ချန်ဂင်တို့စခန်း (၂၃၆)

“ကြည်အောင် မောင့်ကို ပြောမယ်နော်။

ရဟန်းဘဝကို ရနိုင်ခဲသတဲ့

ပျို့မောင်တော်။

မောင်လည်းပဲ သာသနာ့ဝန်ထမ်း သင်္ကန်းဝတ်မယ်ဆိုသော်။

ချစ်ပေမယ့်လို့ မခွဲနိုင်ပေမယ့်လို့

တရားနဲ့သာပျော်။

မဖျက်ဆီးတယ် မဂ်ခရီးတွက်

ရက်အနည်းငယ် ခွင့်ပြုနိုင်မယ်တော်။”

အိမ်း။ ကိုယ်တို့ မြန်မာနိုင်ငံမယ် ၂၀၂၄ ခုအတွက် ခေတ်အစားဆုံး ဆံပင်ကေကတော့ ကျော်ရဲအောင်ရဲ့ အကယ်ဒမီပွဲတက် ဖက်ရှင်ကေ ဖြစ်မလား မသိပါဘူး။ လိုအပ်ရင် ယူနီဖောင်းလေး ကောက်ချိန်းလိုက်ရုံနဲ့ လက်အုပ်ချီ ဘုရားထူးခံရဖို့ အဆင်သင့် ဖြစ်သွားတာကိုး။ အရင်ဘဝက သင်္ကန်းလှူဖူးရင် “ဧဟိ ဘိက္ခု” ခေါ်လိုက်ရုံနဲ့ ရဟန်းတန်းဖြစ်တယ်ဆိုတာ ဒါမျိုးနေမှာ။ စစ်တာမစစ်တာ နင်တို့အလုပ် မဟုတ်ဘူးလေ။ သင်္ကန်းဝတ်ထားရင် “ဖာသည်မရီး” လို့ ဆဲလည်း “တင်ပါ့ဘုရား။” လိုက်ရတယ်။ ရိုင်ဖယ်ကြီးကိုင်ပြီး တဒိုင်းဒိုင်းနဲ့ ပစ်သတ်နေလည်း နိဗ္ဗာန်ပို့တယ် လို့ မှတ်ရမယ်။ ဗီဒီယိုရိုက်နေသူရှေ့မှာ ကတုံးအချင်းချင်း ပြွတ်ကနဲ လစ်ကွစ်တွေပေးလည်း ကိလေသာကင်းစင်ပြီး ရဟန္တာတို့ရဲ့ အပြုအမူလို့ ဝမ်းမြောက်နုမော် သာဓုခေါ်ရမယ်။ ချက်ပေါ်ကို လက်တော်နဲ့ရစ်တာမဟုတ်လို့ မေထုန်အမှု မမြောက်ဘူး။ ဘုရားတကာရေမြေ့ရှင်ကြီး သာသနာကိုစောင့်ရှောက်လိုက်တာ ရဟန္တာဈာန်ပျံတွေ နေပျောက်မထိုးအောင် ပေါတော့မှာပဲ။ ရဟန်းပျိုတွေ မြို့တကာ ရွာတကာ အနှံ့ဖူးရတော့မဟဲ့။ သင်္ကန်းတိုက်ကလေး ထောင်ရ ကောင်းမလား မသိပါဘူး။ သူများမပြောပါနဲ့လေ။ ကိုယ်ကိုယ်တိုင်တောင် ထွန်းဣန္ဒြာဘို ယွကျားတို့၊ သက်မွန်မြင့် ယွကျားတို့လို ပြောင်ပြောင်ရှင်းရှင်းလေး နေချင်မိတယ်။ နောက်တစ်ခါ မြို့တက်ရင် သင်္ကန်းလေးရုံပြီး ရွာဦးကျောင်းက သာမျဉ်းစောင်းလေး ယူစီးသွားရုံပဲ။

