“မင်နီကြက်ခြေခတ်တွေ မြင်တိုင်းလေ မူလတန်းကျောင်းသားဘဝကို အောင့်မေ့တယ်။ စာတွေဖြေစဉ်တိုင်းမှားနေလို့၊ သင်္ချာတွေ အဖြေရှာတိုင်း မှားနေလို့ ဆရာမက ကြက်ခြေခတ်တယ်။ မမှားဖို့ ကြိုးစားရဦးမယ်။”
ကိုစောဘွဲ့မှူးရေးတဲ့ ဒီသီချင်းဟာ လွှမ်းမိုး ဆိုတုန်းကနဲ့ ကဗျာဘွဲ့မှူး ပြန်ဆိုတာနဲ့မှာ စာသားနည်းနည်းပြောင်းပါတယ်။ ဆင်ဆာကြောင့် ဖြစ်မယ် ထင်ပါရဲ့။ ဆရာမ က အလကားနေရင်း ကြက်ခြေခတ်တာ မဟုတ်ဘူး။ မှားနေလို့ ဆိုတာထည့်ဆိုပြီး မမှားဖို့ ကြိုးစားရဦးမယ် လို့ ထပ်ဖြည့်ထားပါတယ်။ကိုယ်လည်း ငယ်ငယ်က မင်နီကြက်ခြေခတ်တွေ ရခဲ့ဖူးတာပေါ့။ ကြက်ခြေခတ်တွေ များများရမှ ကိုယ် ဘာမှားနေမှန်းသိပြီး ပြင်စရာ ရှိတာပြင်၊ စာမေးပွဲဖြေတော့ မမှားအောင် ဂရုစိုက်ပြီး အမှတ်တွေ အများကြီး ရတာလေ။ ဒါ့ကြောင့် ကိုယ်က ကြက်ခြေခတ်တွေကို မကြောက်ဘူး။ ကိုယ့်အမှားကိုယ် မသိမှာ မပြင်နိုင်မှာကိုပဲ ကြောက်တယ်။ ကိုယ့်အတွက်ကတော့ ဘဝမှာ စာမေးပွဲတွေ တစ်ခုပြီးတစ်ခု ဖြေလာရတာ မဟုတ်လား။
သီချင်းထဲမှာ “အရွယ်ရောက်လာ အလုပ်ခွင် ဝင်တဲ့အခါ …. ဘဝ က ကြက်ခြေခတ်တယ်။” လို့ ဆိုပေမယ့်လည်း ကိုယ့်ကိုကျတော့ ဘဝ က အမြဲ စာမေးပွဲစစ်သလား မသိပါဘူး။ အခုထိလည်း စာမေးပွဲတွေ တစ်ခုပြီးတစ်ခု စစ်နေတုန်းပဲ။ ကိုယ့်ဆရာတွေ ပေးခဲ့ဖူးတဲ့ ကြက်ခြေခတ်တွေကို ပြန်သတိရပြီး အမှားအယွင်းကင်းကင်းနဲ့ လူနာကိုဆေးကုနိုင်အောင် ကြိုးစားနေရတုန်းပဲ။ ကိုယ့်ဆီမှာလာသင်တဲ့ တပည့်တွေကိုလည်း မင်နီကြက်ခြေခတ်ကလေးတွေ ပေးပြီး “Don’t do it, Thar lay. Don’t do it.” လို့ သွန်သင်နေရတုန်းပဲ။ “မင်းမေတော့ ဆူတော့မှာပဲ။” ပေါ့။
