသော်ငြား အပေါ်က နှမ်းလာဖြူးမယ့်သူ မရှိတဲ့အခါ “လက်ဘက်သုပ်သာဆိုတယ်။ နှမ်းလည်းမပါဘူး။ သွား။ အမှိုက်ပုံးထဲလွှင့်ပစ်လိုက်။” လို့ Master Chef ဒိုင်တွေက ပြောတော့မှာပဲ။

ကိုယ်တို့ဆေးခန်းလိုပဲ ထိုင်းနယ်စပ်မှာ ဒေါက်တာစင်သီယာမောင် ရဲ့ “မယ်တော်ဆေးခန်း” ဆိုတာ ရှိတယ်။ အရမ်း နံမည်ကြီးတာပဲ။ လူနာလည်း များသတဲ့။ သို့သော်လည်း အဲ့ဒီဆေးရုံမှာတော့ normal labor လောက်သာ ခွင့်ပြုထားပြီး LSCS ဆိုရင် လုပ်ခွင့်မပေးဘူး။ တခြားဆေးရုံကို လွှဲရသတဲ့။ Minor Surgical Procedures တွေဆိုလည်း Local ထိုးပြီး ရအောင်ခွဲနိုင်ရင် ခွဲ။ အဲ့ဒါနဲ့မှ မရရင် Spinal တောင် ပေးမထိုးဘူးတဲ့။ ပစ္စည်းမရှိတာ၊ ဆရာဝန်မရှိတာ၊ training ပေးမယ့်သူ မရှိတာတော့ မဟုတ်ဘူး။ ကြည့်ရတာ တဘက်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက Specialist Center အဖြစ် အသိအမှတ်ပြုမထားပဲ သူတို့ဆီမှာ registration လုပ်မထားတဲ့ အထူးကုဆရာဝန်တွေရဲ့ ကုသမှုကို တရားဝင်အသိအမှတ်ပြုဖို့ မဖြစ်နိုင်တာ လို့ ယူဆပါတယ်။ လုပ်တတ်တယ်ဆိုတိုင်း လျှောက်လုပ်လို့ ပြဿနာတက်လာရင် “သူတို့က ဘာလို့ခွင့်ပြုထားသလဲ။” ဆို အမှုပတ်လာမှာစိုးတာကိုး။

