ချန်ဂင်တို့စခန်း (၂၃၅)

လေပြင်းမုန်တိုင်းတွေ တိုက်ခတ် လာတဲ့အခါကျရင် သစ်ကြီးဝါးကြီးတွေက အကိုင်းတွေ ကျိုးတာကျိုး၊ အမြစ်ကလဲလိုလဲ၊ လေဒဏ်မိုးဒဏ် ခံလိုက်ကြရတာ။ အုံနဲ့ကျင်းနဲ့ အစုလိုက်အစည်းလိုက်နေမှ ကြံ့ကြံ့ခံနိုင်တာ လို့ ပြောကြတာပဲ။ ပဲ့ပြားပင်လို လေယူရာတိမ်း ယိမ်းနွဲ့ပါးတွေကသာ မုန်တိုင်းစဲတဲ့အထိ မပျက်မစီး ကျန်တာ လို့လည်း သင်ခန်းစာယူတဲ့သူက ယူကြတယ်။ ဒါပေမယ့်လည်း အပွင့် အသီး အရွက် အခက်တွေက လေကြမ်းနဲ့အတူ လွင့်စင်ဝေးကွာသွားပြီး အရပ်တပါးမှာ အစေ့ထွက် အညှောင့်ပေါက်လို့ ဘဝသစ်ကို ပြန်စကြရတယ်။ လူတွေမှာလည်း အဲ့ဒီသဘောအတိုင်း ရှိပါတယ်။ နံမည်လှလှပေးရင်တော့ “Diasporas “ လို့ ခေါ်ရမှာပေါ့။ ဝေးလွင့်သွားသော သားချင်းများ လို့ ပြောတာ။ ကိုယ်တို့တိုင်းပြည်ကနေ အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံခြားမှာ ရပ်တည် အခြေချနေထိုင်သူတွေ အများကြီး ရှိတယ်လေ။ အခု အဲ့ဒီလူတွေက တော်လှန်ရေးမှာ အဓိကမောင်းနှင်တဲ့ အထောက်အပံ့ အင်အားတစ်ရပ် ဖြစ်လာတာပေါ့။

ယိုးဒယား၊ စင်္ကာပူ၊ မလေးရှားဘက်မှာ အလုပ်လုပ်နေတဲ့ မြန်မာတွေထဲမှာ တော်လှန်ရေးနဲ့ ပါတ်သက်ပြီး ဖာသိဖာသာနေနေတဲ့သူ မရှိသလောက် ရှားတယ်။ ဩစတေးလျ၊ ပြင်သစ်၊ US နဲ့ UK က မြန်မာတွေလည်း အရမ်းတက်ကြွကြပါတယ်။ ဈေးရောင်းပွဲတွေ၊ fund raising activities တွေ ပြတ်ကို မပြတ်ဘူး။ Financial support တင်မကဘူး။ technical support ပါ ရတယ်။ သူတို့ဆီမှာ သန်းခေါင် ညှဉ့်နက် မအိပ်ကြပဲ ဒီဘက်ကလူတွေနဲ့ zoom meeting တွေ မှန်မှန်လုပ်ပြီး လိုအပ်သမျှ ဝိုင်းကူစဉ်းစားကြတယ်။ အထူးသဖြင့်တော့ ကိုယ်တို့ ဆေးပညာနယ်ပယ်မှာပေါ့။ ပစ္စည်းကိရိယာ လိုအပ်တယ်ဆိုလည်း မရအရ ရှာဖွေပြီး အရောက်ပို့ကြတယ်။ အပေါ်ယံ နှမ်းဖြူးပြီး စဆရက ဝင်လုပ်ရုံမဟုတ်ပဲ ထဲထဲဝင်ဝင် စူးစမ်းပြီး specialist’s opinion ပေးကြတာ။ ကိုယ်တို့ဆေးရုံအတွက် အထောက်အပံ့ အကူအညီ အင်အားလည်း အဲ့ဒီက အများကြီး လာပါတယ်။ ဘာအကြံဉာဏ်မှ မပေးနိုင်ရင်တောင် သူတို့ဘာသူတို့ အထိမ်းအမှတ်ကလေးတစ်ခုခုနဲ့ တစ်ဆေးရုံလုံး မီးခိုးတိတ်အောင် အစားအသောက်ကလေးတွေ စီစဉ်ကျွေးမွေးစေတယ်။

