ချန်ဂင်တို့စခန်း (၂၃၉)

“ညတုန်းကတွေ့ရတဲ့

ကောင်မလေးတစ်ယောက်

ပျောက်သွားလို့ လိုက်ရှာနေတယ်။

ညမွှေးပန်းကလေးရယ်

တွေ့များတွေ့မိသလားကွယ်။”

အလွမ်းသီချင်းတွေကို DJ ပွတ်တဲ့ခေတ်မှာ ဒီသီချင်းမြူးမြူးလေးက ရင်နာစရာကောင်းလိမ့်မယ် လို့ ဘယ်တုန်းကမှ တွေးထင်မထားဖူးပါဘူး။ ပျောက်သွားလို့ လိုက်ရှာနေရတဲ့ လူငယ်လူရွယ်ကလေးတွေ တော်တော်ကြီးကို များနေပြီ မဟုတ်လား။ သတင်းမီဒီယာတွေရှေ့မှာ ဘယ်လိုပဲ ဘူးကွယ်ပြီးငြင်းငြင်း ညစဉ်ညတိုင်း စကစတပ်တွေက ဖမ်းခေါ်သွားတဲ့ လူငယ် အရေအတွက်ဟာ တနိုင်ငံလုံးမှာ ၅၀၀ ထက်မနည်း ရှိတယ်လို့ စာရင်းပြုစုတဲ့သူတွေက အခိုင်အမာ ပြောပါတယ်။ သတင်းထဲမှာလည်း အဆက်မပြတ် ပါနေတာပဲလေ။ “စစ်ထဲဝင်မလား။ ၅ သိန်းရမယ်။ မဝင်ချင်ရင် သိန်း ၃၀ ပေးခဲ့။ ဒီတစ်ခါအတွက်တော့ ရမယ်။ နောက်တစ်ခါ ထပ်မိရင် နောက်တစ်ဈေး။” လို့ ကိုယ်တွေ့ကြုံတဲ့သူက ပြန်ပြောတာလည်း ရှိတာပဲ။ “တစ်ည ၇ ယောက် မပြည့်ရင် အိမ်မပြန်ရဘူး။” ဆိုပြီး ရပ်ကွက်ထဲ ဧည့်စာရင်းလိုက်စစ်ခိုင်းထားတဲ့ ထောင်ထွက်ခိုးဆိုးလုနှိုက် ဒလန်တွေအကြောင်းလည်း မြန်မာနောင်းမှာ သတင်းဆောင်းပါး ပါတယ်လေ။ နိုင်ငံတော်အကြီးအကဲတွေကိုတောင် မဟုတ်မမှန် အမှုဆင် ထောင်ချပြီး အာဏာလုထားတဲ့ အကြမ်းဖက်စစ်တပ်ဟာ မြန်မာနိုင်ငံသားတွေအပေါ်မှာ “တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ” ဆိုတာ အနောက်က နေထွက်တာကမှ ဖြစ်နိုင်ဦးမယ်။

ကောလာဟလတွေပါလေ။ အလကားသက်သက် အများပြည်သူ ကြောက်အောင်လန့်အောင် သတင်းအမှားတွေ ဖြန့်နေတယ် လို့ ထင်ချင်တဲ့သူလည်း ထင်မှာပေါ့။ သူ့အိမ်ကို တံခါးခေါက်ပြီး သူ့သားသမီးတွေ လာခေါ် ခံရမှ ဟုတ်လား မဟုတ်လား ကိုယ်တိုင်သိလိမ့်မယ်။ ဒါလည်း သိချင်မှ သိမှာပါ။ သူ့သားသမီးတွေက အကုန် နိုင်ငံခြား ပို့ထားပြီးသား မဟုတ်လား။ အမေရီးကားမှာ ရဖျူဂျီဗီဇာနဲ့ နေတဲ့သူတွေထဲတောင် စစ်သွေးသစ္စာ ခံယူထားတဲ့သူတွေ နည်းမှတ်လို့။ ဘယ်သူကများ သူတို့သွေးသားတွေလောက် လိမ်နိုင်ညာနိုင်မှာတုန်း။ ဦးကျော်မိုးထွန်းကို လုပ်ကြံမယ့်သူလည်း အရောက်ပို့ထားတယ်။ ပန်ဆယ်လိုကို တရားစွဲမယ့်သူလည်း ရောက်နှင့်ပြီးသား။ ဘယ်ပြောနိုင်မလဲ။ “ငါ့အဘ ကသာ တာဝန်ပေးလို့ကတော့ JFK season 2 ကို မဘသအေးဂျင့်နဲ့ ပြန်ရိုက်ပြလိုက်မယ်။” ဆိုတဲ့သူတွေလည်း ရှိချင်ရှိမှာပေါ့။ အဲ့လိုလူတွေအတွက်တော့ ဘယ်နေရာမှာ ဘယ်သူတွေဖမ်းဖမ်း “အဲ့ဒါ မင့်သောက်ကြောင်းလေ။ ဟကောင်ရဲ့။” လို့ပဲ အောင့်မေ့မှာပေါ့။