ပြင်သစ်တွေကတော့ မိစ္ဆာဒိဌိမို့ အယူလွဲသလား မသိပါဘူး။ သူတို့ စကားပုံ ဆိုရိုးစကားရှိတာက “L’habile ne fait pas le moin.” တဲ့။ “ဝတ်ရုံခြုံလွှာဖြင့် ရဟန်းအဖြစ်ကို မရနိုင်။” လို့ ဆိုလိုတယ်။ သင်္ကန်းဂုဏ်ရည်ဆိုတာ သူတို့ ဘယ်နားလည်မှာလဲ။ သင်္ကန်းမြင်ရင် ဘုရားအလောင်းဆဒ္ဒါန်ဆင်မင်းတောင် သောနုထိုရ်မုဆိုးကို ခွင့်လွှတ်ရတဲ့ဟာ။ ကိုးပါးသော သံဃာ့ဂုဏ်တော်တွေ ပြင်သစ်လို ဟောပြဦးမှပါ။ အာဟုနေယျော၊ ပါဟုနေယျော၊ ဒက္ခိဏေယျော၊ အဉ္စလိကရဏီယျောတွေ။ နားမလည်လည်း “Très bien, très bien, très bien.” ဆို သာဓု ၃ ခါခေါ်လိုက်ကြနော်။ ကိုင်း ဒလောက်ဆို ပါရီမှာ သဘာဝတရားရိပ်သာ ဖွင့်လို့ရပြီလား။ သန္တိသုခကျောင်းဆောက်ချင်ဆောက်။ လှလှမိုးတို့ ခင်သန်းနွယ်တို့နဲ့ အလှူခံလိုက်တော့မယ်လေ။