သူတို့ဆီက အကြောင်း သိလိုက်ရတော့ “တော်ပါသေးရဲ့။ ငါတို့ဆီမှာတော့ အဲ့သလိုမျိုး ကန့်သတ်မထားပဲ ဝိုင်းကြဝန်းကြ ကူညီကြတဲ့အတွက် အသက်တွေအများကြီး ကယ်လို့ရတာပါလား။” လို့ တွေးမိပြီး စိတ်ထဲမှာ တော်တော်လေး ဝမ်းသာမိပါတယ်။ သို့သော်လည်း သေသေချာချာ ပြန်စဉ်းစားကြည့်တော့ မဟုတ်တမ်းတရားတွေ လျှောက်တွေးနေမိပါကလား လို့ အမြင်မှန်ရပြီး တိုင်နဲ့ခေါင်းနဲ့သာ တဒိုင်းဒိုင်း ဆောင့်ပလိုက်ချင်ပါတယ်။ လူကလေး မောင်စိုးမင်း။ မင့် ဘယ်သူက အဲ့ဒီအလုပ်တွေ လုပ်ခွင့်ပြုထားတယ် လို့ ထင်နေရတာတုန်း။ မြန်မာပြည်ဆေးကောင်စီကြီးက မောင်ရင့်ကို ဆေးကုသခွင့်လိုင်စင် ပိတ်သိမ်းထားတယ် မဟုတ်ဘူးလား။ အခု မင်းလုပ်သမျှ ကုသမှုတွေ ခွဲစိတ်မှုတွေ အားလုံးဟာ ဘာတစ်ခုမှ တရားမဝင်လေဘူး။ ဆရာထူးခန့်ကျော်ကိုသာ လူမှုထူးချွန်ဆု ပေးတာ။ ဆရာစိုးမင်းကတော့ လိုင်စင်မဲ့ ခွဲစိတ်မှုတွေ ပြုလုပ်နေတဲ့အတွက် လူနာတစ်ယောက်မှ မသေလည်း အဲ့ဒီဆရာဝန်ကို သေဒဏ်ပေးဖို့ သင့်နေပြီ။ ဘာတဲ့။ မောင်ရင်က မေ့ဆေးတွေပါ ပေးနေသလား။ ဟုတ်စ။ ဘယ်တုန်းက မေ့ဆေးဘွဲ့တွေရထားပြီး အထူးကုလိုင်စင် ယူထားဖူးလို့လဲ။ အဲ့ဒါ ရမ်းကုလေ။ ရမ်းကု။ ကိုယ်နဲ့မဆိုင်တာတွေ အကုန်သိနေတတ်နေရအောင် မင်းကိုယ်မင်း ဘာကောင်မှတ်နေသလဲ။ Limited resources တွေကြားမှာ တစ်ယောက်မှ မကုပဲ ထိုင်လွှဲနေတဲ့ ဆရာဝန်ကြောင့် လူနာဘယ်နှစ်ယောက်သေသေ အပြစ်မရှိဘူး။ မင့်ဘာမင်း လျှောက်ကုတာ တစ်ယောက်မှ မသေလည်း အပြစ်ကတော့ ရှိတာပဲ။ အဲ့ဒါကြောင့် ငါဘာတွေကုတယ်။ ဘာလူနာတွေခွဲတယ်။ အရှက်မရှိ လျှောက်ကြွားမနေနဲ့။ ဒါတွေအကုန်လုံးသာ နောက်ကြောင်းပြန် အရေးယူရရင် အသက်ဆယ်ချောင်း ရှိတောင် မလောက်ဘူး။ အကုန် သေဒဏ်ထိုက်တယ်။ ဘုရား ဘုရား။ ကြောက်စရာကြီးပါလားနော်။ အခုနေခါ မမိသေးလို့သာ ကြည့်နေတာ။ မိများမိလို့ကတော့ ကိုယ်ကုထားသမျှလူနာတိုင်းဟာ ကိုယ့်လည်ပင်းကိုစွပ်မယ့် ကြိုးကွင်းတွေချည့်ပဲ။ သူတို့ဟာသူတို့ သေချင်သေ၊ ရှင်ချင်ရှင်။ ဘောင်ထဲမဝင်ဘူး။ ဒီဆရာဝန်အတွက်တော့ ထောင်ထဲဝင်ရမယ့် ပုဒ်မတွေ။ သေချာတယ်။ တကယ်တော့ မင်းဟာလေ အရေးပိုင်မင်းဦးစိန်တင်လို ကန့်ဘလူနယ်မှာ ကျောက်တိုင်ကလေးပဲ ကျန်ရစ်ခဲ့ရမယ့်ကောင်။ ရန်ကုန်က ဆေးခန်းတွေပေါ်များ အဲ့သလိုလာခွဲလို့ကတော့ ICS ဦးတင်ထွတ်လို ကားထဲ လက်ပစ်ဗုံး အထည့်ခံရလိမ့်မယ်။

