ချန်ဂင်တို့စခန်း (၂၃၁)

“အကိုတို့ရဲ့မေတ္တာ၊ မမတို့က ချစ်တာ၊ စေတနာက ထူးတာ… အာ့ဟဟ ထူးတာ။ အဝေရာညွှန်းပြုပါလို့ မြတ်ပရမေကို အပ်ပါသည် …”

အဲ့သလောက် ခြေဆင်းကလေးနဲ့ဆို ချန်ဂင် ဘာသီချင်းဆိုတော့မယ်မှန်း ပရိသတ်ကြီးက သိပြီးလောက်ပါပြီ။ စိတ်ပူနေတဲ့သူတွေ ဘဝင်အေးအောင်လို့ “အခြေလည်းဖြိုးတယ် အနေလည်းတိုးတယ် မသေပဲကိုးကွယ်” ဆိုတဲ့အကြောင်းကို ပေတရာဆီလျှောက်ပါလို့ မြင်သလောက် ပြနေရတာလည်း အမှန်ပါပဲ။ လူချင်းတွေ့တဲ့သူတွေကတော့ “အောင်မယ်မင်း မသေလို့တွေ့ရ။ မေ့နိုင်ပါ့ဦးမလား။” ဆို ပြေးကိုဖက်ကြတာ။ ငါ့နှယ်နော်။ တီးပေးမယ့်သူများရှိရင် အဲ့သီချင်း အစအဆုံးဆိုပြီး ထကပလိုက်ချင်ရဲ့။ မမြရင်နဲ့ ကိုယ်နဲ့ကလည်း အဖြစ်ချင်းတူပါပေတယ်။ ကိုယ့်ရဲ့အသက်ကိုးချောင်းထဲက နောက်တစ်ချောင်းကို ထားပစ်ခဲ့ရပြန်ပြီခမျ။ ၂၃၀ နဲ့ ရပ်သွားတော့မယ့်ဟာ ဘုရားသခင် အလိုတော်အရ ၂၃၁ ကို ဆက်ရေးနိုင်ခဲ့ပြီလေ။

တကယ်တော့လည်း ကိုယ့်အသက်နဲ့ ရင်းရလို့သာ သည်းထိတ်ရင်ဖို ရေးသားနေရတာပါ။ ခုနေခါ ကိုယ့်အဖြစ်မျိုးကြုံရတဲ့သူတွေ၊ ကိုယ့်ထက်အဖြစ်ဆိုးတဲ့သူတွေက မြန်မာတနိုင်ငံလုံး ထောင်သောင်းသိန်းသန်းမက ရှိပါတယ်။ “ငါ့သောက်ကြောင်းမှ မဟုတ်ပဲလေ။” ဆိုပြီး နေနိုင်သူတွေများလို့ လူမသိသူမသိ ဖြစ်နေတာ။ အခု ကိုယ်နဲ့မှ တည့်တည့်ကြီး လာတိုးတော့လည်း မသေမပျောက်ကျန်ခဲ့ရင် စာထဲထည့်ကိုရေးရမယ့် အကြောင်းတရားတစ်ခု ဖြစ်ရတာပေါ့။ ဖတ်ရတဲ့သူတွေအတွက်လည်း “မြန်မာပြည်မှာ သည်လိုအဖြစ်ဆ်ိုးတွေဟာ ရိုးဟိုးဟိုးလို့ပင်နေပါကလား။” ဆိုတဲ့ ကိုယ်ချင်းစာတရားလေး ရိုးတိုးရိပ်တိပ် ခံစားလို့ရတာပေါ့နော့။