အဲ့ဒီနေ့က လူနာလာတော့ တော်တော်နောက်ကျနေပြီ။ ရေမိုးချိုးပြီး ညနေထမင်းစားမလို့ ပြင်ဆင်နေတုန်း။ “တောင်ပေါ်က လူနာတစ်ယောက် ဗိုက်အောင့်လို့ ပြချင်တယ်။” တဲ့။ စမ်းကြည့်လိုက်တော့ ဗိုက်ကြီးက တင်းကြပ်ကြပ်နဲ့ အထိမခံနိုင်ဘူး။ ခေါက်ကြည့်တော့လည်း ဗုံသံပတ်သံထွက်နေပြီ။ ခွဲရမယ့်ဗိုက်ပါပဲ။ ultrasound ထောက်၊ နှာခေါင်းပိုက်ထည့်၊ မခွဲခင် drip ၂ လုံးလောက် ဝင်အောင်ထည့်ထားဆိုပြီး ကမန်းကတမ်း ထမင်းစားကြပါတယ်။ အငယ်တွေကိုတော့ “အဲ့ဒီဗိုက်ကို စမ်းဖြစ်အောင်စမ်းထား။ အထဲမှာ တစ်ခုခု ပေါက်နေပြီ။” လို့ ပြောထားပြီး ဓါတ်မှန်ရိုက်တဲ့အခါ လေစိမ့်ထားတဲ့ GUD ကို မြင်အောင်ပြရတာပေါ့။
ခွဲခန်းထဲဝင်တော့ အစအဆုံး ချောချောမောမောပဲ။ မေ့ဆေးစက်နဲ့ပေးတယ်။ ဟောက်ဆာဂျင်ကလေးက ET tube ထည့်တယ်။ ရွှတ်ကနဲပဲ။ ခွဲတာလည်း ၃၅ မိနစ်ပဲကြာတယ်။ ကောင်းကောင်းပြန်နိုးတယ်။ အထဲမှာ အစာအိမ်အပေါက်ကိုဖာ။ biopsy ယူပြီး ပြည်တွေအားလုံး သုတ်သင်ဆေးကြော။ ဘာအခက်အခဲမှ မရှိဘူး။ တစ်ခုပဲ။ မခွဲခင်မှာ သွေးပေါင်ချိန် ၂၂၀/၁၂၀ တောင် ရှိလို့ သွေးကျဆေးတိုက်ပြီး ဆီးဆေးတစ်လုံးထိုးလိုက်တယ်။ စိတ်ပူစရာ မရှိဘူး။ မေ့ဆေးပေးတဲ့အခါ သုံးတဲ့ဆေးတွေနဲ့ သွေးပေါင်ပြန်ကျလာလိမ့်မယ်။ နောက်နေ့မနက် round တဲ့အခါ သွေးကျဆေးတစ်လုံးထပ်တိုက်ရသေးတယ်။ ၁၅၀/၁၀၀ ဆို အဆိုးကြီး မဟုတ်။
ဆိုးတာက ၁၀ နာရီလောက်မှာ ချွဲတွေထလာပြီး အောက်ဆီဂျင်တွေကျလာတယ်။ ရင်လည်းကြပ်လာတယ်။ အရင်ဆုံးစဉ်းစားတာ ညက မေ့ဆေးပေးရင်း အသက်ရှူလမ်းကြောင်းထဲပိတ်နိုင်တဲ့ကိစ္စတွေ၊ ပေးထားတဲ့ ဆေးအရှိန်တွေ။ အဲ့ဒါတော့ မဖြစ်နိုင်ဘူး။ တစ်ညလုံး အကောင်းကြီး။ အခုလည်း သူ့ဟာသူ ရှူနေတာ။ အောက်ဆီဂျင်ပဲ ကျနေတာ။ ခြေဖျားလက်ဖျားတွေလည်းနွေးလို့၊ သွေးပေါင်ချိန်လည်း ကောင်းတယ်။ တိုးတောင်နေသေး။ မခွဲခင်မှာ သွေးတအားတက်လို့ ဆီးဆေး၊ သွေးကျဆေး ပေးရတာ သတိရတော့ Acute Left Ventricular Failure များ ဖြစ်မလား ဆို ဆီးဆေးထိုး သွေးကျဆေး ပြန်တိုက်တယ်။ ECG ဆွဲပြီး Physician နဲ့တိုင်ပင်တော့ နှလုံးကပြဿနာ မဟုတ်ဘူး။ Drug reaction တစ်ခုခုကြောင့် Laryngeal edema ၊ laryngeal spasm များရသလား။ Dexa + adrenaline ထိုးကြည့်လည်း