ဒီအခါကျမှပဲ ကိုယ့်အပေါ်မှာ ကိုယ်တို့ Surgical Society ကြီး တစ်ခုလုံးက ဘာဖြစ်လို့ ပေါ်ပေါ်ထင်ထင် အဆက်အစပ် အပြောအဆို မလုပ်ကြသလဲ ဆိုတာ နားလည်လာပါတယ်။ ကိုယ်က လိုင်စင်မဲ့ ဆရာဝန် ဖြစ်နေတာကိုး။ လူမမြင်သူမမြင် အမှောင်ထဲမှာပဲ ရှိသင့်တယ်။ ပေါ်ပေါ်ထင်ထင် လူရာဝင်ချင်လို့ မရဘူး။ ကိုယ့်အဆင့်ကိုယ် နားမလည်ပဲ တစ်နေ့တစ်နေ့ ကိုယ့်ကိုယ်ကိုယ် တော်ကြောင်းတတ်ကြောင်း အမွှန်းတင်တဲ့စာတွေ ရေးနေတာကိုက အင်မတန် သောက်ညင်ကပ်စရာ ကောင်းတော့တာပ။ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် တဲ့။ အဲ့ဒါကြောင့်မို့ ဘယ်သူကမှ ဆေးဖော်ကြောဖက် မလုပ်ချင်ကြတာ။ အရင်တုန်းက ခေါ်ခေါ်ပြောပြော ရှိတဲ့သူတွေတောင် “နှုတ်မဆက်နဲ့ ငါ့ကို နင်ကလေး ပစ်သွားရက်ပါရင်…။” ဆို တစိမ်းတွေလို နေကြပြီ။ လက်စသတ်တော့ ဂလိုရှိတာကိုး။ သိပါပြီ။ သိပါပြီ။

ဒါတောင် ကိုယ့်ပယောဂကြောင့် ဘယ်လူနာ တစ်ဦးတစ်ယောက်မှ အသက်မသေဖူးပါဘူး။ ဘယ်လူနာတစ်ဦးတစ်ယောက်ဆီကမှလည်း အခကြေးငွေ တစ်ပြားတစ်ချပ်မျှ မတောင်းပါ မယူပါဘူး။ ဘယ်ဆရာဝန်ဆီက လူနာကိုမှလည်း ကိုယ့်ဆီရောက်အောင် လုမယူပါဘူး။ အကြော်အလှော်ကင်းပါတယ်။ ကြီးကြီးငယ်ငယ် ဘယ်ဆရာဝန်ကိုမှ သွားပုတ်လေလွင့် မကောင်းပြောတာလည်း မရှိပါဘူး။ ဘယ်လိုကြောင့် မေ့ကွက်ကိုရှာနိုင်ကြပါလိမ့်နော်။ မောင် ဘယ်သူ့ကိုမှ အပြစ်လည်း မတင်လိုပေ။ ချစ်ပရိယာယ်ကို သိသလိုလိုနဲ့ ချစ်စရာ ကဗျာတစ်ပုဒ်အလား နှစ်သက်ယုံစားမိခဲ့လို့လေ အေ့ဟေ အေ့ဟေ အေ့ဟေ။ တောက်… ငိုတာမှုတ်ဖူးနော်။ မျက်စိထဲ ပိုးကောင်ဝင်သွားလို့။