အချိန်အခါမရွေး၊ နေရာဒေသမရွေး အန္တရာယ်ဆိုတာ မျှော်လင့်ပြင်ဆင်ထားရမယ် လို့တော့ ကိုယ်တိူ့လည်း နားလည်ပါတယ်။ နားမလည်ရင် ခုလောက်ရှိ အရိုးတောင် ဆွေးလောက်ပြီ။ ရေကြည်ရာ မြက်နုရာ မရှာပဲ ကျည်ကွယ်မျက်ကွယ်မှာ ခြေရာဖျောက်နေရတာ။ တခါတရံ မဖြစ်မနေ အကြောင်းကိစ္စရှိလို့ အပြင်ထွက်ရင် လမ်းကြောင်းရှင်းမရှင်း အရင်စုံစမ်း၊ ဂိတ်တွေမှန်သမျှ ကွင်းရှောင်ပြီအသံမပေးပဲ တိတ်တိတ်ကဘေး ထွက်ရတယ်။ လမ်းချောလမ်းဖြောင့် မရွေးနိုင်ဘူး။ ခက်ခဲကြမ်းတမ်းတဲ့လမ်းကို တမင်ရွေးရတယ်။ တာလမ်းပေါ်ရောက်တာနဲ့ “ဆွဲ ဆရာရေ့။ သူ့အမေကြီးလစ်တုန်း။” ဆို သုတ်ခြေတင်ရတာ။

တောထဲမှာတုန်းက ဘာမှ မဖြစ်ခဲ့ဘူး။ မြို့လည်ကောင် ကတ္တရာလမ်းပေါ်ရောက်မှ ရုတ်တရက်ကြီး ပက်ပင်းတိုးရော။ ရှေ့ကားနှစ်စီးလောက်ကို သေနတ်နဲ့ပစ်ပြီးတားတာ လှမ်းမြင်တော့ ကားမောင်းတဲ့သူက “သေပြီ ဆရာ။” ဆို ဘရိတ်အုပ်ပြီး ဘက်ဂီယာကောက်ထိုးတယ်။ “ဟိတ်ကောင်တွေ မပြေးနဲ့။” သေနတ်တစ်ချက်ထောင်ဖောက်ပြီး ကိုယ်တို့ဆီ တည့်တည့်ချိန်ပြီး တက်လာကြရော။ ယူနီဖောင်းအရတော့ စစ်တပ်နဲ့တူတာပဲ။ လက်မောင်းတံဆိပ်က ကြက်ဥကြော် မဟုတ်လို့ ပြည်သူ့စစ်ဖြစ်လိမ့်မယ် လို့ ထင်တယ်။ နောက်မှ SNA မှန်း သိတာ။ အကုန် ကားပေါ်ကဆင်းခိုင်းပြီး ဆောင့်ဆောင့်ထိုင် ခေါင်းပေါ်လက်တင်ထားခိုင်းတယ်။ အမယ်။ “မော့မကြည့်နဲ့” ဆိုပြီး သေနတ်ဒင်နဲ့ ကြွေးမလို့တောင် လုပ်သေး။ “မော်ဖူးချင်ရင် သံတော်ဦးတင်ကြ။” ဆိုတဲ့အချိုးပေါ့လေ။ mask တပ်ထားတဲ့ကိုယ့်ထက်တောင် မျက်နှာကို လူမြင်မခံဝံ့တဲ့သူတွေက ရှိသေးသကိုး။

ဟိုးရှေ့ကကားမှာတော့ ဖောင်းဒိုင်းတွေ ကြွေးနေပြီ။ သေနတ်သံတွေ ဆူညံနေတာပဲ။ နေစမ်းပါဦး။ အဲ့ဒီလူတွေ သေနတ်ဒဏ်ရာရတဲ့အခါ ငါမရှိရင် ဘယ်သူကများ ခွဲပေးမှာပါလိမ့် လို့ တွေးနေမိတယ်။ အဲ့ဒီနား ဆိုင်တွေအိမ်တွေထဲက လူတွေကိုလည်း လမ်းပေါ်ထွက် မှောက်လျက်အိပ်ခိုင်းထားတယ်။ မအေတွေ နှမတွေကို မိုးမွှန်လို့။ ပစ္စည်းလိုချင်လို့ ဓါးပြတိုက်တာဆိုရင်တော့ “ဟိတ်လူဆိုး။ ငါ့မှာ ငွေကြေးတော့ မရှိဘူး။ အကြွေးပဲရှိတယ်။” လို့ လွှမ်းပိုင်သီချင်း ဆိုပြရမှာ။ ခက်တာက ပစ္စည်းလိုချင်တာ မဟုတ်။ လူ လိုချင်တာ ဖြစ်မယ်။ ခုရက်ပိုင်း စုဆောင်းရေး ခေါ်တာ၊ ပေါ်တာဆွဲတာတွေက ညတိုင်း ဖြစ်နေတာလေ။ ခုဟာကတော့ နေ့ခင်းကြောင်တောင်ကြီးရယ်။ ကိုယ်နဲ့ပါလာတဲ့ ကလေးတွေက ၂၀ ကျော်လေးတွေရယ်။ သူတို့လိုချင်တဲ့ အသက်အရွယ်ပဲ။ ကိုယ့်အတွက်ကိုယ် မပူနိုင်ပဲ အဲ့ကလေးတွေအတွက် ပူနေရတယ်။