ကိုယ့်ဆေးရုံက ultrasound ရိုက်တဲ့ probe ကလေးက ဩစတြေးလျမှာ ရှိတဲ့ ဟောက်ဆာဂျင် တပည့်လေးက ပို့ပေးတာ။ Digital X’ray machine ကတော့ US မှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းကနေ ရံပုံငွေ ရှာပြီး ထောက်ပံ့တာ။ ခွဲစိတ်တဲ့ မေ့ဆေးပေးတဲ့ ပစ္စည်းကိရိယာ တန်ဆာပလာတွေလည်း နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ မြန်မာဆရာဝန်တွေပဲ စုဆောင်းပြီး လှမ်းပို့တယ်။ အင်တာနက်လည်းပဲ သူတို့ကျေးဇူးနဲ့ သုံးနိုင်တာ။ နို့မို့ဆို ဆေးဝယ်ချင်တိုင်း ပိုက်ဆံအထုပ်လိုက်သယ်ပြီး မြို့တက်ဝယ်နေရရင် သေရချည်ရဲ့။ NUG အစိုးရဆီက budget နဲ့ အထောက်အပံ့တွေလည်း ရပါတယ်။ ဒါပေမယ့် တတ်နိုင်သလောက် ကိုယ့်ဘာသာ ရပ်တည်နိုင်အောင် ကြိုးစားတယ်။ ကိုယ်ယူတာများရင် သူများတွေ ရမယ့်ဆီက လျော့သွားမှာ စိုးလို့။ အပ်ဖိုးထက် သေနတ်ဖိုးက ပိုကုန်မယ် မဟုတ်လား။

အဲ့ဒီတော့ ကိုယ့်ဆေးရုံကလေး အဆက်မပြတ် လည်ပတ်လှုပ်ရှားနေတဲ့ ကုန်ကျစားရိတ်ဟာ အဓိကအားဖြင့် Diaspora တွေဆီက လာတယ် ဆိုတာ သဘောပေါက်မယ် ထင်ပါတယ်။ သူတို့ကမှ အရမ်းတွေ ကူညီနေပြီး ပြည်တွင်းကလူတွေက ဘာမှ ဝင်မကူဘူးလား လို့ မေးစရာ ရှိတာပေါ့။ ဘယ်လိုလုပ်ကူညီလို့ ဖြစ်မှာလဲ။ အဖမ်းခံရမှာပေါ့။ ကိုယ့်ဆီက ဆေးဘောက်ချာမှာ ဆိုင်နံမည်ပါတာနဲ့ အဲ့ဒီဆိုင် ချိတ်ပိတ်ခံရမှာ။ သူတို့ဆီက ဖုန်းကို ယူစစ်လို့ ကိုယ်နဲ့ စကားပြောထားတာတွေ့ရင် မတရားသင်းဆက်သွယ်မှုနဲ့ ထောင်ချမှာ။ အဲ့ဒါကြောင့် ကြောက်တတ်ရင် ကိုယ့်ကို friend list ထဲမှာတောင် မထားဘူး။ ဟိုအရင်ခေတ်က လူကြီးတွေ BBC နားထောင်ရင်း ဖုန်းလာရင် ရေဒီယိုအရင်ပြေးပိတ်သလိုမျိုးပေါ့။ ကြင်နာရင်တောင် တိုးတိုးတိတ်တိတ်လေး ကြင်နာမှာ။ ပြည်တွင်းမှာနေပြီး လိုင်းပေါ်မှာ စွာစွာ စွာစွာ လုပ်နိုင်တာ မယ်သီတို့၊ နေခြည်တို့ပဲ ရှိတယ်။ ဦးရဲထွဋ်ကြီးတောင် ဂျေးအောင်းသွားပြီ။ ဒါတောင် သူက ဒဲ့တွေလွှတ်တာ မဟုတ်ဘူး။ တွတ်ဝင်ရုံနဲ့ မလုံလို့ ဆွဲစိတာ။ အောင်မငီး ငါ့များဆို သတ်တောင်သတ်ချင်နေမှာ။ ပြည်တွင်းကလူတွေက သူ့အကြောင်းနဲ့သူ ဆူးကြားမို့ ဘူးခါးနေရတာ။ ခုနေခါ လင်တရူးမတွေ ထမီမပါပဲ နပန်းသတ်ရင်တောင် “အဲ့ကောင်မ PDF ကို ထောက်ပံ့နေပါတယ်တော့။” ဆို ဟစ်ဟစ်ပြီးတိုင်ရော။ ရေသည်ထော့ကျိုးကလည်း အဲ့ဒါမျိုး စောင့်နေတာ။ ဒါကြောင့်မို့ ကိုယ့်ဆီကို ပြည်တွင်းက လှူသမျှကူသမျှဟာ အမည်မဖော်လိုသူလှထုံ နဲ့ချည့်ပဲ ရေစက်ချရတယ်။ “ဆြာစိုးလေး ပါသွားပြီတဲ့တော့။” လို့ ကြားတာနဲ့ unfriend, unfollow, unsend လုပ်ပစ်ရတယ်။ “အခုလိုလုပ်တာ မချစ်လို့ မဟုတ်ဘူးနော်။” ပေါ့။ နားလည်ပါတယ်။