တကယ်တော့ အဲ့ဒီကိစ္စဟာ ရန်ကုန်၊ မန္တလေးကလူတွေ အခုမှ တွေ့ရပေမယ့် တိုင်းရင်းသားတွေရဲ့ ပြည်နယ်အသီးသီးမှာ အမြဲလိုလို ကြုံတွေ့နေကျ ပြဿနာတစ်ခုပါ။ တရုတ်အမိန့်နဲ့ အပစ်အခတ်ရပ်ပြီးကတည်းက ကိုယ့်အဖွဲ့နဲ့ကိုယ် လက်လှမ်းမီရာ စစ်သားစုဆောင်းနေကြတာ။ မြန်မာစစ်တပ်ကမှ စစ်သားစုဆောင်းတာ မဟုတ်ဘူး။ KIA ကလည်း စုဆောင်းတယ်။ မဟဟ လို့ခေါ်တဲ့ KIA (BGF) ကလည်း စုဆောင်းတယ်။ SNA ကလည်း စုဆောင်းတယ်။ ကိုယ်တို့တောင် မသေလို့ လွတ်ခဲ့တာ မဟုတ်လား။ ရွာမှာ အဆွဲခံရမှာကြောက်လို့ မြို့ပေါ်တက်ပြေးလည်း မြို့ပေါ်မှာ နောက်တစ်ဖွဲ့က ဆွဲတာပဲ။မြို့ပေါ်ကလူတွေ အခုမှ အထူးအဆန်း လုပ်နေတာ။ ဒီဘက်မှာတော့ ရိုးဟိုးဟိုးနေပြီ။ ဟောဒီ ၃ နှစ်အတွင်းမှာ လူငယ်လူရွယ်ကလေးတွေ သူတို့အိမ်က ပျောက်ကွယ်သွားကြတာ တော်တော်များနေပြီ။ ပြန်လာစရာ အိမ်တွေရွာတွေ မကျန်တော့တဲ့ ကလေးတွေက ပိုတောင်များသေး။ ပြန်မလာနိုင်တော့တဲ့ ကလေးတွေရော ဘယ်နှစ်ယောက်တောင် ရှိနေပြီလဲ။ မျှော်လင့်ချက် အတွေးများနဲ့ နေရာတကာတိုင်းရောက်။ ရောက်တိုင်းလည်း မျက်ရည်တလည်လည်။

တချို့ကလည်း ပြောကြတယ်။ “ဂျူး ၆ သန်း အသတ်ခံရတာကို ငုတ်တုတ်ထိုင်ကြည့်နေတဲ့ ကမ္ဘာကြီးဆီက ဘာတွေကို မျှော်လင့်နေတာလဲ။” တဲ့။ သူပြောသလိုဖြင့် ကိုယ်တို့မြန်မာတွေလည်း ၆ သန်းပြည့်အောင် သေပေးရမယ့်ပုံ ဖြစ်နေပြီ။ မဟုတ်ဘူး ပြောရမှာတောင် ခပ်ခက်ခက်ရယ်။ မြန်မာတနိုင်ငံလုံး ဒီလောက်ရက်ရက်စက်စက် အသတ်ခံနေရတာတောင် “သူတို့ပြည်တွင်းရေးပါ။ ဘယ်သူမှ ဝင်ပါစရာ မလိုဘူး။” ဆိုပြီး ဗီတိုအာဏာ ထုတ်ထုတ်သုံးတဲ့သူတွေက ရှိနေတာကိုး။ သူ့နိုင်ငံက လူလိမ်တွေကို နေပြည်တော်ထိ ဝင်ဖမ်းရဲတာတောင် လူလိမ်တွေဆီက ဆက်ကြေးယူပြီး အကာအကွယ်ပေးထားတဲ့ မြန်မာစစ်တပ်ကိုတော့ ဘေးမဲ့ပေးထားသေးတယ်။ မသိလို့ မမြင်လို့ မဟုတ်ပါဘူး။ မဆိုင်လို့ မဆိုင်သလိုနေတာ။ “အိုး နေနိုင်သူကြီး နေနိုင်သူကြီးရေ…” လို့ပဲ အော်ဆိုနေလိုက်ပါတော့။