ခနိုးခနဲ့ ရွဲ့ရွဲ့စောင်းစောင်း ရှိလိုက်လေ။ အဲ့ဒါကြောင့် အကြောသေပြီး ပြုံးလိုက်ရယ်လိုက်တိုင်း မျက်နှာတခြမ်းက ရွဲ့ရွဲ့သွားတာ။ ရဟန်းဘဝမှာ သီလ က အသက်ဆိုတာ သိလျက်သားနဲ့။ ဟုတ်ပါတယ်။ သီလဆိုတာ ရဟန်းမှ မဟုတ်ဘူး။ လူမှာလည်း လုံရတာပဲ။ အဲ့ဒီတော့ မကွယ်တမ်း မဝှက်တမ်း အမှန်အတိုင်း ပြောစမ်းပါ။ ကိုယ့်ကိုယ်ကိုယ်ရော သီလလုံတယ် ထင်ရဲ့လား။ မှန်တာပြော သစ္စာနော်။ ဒါကတော့ ပါးစပ်ပါ လူတကာပြောတတ်တာပ။ ယုံကြည် လောက်တဲ့ အထောက်အထား သက်သေပဲ လိုလိမ့်မယ်။ ကိုယ်ကျင့်သီလ မဖောက်ပြန်သ၍ ကံကြမ္မာက ကိုယ့်ဘက်မှာ ရှိတယ်ဆို။ “သစ္စာလေးနက် ပေါ်ဆီတက်က နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏” လို့ ဆိုရိုးရှိသဗျ။ ဆေးရုံဖွင့်တဲ့ သက်တမ်းတလျှောက် “ကင်ဆာပျောက်အောင် ကုပေးလိုက်ပြီ။” ဆို လူနာကို မုန့်ဖိုးပြန်မပေးနိုင်ပေမယ့် အသက်ရှင်ဖို့ မျှော်လင့်ချက် အလွန်နည်းတဲ့ တချို့လူနာတွေဟာ မယုံနိုင်စရာကောင်းလောက်အောင် အသက်ဘေးက လွတ်ကင်းလာကြတယ်။ အခုလောလောဆယ်ကို ဆိုင်ကယ်မှောက်ပြီး ရောက်လာတဲ့ မျက်ကွင်းညို နောက်စေ့ညို၊ ၂ ရက်လောက် သတိလစ်နေတဲ့လူနာကြီးဟာ Burr hole ဖောက်ဖို့ consent မပေးလို့ မော်ကျူရီအသစ်ကလေး မျက်စောင်းတထိုးထိုးနဲ့ ကုနေတုန်းမှာပဲ တဖြေးဖြေး သတိပြန်လည်လာခဲ့ပြီ။ ဘုရား မ တာ။ တစ်ခါနှစ်ခါ တိုက်ဆိုင်တာတော့ မဟုတ်ဘူး။ “ခုရက်ပိုင်း ဘာလုပ်လုပ် အဆင်မပြေပါဘူး။ အခက်အခဲ အတားအဆီးတွေ များလွန်းလို့ ကုသိုလ်ကံ အရမ်းညံ့နေတယ်။” လို့ စိတ်ဓါတ်ကျနေမိတဲ့ မနှစ်တုန်းကတောင် ဘုရားတရားလေး အာရုံပြု အဓိဌာန်ဝင်ပြီးရင် လေးခါ ငါးခါ ခွဲရတဲ့လူနာတွေကို အဖိတ်အစင်မရှိ လက်စသတ်ပေးနိုင်ခဲ့တယ်။ ကံဆိုတာ အမြဲမကောင်းနိုင်ဘူး ဆိုပေမယ့် ဟောဒီ ၃ နှစ်လုံးလုံး “ဘုရား ဘုရား။” “တော်ပါသေးရဲ့။” “တော်သေးတာပေါ့။” ဆိုတဲ့ အာမေဋိတ်တွေ မပြတ်အောင် စွန့်စားပြီး ဘယ်တော့မဆို ကံတရားက ကိုယ့်ဘက်မှာ ရှိခဲ့တာချည့်ပဲ။ အဲ့ဒါ ဘုရားသခင် ကွေကာပေးသနားတာ မဟုတ်လို့ ဘာဖြစ်ရဦးမှာလဲ။ (အောင်မယ် ကချင်သံတောင် တော်တော်ဝဲနေပါရော့လား။ အကယ်ဒမီပေးကြနော်။ ဟိဟိ။) ကိုယ်စီးလာတဲ့ကားကိုတားပြီး သေနတ်နဲ့ချိန်ပစ်တယ်။ သေနတ်က ဂျမ်းဖြစ်သွားလို့ မိုးပေါ်ထောင်ပစ်မှပဲ ဒိုင်းကနဲ ထွက်တယ်။ ကိုယ်အပါအဝင် ရှေ့ကား ၂ စီးလောက်ပဲ လွတ်ပြီး နောက်ကားတွေထဲက လူ ၂၀ လောက် ပေါ်တာအဆွဲခံရတယ်။ နောက် ၂ ရက်လောက်နေတော့ အဲ့ဒီနေရာမှာ လက်နက်ကြီးမှန်တဲ့ လူနာကိုပဲ ကိုယ်တို့က ပြန်ကုရသေးတယ်။ ဒီထက်ပိုပြီး ကံကောင်းတဲ့သူ ရှိပဲရှိပါစေဦးတော့။

ကိုယ့်ရဲ့ ကုသိုလ်ကံအပေါ်မှာ လူနာတွေရဲ့ အသက်ရော၊ ကိုယ်ကိုယ်တိုင်ရဲ့အသက်ရော၊ ကိုယ့်လက်အောက် ငယ်သားတွေရဲ့အသက်ရော ပုံအောပြီး လောင်းကြေးထပ်ထားရတဲ့အခါမှာ ကံပိုကောင်းလာအောင် ကံပွင့်အမွှေးတိုင် ထွန်းလို့ မရဘူး။ ဉာဏ်ကိုလွှာသုံးပြီး စဉ်းစားချင့်ချိန်ရတဲ့နေရာမှာ ဘယ်ခါမှ မလျော့ခဲ့ဘူး။ သတိ ဝီရိယထားပြီး ကြိုးစားအားစိုက်ရမယ့် နေရာတွေမှာလည်း ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ အကုန် အသုံးချခဲ့တယ်။ ကံဆိုတာကြီးကျတော့ မယုံလို့လည်း မရဘူး။ ပုံလို့လည်း မရဘူး။ မလစ်ဟင်းအောင်သာ စီမံနိုင်တော့တယ်။

