ချန်ဂင်တို့စခန်း (၂၃၄)

ကိုယ်တို့ငယ်ငယ်တုန်းကတော့ ဆန်ဆိုတာ သမဆိုင်က ဝယ်ရတဲ့ဟာမို့လို့ ခဲ သလဲ ဖွဲ ဆန်ကွဲ မစင်ဘူး။ ထမင်းချက်ခါနီးတိုင်း ဆန်မဆေးခင် ဆန်ကောလေးတစ်ချပ်နဲ့ ပျာတီးသန့်စင်ပြီး စပါးလုံးကောက်ရတယ်။ ဆန်တွေကို ဆန်ကောထဲထည့်ပြီး လေးငါးချက်လောက်မွှေ့ ၊ ဗျပ်ကနဲဗျပ်ကနဲ ခါထုတ်လိုက်ရင် စပါးလုံးကသပ်သပ်၊ ဆန်ကွဲကသပ်သပ်၊ ခဲလုံးကသပ်သပ်၊ သူ့ဟာနဲ့သူ တူရာတူရာ စုသွားပြီး မလိုချင်တာကို ကောက်ယူလွှင့်ပစ်လိုက်ရုံပဲ။ ဆန်ကျိုးဆန်ကွဲတွေဆိုလည်း ဆန်ကောင်းနဲ့ တူတူရောမချက်ပဲ ဆန်ပြုတ်ပြုတ်ဖို့၊ ခွေးစာဝက်စာကျိုဖို့လောက်သာ ထားတယ်။ ဟော အခု ခွေးပစ်တဲ့တုတ်က အာဏာထသိမ်းလိုက်တဲ့ ၃ နှစ်ကာလမှာလည်း ဆန်ကောဝိုင်းဆန်ပျာလိုက်သည့်အလား တူရာတူရာတွေစုသွားကြတာပါပဲ။ ကိုယ်တွေက ကိုယ်တွေသပ်သပ်၊ ဟိုခွေးသူတောင်းစားတွေက ခွေးသူတောင်းစားသပ်သပ် ဖြစ်သွားတာ မြင်တယ်မှလား။ ဒီဘက်မှာ ရှိနေတာ ဘယ်လိုလူတွေလဲ၊ ဟိုဘက်မှာ အမြီးနန့်နေတာ ဘာကောင်တွေလဲ။ သိသိသာသာကို ကွဲပြားသွားတာ။ မျက်နှာဖုံးတွေကွာပြီး ဘယ်သူဘာလဲ သိနေမှတော့ လွှင့်ပစ်လိုက်ဖို့ပဲ ကျန်တော့တယ်။ ပစ်လည်းပစ်ထားပါတယ်။ တချို့ဆို ငယ်စာရင်းရော ကြီးစာရင်းရော ဖျက်ပလိုက်ပြီ။ လမ်းတွေ့ရင်လည်း ခေါ်မှာ မဟုတ်ဘူး။ Facebook ပေါ်လည်း Friend မဟုတ်တော့ဘူး။ အာရုံနောက်ရင် Block ကို ထားလိုက်တာ။ ဒီလိုလူတွေနဲ့ အကျွမ်းတဝင် မချစ်ခင်ရခြင်းသည်လည်း မင်္ဂလာတစ်ပါးပဲ။ နို့မို့ အကုသိုလ်များတယ်။

ကိုယ့်ကိုယ်ကိုယ် ဘယ်လိုအတန်းအစားမှန်း မသိရင် အနားမှာ တူရာတူရာ စုဝေးမိတဲ့ ချိဖချိမရီးတွေကို ပတ်ရှိုးလိုက်လေ။ Friend list ထဲမှာ ဘယ်သူတွေရှိသလဲ။ ဘယ်လိုလူတွေကို follow လုပ်ပြီး ဘယ်သူ့ post တွေ ရှဲနေသလဲ။ ကိုယ့် wall ပေါ်မှာရော