သူများက နေနိုင်တာကို မအံ့ဩပါနဲ့။ အပြစ်လည်း မတင်ပါနဲ့။ ကိုယ့်ပြည်တွင်းမှာတောင် မြန်မာအချင်းချင်း မစာနာနိုင်ပဲ ဒုက္ခရောက်နေသူအားလုံးကို ဥပေက္ခာပြုထားတဲ့သူတွေ တပုံကြီး ရှိပါတယ်။ စစ်အစိုးရကြီး ပြုတ်ကျသွားမှာကို စစ်အစိုးရထက် ပိုစိုးရိမ်တဲ့ တတိယအင်အားစုဆိုတာတွေလည်း မြင်တဲ့အတိုင်းပဲ။ “အဲ့ဒီကောင်ရေးတဲ့စာတွေဖတ်ရတာ ပူလောင်နေတာပဲ။ အကုသိုလ်ကြီးလိုက်တာနော်။ အန်ဖောလိုးထားဦးမှပါ။ အင်း လူတွေမလည်း ဘာသာရေးလိုက်စားမှု အားနည်းလာပြီ။ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ။ မြတ်ရှင်စော ဩကာသ ဩကာသ။” ဆိုတဲ့ အရိယာသူ​တော်စင်တွေ တနေ့တခြား တိုးပွါးလာမှပဲကို။ အခုတော့ သပ္ပုရိသနွယ်ဝင် သူတော်စင်အပေါင်းတို့ကိုလည်း အပါယ်တံခါးမပိတ်ခင် ပြည်ပထွက်ခွါတံခါးကြီး ပိတ်သွားပြီဗျ။ ဗိုလ်ချုပ်သားသမီးများတောင် ပေးမထွက်တော့ဘူး။ ဒဘယ်ကူးကြောက်လို့လေ။ ဦးသန်းရွှေရဲ့ မိသားစုကို တရုတ်က လက်ခံပါတယ်ဆိုရင်တောင် ကြင်စိုးက ခွင့်ပြုစရာ အကြောင်း ရှိပါ့မလား။ သူ့အတွက် လူသားဒိုင်းကာဆိုတာ အကောင်ကြီးလေ ကျည်ကာလေ မဟုတ်လား။

တပ်မတော်ထောက်ခံပွဲတွေမှာ အားကြိုးမာန်တက် ပါဝင်ဆန္ဒပြသူတွေကို ဂဃနဏ စာရင်းပြုစုထားတာ ဘောမတွေ နေစရာမရှိအောင် ကြောက်လန့်နေကြတယ်ဆိုလို့ အရမ်းကြီး စိတ်ပျက်မသွားပါနဲ့ဦး။ ဒီဘက်မှာလည်း ခိုင်ခိုင်လုံလုံ တိတိကျကျရအောင် စစ်တမ်းကောက် မှတ်တမ်းယူထားတဲ့ ဒေတာတွေ ရှိပါသေးတယ်။ ညဘက်ညဘက် ဧည့်စာရင်းလာကောက်တဲ့ အုပ်ကြီး၊ ဆယ်အိမ်ခေါင်း၊ ရာအိမ်မှူး၊ ဒုရဲအုပ်၊ အရံမီးသတ်၊ စအဖတွေနဲ့ လူဖမ်းညှိနှိုင်းကွပ်ကဲရေးမှူးကြီးတွေကို ဂုဏ်ပြုမှတ်တမ်းတင် ကျေးဇူးဆပ်နိုင်ဖို့ စီစဉ်နေပါတယ်။ မည်သူမဆို ပါဝင်ကူညီနိုင်ပါတယ်။