Diaspora တိုင်းကတော့ တော်လှန်ရေးအတွက် အထောက်အကူပြုနေတာ မဟုတ်ဘူးပေါ့လေ။ ပြည်သူ့ကိုကိုဆိုပြီး ဟိုရောက်မှ မျက်နှာဖုံးကွာသွားတဲ့ သူတွေ၊ ဝေါ်ကိနဲ့ပျော်၏ လုပ်နေတဲ့ သတင်းထောက်ကြီးတွေ၊ မဲဆောက်ကနေ ဇွဲနဘဲကြီးစွာနဲ့ NUG ကို ထိန်းကျောင်းနေသူတွေလည်း ရှိသေးတယ်။ ဒါတောင် ကိုယ်မထိရဲတဲ့နတ်နေကိုင်းတွေ အများကြီး။ “တော်ရုံနဲ့တော့ တက်မလာနဲ့။ တောက်ချပစ်လိုက်မယ်။” ဆိုတဲ့ ဆယ်လီမယ်တော်ကြီးများစွာလည်း တော်လှန်ရေးကို စောင့်ရှောက်ဝန်းရံလျက် ရှိကြပါတယ်။ သားတော်လေးက ပွဲကြောက်လို့ “မနီးရဲဘူး။ ဝေးဝေးကလေးနေပါ။” ဆို စီးကလက်အက်မိုင်ရာပဲ လုပ်နေရတာ။ နိုး ကွန်မန့်နော်။ Diaspora လို့ ပြောရင် သူတို့ကိုချန်ထားလို့ မဖြစ်ဘူး။ ငရဲကြီးလိမ့်မယ်။