ကိုယ့်အတွက်ကတော့ (အမှန်အတိုင်း ပြောတာ) တကယ်ကို မပူမိပါဘူး။ ပိုးစိုးပက်စက် သေရမယ့်ဇာတာ ကိုယ့်မှာ ပါမလာဘူး လို့ စိတ်ချလက်ချ ယုံတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်တန်တော့ လွတ်သွားမှာ။ မတတ်သာလို့ သေသွားခဲ့ရင်တောင် လုပ်ချင်တာတွေအားလုံး လုပ်သွားခဲ့ပြီးပြီမို့ ဘာမှ နောက်ဆံငင်စရာ နောင်တရစရာ မရှိဘူး။ အဲ့ဒါကြောင့် ကြောက်တဲ့စိတ် မရှိဘူး။ ဘာလာလာ ရင်ဆိုင်ဖို့အသင့်။ ကိုယ့်နောက်လိုက်တဲ့ကလေး တစ်ခုခုဖြစ်မှာတော့ စိတ်ပူတယ်။ သူ့ခမျာ ကြောက်တတ်မှန်းလည်း သိတော့ ဘယ်လိုများနေမှာပါလိမ့်။ ခေါ်သွားပြီလားလည်း မသိ။ လှည့်ကြည့်လို့မှ မရတာလေ။ မော့လည်း မကြည့်ရဘူးတဲ့။ အိမ်သာတက်သလို ဆောင့်ကြောင့်လေးထိုင်ပြီး ခေါင်းပေါ်လက်တင်ထားရတာ။ ခြေထောက်တွေ ကျဉ်လာတော့ မတတ်နိုင်ဘူး။ ပေချင်ပေပစေဆို ထိုင်ချလိုက်တယ်။ “မထိုင်ရဘူး။ ဘာလို့ ထိုင်တာလဲ။ မှောက်ထား လို့ ပြောနေတယ်။” ဆို သေနတ်ကြီး တရမ်းရမ်း ချိန်ပြန်ရော။ ငါ့နှယ်နော်။ မြို့တော်သိန်းအောင် ပြဇာတ်ကသလား မှတ်ရတယ်။ ဟိုဘက်မှာလည်း ရွာထဲကို သေနတ်တွေ တဒိုင်းဒိုင်းပစ်လို့။ အေးလေ။ မှောက်ဆို မှောက်ရမှာပေါ့။ တင်ပါးလွှဲလေးပြောင်းထိုင်ပြီး ယိုးဒယားနန်းတွင်းသူလေး ခစားသလို “ဒိုင်းခပ်၊ ဆွာဒီးခပ်။” ဆို ဝပ်နေပေးလိုက်တယ်။ မဟုတ်သေးဘူး။ ဒါလည်း မဟုတ်သေးဘူးတဲ့။ သေနတ်ဒင်ကြီးနဲ့ လာပြင်တယ်။ မှောက် ဆိုရင် မှောက်ကိုမှောက်ရမှာဆိုပဲ။ သိပြီ သိပြီ။ သုမေဓာရှင်ရသေ့လို့ နေခိုင်းတာကိုး။ ကျောက်ခင်းလမ်းပေါ် မှောက်လျက်ကြီး အိပ်ရတာ မနိပ်ပါဘူး။ ဖုန်တွေပေကုန်ပါပြီ။ လက်ကလေးနှစ်ဘက် မျက်နှာအောက်ခုထားတာတောင် မရဘူးတဲ့ဗျာ။ လက်နှစ်ဘက်နောက်ပစ်ပြီး တင်ပါးပေါ် တင်ထားရမတဲ့။ အခန့်မသင့်ရင် အိုင်လည်း ဝိဇ္ဇာမောင်ပိန် ဖြစ်သွားနိုင်ပါကလားနော်။ လက်နက်မပါတဲ့သူကို သေနတ်နဲ့ချိန်ပြီး တစ်ခုပြီးတစ်ခုခိုင်းတာ အတော် သဘောကျတတ်ပုံရတယ်။