ကြောက်စိတ်၊ စိုးရိမ်စိတ်၊ ဝမ်းနည်းစိတ်၊ ထိတ်လန့်စိတ် ဆိုတာ ဒေါသစိတ်အမျိုးအစားထဲမှာ ပါသတဲ့။ အရမ်းပြင်းထန်လာရင် တွန်းကန်ပေါက်ကွဲတတ်တာလည်း ဓမ္မတာပဲ။ ဆရာဝန်ဖြစ်လုဆဲဆံကျမှ ဆေးရုံပေါ်က ခုန်ချတဲ့ ဆေးကျောင်းသူဆိုတာ ကိုရီးယားကားထဲမှာ မဟုတ်ပဲ YGH မှာ မြင်ဖူးပြီ မဟုတ်လား။ ကိုယ့်ကိုယ်ကိုယ်တောင် သတ်သေနိုင်တဲ့စိတ်ဟာ သူများကို သတ်ဖြတ် ဂလဲ့စားချေလိုတဲ့စိတ်လောက် မပြင်းပြပဲ နေမလား။ ဒီလိုနဲ့ လူအချင်းချင်း သတ်ဖြတ်ခြင်းတွေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာကြပါဦးမယ်။ အိမ်ပြန်မလာတဲ့သူတွေလည်း အများကြီး ရှိလာဦးမှာ။ ဂျပ်ဆင်ထိပ်က လရိပ်ပြာတွေ၊ အဆောင်မှာခြောက်တဲ့ သရဲကြီးတွေ၊ ထပ်နားထောင်ရဦးမှာပေါ့။ ”ကန်ရေပြင် မြေနီလမ်း တို့နဲ့ဝေး…” ဆို အဓိပတိလမ်းမပေါ် အလောင်းကြီးပိုက်ပြီး လူလူမောင် (စမ်းချောင်း) က နှပ်တွေထွက်အောင် လာငိုပြနေမှ အခက်။

သူတို့ဘက်က ဘယ်လိုပဲ ဗြောင်လိမ်ဘူးကွယ် ငြင်းဆိုနေပစေ။ ဇာတိရပ်ရွာကို စွန့်ခွါသွားရတဲ့ကလေးတွေ ဘယ်နေရာမှာ သွားစုကြသလဲဆိုတာ မဖုံးနိုင်မဖိနိုင် ပေါ်လာတာပါပဲ။ ထိုင်းဝန်ကြီးချုပ်ကတောင် ပြောယူရတယ်။ တရားဝင်နည်းလမ်းနဲ့ လာကြပါ။ တရားဝင် အလုပ်လုပ်ကိုင်ဖို့ ကြိုးစားကြပါ။ ထိုင်းနိုင်ငံသားတွေအနေနဲ့ အလုပ်အကိုင် ရှားပါးမှာ မစိုးရိမ်ပါနဲ့။ ဒီကလေးတွေက စစ်မှုထမ်းဥပဒေကို လက်မခံနိုင်လို့ ခဏတိမ်းရှောင်လာတာ ဖြစ်ပါတယ်တဲ့။ ထိုင်းသံရုံးရှေ့မှာ ကြိတ်ကြိတ်တိုးစည်ကားနေတာ၊ မန္တလေးက ပတ်စ်ပို့ရုံးမှာ လူပိလို့သေကုန်တာ။ တိကျခိုင်မာတဲ့သက်သေပါပဲ။ နိုင်ငံခြား မသွားနိုင်တဲ့ကလေးတွေ ဘယ်လိုလုပ်ကြမလဲ။ ပြည်တွင်းမှာ ရွှေ့ကြတာပေါ့ဗျာ။ လေယာဉ်လက်မှတ်ဈေးနှုန်းတွေဟာ ၁၀ သိန်း၊ ၁၅ သိန်း၊ သိန်း ၂၀ တွေ ဖြစ်ကုန်တာ ဒီဥပဒေထုတ်ပြီးကတည်းကပါပဲ။ ဒါတောင် ကိုယ့်အိမ်ကိုယ်ပြန်တာ မဟုတ်ရင် ဟိုဘက်လေဆိပ်ကစောင့်ဖမ်းပြီး “စုဆောင်းရေးသွားမလား။ ပိုက်ဆံနဲ့လိုက်ရွေးပြီး ကိုယ့်အိမ်ကိုယ် ပြန်မလား။ ဘေဘီကြိုက်တာပြော။” ဖြစ်ကုန်ပြီ။ လေယာဉ်လက်မှတ်ဖိုး မတတ်နိုင်လို့ ကားနဲ့သွားမယ် ဆိုရင်ကော။ လာပါအကို အခါခါကြိုလျက်ပါ။ နန့်စီးအောင် ဂိတ်ကနေ ပိတ်ထားတယ်။ ၅/ တွေ အထက်မတက်ရ၊ ၁/ တွေ အောက်မဆင်းရ။ နိုင်ငံခြားသွားဖို့ကမှ ပတ်စ်ပို့ရော ဗီဇာရောပါရင် တုံးထုပေးလိုက်ဦးမယ်။ ဒီမှာတော့ အဘက မလွှတ်ရဘူးဆိုရင် ပြန်ပေတော့။ မစဉ်းစားနဲ့။ ငါ တယ် စုဆောင်းရေး ပို့ပလိုက်ရ။ ဂိတ်တွေကို ကွင်းရှောင်ပြီး တောလမ်းကနေ ဆယ်ဇင်းမှာ ရွှေသွားကျင်မယ်။ ဖားကန့်မှာ ကျောက်သွားတူးမယ် ဆိုပြီးလည်း မလာလေနဲ့ ငါ့ညီတို့။ မနေ့ကတင် မဟဟ က စုဆောင်းရေးခေါ်သွားတာ ဆေးရုံကိုတောင် ရောက်လာသေး။ ဘုမသိဘမသိနဲ့ “အကိုကြီးတို့ ကယ်မှ လွတ်မှာပါ။” တဲ့။ မကယ်နိုင်ဘူး ဟျောင့်ရေ။ မင်းကို ထွက်ပြေးဖို့ လွှတ်ပေးလိုက်လည်း လမ်းမှာတင် ပြန်မိပြီး ဖောင်းဒိုင်းအကျွေးခံရမှာ။ လိုက်သာသွားချေ။ ဒူချွန် ဒူကဘာ ဖြစ်တော့ အထိုင်ကျသွားလိမ့်မယ်။ စကတည်းက ဥပဒေနဲ့အညီ စီစဉ်ဆောင်ရွက်ဖို့ အသက်သွင်းတာ မဟုတ်တဲ့အတွက် အဲ့ဒီဥပဒေကြီး ဗန်းပြခြိမ်းခြောက်ပြီး မတရားမှုများစွာ ကျူးလွန်တဲ့အခါ ထူးပြီး မအံ့ဩပါဘူး။ ဘယ်ဒိုင်လူကြီးမှလည်း ဝင်မတားဘူး။ ကိုယ်ဘာလုပ်မလဲ။ ကိုယ့်ဘာသာ စဉ်းစားရမှာ။ သနားပါတယ်။ ဒီအရွယ်လေးတွေ။ အဖေလည်း မကယ်နိုင် အမေလည်း မကယ်နိုင်။ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနေကြရတာ။