ကိုယ့်အခွက်ကြီးကိုယ်မပြရဲပဲ ဘုရားပုံတလှည့်၊ ပန်းရောင်စုံလေးတွေတလှည့်၊ သောတာပန်ပုဂ္ဂိုလ်ကြီး လုပ်နေပြီလား။ ဒါဆိုရင် သေချာနေပါပြီ။ နောက်ဘွကျ လီလီနိုင်ကျော်နဲ့ ရေစက်ဆုံမယ့် ပဌါန်းဆက်တွေ။ သုံးနှစ်လုံးလုံး ဘာ post မှ မတင်ပဲ silence of the lamb လုပ်နေပြီး လူကြီးတွေမွေးနေ့ကျမှ ထွက်ထွက် ဆုတောင်းပေးနေသူတွေလည်း အတူတူပ။ အိုင်ကတော့လေ ဆရာကြီးသက် လက်ထက်မှာ အောင်လက်မှတ်တွေရ၊ အလုပ်တွေဆင်းပြီး feeling happy at ဆေးရုံကြီး လုပ်နေရင်ကို un ပစ်လိုက်တယ်။ ဟိုဘက်လှေပေါ်က လှေထိုးသားတွေဟာကို။ သူတို့ကလည်း “Who cares?” လို့ပဲ ပြန်ပြောမှာပါ။ ငါဟာ မင်းအတွက် ဘောင်မဝင်တဲ့သူလေ။ “ချစ်သူ၊ ပညာ၊ ဥစ္စာရဖို့ သင့်ရာဒေသ အမြဲနေ” ဆိုတဲ့ မင်္ဂလာတရားတော်နဲ့အညီ နေထိုင်သူတွေမို့ ကိုယ်လိုလူမျိုးဟာ ရှော့ခ်ရှိတယ်။ “မမှီဝဲနဲ့။ ကင်းအောင်နေ”ဆို အန်ချင်းအန် သူတို့အရင်အန်ထားပြီးသား။

အမ်းမှာနေတုန်းက အဲ့ဒီဒေသက အရွေးခံထားတဲ့ ဘောင်းဘီချွတ် လွှတ်တော်ကိုယ်စားလှယ်ကြီး ရှိတယ်။ အိမ်တော်အကြီးကြီး ရှိပေမယ့် လူက အဲ့ဒီမှာ မနေပါဘူး။ရွေးကောက်ပွဲနီးမှ အလှူကြီးအတန်းကြီးလုပ်ပြီး မျက်နှာလာလာပြတာ။ သိတဲ့အတိုင်း ကိုယ်တွေကလည်း ဖိတ်ကြားအပ်သော ဧည့်သည်တော်ကြီးပီပီ ကြွရောက်ချီးမြှင့်ရတာပေါ့။ ဆေးရုံပြန်ရောက်တော့ ဘုန်းကြီးကျောင်းက လူနာတစ်ယောက် လက်ဆောင်ပါလာတယ်။ ရှိုက်ကြီးတငင်ငင် ငိုယိုတက်ချက်ပြီး လူးလှိမ့်နေတဲ့ ဗလတောင့်တောင့် ယောက်ကျားကြီး။ ဖြစ်မှဖြစ်ရလေ။ နှာတွေနှပ်၊ ခြေမချိုး၊ ဆေးတွေထိုးပေါ့။ အဲ့ဒီခေတ်ကတော့ နဂါးပူးတာတွေဘာတွေ ခေတ်မစားသေးဘူး။ သို့သော်လည်း ကိုကြီးကျော် နတ်သံနှောတော့မှ သူ့ပယောဂကို သိတော့တယ်။ အလှူမှာ သူ အမှားလုပ်မိလို့ သူ့ကို အဘက ဆူလိုက်တယ်တဲ့။ “အဘ စိတ်ဆိုးမှာ သူ မခံစားနိုင်ဘူး။ သေပလိုက်မယ်။ သေပလိုက်မယ်။ အခု သေပလိုက်မယ်။” ဆိုပြီး ငိုကာယိုကာနဲ့ ဆေးရုံရောက်လာတာ။ အဘဆီက “ခွင့်လွှတ်တယ်” ဆိုတဲ့စကား ကြားရမှ ဒီဆေးရုံက ပြန်မတဲ့။ ကဲ မေးပေးဦး။ ဒီလူနာ DC ချလို့ ရပြီလား။ တချို့လူတွေ လူကြီးအိမ်မှာ နေရာရတယ်ဆိုတာ ထမင်းချက်၊ အဝတ်လျှော်၊ အိမ်ဖော်အဆင့်ထက် မပိုပါဘူး။ အဲ့ဒါကိုပဲ သူတို့မှာ အရူးအမူး။ ဘယ်သူ့သတ်ရသတ်ရ။ ကျွန်ရာဝင်ချင်ကြတာ။ အခု ပျူစောထီးဖြစ်နေတာ အဲ့လိုကောင်တွေချည့်ပဲ။ သူတို့လို ကလေကဝ အစုတ်အပြတ်တွေ မပြောနဲ့။ ကိုးကန့်မှာ နန်းတင်ထားတဲ့ ဘီလျံနာ ပယ်ဆောက်ချိန်ကြီးတောင် လည်ပင်းစာဆွဲပြီး ထိုးကျွေးပစ်တာ မြင်တယ်မှလား။

အခုရက်ပိုင်း ဗိုလ်ခြေတစ်ထောင်၊ တပ်ပြေးတစ်သိန်း ဒေစီဂျိန်းမကြီးခမျာ ထိန်ခုတ်ယုန်ထိုး ဆဲနည်းမျိုးစုံနဲ့ လေကြောင်းရန်ဖြစ်ကူကလွဲရင် မြေပြင်မှာ စစ်ချီစစ်ထွက်ပွဲလုပ်စရာ စစ်သည်ဗိုလ်ပါ မူးလို့တောင် ရှူစရာမရှိတာကြောင့် ထောင်သားတွေကိုထုတ်၊ ပျူငုတ်တွေကို ဦးစီးပြီး စစ်တိုက်ခိုင်းရသတဲ့။ အတုံးအရုံး မသာချ၊ ဂတုံးတစ်တုံး ရှာမရ၊ ဘုန်းဘုန်းဝါသဝ ရဲ့ ပျူစစ်သည်များဆိုပဲ။ ကောလင်းဘက်မှာ ပွဲတွေဖြစ်နေတာ။ ကိုယ်တို့ဆီမှာလည်း ပွဲမပြတ်ပါဘူး။ သူတို့တပ်ရင်းလာဝိုင်းတော့လည်း လက်နက်ချ အရှုံးပေးရမယ့်အတူတူ အဲ့ဒီလက်နက်တွေကို SNA ဆီ ထုတ်ပေး၊ သွေးကြွအောင် မြှောက်ပင့်ပေးလိုက်ရင် ခဏလေးဖြစ်ဖြစ် အေးစေ သက်သာ ပိုက်ဆံရှာပြီး အသက်ရှုချောင်တာပေါ့။ ကိုယ့်ဘက်မှ လှည့်မလာနိုင်သေးတာ။ “ညီလေးတို့သာ အချင်းချင်း ပြတ်အောင် ဆော်နှင့်ကြပါ။ ဘွီးတို့က မလွတ်မြောက်နိုင်တာ သေချာတာနဲ့ အလံဖြူလေးတင်ပြီး အလင်းဝင်ဖို့ ပြင်ဆင်ထားပြီးသား။” လို့ သတင်းစကားများတောင် ပါးလာသေး။ မထင်မှတ်ပဲ ကြုံမှ၊ ယုံရ၊ အကုန်မာယာတွေချည့်ပါ။