လူတိုင်းပြောလေ့ရှိတဲ့ စကားက “စိတ်ထားကောင်းရင် ကံကောင်းတယ်။” တဲ့။ ဟုတ်ဟုတ် မဟုတ်ဟုတ် စိတ်ထားကောင်းကောင်းထားတယ်ဆိုတာ ကိုယ့်အတွက် ဘာမှ အပန်းမကြီးဘူး။ ကိုယ်နဲ့တွေ့သမျှ လူတိုင်းအပေါ် စိတ်ကောင်းထားနိုင်အောင် ကြိုးစားတယ်။ အဲ့ဒီအကျင့်ကို အရိုးထဲစွဲနေအောင် ကျင့်ယူတယ်။ လူနာတွေအပေါ် ဆူဆူဆဲဆဲ ပြောဆိုနေရင်တောင် ကိုယ့်ရင်ထဲက စေတနာကို သူတို့ မခံစားမိပဲ မနေအောင် ပွင့်ပွင့်လင်းလင်း ဆက်ဆံတယ်။ ဘယ်သူ့ကိုမှ ဟန်ဆောင်မြှောက်ပင့်ပြီး မာယာနဲ့ မဆက်ဆံဘူး။ ပုထုဇဉ်ပီပီ ချစ်ခြင်းမုန်းခြင်း မကင်းတာကြောင့် စိတ်ရင်းအတိုင်းဆိုရင် ဘယ်စစ်သား ဘယ်ရဲကိုမှ ဆေးမကုချင်တာ အမှန်ပဲ။ သို့သော်လည်း ကိုယ့်ဆီကို ရဲတွေရော၊ ရှမ်းနီစစ်သားတွေရော ဆေးလာကုဖူးပါတယ်။ လူနာအဖြစ်နဲ့လာရင် လူနာအမှတ်နဲ့ပဲ ဆေးကုတယ်။ သူတို့အပေါ်မှာတောင် စိတ်ကောင်းနှလုံးကောင်းထားနိုင်အောင် ကြိုးစားတယ်။ ကိုယ့်လုပ်ငန်းခွင်မို့လို့လေ။ Ethics နဲ့ Oath ကို အစွန်းအထင်းမရှိ ထိန်းသိမ်းရင် ကောင်းချီးမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံစေတယ် လို့ ကိုယ့်ဆရာသမားတွေက သွန်သင် ဆုံးမထားလို့။ ဘာပဲပြောပြော ခဲရာခဲဆစ် လူနာတွေကို ဆေးကုရတဲ့အခါ ကိုယ့်အတွက်က blessing ရော၊ luck ရော၊ miracles ရော ဘာမဆို လိုချင်တယ် လိုအပ်တယ်။ “မင်း ဒီလိုနေမှ အဲ့ဒါတွေ ရလိမ့်မယ်။” လို့ ဆိုလာရင် မရ မရှိရလေအောင် သူတို့ပြောသလိုပဲနေတယ်။ ကိုယ့်ဘက်က ကမ်းရမယ်ဆိုတဲ့လက်ကို ချန်မထားဘူး။ အဆုံးထိကမ်းတယ်။

“ဟုတ်တာ မဟုတ်တာကတော့ ကံတရားလေ။” လို့ သတ္တုချရင်တောင် အဲ့ဒီကံတရားမှာ ကိုယ့်ဘက်က အဆိုးအညံ့တွေ ပါမှာစိုးလို့ ဘုရားရှိခိုး မေတ္တာပို့ ဆိုလည်း ပို့တာပံ။ ပုတီးစိတ်ပြီး အဓိဌာန်ဝင် ဆိုလည်း ဝင်တာပဲ။ အရင်ကလို ပျော်ပျော်ပါးပါး၊ သောက်သောက်စားစားတောင် မလုပ်တော့ဘူး။ မကောင်းတာဆို ဘာတစ်ခုမှမလုပ်။ ဘယ်ဘုရားသခင် အဆုံးအမနဲ့မှ အပြစ်မရှိအောင် နေတယ်။ လူမစွမ်းလို့ နတ်မမယ်ဆိုရင် ဗြဟ္မဏ နတ်ဒေဝတာများတင်မက ကွမ်ရင်းဘောစရော ၃၇ မင်းပါ “ဟင့်အင်း” တစ်ခွန်းမှ ပြောစရာမရှိအောင်နေတာ။ အယူသည်းလို့ မဟုတ်ဘူး။ “ဒါလေးတော့ မလုပ်မိပဲကိုး။” လို့ မကျန်ခဲ့စေချင်တာ။