ရန်ကုန်မှာတုန်းက ကိုယ်နဲ့ခင်တဲ့ ဆေးကုမ္ပဏီဝန်ထမ်း ကချင်ကလေးလေးတစ်ယောက် ရှိတယ်။ နှစ်ပေါင်းများစွာ ပစ်ထားတဲ့ ဆမစာအုပ် သက်တမ်းတိုးဖို့၊ အထူးကုလိုင်စင်လျှောက်ဖို့ ကိစ္စတွေ သူလိုက်လုပ်ပေးတာ။ ပိုက်ဆံကတော့ သူလည်း မပေးနိုင် ကိုယ်လည်း မပေးနိုင်ပါဘူး။ ကိုယ့်ဆရာသမားတစ်ယောက်က မုန့်ဖိုးပေးလို့ အဲ့ဒီပိုက်ဆံနဲ့လုပ်ခိုင်းတာ။ ဆေးကုမ္ပဏီ က ပေးရင် ယူမှာ မဟုတ်ဘူး။ လာဘ်စားသလိုဖြစ်မှာစိုးလို့။ သူများဝန်ထမ်းကို သူတို့အလုပ်ချိန်မှာ ပါစင်နယ်တွေ မခိုင်းချင်လို့ “အပြင်ထွက်ပြီး ဆေးရုံတွေ လှည့်ရတဲ့နေ့မှာ ဝင်ပေးခဲ့။ ရပြီဆိုမှ သွားယူခဲ့။” လို့ မှာတယ်။ ရင်းနှီးတယ် ဆိုတဲ့သဘော ပြောတာပါ။ တစ်နေ့သောအခါ အဲ့ဒီကလေးက မိဘရပ်ရွာပြန်ရင်း ပျောက်သွားတယ်။ အဆက်အသွယ် မရတော့ဘူး။ သေသလား ရှင်သလားလည်း မသိဘူး။ ဘယ်သူမှလည်း လိုက်မရှာတော့ဘူး။ သို့သော်လည်း မနှစ်တုန်းက ဖေ့စ်ဘုတ်ပေါ်မှာ Friend request အသစ်တစ်ခုနဲ့ ပြန်ပေါ်လာတယ်။ ဗိုလ်သင်တန်း ၂ နှစ်တက်ရတယ်။ အခု ဒူဂျွန်ဖြစ်နေပြီတဲ့။ မသေကောင်းမပျောက်ကောင်း ပြန်တွေ့ရလို့ ဝမ်းသာပါတယ်။ သူ့ကြည့်ရတာ သာသာယာယာ ပျော်ပျော်ရွှင်ရွှင်ပါပဲ။ ရန်ကုန်မှာဆိုရင်လည်း သူ့ဘဝက ရုန်းကန်ရတာပဲကို။ ကချင်တစ်ယောက်အနေနဲ့ KIA မှာ စစ်မှုထမ်းရတာ ဘဝကြီး ကံဆိုးမိုးမှောင်ကျသွားတာမှ မဟုတ်ပဲ။