လူတစ်ယောက်က တခြားလူတစ်ယောက်ကို၊ အဲ့ဒီထက်ပိုပြောရရင် လူတစ်စုက ထောင်သောင်းများစွာသော ပြည်သူလူထုကို နိုင့်ထက်စီးနင်း ပြုချင်တိုင်း ပြုမူနိုင်ဖို့အတွက် ဘာတွေလိုပါသလဲ။ အနိမ့်ဆုံးအဆင့်ကတော့ သူတို့ဘာပြောပြော သူတို့ဘာလုပ်လုပ် မှန်တယ် တရားတယ် ဆိုတဲ့ ယုံကြည်မှုတစ်ခု လိုတာပေါ့။ အဲ့ဒီတော့ ဘယ်အုပ်ချုပ်သူမဆို သူ့ဘက်မှာ ဘုရားသခင်ရှိတယ်။ သူလုပ်သမျှ တရားဓမ္မနဲ့ညီတယ် လို့ ထင်မြင်လာအောင် မာယာသာဌေယျတွေနဲ့ လိမ်လည်လှည့်ဖျားခြင်းအတတ်ကို အစွမ်းကုန် အသုံးချပါတော့တယ်။ ဘုရင်တွေ သာသနာပိုင်နဲ့ ပင်းတယ်ဆိုတာ ဘယ်ပဒေသရာဇ်နိုင်ငံမှာဖြစ်ဖြစ် တွေ့ကိုတွေ့ရတတ်တဲ့ အစဉ်အလာတစ်ရပ်။ ကိုယ်တို့မြန်မာဘုရင်တွေလည်း ဘုရားနဲ့ မရမက ဆွေမျိုးတော်နိုင်အောင် သာကီဝင်ဆိုပြီး မောင်နှမအချင်းချင်း ယူကြ၊ ပြီးရင် အဲ့ဒီမောင်နှမအချင်းချင်းပဲ ကိုယ်ကလွဲမျိုးဆက်မကျန်အောင် ပြန်သတ်ကြနဲ့ ထီးရိုးနန်းရိုး ကာကွယ်လာကြတာပဲ။ ဆွေမျိုးစပ်ရုံနဲ့ အားမရရင် “အရင်ဘဝကတည်းက ဘုရားကမှာခဲ့သလေ” ဆိုပြီး ဗျာဒိတ်ယူပလိုက်တာ။ ဘာသက်သေမှမလိုဘူး။ ဘုရားတစ်ဆူကောက်တည်၊ နတ်ကတော် ဗေဒင်ဆရာတစ်သိုက်နဲ့ ပြောချင်ရာ ပြောခိုင်းလိုက်ရင် ကိစ္စပြတ်တယ်။ ဒါမျိုးတွေ ပုဂံခေတ်ကတည်းက ၃ ခါလောက် အပ်ကြောင်းထပ်အောင် သုံးပြီးသား။ မန်းလေးသားတွေတောင် ဘုရားကို ဘယ်နေရာမှ သုံးစားမရတဲ့ ဆီလီကွန်ကြီး ၂ လုံးဖြတ်လှူခဲ့တာ ဟောဒီမှာ ဆို တောင်ထိပ်ပေါ်က ဂျင်းထည့်ပြတာ ယုံကြတုန်း။ ခုနေများ ဘုရားအသစ်တည်လို့ ရုပ်ထုထားမယ်ဆို ကိုရန်လေးကို မကြီးစိုး ပေါက်စီဆွမ်းကပ်တဲ့ပုံ ထုကြမလား မသိ။