အူစွပ်တဲ့ကလေးလေးကို ခွဲခန်းထဲသွင်းတော့ သူ့အဖွားကို အဝမှာ ရှင်းပြတယ်။ “ကလေးအသက်အန္တရာယ်က စိုးရိမ်ရတယ်။ အာမမခံနိုင်ပေမယ့် အစွမ်းကုန်တော့ ကြိုးစားပေးမယ်။ ရွေးစရာ တခြားနည်းလမ်းလည်း မရှိတော့ဘူး။ အပြင်မှာ ထိုင်မရ ထမရနဲ့ သောကပွေနေမယ့်အစား သွား။ ရွာဦးနတ်စင်ကို သွား။ ကိုယ်ယုံကြည်သလို ရိုးရာနဲ့ ပသဆုတောင်းချေ။” လို့ လွှတ်လိုက်တယ်။ ကိုယ်တို့လည်းအထဲမှာ မေ့ဆေးပြဿနာ၊ကလေးပိစိဗိုက်ခွဲရတဲ့ ပြဿနာတွေကို အာရုံစိုက်။ သူတို့လည်း ကြက်ဖိုကြက်မ၊ မုန့်ဖြူမုန့်နီတွေနဲ့ ကွန်းစင်မှာ ဆွမ်းတင်ကြ။ ဘယ်သူလုပ်လို့ပဲဖြစ်ဖြစ် အပြီးသတ်မှာ ကလေးကောင်းသွားတာကိုပဲ လိုချင်တယ်။ ဘာအကြောင်းပြချက်နဲ့ဖြစ်ဖြစ် ကလေးအသက်ကို ထိခိုက်မှာစိုးတယ်။ အဲ့ဒါကြောင့် လုပ်စရာရှိတာတွေကို ဘာတစ်ခုမှမကျန် ဌာန်ကုန်အောင် လုပ်ပစ်တယ်။ “ပိုးဟပ်အရှင်ဖမ်းစားရင် AIDS ပျောက်သတဲ့။” ဆိုတာမျိုးတွေ လိုက်လုပ်တာ မဟုတ်ဘူးလေ။ “Do no harm” ထဲမှာပါရင် “Why not?” ဆို လုပ်ခိုင်းလိုက်တာပဲ။ သူရောကိုယ်ရော stress တွေ ၊ tension တွေ လျော့မယ်ဆို အကျိုးရှိသားပဲ။