ဒါဆိုရင် မြန်မာတစ်ယောက်အနေနဲ့ မြန်မာပြည်မှာ စစ်မှုထမ်းရတာ ဘလာ ဘလာ ဘလာတွေ လာတော့မယ်။ စစ်မှုထမ်းတယ်ဆိုတာ တိုင်းပြည်အတွက် စစ်မှုထမ်းရတာ။ ကြင်စိုးအတွက်၊ စိုးဝင်းအတွက်၊ ဘယ်စစ်အာဏာရှင်အတွက်မှ အသေခံထိုးကျွေးစရာ လူသားဒိုင်းကာ ဖြစ်ရမှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် အမိမြန်မာပြည်အတွက် စစ်မှုထမ်းမယ်ဆိုရင် PDF ထဲ ဝင်ရမှာ။ ဒါမှသာ ကိုယ့်လက်ထက်မှာ မလွတ်မြောက်ရင်တောင် ကိုယ့်ညီတွေညီမတွေ အလှည့်ရောက်ရင် တရားဥပဒေမဲ့ အနိုင်ကျင့်စော်ကားမှုပေါင်းစုံကနေ လွတ်မြောက်မှာ။ တို့အဖိုး၊ တို့အဖေ၊ တို့အကိုတွေ လက်ထက်တုန်းက ခေါင်းငုံ့ခံခဲ့ မတော်လှန်ရဲခဲ့လို့ တို့လက်ထက်မှာ အသက်ထွက်အောင် ကျောကော့အောင် ခံစားနာကျည်းခဲ့ရတယ်။ တို့လက်ထက်မှာ လွတ်အောင်ရုန်းနိုင်လို့ အာဏာရှင်အမြစ်ပြုတ်ဖို့ တည်းတည်းလေးပဲ ကျန်တော့တယ်။ လူညီညီနဲ့ ဝင်တွန်းလိုက်ရင် ဘာမှ မကြာတော့ဘူး။ သူ့ကြည့်ငါ့ကြည့်နဲ့ ဒီအတိုင်းကြည့်နေရင် အစကပြန်တွန်းနေရလိမ့်မယ်။ ကိုယ့်ဘာသာ စဉ်းစားလေ။ ဒီစစ်အစိုးရအောက်မှာ တသက်လုံးနေနိုင်သလား။ လိုက်သွားလိုက်။ ငါတို့နဲ့တိုက်မယ်။ စစ်ကျွန်ဘဝက တကယ် လွတ်မြောက်ချင်ပြီလား။ လာ လိုက်ခဲ့။ ငါတို့အတူတူတိုက်ကြမယ်။ လွယ်လွယ်လေးပါ။ ကိုယ့်ရဲ့ ရင်ခုန်သံကို ကိုယ်ပြန်နားထာင်ကြည့်။ အဖြေက အဲ့သမှာရှိတယ်။ အောင်ပွဲနဲ့အတူ ပြန်ဆုံရမှာပါ ညီ ၄၀၀။

“ပြန်ဆုံချင်ရင် ရင်ခုန်သံကို မညာနဲ့လေ။ မညာနဲ့လေ… ။”