မသက်သာဘူး။ Anaphylactic shock ဆိုရင် သွေးပေါင်ကျရမှာပေါ့။ အခုက တက်နေတာ။ Nebulizer ရှူနေလည်း မသက်သာဘူး။ urine output လည်း ၁၀၀၀ ကျော်ထွက်တယ်။ ဆေးရုံရောက်ကတည်းက ခုချိန်ထိ drip ၄ လုံးပဲ ဝင်သေးတယ်။ overload ရတာလည်း မဖြစ်န်ုင်။ အောက်ဆီဂျင်က ဘယ်တစ်အိုးညာတစ်အိုး နှာပေါက်နဲ့ရော နှာစွပ်နဲ့ရော ပေးတဲ့ကြားက တဖြေးဖြေးကျကျလာတယ်။
မေ့ဆေးဆရာနဲ့ တိုင်ပင်ကြပြန်တယ်။ ဓါတ်မှန်ရိုက်ချင်ပေမယ့် လူနာက လှုပ်တာနဲ့မောနေပြီ။ အောက်ဆီဂျင်အိုးကြီးတွေ နဲ့ “မဝေးရဲဘူး။ နီးနီးကလေးနေပါ။” ဆိုတဲ့ ဘဝ။ “ဆရာ။ ဘာသိချင်သလဲ။” မေး။ “ Pneumothorax” ဆို။ အိုကေ။ သိရမှာပေါ့။ ကုတင်ပေါ်မှာတင် တဘုံးဘုံးခေါက်၊ လည်မျိုကလေးစမ်းပြီး “မဟုတ်ဘူး။” အဖြေပေးလိုက်တယ်။ အောက်ဆီဂျင်က ၅၀-၆၀ လောက်ပဲ ရှိတော့တယ်။ ဘယ်လိုလုပ်ကြမလဲ။ ခွဲခန်းထဲသွင်းပြီး ET tube ပြန်ထည့်ရုံ ရှိတော့တာပေါ့။ ကိုင်း ကလေးတို့ရေ လာကြ လာကြ။ ကျားကိုက်အောင် ကျားဖင်နှိုက်ကြ။ “မရဘူး ဆရာ။” တဲ့။ ခွဲခန်းက အခုလေးတင် တိုက်ချွတ်ဆေးကြောပြီး fumigate လုပ်လိုက်မိသတဲ့။ ခွဲခန်းထဲ မရလည်း အပြင်မှာပဲ ထည့်ကြတာပေါ့လေ။ ကုတင်ခေါင်းရင်းက အကန့်ကို ဖြုတ်ပစ်လိုက်ပြီး ထိပ်ကဝင်ထိုင်၊ တစ်ယောက်က ဆေးတွေထိုးပြီး tube ပြန်ထည့် လက်နဲ့ညှစ်ပေး။ ဒီတော့မှ အောက်ဆီဂျင်လေး ပြန်တက်လာပြီး ၈၀ ကျော် ၉၀ နားမှာ နေတော့တယ်။
ကဲ အခုတော့ သိပြီ။ “ရင်မှာခံစားရတဲ့အဖြစ်ကို မင်းက နားမလည်ဘူး။” လို့ လာမပြောနဲ့တော့။ အဲ့ဒါ ARDS ဝင်နေတာ လို့ ခေါ်တယ်။ Adult Respiratory Distress Syndrome တဲ့။ အဆုတ်ထဲက လေအိပ်နဲ့ သွေးကြောမျှင်ကလေးတွေအကြားမှာ gas exchange မရှိဘူး။ ကြွတ်ကြွတ်အိပ်စွပ်ပြီး အသက်ရှူသလိုဖြစ်နေတာ။ ICU ထဲထည့်ပြီး ventilator တင်ရမယ့်လူနာ။ အဲ့တော့ မင်း ဘာဆက်လုပ်မလဲ။ ပြောစမ်း။ နေရာက မြက်ခင်းနဲ့ စိမ်းစိုလန်းတဲ့ ပန်းခြံအလယ်။ လူနာက ET