နောက်ကားတွေ ဆိုင်ကယ်တွေ ရောက်လာတော့လည်း အဲ့လိုပဲ။ အောက်ဆင်း မှောက်လျက်အိပ်ကြပေါ့။ ကောင်လေးတစ်ယောက်က ကိုယ်တို့ဘေး လာမှောက်ပြီး “ကျွန်တော်တို့ကို ပြန်လွှတ်မှာလား ဟင်။” တဲ့။ “သိဘူးလေ။ သူတို့သွားမေးကြည့်ပါလား။” လို့ ပြန်ဖြေသံကြားတယ်။ ကိုယ်တို့တတွေ ကားလမ်းမပေါ် သုမေဓာယိမ်းကနေတုန်း ဘယ်က သုမိတ္တာမှ ကြာပန်းလာမပေးနိုင်ပါဘူး။ မိန်းကလေးမို့လို့ ကားပေါ်မှာပဲ ဝပ်နေခိုင်းထားတဲ့ ကလေးမက ကြောက်ကြောက်လန့်လန့်နဲ့ ဆေးရုံကို မက်စိတွေ ခိုးပို့တယ်။ “ဆရာကြီးတို့ အဖမ်းခံထားရတယ်။ ဖုန်းမခေါ်ကြနဲ့နော်။ ပစ်သတ်ခံရလိမ့်မယ်။” တဲ့။ ဆေးရုံမှာ ကျန်ခဲ့တဲ့သူတွေလည်း မိုးကြိုးကို ပစ်ကရော။ ဒီသူငယ်မလည်း မိုးကြိုးပစ်တော့မှာ။ ကံကောင်းလို့။ ဟိုကလာနေတဲ့သူတွေက ဖုန်းတွေ အကုန်ယူစစ်သတဲ့။ ဖုန်းထဲမှာကြည့်ပြီး “မင်းက ပီဒက်လား။” ဆို ဖောင်းဒိုင်းကျွေးနေတဲ့အသံတွေလည်း ကြားတယ်။ ခုချိန်ကျမှတော့ ဖုန်းကို reset ချဖို့ အချိန်လည်း မမီတော့ဘူး။ တတ်နိုင်ဘူးလေ။ ကံတရားပေါ့။

မျက်နှာမှာ mask တပ်ထားတယ်။ ကတ္တရာလမ်းပေါ်မှာ မှောက်လျက်အိပ်နေတယ်။ ကိုယ့်ကို ဘယ်သူမှ သိမှာမဟုတ်ဘူး ဆိုတဲ့အထင်ဟာ တက်တက်စင်အောင်မှားမှန်း နောက်မှ သိရတယ်။ ကိုယ်တို့အဖွဲ့ အဲ့ဒီနေရာမှာ မိနေတဲ့အကြောင်း တစ်မြို့လုံးပျံ့သွားတယ်။ စစ်နေတဲ့သူတွေသာ မသိသေးတာ။ ဆေးရုံဘက်မှာလည်း ရတဲ့နည်းနဲ့ လိုက်ပြန်ကယ်မယ်ဆိုအဖွဲ့တွေ လွှတ်ကြတယ်။ လူကသာ မလွတ်သေးတာ သတင်းတွေက ပလူပျံနေရော။ ဒုက္ခပါပဲ။ live လွှင့်ပြီး ဈေးရောင်းတာ မှတ်နေသလား မသိ။ “ဟောဒီမှာ မိထားပါပြီ။ ဆြာစိုးလေးပါ။ ဘယ်သူလာကယ်မလဲ။ ဘယ်သူ ယူမလဲ။ ယူမယ်ဆိုရင် ယူ လို့ မန့်မှာ ရေးသွားပေးနော်။” အဲ့သလိုမျိုး ခေါင်းလောင်းလေး တီးတီးပြီး အော်ကြပါလားကွယ်။ သို့သော်လည်း ဆရာစိုးလေးကိုတော့ “fighting” လို့ ဘယ်သူမှ လာမမန့်ပါဘူး။ အဲ့ဒီအစား unfriend လုပ်တဲ့သူ၊ unsend လုပ်တဲ့သူ၊ group ထဲက ထုတ်တဲ့သူနဲ့ အလုပ်တွေ ရှုပ်ကုန်ကြတယ်။ contact တွေနဲ့ဖုန်းက အိမ်မှာထားပစ်ခဲ့ပါတယ်။