Diaspora တွေကို မစော်ကားထိုက်သော ခင်ပွန်းကြီးဆယ်ပါးထဲ မထည့်ရင်တောင် ထိကပါးရိကပါး သရော်မော်ကားတေ့ မပြောသင့်ပါဘူး။ သူတို့လည်း ရင်းနှီးပေးဆပ်ထားရတာ အများကြီးပါ။ ပြည်တွင်းမှာ အောင်မြင် အခြေကျ လိုတိုင်းရနေတဲ့ ဘဝတစ်ခုကို လက်လွှတ်အဆုံးသတ်ခဲ့ပြီး အလွန်ဝေးကွာတဲ့ အရပ်ဒေသမှာ ဘဝသစ်ကို တစ်က ပြန်စထားရတာ။ အဲ့ဒါ တော်ရုံလူတွေ လွယ်လွယ်ကူကူ လုပ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ဘူး။ ပြည်သူ့အချစ်တော် အနုပညာရှင်တွေက ကုသမင်း အိုးဖုတ်၊ ဖျာယက်၊ ထမင်းချက်သလို မထင်မရှားဘဝနဲ့ အသက်မွေး ဝမ်းကျောင်းရတယ်။ အိုးပိုင်အိမ်ပိုင် အလုပ်အကိုင်တွေကို စွန့်ခွါပြီး တစ်ဝမ်းတစ်ခါး ရှာစားရင်းက ဇာတိရပ်ရွာက အပူတွေကို သူတို့ကူထမ်းပေးနေတာလေ။ တကယ်ဆို နေသာသပ လေညှာက မဟုတ်လား။ “နင်တို့ အားမပေးလည်း ရတယ်။ ငါ့မှာရှိတဲ့ ပက်ဆံက ဆယ်သက်ထိုင်စားလည်း မကုန်ဘူး။” ဆိုပြီး ခရိုနီနဲ့ မင်္ဂလာအခါခါဆောင်နေတဲ့ မင်းသမီးလိုမျိုး သူတို့လည်း ပြောလို့ ရပါတယ်။ အခြေအနေချင်းက အတူတူပဲ။ စိတ်ဓါတ်ချင်းသာ ကွာသွားတာ။ နေသာတဲ့အရပ်ကို ရောက်ပေမယ့် မနေစိမ့်နိုင်တဲ့သူတွေ။ သူတို့ရှာထားတဲ့ ပိုက်ဆံက ရွှေမှော်အောင်သလို လွယ်လွယ်နဲ့ ရလာတာ မဟုတ်ဘူး။ နောက်မိန်းမယူပြီး လူစွာလုပ်ဖို့ သုံးပြကြွယ်ပြနေတာလည်း မဟုတ်ဘူး။ ဒါကြောင့်မို့ အများကြီး တန်ဖိုးထားရပါတယ်။ ရွှေပန်းကန် နဲ့ ထမင်းစားဖိတ်လို့ ကြမ်းပြင်ပေါ် လေးဘက်ကြီးကုန်းပြရတဲ့ ဘီလျံနာအိမ်က သဒ္ဓါကြေးကူငွေမှ မဟုတ်တာ။ Diaspora ချင်းတူပေမယ့် တိုင်းပြည်အတွက် စေတနာချင်း မတူပါဘူး။