tube ကြီးတန်းလန်းနဲ့။ relaxant action ကုန်တော့ ပြန်နိုးလာပြီ။ အသက်ရှူစက်က ခွဲခန်းထဲမှာ အပြင်ထုတ်လို့မရ။ လူနာကလည်း ခွဲခန်းထဲသွင်းလို့မရ။ အငွေ့တွေလွှတ်ထားတာ မျက်စိတွေတောင်စပ်တယ်။ ကိုင်း မတတ်နိုင်ဘူး။ အသက်ရှူစက် မရှိလည်း အသက်ရှူလက် ရှိတာပဲဟာ။ ဘောလုံးကို လက်နဲ့ထိုင်ညှစ်တာပေါ့။
ပြဿနာကတော့ ခွဲပြီးစလူနာ အောက်ဆီဂျင်ကျတဲ့ ပြဿနာ။ Post-op Hypoxia ပဲ။ အဲ့ဒါနဲ့ပတ်သက်ပြီး မင်နီကြက်ခြေခတ်ရခဲ့ဖူးတာ ပြန်သတိရလာတယ်။ MSc ကျောင်းသားဘဝ Mock exam ဖြေနေတုန်း Critical care ခုံမှာ။ ဆရာက 2nd MB မှာ သင်ခဲ့တဲ့ အောက်ဆီဂျင် နဲ့ ဟေမိုဂလိုဘင် တို့ရဲ့ သံယောဇဉ် ငြိတွယ်ကြပုံ ခေါင်းလောင်းလေးတစ်ခြမ်း ဆွဲခိုင်းတယ်။ အဆုံးသတ်မှာတော့ ventilator တင်ရတဲ့ဆီ ရောက်လာတာပဲ။ မင်း ဘာ Mode နဲ့ ထားမှာလဲတဲ့။ စက်မှာဆိုရင်တော့ PEEP mode လို့ ရေးထားတယ်။ အသက်ရှူထုတ်တဲ့အဆုံးမှာ လေတွေအကုန်ထုတ်မိပြီး လေအိပ်ကလေး ရှုံ့ပြီးပိတ်သွားရင် ပြန်မပွင့်မှာစိုးလို့ အပြင်က လေဖိအားလေးနဲ့ တွန်းထားတဲ့ effect ကို လိုချင်တာ။ ရတယ်လေ။ သူကရှူထုတ်လိုက်လို့ ဖောင်းလာတဲ့ လက်ထဲကဘောလုံးကလေး ပြန်မပိန်သွားခင် ကိုယ်ကဦးအောင် ညှစ်ထားဖို့ပဲ လိုတယ်။ သဘောကတော့ သူ့ဘာသူ ရှူနေတာကို ထိပ်ကပိတ်ညှစ်မှာလား၊ နောက်ကလိုက် ညှစ်မှာလား၊ အဲ့ဒီသဘော နားလည်ရင်ရပြီ။ သွသူ ရှူနေတာလေးနဲ့ တိုင်ပင်ကိုက်အောင် လိုတော့မှ အားပါပါလေး ဝင်ဝင်ညှစ်ပေးရင် SIMV mode ပေါ့။ Monitor လေးကိုကြည့်ပြီး တိုင်ပင်ကိုက်ကလေး မှန်မှန်ညှစ်ပေးနေ။ ကိုယ်လုပ်တာမှန်ရင် SpO2 လေး တက်လာမယ်။ မှားရင် ကျလာမယ်။ ညှစ်ရင်း ညှစ်ရင်း သဘောပေါက်လာရင် အထာကျသွားရော။ ဂိမ်းကစားတာကျလို့။ ကျနော်တို့လည်း ညှစ်ကြည့်ဦးမယ် ဆို ဝင်ညှစ်ကြ။ မဟုတ်သေးဘူး။ မှားနေတယ်။ ဒီလို။ အဲ့ဒါနဲ့ အချိန်တွေ ကုန်မှန်းမသိ ကုန်သွားရော။ စဉ်းစားကြည့်လေ။ ဆေးရုံမှာ လူ ၃၀ လောက် ရှိနေတာ။ တစ်ယောက် ၁၀ မိနစ်ညှစ်ရင်တောင် နောက် ၅ နာရီကြာမှ ကိုယ်အလှည့် ပြန်ရောက်မှာ။