အချိန်တွေက ကုန်ခဲလိုက်တာ။ တစ်နာရီကျော်ကြာတယ်။ အသံတွေတော့ ကြားနေရတယ်။ “မင်းတို့ကောင်တွေ အမျိုးသားရေးအတွက် ဘာမှ ပေးဆပ်ချင်စိတ် မရှိဘူး။” တဲ့။ သူကများ ပြောရတယ်ရှိသေး။ ပရမ်းပဒါတွေပါဟယ်။ သောက်မြင်ကပ်လွန်းလို့ မော့ကို မကြည့်တော့ဘူး။ အေးရော။ တော်တော်ကြီးကြာမှ “ဒီကား ဘယ့်သူ့ကားလဲ။ ဘယ်ကလာလဲ။ ဘယ်ကိုသွားမလဲ။” ဒါပဲမေးပြီး ပြန်လွှတ်လိုက်တယ်။ “ကျေးဇူးပါ။” တဲ့။ သူတို့က ပြောသေး။ ကိုယ်ကတော့ ကျေးဇူးမတင်ပါဘူး။ စကတည်းက ဖမ်းစရာ တားစရာ ဘာအကြောင်းမှမှ မရှိတဲ့ဟာကို။

သူတို့ဆီကလွတ်လာတော့ ဖုန်းပြန်ဖွင့်တဲ့အခါ သတင်းကအရမ်းပျံ့နေမှန်း သိရတယ်။ ဒီကားကြီးနဲ့ ဆက်သွားလို့မဖြစ်တော့ဘူး။ ကားပြောင်းစီးပြီး သွားမယ့်နေရာတွေလည်း ပြောင်းပစ်ရပါတယ်။ မေးတဲ့သူတိုင်းကလဲ “ဘယ်မှာလဲ။ အခု ဘယ်ရောက်နေလဲ။” ချည့်ပဲ။ “Somewhere over the rainbow” လို့ ပြောရမှာလား။ မနက်ဖြန် ကိုယ်သွားရမယ့်နေရာကို ပေါက်ကြားလို့မှ မဖြစ်တဲ့ဟာ။ စိတ်ပူနေကြတယ် ဆိုလို့ မီးလှုံနေတဲ့ပုံလေးတင်ပြီး “ကိုယ်ရောဆိတ်ပါ လန်းဆန်းဖြာ ကျန်းမာကြပါသည်။” လို့ အသိပေးရတယ်။ မတ်စိတွေကတော့ တတိန်တိန်နဲ့ “အခုပြောနာ ဘူလေးလဲ။ တို့နဲ့ နှောက်ထဲသိတဲ့ဟာ တစ်ခုခုပြောပြ။” ဆို verify လုပ်ကြတယ်။ အံ့ဩပ။