အခုနေများ ဖေ့စ်ဘုတ်ပရိုဖိုင်းလေးကို သူများမမှတ်မိအောင် ကိုရီးယားမင်းသားဓါတ်ပုံလေးနဲ့ account name ချိန်းရမယ် ဆိုရင် “ငါဆိုတာ မင်းအတွက် ဘောင်မဝင်တဲ့ကောင်” လို့များ ပေးမိမလား မသိပါဘူး။ ဒါပေမယ့်လည်း ကိုယ်လုပ်တဲ့အလုပ်တွေကို ကိုယ့်ဘာကိုယ် ဘောင်ဝင်အောင် မှတ်တမ်းလေးနဲ့ သိမ်းထားလိုက်တယ်။ ဒီလူနာလေ။ ဒီလို အခြေအနေမျိုးနဲ့ ရောက်လာတယ်။ ဒါလေးတွေ လုပ်ပေးလိုက်တယ်။ ဒီဟာက ပြန်ဆင်းသွားတဲ့အခြေအနေ။ စာလည်းရေးထားတယ်။ ဓါတ်ပုံလည်း ရိုက်ယူထားလိုက်တယ်။ ဘယ်သူ့ကိုမှ ပြဖို့ မဟုတ်ပါဘူး။ ကိုယ့်ဘာသာ သိမ်းထားရမယ့်ဟာ။ ဆေးကောင်စီကြီးက ကိုယ့်ကို အသိအမှတ်မပြုလည်း ကိုယ်ကတော့ ဆေးကောင်စီကို အသိအမှတ်ပြုဆဲဖြစ်တဲ့အတွက်ကြောင့် ကျိန်ဆိုထားတဲ့ ကျမ်းသစ္စာ ဖောက်ဖျက်တဲ့အလုပ်မျိုးကို တိတ်တိတ်ကလေးတောင် မလုပ်ဘူး။ 3 scars မပြည့်ပဲ Cesarean sterilization တွေ မလုပ်ဘူး။ vasectomy လည်း လုပ်မပေးဘူး။ ကိုယ့်လက်အောက်မှာရှိတဲ့ အငယ်တွေရဲ့ ကုသမှုကိုလည်း ဘယ်သောအခါမှ မျက်နှာလွှဲ ခဲပစ် မလုပ်ဘူး။ မျက်စိအောက်မှာ အမြဲစောင့်ကြည့်တယ်။ ကိုယ်မကျွမ်းကျင်တဲ့နယ်ပယ်မှာလည်းဘယ်တော့မှ ရွာလွန်ရွက်တိုက်မလုပ်။ တိုင်ပင်မေးမြန်းပြီးမှ သူတို့ခိုင်းတဲ့အတိုင်းပဲ လုပ်တယ်။ ဒါကြောင့်မို့ ကိုယ့်ရဲ့မှတ်တမ်းဟာ ကိုယ့်အတွက်တော့ log book သက်သက်ပဲ။ အကြွားစာရင်း မဟုတ်ဘူး။ “I don’t do branding. I, myself am a brand.” အခုလက်ရှိ လုပ်နေသမျှ အလုပ်တိုင်းဟာ လူနာကောင်းဖို့ကလွဲရင် ဘာအကျိုးစီးပွါးကိုမှ မမျှော်ကိုးဘူး။ ဘယ်သူဘယ်ဝါ အသိအမှတ် ပြုချင်ပြု၊ မပြုချက်နေ။ ဒါ စိတ်ဆိုးလို့ ပြောတဲ့စကား မဟုတ်ပါဘူး။ ဖြည်းဖြည်းလေး ပြောတာပါ။

တစ်နေ့။ ဒါကြီးပြီးသွားတဲ့ တစ်နေ့။ ကိုယ့်အိမ်ကိုယ် ပြန်ရောက်တဲ့တစ်နေ့။ ဆေးဆက်မကုတော့ပဲ သာသာယာယာလေး ပြန်နေမယ်။ ခရီးတွေ သွားမယ်။ သီချင်းတွေ ဆိုမယ်။ စာတွေ ရေးမယ်။ စားသောက် လည်ပတ် ရယ်မော ပျော်ရွှင်လို့ ဒီကာလကြီးတစ်ခုလုံးရဲ့ အကြောင်းအရာတွေကို မေ့ပစ်လိုက်တော့မယ်။ ဘယ်သူ့ကို ပြောတာလဲ ဟင်။ မဟုတ်ဘူးဗျ။ လူမှားနေပြီ ထင်တယ်။ ဟုတ်ကဲ့။ ကျနော် မသိတဲ့ အဖြစ်အပျက်တွေပါ။ Senile dementia လို့တော့ ဆရာဝန်က ပြောတာပဲ။ ထမင်းစားပြီးပလား မစားရသေးဘူးလား မမှတ်မိလို့ ထပ်စားလိုက်ဦးမယ်နော်။ ငယ်ငယ်က အမေချက်တဲ့ဟင်းလောက်တော့ ဘယ်ဟာမှ စားမကောင်းပါဘူး။ Notebook ထဲကလို နေ့တိုင်း အစကပြန်ကျူးပေးမယ့် ကြင်နာသူလေး ရှိရင် ကောင်းမှာပဲ။ ဒါပေမယ့် Ryan Gosling ကို “La La Land” ထဲမှာ ပိုကြိုက်ပါတယ်။ ခများက တီးမယ်ဆို ကျနော်က ဆိုမှာပေါ့။

“City of stars

Are you shining there for me?

City of stars

There’s so much that I can’t see.

Who knows?

I felt it from the first embrace,

I shared with you.

But now, our dreams

May finally come true.”