၁၁ နာရီလောက်က ညှစ်လိုက်တာ ညနေမှောင်လာတော့ “ဒီလိုပဲ ညှစ်နေလို့သာ ပြီးမှာလား မောင်ရေ။” ဆို စဉ်းစားလာရပြီ။ မညှစ်လည်း သူ့ဘာသူ ရှူပါတယ်။ SpO2 က ၈၀ အောက်မှာပေါ့။ ညှစ်လိုက်ရင် ၉၀ ကျော်ထိတက်လာတယ်။ ET tube နဲ့ အကြာကြီးထားမယ်ဆို tracheostomy ဖောက်မှ ရတော့မယ်။ ကိုယ့်ဆီမှာ tracheotomy tube ရှိပေမယ့် metal tube ပဲ ဆောင်ထားတာ။ cuffed နဲ့ မရှိဘူး။ တောထဲလာပြီး ICU လုပ်ရမယ်လို့ ဘယ်သူက ထင်မှာလဲ။ ET tube ကိုပဲ ကိုယ်လိုချင်သလောက် ဓါးနဲ့ဖြတ်ပြီး ထည့်လို့ရမလား မေ့ဆေးဆရာနဲ့ တိုင်ပင်ကြတယ်။ ဒီတစ်ညတော့ စောင့်ကြည့်ကြမယ်လေ။ Tomorrow is just another day. ပဲဟာ။
အဲ့ဒီအချိန်မှာပဲ Ambulance ကြီးနဲ့ အရေးပေါ်လူနာတစ်ယောက် ဝင်လာရော။ တူလိုက်တာ။ တစ်ပုံစံတည်းပဲ။ ညီကိုတွေများလား မသိပါဘူး။ ဗိုက်နာလို့ အော်ဟစ်ပြီးလာတယ်။ ဆီးလည်းမသွား ဝမ်းလည်းမသွား။ တစ်ပါတ်ရှိပြီတဲ့။ ခွဲရဦးမယ် နောက်တစ်ဗိုက်။ ခွဲခန်းကတော့ ဝင်လို့ရနေပြီ။ အငွေ့တွေ မစူးတော့ဘူး။ သို့သော် ဒီတစ်ခါ ခွဲရင် မေ့ဆေးဒဏ်ကို ခံနိုင်ရည်မရှိမှာက လူနာ မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်ပဲ။ အခုတောင် stress တွေ များလှပြီ။ နောက်တစ်ယောက် မေ့ဆေးပေးပြီး နိုးပါ့မလား စိတ်မပူချင်ဘူး။ အဲ့ဒါကြောင့် high spinal ထိုးပြီး အပေါ်ပိုင်း ကိုင်တော့မှ short GA ထပ်လိုက်မယ် စိတ်ကူးတယ်။ တကယ်ကို တူပါတယ်။ နောက်ထပ် အစာအိမ်ပေါက်တဲ့ လူနာတစ်ယောက်။ မနေ့ကလူက gastric ulcer perforation ဒီနေ့လူနာက duodenal ulcer perforation ။ ဒါပဲ ကွာတယ်။ ဆေးရုံမှာ မော်နီတာက တစ်လုံးပဲ ရှိတော့ ဟိုလူဆီကပဲ ခဏပြန်ငှါးသုံးတာပေါ့ကွယ်။ အပြင်မှာ အစောင့်ထားပြီး ၁၅ မိနစ်တစ်ခါ လက်နဲ့ တိုင်းခိုင်းထားတယ်။