နောက်နေ့မနက် ချိန်းထားတဲ့ ဧည့်သည်တွေက မနက်စာမစားရသေးဘူး ဆိုလို့ လက်ဘက်ရည်ဆိုင် ခဏလေး ဝင်ထိုင်မိပါတယ်။ လိပ်ခုတ်တစ်ပွဲစာတောင် မကြာပါဘူး။ တအောင့်လောက်နေတော့ ဖုန်းလာရော။ “လက်ဘက်ရည်ဆိုင်မှာ တွေ့လိုက်တယ်။ ခုလေးပဲ မြို့ထဲကထွက်သွားကြတယ်။ တတ်နိုင်သလောက် အပြင်မထွက်ပါနဲ့ လို့ ပြောပေးပါ။”တဲ့။ ဪ ကဲ။ အဝတ်အစားတွေ လဲစမ်းကွာ။ ကားပါ နောက်တစ်စီးလဲ။ လူတွေမလည်း တချိန်လုံး mask တပ်ထားတာတောင် မှတ်လည်း မှတ်မိနိုင်တယ်။ အေးလေ။ မှတ်မိမှာပေါ့။ ခွဲခန်းထဲ သူတို့မြင်နေကျ မျက်နှာကလည်း mask တပ်လျက်ကြီးနဲ့ပဲဟာ။ Facebook က profile picture မှာတောင် mask ကြီးတန်းလန်းနဲ့။ ဒါကို သူက mask တပ်ပြီး ရုပ်ဖျက်ချင်သေးသတဲ့။ “ဟောဒီ ဆရာ့မျက်လုံးကလေး နှစ်လုံးကို စိုက်ကြည့်လိုက်ရုံနဲ့ ဆရာ့ရင်ထဲမှာ ဘာတွေရှိသလဲ။ အကုန်မြင်ရတယ်။ သက်လား။” လို့ ပြောမသွားတာ ကံကောင်း။

ခေါင်းထဲမှာ သိပ်မထားနိုင်ပါဘူး။ ကိုယ် ဒီကို လာတဲ့ လာရင်းကိစ္စ။ အဲ့ဒါကို ချောချောမောမောပြီးအောင် အရင်လုပ်ရမယ်။ ဘယ်သူ့ကိုမှ အထိအခိုက် ရှိလို့ မရဘူး။ အဲ့ဒါပြီးတော့မှ ကိုယ့်နေရင်းအရပ်ကို ဘယ်လိုပြန်မလဲ။ အဲ့ဒါ စဉ်းစားရတယ်။ တိတ်တိတ်ကလေး ခိုးထွက်တယ်ဆိုကာမှ ဖြူဖြူထွေးတို့ နေဆန်းတို့ နိုင်ငံခြားသွားတာကျနေတာပဲ။ “ချစ်တို့ရေ။ ဟိုနားလေးမှာ တွေ့တယ်နော်။ ဒီနားလေးမှာ တွေ့တယ်နော်။ အပြင်မှာလည်း ချောတယ်တော့။” နဲ့ တယ်လည်း လူမိသကိုး။ မြို့ပေါ်ရောက်ရင် ပီဇာ၊ ဘာဂါ၊ ဟော်တယ်စာတွေ စားလိုက်မဟဲ့ လို့ အားခဲထားတာ အလကားပဲ။ ကိစ္စပြီးတာနဲ့ မြန်မြန်ပြန်မှဖြစ်မယ်။ စစ်ရေးအခြေအနေ တင်းမာနေပြီ။ မနေ့က ကိုယ်တို့ကို ထိမှာစိုးလို့ အတင်းဝင်မဆော်တာ လို့ ပြောတယ်။ ကိုယ်တို့လွတ်ခဲ့ပေမယ့် လူ ၂၀ လောက် ခေါ်သွားတယ်။ အသေအပျောက်လည်း ရှိတယ် လို့ ကြားတယ်။ ခုလောက်ဆို လွတ်တဲ့ငါး ကြီးမှန်းလည်း သူတို့ သိလောက်ပြီ။ ရွာထဲမှာ ဂိတ် ၃ ဂိတ် ထပ်ချထားသတဲ့။ ပြန်မလား နေမလား ဆို ကိုယ်ကတော့ ပြန်ဖို့ပဲ အားသန်တယ်။ မတတ်နိုင်ဘူး။ စွန့်စားရမှာပဲ။ ရှေ့က ဆိုင်ကယ်တစ်စီး ကြိုလွှတ်ပြီး လမ်းကြောင်းရှင်းမှ တစ်ပွိုင့်ချင်း ထွက်တယ်။ တစ်မြို့လုံးလည်း ကျီးနဲ့ဖုတ်ဖုတ်ပါ။ ကြာချင်ကြာ ဝေးချင်ဝေး၊ ကွင်းလမ်းရှိတဲ့ဘက်ကပဲ လာတယ်။ လမ်းမှာ ကားနစ်ရင် အနားက ထွန်စက်ခေါ် အဆွဲခိုင်းတယ်။ နောက်ဆုံးတော့ ပြန်ရောက်ပြီလေ။ အေးရော မဟုတ်လား။