ကိုယ့်ရဲ့လူနာတွေအတွက် ကိုယ်တို့တော်လှန်ရေးအတွက် ကံကြမ္မာက ကိုယ့်ဘက်မှာ ရှိစေဖို့ စိတ်ကောင်းကောင်းထားတယ်။ အကျင့်ကောင်းကောင်းနေတယ်။ အကြံကောင်း ဉာဏ်ကောင်းတွေနဲ့ အလုပ်ကောင်းကောင်းလုပ်တယ်။ ဆရာကောင်းသမားကောင်းတွေနဲ့ တိုင်ပင်တယ်။ မိတ်ကောင်းဆွေကောင်းတွေရဲ့ အကူအညီကို ရယူတယ်။ စာကောင်းပေကောင်းလေးတွေ ရေးနိုင်အောင် ကြိုးစားတယ်။ မကောင်းတဲ့အလုပ်ဆို ပေါ်ပေါ်ထင်ထင်လည်း မလုပ်ဘူး။ပုန်းလျှိုးကွယ်လျှိုးလည်း မလုပ်ဘူး။ ဟိုဘက်ကလူတွေရဲ့ ဆန့်ကျင်ဘက် ဝေးရာအရပ်ကို တစိုက်မတ်မတ် ခရီးဆက်ခဲ့တယ်။ အကျိုးဆက်ကတော့ မြင်တဲ့အတိုင်းပဲ။ ကိုယ့်နေရာလေးတင် ကွက်အေးနေလို့ ပူတယ် လို့ မထင်တာ မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင် အပူဓါတ်ကင်းလို့ ကိုယ့်နားဝန်းကျင်မှာ အေးမြစေတာ။ အဲ့လိုဆိုတော့ ဆရာစိုးကလေးလည်း “သူ့ရွာ သူ့ပြေ၊ ချမ်းသလေ။ စောင်ကော။” လို့ သိမ်မဝင် ကမ္မဝါမညှပ်သော်ငြား “မောင်မဆော့ပေါင်။ စိတ်ပုတီးနဲ့ ဘုန်းတော်ကြီးလို နေပါ့မယ်။” ဆိုတဲ့ အစားထဲတော့ ပါပါတယ်။ ခုလောက်ရှိ တော်တော်တောင် ကြည်ညိုကုန်ရော့မယ်။

လူတိုင်းလူတိုင်းဟာ ကိုယ့်ဘက်က စွမ်းအားရှိသလောက် အားကုန်ုရုန်းပြီးရင် အကောင်းဆုံး ရလပ်ကို ရဖို့အတွက်တော့ စူပါပါဝါရှိတဲ့ အထက်ပုဂ္ဂိုလ် တစ်ဦးဦးဆီက အားကိုးရှာကြတာပါပဲ။ ပုဂ္ဂလဒိဌာန် သဘောမရှိရင်တောင် ဒီလမ်းစဉ်ဟာ မှန်ကန်တဲ့လမ်းစဉ်လို့ ယုံကြည်ချက် သဒ္ဓါတရား ခိုင်မြဲဖို့လိုတယ်။ အင်္ဂလိပ်လိုတော့ “Faith” လို့ ခေါ်ကြတယ်။ ခရစ်ယာန်တွေအတွက် ထာဝရဘုရားသခင် နဲ့ ယေရှုခရစ်တော် အပေါ်မှာ သက်ဝင်ယုံကြည်သလိုပဲ အစ္စလာမ်ဘာသာဝင်တွေအတွက် အလ္လာအရှင်မြတ်ပေါ်မှာ၊ ကိုယ်တို့အတွက်တော့ ရတနာ ၃ ပါး အပေါ်မှာ၊ ကိုယ်စီကိုယ်ငှ သက်ဝင်ယုံကြည်ကြပါတယ်။ အဲ့ဒီယုံကြည်ချက်ကိုလိုက်ပြီး ကိုယ်တို့ရဲ့ ဘဝတစ်သက်တာမှာ အားထားကိုးကွယ်ကြတယ်။ အမှားအမှန် ခွဲခြားနားလည်ကြတယ်။ ဘယ်ဘုရားက မှားပြီး ဘယ်ဘုရားက မှန်တယ် လို့ မရှိဘူး။ ကိုယ့်ယုံကြည်ရာနဲ့ကိုယ်၊ ကိုယ့်ဘုရားအဆုံးအမနဲ့ကိုယ် နေကြရတာ။ သာသနာဆိုတာ တကယ်တော့ အဆုံးအမပဲ။ ဘယ်ဘာသာရဲ့ အဆုံးအမအောက်မှာပဲနေနေ အမှန် နဲ့ အမှား၊ ဓမ္မ နဲ့ အဓမ္မ ကိုတောင် မခွဲခြားတတ်ရင်၊ လူအချင်းချင်း ညှင်းပန်းနှိပ်စက်ပြီး မတရားသော အကုသိုလ်အမှုတွေကို အဆီးအတား မရှိ ကျူးလွန်နေရင် အဲ့ဒီလူတွေရဲ့ ရှင်သန်ခြင်းက ဘယ်လောက် ဆိုးရွားနိမ့်ကျလိုက်မလဲ။ လူ့အသိုင်းအဝိုင်းကတောင် လက်မခံနိုင်ပဲ သုတ်သင်ရှင်းလင်း နှိမ်နှင်းပစ်ရတဲ့အဆင့်ထိရောက်တယ်ဆို စဉ်းစားသာ ကြည့်ပါတော့။