ခွဲခန်းကထွက်တော့ အညှစ်ဟောင်းကြီးဆီ ပြန်ပြေးရတာပေါ့ဗျာ။ အလိုလေးလေး။ ဟုတ်မှ ဟုတ်ပါလေစ။ အောက်ဆီဂျင်က ၉၇ တွေဘာတွေ ဖြစ်လို့။ ဒီအတိုင်းဆို ပြန်ကောင်းမယ့်ပုံရှိတယ်။ လူနာကလည်း သတိကောင်းလိုက်သမှ။ ဦးလေးရေ။ တစ်သက် နဲ့ တစ်ည နဲ့ လဲရမယ့် အချိန်အခါတော့ ရောက်လာပြီ။ တနေကုန် ပါးစပ်စိမရပဲ ပိုက်ကြီးတန်းလန်း လည်ချောင်းထဲဆို့ထားတာ ဘယ်လောက်ခံရခက်မှန်း သိပါတယ်။ သို့သော် ဦးလေး ဒီတစ်ည အဲ့ဒီဒုက္ခကို သည်းညည်းခံနိုင်မှ ရှေ့ဆက်ရမယ့် ဦးလေးအသက်ကို ပြန်ရလိမ့်မယ်။ ဒီညတောင့်ခံန်ုင်လို့ မနက်ထိကောင်းနေရင် မနက်ကျ အဲ့ဒီပိုက်ကြီး ကျနော် ပြန်ထုတ်ပေးမယ် လို့ ရှင်းပြတော့ သူသဘောတူတယ်။ ကိုယ်တို့လည်း တနေကုန် အနားကမခွါ သူ့ကို ပြုစုနေကြတာပဲ မဟုတ်လား။ သင်တန်းသားတွေဆိုတော့ တတ်ချင်ကြတာပဲလေ။ အောက်ဆီဂျင်ကို ဒီလိုပေးတယ်။ ချွဲစုပ်စက်ကို ဒီလိုစုပ်တယ်။ ကျောပုတ်ရင်ပုတ် လက်ခုပ်ကလေးက ဟောသလို ပုတ်ရတယ်။ လူနာ နဲ့ ဆရာ နဲ့ အပ်ကျမတ်ကျ သင်ပေးတာပဲ ဥစ္စာ။ ည ၉ နာရီ မီးစက်မပိတ်ခင် စောင့်အိပ်မယ့်ကလေးတွေကို မှာစရာရှိတာ အကုန်မှာပြီး အပ်ခဲ့တယ်။
ချမ်းလို့သာ အိမ်ပြန်တာပါ။ စိတ်မဖြောင့်တော့ အိပ်လို့လည်း မပျော်ပါဘူး။ “ချွဲသံတွေကြားရင် အောက်ဆီဂျင်ကျရင် လိုက်ခေါ်လှည့်” လို့ မှာထားတော့ မနက် ၃ နာရီ သူတို့လာခေါ်တဲ့ အချိန်မှာ ကိုယ်က မအိပ်ရသေးဘူး။ ငေါက်ကနဲကို ထလိုက်သွားတာ။ ဟိုရောက်တော့ လူနာကြီးက သနားပါတယ်။ ပါးစပ်ကြီးဟထားပြီး သွားရည်တွေ ချွဲတွေ စုတ်ပေးနေရတယ်။ အောက်ဆီဂျင်ကတော့ ၉၇% ရှိတယ်။ မစောင့်တော့ဘူး။ tube out ပြီး ကိုယ်တိုင် suction ဝင်လုပ်တယ်။ tube လည်း out ရော အောက်ဆီဂျင်က ပြုတ်ကျလာလို့ cushion mask နဲ့ အုပ် ဆွဲ ညှစ် လုပ်ပေးရင်း tube ပြန်ထည့်ဖို့ ဆေးတွေ စုပ်၊ tube အသစ်တစ်ချောင်း သွားယူခိုင်းရပါတယ်။ PEEP နဲ့ ထိပ်က ဆီးညှစ်ရာကနေ SIMV နဲ့ နောက်က ကူညှစ်ပေး။ တော်တော်လေးကြာတော့ ၉၀ အထက် ပြန်ရောက်လာတယ်။ တော်ပါသေးရဲ့။ ၅ နာရီထိုးတဲ့အထိ ဒီတိုင်းလေးပဲ ငြိမ်ငြိမ်ထိမ်းထားလို့ ရပြီ။ ကျောပုတ် ရင်ပုတ် ချွဲစုပ် မေးဆွဲထားရင်း လင်းခါနီးလာပြီ။ ကလေးတွေလက်ထဲကို အပ်ခဲ့တယ်။ ခဏနေရင် ပြန်လာမယ် ဆို တမှေးပြန်မှေးတာ ၇ နာရီမှ နိုးရော။ လူနာကတော့ tube မပါပဲ ၉၀-၉၅ လောက်နဲ့ အိုကေနေပြီ။ အုပ်ဆွဲကနေ လေအိပ်ပါတဲ့ နှာခွက်လေးနဲ့ ပြောင်းရှူ၊ နောက်တော့ နှာပေါက်ကလေးနဲ့ရှူ၊ အကောင်းတိုင်း ပြန်ဖြစ်လာတယ်။ အဲ့ဒါ ventilator ကို wean လုပ်တာ လို့ ခေါ်တယ်။
ကျောင်းသားဘဝတုန်းက ဆရာတွေက ကိုယ့်ကိုမေးတာ လူနာအခြေအနေ ကိုကြည့်ပြီး ဘယ်အချိန်မှာ ventilator တင်မလဲ။ ဘယ်လိုထားမလဲ။ ဘယ်အချိန်ကျရင် wean လုပ်မလဲ။ ကိုယ်မှတ်မိတာကတော့ လူနာဆီမှာ ချွေးတွေပျံလာပြီဆို wean လုပ်လို့ရပြီတဲ့။ အခု ဆရာဝန်ဆီမှာပါ ချွေးတွေပျံနေပြီလေ။ ဆောင်းနှင်းဝေတဲ့ မနက်ခင်းမယ်။ မှတ်ပြီလား။
ကိုယ့်ဆရာတွေက အဲ့ဒီအစမ်းစာမေးပွဲမှာ မင်နီကြက်ခြေခတ်တွေ ပေးလိုက်တာ ကိုယ့်အတွက်တော့ တစ်သက်လုံး မမေ့တော့ဘူး။ Final exam ကျတော့လည်း တစ်ခါတည်း တန်းအောင်သွားတယ်။ ဆရာတွေပေးတဲ့ ကြက်ခြေခတ်ကလေးတစ်ခုဟာ အခုချိန်မှာ အသည်းအသန်လူနာတစ်ယောက် အသက်ရှင်ဖို့ ဖြစ်လာတယ်ဆိုတာ မယုံနိုင်စရာပဲ။ ကိုယ်ဟာ ဆရာတွေက ပစားပေး၊ အပါးခေါ် မြှောက်စား၊ လျာထားမွေးမြူအပ်သော အာပတ်လွတ် တပည့်လိမ်မာလေး မဟုတ်သော်ငြားလည်း ကိုယ့်အား သင်ကြားပြသပေးလိုက်သော ဉာဏ်ပညာတွေဟာ အလဟဿတော့ ဖြစ်မသွားဘူးပေါ့နော်။ မင်နီကြက်ခြေခတ်ကလေး တစ်ခုကစလို့ပေါ့နော့။ ကိုယ် ဒီမှာ လူတွေရဲ့ အသက်ကို အများကြီးပဲ ကယ်နိုင်တယ် ဆိုရင် အဲ့ဒီလို ကယ်နိုင်တဲ့ ပညာတွေဟာ ကိုယ့်ဆရာတွေက သင်ထားပေးတာလေ။ မဝေသော်လည်း ရမယ့်အမျှတွေပါနော်။ နောက်နောင်ကို ဆရာကန်တော့ပွဲတွေ လုပ်ဖြစ်ခဲ့သည်ရှိလျှင်တောင် ရောက်လာနိုင်တော့မယ် မဟုတ်တဲ့ ဆရာကြီး ဆရာမကြီးတွေကို မှန်းမျှော်ကန်တော့လိုက်ပါတယ်။