ကိုယ့်လို အဖြစ်အပျက်မျိုးက မြန်မာပြည် အနှံ့အပြားမှာ မထူးခြားတဲ့ ဖြစ်စဉ်တွေပါလေ။ “လက်နက်တွေ မရဘူး။ ပေးပါ ပေးပါ။” နဲ့သာ တကြော်ကြော် အော်နေကြတာ။ လက်နက်တွေဝေပြီး CoC တစ်ခုတည်းအောက်မှာ မရှိရင် ၁၀၁ ပါးသော ထီးဆောင်းမင်းတို့အလည်မှာ ကိုယ်ကလွဲရင် ပါပလူမျိုး ၉၉ ချည့်ပဲ အောင့်မေ့ကြမှာ။ ဟိုတစ်ဖွဲ့တောင် သားပေးသမီးယူနဲ့ အမျိုးတော်ထားပေလို့။ မြေကြီးပေါ်မှာ မျက်နှာအပ်ပြီး မှောက်လျက်အိပ်နေခဲ့ရတဲ့ကိုယ်က မြေပြင်အခြေအနေကို မသိပါဘူးရယ်လို့ နန်နန်ခြားကလူတွေ သွန်သင်ဆုံးမတာလည်း ခံရသေးတာနော်။ ဆြာစိုးကို NUG က ထွက်ဖို့ တိုက်တွန်းပေးပါတဲ့။ ဝင်ကို မဝင်တာ ဘယ်အပေါက်က ထွက်ရမှာတုန်း။ ကိစ္စဝိစ္စတွေ ပြီးရင်လည်း သူတို့ပဲ “ကောင်မရေ ညည်းဖယ် ညည်းဖယ်။” ဆို NUG နဲ့ ဓါတ်ပုံတွေ တွဲရိုက်ကြဦးမယ့်ဟာကို။

ကိုယ့်အတွက် ကိုယ့်ကြောင့်နဲ့တော့ ဘယ်သူ့ကိုမှ ဒုက္ခမရောက်စေချင်၊ စစ်ပွဲတွေလည်း မဖြစ်စေချင်ပါဘူး။ ကိုယ့်အတွက်နဲ့ ပူပင်သောကရောက်ရသူတွေ အကုန်လုံးကိုလည်း အားနာပါတယ်။ သို့ပေမယ့် သွားကိုသွားရမယ့် ကိစ္စ၊ လုပ်ကို လုပ်ပေးရမယ့် အလုပ်မို့လို့ ဘာပဲဖြစ်ဖြစ် အောင်မြင်ပြီးမြောက်အောင် လုပ်ရမှာပဲ။ ဘယ်သူ အရေးကြီးကြီး မကြီးကြီး။ ကိုယ့်အတွက်တော့ အရေးကြီးတယ်။ နောင်ကျရင်လည်း တစ်သက်လုံး မှတ်မှတ်ရရ ဖြစ်နေရမယ့် အရာတွေ။ “ရွှေမောဓေါဘုရားပေါ်မှာမှ ဘာဖြစ်လို့ နားထွင်းချင်ရသလဲ။” ဆိုတဲ့ စိတ်ကို အခုချိန်မှာတော့ နားလည်သွားပါပြီ။ ဆေးရုံကို လာရဲလာကြည့်။ လက်ထိပ်တွေကျိန်းနေအောင် အပ်နဲ့ဖောက်မှာ။ ဆီးချိုတွေ တက်နေရင်ပြောပါတယ်။