တကယ်တမ်း စဉ်းစားကြည့်တော့ အဲ့ဒီ diaspora ထဲမှာ ကိုယ်လည်း ပါတာပဲလေ။ နိုင်ငံခြားကို ရောက်မသွားတာပဲ ရှိတာ။ အာဏာမသိမ်းခင်က ရှိခဲ့တဲ့ ကိုယ့်ဘဝတစ်ခုလုံးကို သံယောဇဉ်ဖြတ်ပြီး နိက္ခမပါရမီနဲ့ တောမှီကျင့်ကြံရတာ။ အခုရှိနေတဲ့ဘဝဟာ အရင်ကနဲ့ ဘာမှမဆိုင်ဘူး။ အသစ်တည်ဆောက် ထားရတာ။ တောင်ထနောင်းကိုင်းက မြောက်ထနောင်းကိုင်း ကူးတာ မဟုတ်ဘူး။ ကိုယ်က တမင်ရွေးချယ်တာ မဟုတ်ပေမယ့် ဒီအတိုင်းပဲ ဖြစ်သွားတယ်။ ရန်ကုန်မှာ ပေကပ်ပြီး ဆက်နေရင် ထောင်ထဲရောက်သွားတာ ကြာပေါ့။ ထောင်ထဲရောက်သွားရင် ဘာဆိုဘာမှ မလုပ်နိုင်တော့ဘူးလေ။ ဘယ်လောက်ပဲ အရည်အချင်းရှိရှိ၊ အထဲရောက်သွားတဲ့ ကိုမင်းအို နဲ့ အပြင်မှာကျန်ခဲ့တဲ့ ကိုနဝနတို့ အခွင့်အရေးချင်းက ဘယ်လောက်ကွာခြားသလဲ။ မြင်တယ်မဟုတ်လား။ disabled ဖြစ်နေမှာထက်စာရင် displaced ဖြစ်နေတာက အသစ်ပြန်စဖို့ အခွင့်အလမ်းရှိတယ်။ အစတုန်းကတော့ ရည်ရွယ်တာ သင်္ဘောသီးထောင်း ဝင်စားပြီး အဆိုင်လမ် လျှောက်မလား လို့။ ကိုယ့်မှာ ဗီဇာလည်း လျှောက်ပြီးသား၊ ဟိုရောက်ရင် အလုပ်ပေးမယ့် သူငယ်ချင်းလည်း ရှိတယ်။ အင်တာဗျူးဝင်ရမယ့် လမ်းကြောင်းလည်း သိတယ်။ အသည်းအသန် ကူးခတ်မနေလည်း ရေမျောပြီး ကမ်းတင်သွားမယ့်ကိစွ။ ဒါပေမယ့်လည်း ရွေးချယ်စရာ ဒွိဟတိုင်းမှာ ကိုယ့်စိတ်သဘာဝအတိုင်း ယုံကြည်ရာကိုသာ ရွေးခဲ့တယ်။ အခုလျှောက်တဲ့လမ်း ခက်ခဲကြမ်းတမ်း ပင်ပန်းမှန်း သိပါတယ်။ အခန့်မသင့်လို့ သေသွားတော့ရော ဘာဖြစ်သေးလဲ။ ကိုယ့်ရဲ့ နောက်ဘဝဆိုတာ ခုဘဝထက် မသာစရာ ဘာအကြောင်းမှ မရှိဘူး။ အဟောင်းပစ်ပြီး အသစ်ယူရမယ့်အရေးကို ထိတ်လန့်ဝမ်းနည်းနေရမှာလား။ နောက် ၅ နှစ်လောက်ဆို ပင်စင်ယူရမယ့်အလုပ်တစ်ခုအတွက်နဲ့ ခံဝန်ထိုးပြီး ရှိခိုးဦးတင် သောင်းဘင်မယ့်လူမှတ်လို့။ ၆၅ နှစ်မှာ ပင်စင်မယူရဲတာနဲ့ ကြည်း ရေ လေ တပ်မတော်ကြီးတစ်ခုလုံး စစ်သားတစ်ယောက်မှ မကျန်သည်အထိ ထိုးကျွေးတာ နင်တို့အဘပဲ ရှိမယ်။

ကိုယ်တို့တွေ diaspora ဖြစ်တဲ့အကြောင်းရင်းဟာ ဟိုဘက်မှာ သာတယ်ထင်လို့ ကူးခဲ့တာ မဟုတ်တဲ့အတွက် မမြင်ဖူးတာတွေမြင်၊ မစားဖူးတာတွေစားရတိုင်း လိုင်းပေါ်မှာ တက်တက်မကြွယ်ပါဘူး။ “ချစ်တို့ရေ။ မေရီးကားဆိုတာ နတ်ပြည်ကြီးလိုပဲ သပ်လား။ DV လျှောက်နည်းသင်ပေးမယ်။ like & follow လုပ်ထားနော်။ အကောင်းဆုံးကတော့ သူများလို မေရိကန်လင်ယူပြီး လာခက်လိုက်။ ဗက်ဟက်ဟက်။” ဆိုတဲ့လူတွေနဲ့တော့ ဘယ်တူပါ့မလဲ။ Diaspora တွေ ကိုယ့်တိုင်းပြည်ကို ပြန်ကူတယ်ဆိုတာ ဒီမျိုးဆက်မို့ ကူတာလေ။ နောက်မျိုးဆက်တွေရောက်ရင်သူတို့မွေးဖွားကြီးပြင်းရာမြေ မဟုတ်တဲ့အတွက် ဟိုဘက်နိုင်ငံသားတစ်ပိုင်း ဖြစ်သွားပြီ။ စိတ်ဝင်စားသေးရင်တောင် အရမ်း foreigner ဆန်သွားပြီ။ မျိုးရိုးသာ ရှိတော့တယ်။ ဇာတိက ဒီမှာ မဟုတ်တော့ပဲကိုး။