ဒီနည်းက ကြင်စိုးအတွက်လည်း သုံးလိုက်တာ ကမ်းကိုကုန်လို့။ ဂူကြီးရော၊ ဒူကြီးရော၊ သူ့အိပ်ထဲကောက်ထည့်ရုံ အားမရလို့ မဘသတံဆိပ်တပ်ပြီး တသာသနာလုံးရဲ့ ကျေးဇူးရှင် လုပ်ချင်သေးတာ။ အခုတော့လည်း ဘာယတြာမှ မစွမ်းလို့ “စကားမပြောတဲ့ရှမ်းဘုန်းကြီးကို တိုင်ကာမငိုတော့ပါ။” ဖြစ်သွားပြီ။ လိမ်တဲ့ညာတဲ့အလုပ်ကို မိုင်ကုန် ဂိတ်ဆုံးတဲ့အထိ တင်ထားတာ ဇော်မဲလုံး နဲ့ မြဝတီရုပ်သံမှာ မြင်တဲ့ကြားတဲ့အတိုင်းပါပဲ။ သူများ လိမ်မရရင် ကိုယ့်အချင်းချင်း ပြန်လိမ်၊ ကိုယ့်ပေါင်ကိုယ် ပြန်လိမ်။ “တောင့်ထား ဗိုလ်လေးရေ။ လေယာဉ်တွေ လွှတ်လိုက်ပြီ။” ဆို သူမသေမချင်း ကိုယ်မသေမချင်း လိမ်နေတုန်း။ ဒီဆေးနဲ့တော့ မတိုးတော့ပါဘူးနော့။

လိမ်လို့မရရင် အကြောက်တရားကို သုံးတယ်ဗျ။ “ငါ့ကို အာခံရင် ဖမ်းမယ် သတ်မယ်။ ငါ အုပ်ချုပ်တာ မခံချင် ဒီတိုင်းပြည်မနေနဲ့။ အခုထွက်သွား။” ဆိုပြီး ပတ်ကြမ်းတိုက် အုပ်ချုပ်တာပေါ့ဗျာ။ သူ့လက်အောက်က လွတ်မြောက်မှာမြင်ရင် အမြစ်ပါမကျန်အောင် မြေလှန်ပစ်ခဲ့မယ် ဆိုတဲ့သဘောနဲ့ စာသင်ကျောင်းတွေ ဆေးရုံတွေအပေါ် လေယာဉ်နဲ့ ဗုံးကျဲပြတာပေါ့။ ဘုန်းကြီးတောင် ရာဇောဝါဒဟောတဲ့ ဘုန်းကြီးဆို သတ်ပစ်တယ်။ ဘုရားဟောထဲမရှိရင် သီဟိုဠ်ကျမ်းထဲသွားရှာချေ။ “ရဲဘော်မသေ သေသော်ငရဲမလား” တရားတော်ပဲ နာလိုသတဲ့။ ဘုန်းကြီးကျောင်း၊ church ကျောင်း၊ ပလီ အကုန်ပြာကျသွားအောင် မီးရှို့နေတာ။ ဘယ်ဘုရားသခင်ပဲဖြစ်ဖြစ် စစ်သားစော်ကား ငရဲလား သွားရမယ် ဆိုပြီး ဥပဒေရဲ့အထက်တင်မကဘူး။ သာသနာတိုင်းရဲ့အထွဋ်အထိပ်မှာ ကိုယ်တိုင် တက်ထိုင်ချင်တာလေ။ အဲ့ဒီအတွက် “ဘယ်သူ့ကိုမှ အထာမထား၊ သူ့စကား နားမထောင်ရင် အကုန်သတ်ပစ်မယ်။” ဆိုပြီး တနိုင်ငံလုံး ဖိန့်ဖိန့်တုန်သွားအောင် အကြောက်တရားတွေမွေးမြူပြီး အုပ်ချုပ်နေတာ မဟုတ်လား။