ဘာသာတရားအဆုံးအမ၊ ဆရာသမားမိဘ အဆုံးအမ နဲ့ ယဉ်ပါးကြီးပြင်းလာရတဲ့ ကိုယ့်ဘဝ တစ်သက်တာမှာ ဟောဒီစစ်အစိုးရလောက် တရားမဲ့စွာ ညှင်းပန်းအနိုင်ကျင့်သော၊ ကောက်ကျစ်ယုတ်မာသော လူ့အသိုင်းအဝိုင်းမျိုး မမြင်ဖူး မကြုံဖူးခဲ့ဘူး။ ဒီအခြေအနေမျိုးအောက်မှာ ကိုယ့်အကျိုးစီးပွါး မထိခိုက်အောင် လိုက်လျောညီထွေ ချိုးနှိမ်နေထိုင်ဖို့ဆိုတာ ကိုယ့်အဖို့တော့ ဘယ်လိုမှ မဖြစ်နိုင်တာ။ သေရမှာထက်တောင် ပိုခံပြင်းနာကျည်းသေးတယ်။ သူတို့ဘက်ကလည်း “ငါတို့အုပ်ချုပ်မှုကို မနာခံရင် တတိုင်းပြည်လုံး တစ်ယောက်မှ မကျန်လည်း ငါတို့ချည့်ပဲ နေမယ်။ အကုန် ထွက်သွားကြ။ ရှိတာတွေ အကုန်ထားခဲ့။” ဆို မောင်းထုတ်နေတယ်။ ပြည်တွင်းစစ်ပဲ ထားပါတော့။ လူတွေအချင်းချင်း သတ်ကြဖြတ်ကြမယ်လေ။ တဘက်ဘက်က လူကုန်သလောက်ရှိပြီး ဆက်တိုက်စရာ မကျန်တော့မှ ရပ်သွားမယ်။ ဘယ်သူက အရင်ကုန်မလဲ။ ဘယ်သူ့ဘက်မှာ စစ်တိုက်ပေးမယ့်သူ မကျန်တော့ဘူးလဲ။ ရှင်းရှင်းလင်းလင်း သိရတော့မှာပါ။ ကိုယ်ပါတဲ့ဘက်က နိုင်မယ့်ဘက်ဆိုတာ ခုထက်ထိ မယုံကြသေးဘူးလား။ အဲ့လောက် စာအရှည်ကြီးဖတ်လာပြီးတာတောင် ဟုတ်ပါ့မလား စိုးရိမ်နေသေးရင် တစ်ခုခုတော့ မှားနေပြီ ထင်တယ်။ ကိုယ်တို့ နိုင်နေပါပြီ။ ဒီ့ထက်သေချာတာတောင် ဒီလောက် မသေချာဘူး။ တိုက်ပွဲတစ်ရာမှာ အောင်ပွဲတစ်ရာ။ တကမ္ဘာလုံးက တို့ဘက်မှာ။ ဘုရားသခင်တွေအားလုံး တို့နဲ့အတူ။ ဦးဇင်းတို့ရဲ့ရှောင်လိန်ဂိုဏ်းရော၊ ဆရာလေးတို့ရဲ့ အော်မေ့ဂိုဏ်းရော၊ တပည့်တော်တို့ရဲ့ ဝူထန်းဂိုဏ်းပါ မိစ္ဆာစစ်တပ်ကို နိုင်အောင်တိုက်ကြမယ်လေ။ ရယ်ဒီပဲမှလား။ အော်မီတော်ဖော်။