ဟောင်ကောင်ကျွန်းကို ဗြိတိသျှ ဓနသဟာယ လက်အောက်ကနေ တရုတ်ပြည်မကြီးဆီကို ပြန်လွှဲတော့ လူငယ်လူရွယ် မျိုးဆက်သစ်တွေက ခါးခါးသည်းသည်း ဆန့်ကျင်ကြသတဲ့။ လွတ်လပ်စွာ မွေးဖွားလာပြီးမှ တစ်ပါတီ ကွန်မြူနစ်အစိုးရအောက်ကို ဘယ်သူက ပြန်ဝင်ချင်မှာလဲ။ အဲ့ဒီအခါကျတော့ ကွန်မြူနစ်ဘိုးအေကြီးတွေက ဘာပြောသလဲ သိလား။ “ပေပေါင်းတစ်သောင်းမြင့်တဲ့ သစ်ပင်ဖြစ်ပစေ၊ အသီးကြွေရင်တော့ မြေပြင်မှာ အစေ့ကျရစမြဲပဲ။” တဲ့။ ကမ္တာတလွှား ဘယ်နေရာကိုပဲ ရောက်နေရောက်နေ တရုတ်သွေးပါတဲ့ diasporas တွေဟာ တချိန်မှာတော့ တရုတ်ပြည်မကြီးကို ပြန်လာရမှာပါ လို့ ဆိုချင်တာပါ။

ဒါပေမယ့် ကိုယ်တို့မြန်မာပြည်က diaspora တွေကတော့ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ နှိုးဆော်တိုက်တွန်းမှုမှမပါပဲ ကိုယ့်ဘဝကိုယ် အရင်းအနှီးပြုလို့ ဘဝပေး အတွေ့အကြုံ ခံစားချက်တွေနဲ့ ကိုယ့်တိုင်းပြည်မှာ အာဏာရှင် အမြစ်ပြတ်အောင် တော်လှန်ရေးမီးတောက်တွေထဲ ခုန်ဆင်းလာကြတယ်။ နောက်ထပ်လည်း လာနေကြဦးမှာပဲ။ အခုဆို ၁၈ နဲ့ ၃၅ ကြား လူငယ်လူရွယ်တွေအားလုံး PDF ထဲ ဝင်ချင်လို့ လမ်းကြောင်း အကြံဉာဏ်ပေးစမ်းပါ ဆိုပြီး အကူအညီတောင်းနေတာတွေကို ဘယ်လိုစာပြန်ရမှန်းတောင် မသိဘူး။ စစ်မှုမထမ်းမနေရဆိုမှတော့အသက်ပေးပြီး ကျွန်ဖြစ်မယ့်လမ်းထက် အသက်စွန့်ပြီး ကျွန်ဘဝက လွတ်မယ့်လမ်းပဲ ရွေးကြမှာပေါ့။ နောင်ကျရင် အဲ့ဒီဥပဒေကို PDF စုဆောင်းရေးဥပဒေ လို့ သမိုင်းတွင်သွားမလား မသိပါဘူး။ သက်ရောက်မှုကြီးမားတဲ့ diasporic factor တစ်ခုဆိုတာတော့ သေချာပါတယ်။ ဘားတိုက်ဆောင်တွေ အသစ်ထပ်ဆောက်ထားဦးမှပါလေ။

“အဝေးကလမ်းဟောင်းကလေးကို

ငါဟာနှုတ်ဆက်။

အမေ့ရဲ့ မျက်ရည်စက်တွေ

ငါဟာနှုတ်ဆက်။

အပြာရောင်ကျောပိုးအိပ်တစ်ခုထဲ

ဒဏ်ရာဟောင်းကလေးကိုထည့်

သွားရတော့မယ်…။”