လူတစ်ယောက်က တခြားလူတစ်ယောက်ကို အစိမ်းအကျက်၊ အရွယ်အစားမရွေး၊ ဘာအကြောင်းပြချက် ဘာချွင်းချက်မှ မရှိပဲ လက်ရဲဇက်ရဲ သတ်နိုင်ဖို့က ထင်သလောက် လွယ်ပါ့မလား။ သူတို့အတွက်တော့ လွယ်တယ်ဗျ။ ဆိုင်ကော်လောဂျစ်ကဲ ဝါးဘုရားတွေ လေ့ကျင့်တတ်မြောက် ထားတာ မဟုတ်လား။ စစ်သားတွေကို စဉ်းစားခွင့်မပေးနဲ့လေ။ သေမလား သတ်မလား နှစ်ခုပဲ ရွေးခိုင်းလိုက်။ ဘယ်သူမဆို ကိုယ့်အသက်တော့ အသေခံမှာ မဟုတ်ဘူး။ “ဒီကောင့်ကို ငါမသတ်ရင် ဒီကောင်က ငါ့ကိုသတ်မှာ။” ဆိုတဲ့ အသိစိတ်ကလေး ခေါင်းထဲထည့်ပေးလိုက်။ အင်္ဂုလိမာလကို လက်ညှိုးတစ်ထောင် ဖြတ်ခိုင်းသလောက်တောင် မခက်ဘူး။ “နင်တို့ တစ်ရွာလုံးကို သတ်မလို့လာတဲ့ ကောင်တွေလေ။” လို့ မီးညှိပေးလိုက်ရင် အရှင်လတ်လတ် မီးရှို့သတ်တာ တစ်ရွာလုံး ထိုင်ကြည့်နိုင်တယ် မှလား။ စစ်တပ်က အခု သူ့စစ်သားတွေကို အဲ့ဒီဗျူဟာသုံးပြီး စစ်တိုက်ခိုင်းရတဲ့ အခြေအနေတော့ ရောက်လာပြီ။ “မင်းတို့ကောင်တွေ လက်နက်ချအညံ့ခံဖို့ မစဉ်းစားနဲ့။ ဟိုဘက်ရောက်ရင် ဟိုဘက်ကသတ်လိမ့်မယ်။ ဒီဘက်ပြန်လာရင်လည်း ငါကသတ်မှာပဲ။ ရောက်တဲ့အရပ်မှာ မသေမချင်းတိုက်။” ဆို ချောင်ပိတ်ထားလိုက်တာ။ သူ့စစ်သားတွေ သူ့အမိန့်နာခံဖို့ အကြောက်တရားကိုပဲ ပြန်သုံးရတာလေ။ မုသားတွေ မာယာတွေမှ မတိုးတော့ပဲကိုး။ နေပြည်တော်မှာ စောင်နီလေးတစ်ထည်ကို အကယ်ဒမီပေးတော့ ရှမ်းမြောက်က မျောက် ၃ ကောင် နဲ့ ကချင်တွေက ဘာပြောတုန်း။ မေးပေးကြပါဦး။

စစ်အာဏာရူးတွေ ထွက်ပေါက်ရဖို့ တနိုင်ငံလုံးက လက်နက်ကိုင်တွေကို အပြန်အလှန် သွေးချောင်းစီးအောင် ချေမှုန်းကြတဲ့အထိ ဘယ်သူမဆို သရဲမရဲစီးပြီး လူသတ်ချင်တဲ့စိတ်တွေ မဖြစ်ဖြစ်အောင် စိတ်ဓါတ်စစ်ဆင်ရေးလုပ်နေတယ်။ ကိုယ့်လိုမျိုး သူတော်ကောင်းဆရာဝန်လေးတောင်မှ “အင့် မင့်လက်ထဲကို ဘူးလက် လှဆွေရယ်၊ မင်းကင်းမောင်မြင့်ရယ်၊ ရေသည်ထော့ကျိုးရယ် ဝကွက်အပ်တယ်။” ဆိုလာရင် တစ်ကောင်မှ အရှင်မထားဘူး။ သတ်ပစ်မှာ။ “နင်မသတ် နင့်သတ်မှာ။” တောင် ပြောစရာမလို။ သတ်ချင်ဖြတ်ချင်စိတ်တွေ ပေါ်နေပါတယ်ဆို။ ဒီကောင်တွေ ဒီ့ထက်ပိုဆိုးလာလို့ကတော့ “ဘယ်စစ်သားမြင်မြင် သတ်ချင်တယ်ကွာ။” ဆိုတဲ့စိတ် တနိုင်ငံလုံးမှာ ဖြစ်တော့မှာ။ ဖြစ်တောင်ဖြစ်နေကြပြီ။ သူတို့ကလည်း ဖြစ်စေချင်နေတာလေ။ ဒါမှပဲ သူ့စစ်သားတွေက သူ့အတွက် အသေခံတိုက်တော့မှာ မဟုတ်လား။ ၃ နှစ်လုံးလုံး သူများအသက်တွေ ဒိုင်ခံသတ်လာတဲ့ စစ်ဗိုလ်စစ်သားတွေ။ အခု ရှေ့တိုးလည်း တံပိုး၊ နောက်ဆုတ်လည်း လှည်းတုတ်။ နင်တို့အသက် နင်တို့ ဘယ်လိုလွတ်အောင်ကြံမလဲ။ စဉ်းစားစမ်း။ အသက်ဉာဏ်စောင့်၊ ဥစ္စာ ကံစောင့် တဲ့။ လူလည်တွေ လွတ်ကုန်ပြီ။ သောက်အ ကြီးတွေ သေပစေဟာ။

ငါကလည်း နင်တို့ကိုမလွတ်စေချင်ပါဘူး။ ဒီတိုင်းပဲ သူမသေမချင်း ကိုယ်မသေမချင်း ဆက်တိုက်ကြတာပေါ့။ ငြိမ်းချမ်းရေးဆိုတာ ဝမ်းပျဉ်းသား နှိုက်စားမယ့် ကြားပွဲစားတွေ လူကြားကောင်းအောင် ဟန်ဆောင်တဲ့စကားတွေပါ။ ဂျင်းစော်နံလှတယ်။ ကိုယ့်အသေဆော်တုန်းက ဘယ်သူမှ ဝင်မဆွဲဘူး။ လက်ပိုက်ကြည့်နေတာ။ တံခါးလေး ဖွင့်လိုက်ပိတ်လိုက် လုပ်ပြီး။ အိုင်တို့လည်း ဒီခရီးထိရောက်လာတာ အဲ့လိုမှ ပြန်မသတ်ရင် ကိုယ့်သတ်သွားမှာ သေချာလို့၊ မသေလို့ ကျန်ရစ်ရတဲ့ ဘဝကို ကာကွယ်နေရတာ။ လူတွေကို “အချင်းချင်း မသတ်ရင် အသက်မရှင်နိုင်ဘူး။” ဆိုတဲ့ ဘဝပေးအသိ ခေါင်းထဲရိုက်သွင်းနေတဲ့ စစ်အာဏာရှင်ကို မတားဆီးပဲ “သည်းခံလိုက်ပါ သူကြီးရာ။ သည်းခံလိုက်ပါ သူကြီးကတော်” လုပ်ရအောင် လင်မယားရန်ဖြစ်တဲ့ ကိစ္စလည်း မဟုတ်။ ၃ နှစ်ကျော်လို့ သေတာလည်း လူတစ်သိန်းပြည့်တော့မယ်။ တစ်ခါလာလည်း မူဝါဒငါးချက်။ လက်တွေ့မှာ ဘာတစ်ခုမှ ဖြစ်မလာတာ မရှက်ဘူးလား။ အိမ်တွင်းအကြမ်းဖက်မှုတွေဟာ ဘေးအိမ်က ရေငုံနှုတ်ပိတ်၊ မသိကျိုးကျွံပြုတဲ့သူတွေမှာလည်း တာဝန်မဲ့တယ်၊ ညှာတာသနားမှုကင်းတယ်ဆိုတာ နားလည်ဖို့ကောင်းတယ်။ ရပါတယ်။ မကူပါနဲ့။ ငါတို့တိုင်းပြည် ငါတို့ သတ်သတ်သေသေ။ လူမကုန်မချင်း စစ်တိုက်မယ်။ ထွက်ပြေးလာသမျှ ပြန်ပို့ဖို့သာ ပြင်ထားကြပေတော့။

လူဆိုတာ သေမျိုးဟ။ မသတ်ပဲထားလည်း မသေပဲမနေပါဘူး။ ငကန်းသေလို့ ငစွေမပေါ်ဖို့သာ အဓိက။ ဒါကြောင့် တော်လှန်ရေးဆိုတာလူတွေသေရုံနဲ့ မအောင်မြင်ဘူး။ သံသရာလည်နေမယ်။ စံနစ်ကို ပြောင်းနိုင်မှ ရှေ့ကိုရောက်မှာ။ ခေတ်စံနစ်က အပြောင်းအလဲကို တောင်းဆိုလာရင် ဘယ်အာဏာရှင်မှ တောင့်မခံနိုင်ဘူး။ မုသားသုံးသုံး၊ ဆိုက်ဝါးသုံးသုံး။ နောက်ဆုံးတော့ သူပဲ ရှုံးမှာ။ AI ခေတ်ကို ရောက်နေပြီ။ ကျေးပိုင်ကျွန်ပိုင်ခေတ်က အထာတွေနဲ့ ကျွန်လိုသဘောက်လို ဆက်ဆံချင်လို့ ရမလား။ သီဟတင်စိုးလိုမျိုး သက္ကရာဇ် ၂၀၀၀ အထိ ဒုတိယကမ္ဘာစစ်ကြီးကို ဆက်တိုက်ခိုင်းချင်ရင် ကျွန်းကလေးပေါ်မှာ တကမ္ဘာလုံးနဲ့ အဆက်အသွယ်ဖြတ်ထားမှ ရမယ်။ ဦးနေဝင်းတို့ ကင်ဂျုံအီတို့ ကုလားထိုင်ပေါ် ငြိမ်ငြိမ်ထိုင်နိုင်တာ တံခါးကို လုံအောင်ပိတ်ထားနိုင်လို့။ တံခါးပွင့်တဲ့တစ်နေ့ ခုံပေါ်က ခေါင်းနဲ့ဆင်းရတာပဲ မဟုတ်လား။ တောထဲကကလေးတွေတောင် စမတ်ဖုန်းကို လက်ကမချတဲ့ခေတ်မှာ ပြန်ကြားပေးရန် မြန်မာ့အသံ လာမလုပ်နဲ့။ ဘီဘီစီခိုးနားထောင်ရတဲ့ခေတ် မဟုတ်တော့ဘူး။ ဒီတော်လှန်ရေးမှာ စစ်တပ်က နဂိုအခြေအနေ ပြန်သွားနိုင်မလား ဆိုတာ လေးတန်းမအောင်သေးတဲ့ ကလေးတွေတောင် သိတယ်။ နည်းနည်းပါးပါး ခေါင်းလေးဘာလေး သုံး။ ကိုယ့်အခြေအနေ ကိုယ်သိရင် ကိုယ့်သေရေးရှင်ရေး ကိုယ့်ဘာသာ စဉ်းစား။ နဂါးနိုင်မင်း၊ ပျူစောထီးမင်း၊ ကျန်စစ်သားမင်းတွေနဲ့ ရာဇဝင်ထဲမှာ ဒစ်လည်နေတဲ့ကောင်တွေက ရှင်ဘုရင်ချည့် လုပ်ချင်နေတော့ ခက်တာပဲ။ အဲ့သလောက် ထူပိန်းနေမှဖြင့် သေတာပဲ ကောင်းပါတယ်။ သွားကြ သွားကြ။ တယ်လေ။ ငါ လုပ်မိတော့မယ်။